News @ M-Media

Blog

  • စီးပွားရေးပြန်လည်ဦးမော့ရေး IMF က ငွေကြေးအကူအညီ ဘီလီယံချီ ရတော့မည့် ဘင်္ဂလားဒေ့ရှ်

    စီးပွားရေးပြန်လည်ဦးမော့ရေး IMF က ငွေကြေးအကူအညီ ဘီလီယံချီ ရတော့မည့် ဘင်္ဂလားဒေ့ရှ်

    ဇန်န၀ါရီ ၃၁၊ ၂၀၂၃

    M-Media 


    – ဘင်္ဂလားဒေ့ရှ်က လျှောက်ထားတဲ့ ချေးငွေ ကန်ဒေါ်လာ ၄.၇ ဘီလီယံကို ခွင့်ပြုကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က တနင်္လာနေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။ 

    ဒါဟာ ငွေကြေးဖောင်းပွမှု၊ စီးပွားရေးကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်အတွက် အသက်ရှူချောင်စေမှာ ဖြစ်ပါတယ်။ 

    ချေးငွေ ၄.၇ ဘီလီယံမှာ ၃.၃ ဘီလီယံက ကြွေးမြီနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ အသုံးပြုရမှာဖြစ်ပြီး၊ ၁.၄ ဘီလီယံက ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုရမှာ ဖြစ်ပါတယ်။ 

    IMF ရဲ့ ထုတ်ပြန်ချက်မှာ ချေးငွေဟာ ၄၂ လ သက်တမ်းရှိမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်စီးပွားရေးတည်ငြိမ်ဖို့၊ ဘေးအန္တရာယ် ခံစားရလွယ်သူတွေကို ကာကွယ်ဖို့၊ ရာသီဥတုဖောက်ပြန်မှု ကာကွယ်ရေး အစီအမံတွေကို ပိုမိုအားကောင်းစေဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။ 

    နိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေကို အားကောင်းစေမယ့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဒီချေငွေးနဲ့ လုပ်ဆောင်ကာ ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်ဖို့လည်း IMF က တိုက်တွန်ထားပါတယ်။ 

    ဘင်္ဂလားဒေ့ရှ်ဟာ တောင်အာရှ်မှာ စီးပွားရေးတိုးတက်မှု အလျင်မြန်ဆုံး တိုင်းပြည်ဖြစ် သတ်မှတ်ခံထားရပြီး တစ်ဦးချင်း GDP မှာ အိမ်နီးချင်း အိန္ဒိယနဲ့ ပါကစ္စတန်တို့ကို ကျော်တက်သွားပြီ ဖြစ်ပါတယ်။ 

    Ref: Reuters 

  • လူ ၆၀ ကျော်သေဆုံးသည့် ပါကစ္စတန်က ဗလီဗုံးခွဲမှု ဘယ်သူ့လက်ချက်လဲ

    လူ ၆၀ ကျော်သေဆုံးသည့် ပါကစ္စတန်က ဗလီဗုံးခွဲမှု ဘယ်သူ့လက်ချက်လဲ

    ဇန်န၀ါရီ ၃၁၊ ၂၀၂၃

    M-Media 


    -ပါကစ္စတန်အနောက်မြောက်ပိုင်း ပက်ရှ်၀ါရ်မြို့က ရဲတပ်ဖွဲ့ဌာနချုပ်ဗလီမှာ မနေ့က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၆၁ ဦးသေဆုံးကာ ၁၅၀ လောက်ဒဏ်ရာရခဲ့ပါတယ်။ 

    ပက်ရှ်၀ါရ်မြို့ဟာ အာဖဂန်နစ္စတန်နဲ့ ကပ်နေတဲ့ ခိုင်ဘာ ပက်ခ်သွန်၀ါရ်ပြည်နယ်ရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ 

    ပြည်နယ်ရဲတပ်ဖွဲ့ဌာနချုပ် ၀င်းထဲမှာရှိတဲ့ ဗလီမှာ နေ့လည်ခင်း ၀တ်ပြုဆုတောင်းမှုပြုလုပ်နေစဥ် ဗုံးပေါက်ကွဲတာဖြစ်ပြီး ဗလီအဆောက်အဦးတစ်ခုလုံး ပြိုကျခဲ့ပါတယ်။ ဒီဗလီမှာ နေ့စဥ်ပုံမှန် ၀တ်ပြုချိန်ကို ရဲတပ်ဖွဲ့၀င် ၃၀၀ ကနေ ၄၀၀ လောက်အထိ တက်ရောက်ကြပါတယ်။ 

