News @ M-Media
Blog
  • ခရစ်ယာန်အသင်းတော်တစ်ခုကို အစွန်းရောက်အဖွဲ့အဖြစ် ကြေငြာရန် ရုရှားကြိုးပမ်း
    ခရစ်ယာန်အသင်းတော်တစ်ခုကို အစွန်းရောက်အဖွဲ့အဖြစ် ကြေငြာရန် ရုရှားကြိုးပမ်း
    ဧပြီ ၆၊ ၂၀၁၇
    M-Media
    – ခရစ်ယာန်ဂိုးဏ်ခွဲတစ်ခုဖြစ်သည့် ‘ယေဟောဝါသက်သေ’ အသင်းတော်ကို တိုင်းပြည်၌ ပိတ်ပင်ကာ အစွန်းရောက်အဖွဲ့အစည်းတစ်ခုအဖြစ် ကြေငြာရေး ရုရှားကအစိုးရ၏ တောင်းဆိုမှုကို တရားရုံးချုပ်က စတင်ကြားနာနေသည်ဟု သိရသည်။
    လက်ရှိတွင် ရုရှားတရားရေးဝန်ကြီးဌာနကလည်း စိန့်ပီတာစဘတ်ရှိ အဆိုပါအသင်းတော်၏ ဌာနချုပ်ကို အစွန်းရောက်အဖွဲ့စာရင်းတွင် ထည့်သွင်းထားသည်။
    ယေဟောဝါသက်သေ အသင်းတော်မှာ ကမ္ဘာတစ်ဝှမ်းတွင် အသင်းဝင်ပေါင်း ၈ သန်းခန့်ရှိနေပြီး၊ တစ်အိမ်တက်ဆင်း သာသနာပြုနိုင်မှုအတွက် ကျော်ကြားသည်။
    ရုရှားနိုင်ငံတွင် အသင်းဝင်ပေါင်း ၁၇၅၀၀၀ နှင့် ဌာနခွဲပေါင်း ၃၉၅ ခု ရှိသည်။
    ထိုလှုပ်ရှားမှု၏ ရှေ့နေများကလည်း ယမန်နေ့က တန်ပြန် တရားစွဲဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး အသင်းတော်အဖွဲ့ဝင်များမှာ နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှု၏ သားကောင်များဖြစ်ကြောင်း၊ တရားရေးဝန်ကြီးဌာန၏ လုပ်ရပ်မှာ တရားမ၀င်ကြောင်း ကြေငြာရန် တရားရုံးကို တောင်းဆိုခဲ့သည်။
    တရားရုံးက ထိုကိစ္စမှာ မိမိတို့၏ တရားစီရင်ပိုင်ခွင့်တွင် ရှိမနေဟု ပြောကြားခဲ့သော်လည်း မည်သူက အရေးပိုင်သည်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
    အသင်းတော်၏ တာဝန်ရှိသူ ယာရိုဖလက်ဗ် ဆီဗူလ်စကီက မိမိတို့၏ လှုပ်ရှားမှုမှာ အစွန်းရောက်ဝါဒနှင့် ပတ်သက်ခြင်းမရှိဘဲ တရားရုံးက မိမိတို့၏ တင်ပြမှုများကို လုံးဝ နားမထောင်ဟု ပြောကြားခဲ့သည်။
    ယေဟောဝါသက်သေလှုပ်ရှားမှုမှာ ၁၉ ရာစုက အမေရိကန်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး၊ ထိုစဉ်က ဂျိုးဆက်ပ်စတာလင်မှာ ဆိုဗီယက်ယူနီယံရှိ ယေဟောဝါ အဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဆိုက်ဘေးရီးယားသို့ မောင်းထုတ်ခဲ့သည်။ အခြားသော ခရစ်ယာန်အဖွဲ့များမှာလည်း စတာလင်လက်အောက်တွင် ဖိနှိပ်ချုပ်ချယ်ခြင်း ခံခဲ့ရသည်။
    Ref: BBC
  • ရိုဟင်ဂျာများကို လူမျိုးစုလိုက် သုတ်သင်ခြင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော
    ရိုဟင်ဂျာများကို လူမျိုးစုလိုက် သုတ်သင်ခြင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော
    ဧပြီ ၆၊ ၂၀၁၇
    M-Media
    – ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာအတွက် လူမျိုးစုလိုက်သုတ်သင်မှုဟု သုံးစွဲခြင်းမှာ အလွန်ပြင်းထန်သည့် စကားလုံးဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီနှင့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားလိုက်သည်။