    ဗလီရှေ့ဆောင်ဆရာက ၀တ်ပြုဆုတောင်းမှု စပြီး သိပ်မကြာခင်မှာပဲ ရှေ့ဆုံးဒုတိယတန်းလောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ အသက်ရှင်လွတ်မြောက်လာတဲ့ ရဲတပ်ဖွဲ့၀င် ရှာဟစ်အလီက ပြောပါတယ်။ အာဏာပိုင်တွေက ဒီပေါက်ကွဲမှုဟာ အသေခံဗုံးခွဲမှု ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ 

    ဗလီအဆောက်အဦးပြိုကျပြီး ပိတ်မိနေသူတွေ ရှိတဲ့အတွက် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာနိုင်တယ်လို့ ပြည်နယ်ကျန်းမာရေးဆိုင်ရာ တာ၀န်ရှိသူတွေက ပြောပါတယ်။ 

    တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်လဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ခိုင်ဘာပက်ခ်သွန်၀ါရ်ပြည်နယ်ဟာ ပါကစ္စတန်တာလီဘန်အဖွဲ့ လှုပ်ရှားရာဒေသဖြစ်ပြီး အရင်က ဒီအဖွဲ့ဟာ အစိုးရဌာနတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖူးပါတယ်။ 

    အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာပြန်ရလာပြီးနောက်ပိုင်း ခိုင်ဘာပက်ခ်သွန်၀ါရ်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ပိုမိုများပြားလာပြီး ပါကစ္စတန်အစိုးရက အာဖဂန်တာလီဘန်အဖွဲ့ဟာ နယ်စပ်ဒေသတွေမှာ စစ်သွေးကြွတွေကို အခြေစိုက်ခွင့်ပေးထားတယ်လို့ ပြစ်တင်ထားပါတယ်။ 

    IS အကြမ်းဖက်အဖွဲ့လည်း ပါကစ္စတန်-အာဖဂန်နယ်စပ်မှာ လှုပ်ရှားနေပြီး လူ ၆၁ ဦးသေဆုံးတဲ့ ပြီးခဲ့တဲ့နှစ် ပက်ရှ်၀ါရ်မြို့က ရှီအာဗလီတစ်လုံး အကြမ်းဖက်တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ထုတ်ပြန်ပါတယ်။ 

    မနေ့က ပေါက်ကွဲမှုဖြစ်ပွားတဲ့ ရဲဌာနချုပ်ဟာ လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားတဲ့ နေရာတစ်ခုဖြစ်ပြီး ပြည်နယ် ထောက်လှမ်းရေးဌာနချုပ်၊ အကြမ်းဖက်တိုက်ဖျက်ရေးဌာနချုပ်တို့ တည်ရှိကာ ဒီအဆောက်အဦးဘေးမှာ ပြည်နယ်အုပ်ချုပ်ရေးဌာန တည်ရှိပါတယ်။ 

    Ref: CNA 

  • ဥရောပဆီ ရော်နယ်ဒို ပြန်သွားလိ့မ်မည်ဟု အလ်-နဆာရ်နည်းပြပြော

    ဥရောပဆီ ရော်နယ်ဒို ပြန်သွားလိ့မ်မည်ဟု အလ်-နဆာရ်နည်းပြပြော

    ဇန်န၀ါရီ ၃၀၊ ၂၀၂၃

    M-Media 


    -ဆော်ဒီမှာ သက်တမ်းပြည့်ရင် ရော်နယ်ဒိုတစ်ယောက် ဥရောပကို ပြန်လာဖို့ရှိတယ်လို့ အလ်-နဆာရ်အသင်းနည်းပြ ရူဒီ ဂါစီယာက ပြောပါတယ်။ 

    အသက် ၃၇ နှစ်အရွယ်ရော်နယ်ဒိုဟာ အခုလအစောပိုင်းကမှ ၂ နှစ်စာချုပ်နဲ့ ဆော်ဒီကလပ် အလ်-နဆာရ်အသင်းကို ရောက်လာတာဖြစ်ပါတယ်။ 

    ဒီအတွက်ဒေါ်လာ သန်း ၂၀၀ လောက် ရရှိခဲ့ပြီး သမိုင်းမှာ လုပ်ခအများဆုံးရတဲ့ ကစားသမားအဖြစ် မှတ်တမ်း၀င်ပါတယ်။ 

    အလ်-နဆာရ် တာ၀န်ရှိသူတွေက ရော်နယ်ဒိုကို သက်တမ်းတိုးပြီး သူတို့အသင်းမှာပဲ ကစားသမားဘ၀ကို သက်တမ်းကုန်ဆုံးစေချင်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြောခဲ့ပါတယ်။ 

    အလ်-နဆာရ်နည်းပြ ရူဒီ ဂါစီယာကတော့ ရော်နယ်ဒိုဟာ ဥရောပ ပြန်သွားမယ်လို့ထင်ကြောင်း ပြောကြားခဲ့ပါတယ်။ 

    “သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ အလ်-နဆာရ်မှာ ကစားသမားဘ၀ကို အဆုံးသတ်မှာမဟုတ်ပါဘူး။ ဥရောပကို ပြန်သွားမှာပါ” 

    Ref: ESPN

  • ပြည်သူအပေါ် မလျော်မကန်ပြုသည့် အထူးရဲတပ်ဖွဲ့တစ်ခုလုံး ဖျက်သိမ်းခံရ

    ပြည်သူအပေါ် မလျော်မကန်ပြုသည့် အထူးရဲတပ်ဖွဲ့တစ်ခုလုံး ဖျက်သိမ်းခံရ

    ဇန်န၀ါရီ ၃၀၊ ၂၀၂၃

    M-Media 

    -လူမည်းအမျိုးသားတစ်ဦးကို အင်အားအလွန်အကျွံသုံးကာ ဖမ်းဆီးမှု ဖြစ်ပွားပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ် မမ်ဖစ်မြို့က အထူးရဲခွဲတစ်ခုလုံး ဖျက်သိမ်းလိုက်ရပါတယ်။ 

    အသက် ၂၉ နှစ်အရွယ် လူမည်းအမျိုးသား နီကိုလက်စ်ကို မမ်ဖစ်မြို့ အထူးရဲတပ်ဖွဲ့၀င်တွေက ဇန်န၀ါရီ ၇ ရက်နေ့မှာ အင်အားသုံးဖမ်းဆီးခဲ့ပြီး အဲဒီအဖြစ်အပျက်အတွင်း ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် နီကိုလက်စ်ဟာ နောက် ၃ ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ 

    ဖမ်းဆီးစဥ် ရိုက်ကူးထားတဲ့ ရဲတပ်ဖွဲ့ရဲ့ ဗီဒီယိုမှာ နီကိုလက်စ်ဟာ ကားမောင်းနေစဥ် မီးပွိုင့်မှာ တားဆီးစစ်ဆေးခံရတာကို တွေ့ရပါတယ်။ နီကိုလက်စ်တစ်ယောက် ထွက်ပြေးခဲ့ပေမယ့် ရဲတပ်ဖွဲ့၀င်တွေကို ခုခံတိုက်ခိုက်တာမျိုးတော့ မရှိပါဘူး။ 

    မမ်ဖစ် အထူးရဲတပ်ဖွဲ့၀င်တွေက နီကိုလက်စ်ကို ပြန်ဖမ်းမိစဥ်မှာ နံပါတ်တုတ်တွေနဲ့ အဆက်မပြတ် ရိုက်နှက်ခဲ့တာကိုလည်း ဗီဒီယိုမှာ တွေ့ရပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ပြည်သူတွေက အပြင်းအထန် ၀ေဖန်ကန့်ကွက်နေပြီး၊ ချီတက်ဆန္ဒပြမှုတွေလည်း နိုင်ငံတစ်၀ှမ်းမှာ ပြုလုပ်နေကြပါတယ်။

    မမ်ဖစ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ စီဂျေ ဒေးဗစ်က ဒီကိစ္စဟာ ရဲတပ်ဖွဲ့ကို အလွန်အမင်း သိက္ခာကျစေတဲ့အတွက် ဒီကိစ္စမှာ တာ၀န်ရှိတဲ့ တပ်ဖွဲ့၀င် ၃၀ ပါ အထူးတပ်ခွဲတစ်ခုလုံးကို ဖျက်သိမ်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

    နီကိုလက်စ်ရဲ့ မိသားစု၀င်တွေ၊ လူ့အဖွဲ့အစည်းခေါင်းဆောင်တွေ၊ သက်ဆိုင်ရာတာ၀န်ရှိသူတွေနဲ့ စကားပြောဆိုခဲ့ပြီး၊ လူ့အဖွဲ့အစည်းက ခွင့်လွှတ်နိုင်ရေး လုပ်ငန်းစဥ်တွေကို တက်တက်ကြွကြွ ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ 

    အဖြစ်အပျက်မှာပါ၀င်တဲ့ ရဲတပ်ဖွဲ့၀င် ၅ ဦးကို ရဲတပ်ဖွဲ့က ထုတ်ပယ်ပြီး လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှု၊ ပြန်ပေးဆွဲမှု၊ အခြားရာဇ၀တ်မှုတွေနဲ့ ကြာသာပတေးနေ့မှာ တရားစွဲဆိုခဲ့ပါတယ်။ 

    Ref: Reuters 

  • အီရန်နိုင်ငံထဲအထိ ကျူးကျော်တိုက်ခိုက်လာတဲ့ အစ္စရေး

    အီရန်နိုင်ငံထဲအထိ ကျူးကျော်တိုက်ခိုက်လာတဲ့ အစ္စရေး

    ဇန်န၀ါရီ ၃၀၊ ၂၀၂၃

    M-Media 


    -အီရန်နိုင်ငံအလယ်ပိုင်းက လက်နက်စက်ရုံတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်မှု မနေ့က ဖြစ်ပွားခဲ့ပြီး အီရန်နဲ့ အမေရိကန်အာဏာပိုင်တွေက အစ္စရေးလက်ချက်လို့ ပြောပါတယ်။

    အစ္စဖာဟန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ ဒရုန်းလေယာဥ် ၃ စီးပါ၀င်ပြီး ၂ စီးကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကာ တစ်စီးကတော့ တိုက်ခိုက်မှု လုပ်နိုင်ခဲ့တယ်လို့ အီရန် ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    လက်နက်စက်ရုံရဲ့ အဆောက်အဦး အနည်းငယ်ပျက်ဆီးသွားပြီး လူထိခိုက် သေဆုံးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။  

    အစ္စရေးဟာ ဆီးရီးယားနဲ့ အီရတ်က အီရန်စစ်အခြေစိုက်စခန်းတွေကို မကြာခဏ ကျူးကျော်တိုက်ခိုက်ဖူးပါတယ်။ 

    အမေရိကန် ထိပ်တန်းမီဒီယာတစ်ခုဖြစ်တဲ့ Wall Street က တိုက်ခိုက်မှုကို အစ္စရေးက လုပ်ဆောင်တာဖြစ်ကြောင်း အမည်ဖော်လိုတဲ့ အမေရိကန်တာ၀န်ရှိသူတွေ၊ ဒီကိစ္စကို သိရှိသူတွေကို ကိုးကားပြီး ဖော်ပြပါတယ်။ 

    နောက်ထပ် အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာ၀န်ရှိသူ တစ်ဦးကလည်း တိုက်ခိုက်မှုမှာ အစ္စရေးက ပါ၀င်ပတ်သက်ဖွယ်ရှိတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

    အီရန်နိုင်ငံခြားရေး၀န်ကြီး ဟိုစိန် အမီရ် အဘ်ဒိုလာဟင်က ဒီတိုက်ခိုက်မှုဟာ သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တာလို့ ရှုတ်ချခဲ့ပါတယ်။ 

    တိုက်ခိုက်ခံရတဲ့ အဆောက်အဦးဟာ လေတပ်စခန်းနဲ့ နျူကလီးယား လောင်စာ သုတေသနစင်တာတို့ တည်ရှိပါတယ်။ 

    ဒီကိစ္စကြောင့် အီရန်ရဲ့ နျူစီမံကိန်းကို ထိခိုက်နိုင်လားလို့ မေးမြန်းရာမှာ နိုင်ငံခြားရေး၀န်ကြီးက နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး ရည်ရွယ်တဲ့ အီရန်သိပ္ပံပညာရှင်တွေရဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ထိခိုက်မှာမဟုတ်ဘူးလို့ ဖြေဆိုခဲ့ပါတယ်။ 

    Ref: Aljazeera