    “လူမျိုးစုလိုက်သုတ်သင်မှု ဖြစ်နေတယ်လို့ ကျွန်မ မထင်ပါဘူး။ ဖြစ်နေတာတွေအတွက် လူမျိုးစုလိုက် ရှင်းလင်းတယ်ဆိုတဲ့ အသုံးအနှုန်းဟာ သိပ်ပြီး ပြင်းထန်တယ်လို့ ကျွန်မထင်ပါတယ်” ဟု နိုင်ငံအတွင်း လူမျိုးစုလိုက် သုတ်သင်မှုကို လစ်လျူရှုထားသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်နေပြီလားဆိုသည့် မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
    ရခိုင်ပြည်နယ်ပြဿနာကို သူမ၏အစိုးရက ကိုင်တွယ်မှုအတွက် နိုင်ငံတကာမှ ဝေဖန်မှုများ ရှိနေသည်။
    ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နယ်ခြားစောင့်စခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် အစိုးရစစ်တပ်က ပြုလုပ်ခဲ့သည့် နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာမွတ်စလင် ၇၅၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။
    စစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့များမှာ အဓမ္မပြုကျင့်မှုများ၊ နေအိမ်မီးရှို့မှုများ ညှင်းပမ်းနှိပ်စက်မှုများ ရှိခဲ့ပြီး ထိုလုပ်ရပ်များမှာ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု မြောက်နေပြီဟု ယခုနှစ်အစောပိုင်းတွင် ကုလမှထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
    စစ်တပ်ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး မိမိတို့မှာ ဥပဒေအတိုင်း ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။
    “ကျွန်မတို့ သွားဖို့ကြိုးစားနေတာက ရင်ကြားစေ့ရေးအတွက်ဖြစ်ပြီး အပြစ်တင်ဖို့ မဟုတ်ပါဘူး။ မွတ်စလင်တွေလည်း မွတ်စလင်တွေကို ပြန်သတ်နေကြတာပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
    Ref : Reuters
  • စာစီစာကုံးဖြင့် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ခဲ့သည့် ကျောင်းသားတစ်ဦးကို စတန်းဖို့ဒ်တက္ကသိုလ်က ၀င်ခွင့်ပေး
    စာစီစာကုံးဖြင့် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ခဲ့သည့် ကျောင်းသားတစ်ဦးကို စတန်းဖို့ဒ်တက္ကသိုလ်က ၀င်ခွင့်ပေး
    ဧပြီ ၆၊ ၂၀၁၇
    M-Media
    – တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ခြင်းကို အသားပေးခဲ့သည့် ကျောင်းသားတစ်ဦးကို စတန်းဖို့ဒ်တက္ကသိုလ်က ၀င်ခွင့်ပေးခဲ့သည်ဟု သိရသည်။
    အသက် ၁၈ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်-အမေရိကန်ကျောင်းသား ဇိုက် အဟ်မဒ်ဖြစ်ပြီး စာစီစာကုံးရေးသားမှုကဏ္ဍ၌ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးကို ဖော်ကျူးသည့် #BlackLivesMatter စာကြောင်းကို စာမျက်နှာအပြည့် ရေးပေးခဲ့ခြင်းဖြစ်သည်။
    “စတန်းဖို့ဒ်မှာ ၀င်ခွင့်ရမယ်လို့ ကျွန်တော် လုံးဝ မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ တောင်းပန်လို့တောင်မရတဲ့ တက်ကြွလှုပ်ရှားမှုကို အပြစ်လို့မမြင်ဘဲ အလေးထားရမယ့်အရာအဖြစ် မြင်တဲ့အတွက် ကျွန်တော် တော်တော်လေး ပျော်ရွှင်မိပါတယ်” ဟု အဟ်မဒ်က US News သို့ ပြောကြားခဲ့သည်။
    ထို့ပြင် တက္ကသိုလ်မှ ၀င်ခွင့်ရကြောင်း အကြောင်းကြာစားကိုလည်း ၎င်းက Twitter စာမျက်နှာပေါ်တွင် လွှင့်တင်ခဲ့သည်။
    အဟ်မဒ်မှာ အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သည့် အစ်ဖ်တာရ် ၀ါဖြေပွဲတွင် အပြောင်းအလဲလုပ်နိုင်သည့် အမေရိကန်မွတ်စလင်တစ်ယောက်အဖြစ် အမေရိကန်သမ္မတဟောင်း အိုးဘားမား၏ ချီးကျူးခြင်းကို ခံခဲ့ရသူလည်းဖြစ်သည်။
    ၎င်းမှာ ပြီးခဲ့သည့် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်၏ မဲဆွယ်လှုပ်ရှားမှုတွင် အလုပ်လုပ်ကိုင်ခဲ့သည်။
    Ref: Straits Times
  • ၂၁ ရာစု ပင်လုံ ညီလာခံ အောင်မြင်ရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် ငြိမ်းချမ်းရေး အခမ်းအနား
    ၂၁ ရာစု ပင်လုံ ညီလာခံ အောင်မြင်ရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် ငြိမ်းချမ်းရေး အခမ်းအနား
    ၂၁ ရာစု ပင်လုံ ညီလာခံ အောင်မြင်ရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် ငြိမ်းချမ်းရေး အခမ်းအနား တရပ်ကို ၆-၄-၂၀၁၇ ခုနှစ် တွင် ပဲခူးမြို့ ရွှေဝါထွန်းဟော်တယ်ခန်းမ၌ နေ့လယ် ၁၂း၃၀ တွင် ကျင်းပပြုလုပ်မည့်ဖြစ်ကြောင်းသိရှိပါသည်။
  • ကုလကမစွမ်းနိုင်လျှင် ဆီးရီးယားကို ကိုယ်တိုင် ကိုင်တွယ်မည်ဟု ကန် သတိပေး
    ကုလကမစွမ်းနိုင်လျှင် ဆီးရီးယားကို ကိုယ်တိုင် ကိုင်တွယ်မည်ဟု ကန် သတိပေး
    ဧပြီ ၆၊ ၂၀၁၇
    M-Media
    – ဆီးရီးယားတွင် ကလေးငယ်များအပါအ၀င် လူပေါင်း ၈၀ ကျော် သေဆုံးခဲသည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုအတွက် ကုလအနေဖြင့် မတုန့်ပြန်နိုင်ပါက မိမိတို့တစ်ဦးတည်း ဆောင်ရွက်သွားမည်ဟု အမေရိကန်က သတိပေး ပြောကြားလိုက်သည်။
    “စုပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့တာဝန်ကို ကုလက တစ်စိုက်မတ်မတ် ဆောင်ရွက်နိုင်မှု မရှိတဲ့အခါမှာ၊ ကျွန်မတို့ ကိုယ်တိုင်ဆောင်ရွက်ရတော့မယ့် အခြေအနေတွေ လက်တွေ့မှာ ရှိလာခဲ့ပါတယ်” ဟု ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေးက ဗုဒ္ဓဟူးနေ့တွင် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌
    ပြောကြားခဲ့သည်။
    သူပုန်များ ထိန်းချုပ်ထားသည့် အစ်ဒလစ်ဘ်ပြည်နယ်မှ မြို့တစ်ခုကို အင်္ဂါနေ့မနက်ပိုင်းတွင် အစိုးရတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက်ပိုင်း ပြင်သစ်နှင့် ဗြိတိန်တို့၏ တိုက်တွန်းမှုကြောင့် လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။
    အဆိုပါတိုက်ခိုက်မှုကို ဓာတုလက်နက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားမှုများရှိနေပြီး ရုရှားကမူ တိုက်ခိုက်မှုအတွင်း သူပုန်အဖွဲ့က ဓာတုလက်နက်များ သိုလှောင်ထားသည့် ဂိုထောင်ကို ထိခိုက်ခဲ့ခြင်းသာဖြစ်သည်ဟု ဆိုသည်။
    ဆီးရီးယာအစိုးရကို မဟာမိတ်ရုရှားက မထိန်းကျောင်းနိုင်ခြင်းအတွက်လည်း ဟာလေးက ဝေဖန်ခဲ့ပြီး၊ ကလေးငယ် မည်မျှသေဆုံးမှ ရုရှားက ဂရုစိုက်မည်လဲဟု မေးခွန်းထုတ်ခဲ့သည်။
    လန်ဒန်အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က တိုက်ခိုက်မှုအတွင်း ကလေးငယ် ၃၀ အပါအ၀င် အနည်းဆုံး ၈၆ ဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera