News @ M-Media

Blog

  • ငတ်မွတ်ခေါင်းပါးမှုကို တိုက်ဖျက်ရန် ဒေါ်လာ ၄ ဘီလီယံကျော် လိုအပ်နေ

    ငတ်မွတ်ခေါင်းပါးမှုကို တိုက်ဖျက်ရန် ဒေါ်လာ ၄ ဘီလီယံကျော် လိုအပ်နေ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၇
    M-Media

    – တောင်ဆူဒန်၊ နိုက်ဂျီးရီးယား၊ ဆိုမာလီယာနှင့် ယီမင်နိုင်ငံများတွင် ငတ်မွတ်ခေါင်းပါးမှုနှင့် အငတ်ဘေးဆိုက်မှု ဘေးဆိုးကြီးကို တားဆီးရန်အတွက် လာမည့်လအကုန်တွင် ကန်ဒေါ်လာ ၄.၄ ဘီလီယံ လိုအပ်မည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။

    အဆိုပါ နိုင်ငံ ၄ နိုင်ငံတွင် လူပေါင်း သန်း ၂၀ ကျော်မှာ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဖြစ်ရပ်ဆိုးကို ရှောင်လွှဲရန်အတွက် ချက်ချင်းဆောင်ရွက်ရန်လိုအပ်သည်ဟု ယမန်နေ့က ကုလဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဂူတာရက်စ်က ပြောကြားခဲ့သည်။

    လက်ရှိတွင် ကုလမှာ ကန်ဒေါ်လာ သန်း ၉၀ သာ ရန်ပုံငွေ ရရှိထားသည်။

    တောင်ဆူဒန်က တနင်္လာနေ့တွင် နိုင်ငံမြောက်ပိုင်း ယူနတီပြည်နယ်ကို အငတ်ဘေးဆိုက်ရောက်ရာဒေသအဖြစ် ကြေငြာခဲ့ပြီး၊ အငတ်ဘေးဆိုက်မှု သတိပေးရေးစနစ်ဖြစ်သော Fews Net ကလည်း နိုက်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဝေးလံခေါင်သီသော ဒေသများတွင် ငတ်မွတ်ခေါင်းပါးမှုကို ပြီးခဲ့သည့်နှစ်ကတည်းက ခံစားနေရသည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း ငတ်မွတ်ခေါင်းပါးမှု သတိပေးချက် ၄ ကြိမ်အထိရှိခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် ဆိုမာလီယာနိုင်ငံကသာလျှင် အငတ်ဘေးဆိုက်မှုနှင့် အမှတ်တကယ် ကြုံတွေ့ခဲ့ရကာ လူပေါင်း ၂၆၀၀၀၀ သေဆုံးခဲ့သည်။ ထိုအရေအတွက်တွင် ထက်ဝက်မှာ အသက် ၅ နှစ်အောက် ကလေးငယ်များ ဖြစ်ကြသည်။

    ယူနီဆက်ဖ်ကမူ နိုက်ဂျီးရီးယား၊ ဆိုမာလီယာ၊ တောင်ဆူဒန်နှင့် ယီမင်နိုင်ငံတို့တွင် ကလေးငယ် ၁.၄ သန်းမှာ အဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရပြီး လာမည့်လများတွင် ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးမည့်အန္တရာယ်ရှိနေသည်ဟု ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။

    အဆိုပါ ၄ နိုင်ငံတွင် ဆိုမာလီယာ တစ်နိုင်ငံတည်းသာ မိုးခေါင်ရေရှားမှုကြောင့် ငတ်မွတ်ခေါင်းပါးမှုကို ကြုံတွေ့နေရပြီး ကျန်သည့် ၃ နိုင်ငံမှာ ပဋိပက္ခများကြောင့် ထိုပြဿနာကို ကြုံတွေ့နေရခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဒေါ်လာ ၅၀ ဘီလီယံတန် ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်း ဆော်ဒီစမည်

    ဒေါ်လာ ၅၀ ဘီလီယံတန် ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်း ဆော်ဒီစမည်

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၇
    M-Media

    – နိုင်ငံအတွင်း ကန်ဒေါ်လာ ဘီလီယံ ၅၀ တန်ဖိုးရှိမည့် ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းကို ဆော်ဒီအာရေဗျနိုင်ငံက စတင်ရန် ရှိနေပြီး လုပ်ကိုင်လိုသည့် နိုင်ငံခြား ရင်းနှီးမြှုပ်မှုများကို ဖိတ်ခေါ်ထားသည်ဟု သိရသည်။

    ‘အမျိုးသား ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်း’ ဟု အမည်ပေးထားပြီး မတ်လ ၂၀ ရက်နေ့တွင် ပထမအဆင့် တင်ဒါအောင်မြင်သူများကို ကြေငြသွားမည်ဖြစ်သည်။ ထိုစီမံကိန်းအရ ၂၀၂၃ ခုနှစ်တွင် နိုင်ငံ၏ စွမ်းအင်ကဏ္ဍမှ ၉.၅ ဂီဂါဝပ်ကို ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များမှ ထုတ်ယူသွားရန် ရည်မှန်းထားပြီး ဆော်ဒီ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု စီမံကိန်း Vision 2030 ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

    အဆိုပါစီမံကိန်းတွင် ကန်ဒေါ်လာ ဘီလီယံ ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိ ရင်းမြှုပ်နှံသွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် နိုင်ငံမြောက်ပိုင်း အလ်-ဂျုဖ်ပြည်နယ် ဆာကာကာတွင် ဓာတ်အား မီဂါဝပ် ၃၀၀ ထုတ်လုပ်နိုင်မည့် နေစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတစ်ခု တည်ဆောက်ရန်ဖြစ်သည်။

    ထို့ပြင် နိုင်ငံအနောက်မြောက်ပိုင်း မစ်ဒ်ယန်တွင်လည်း ၄၀၀ မီဂါဝပ် ထုတ်ပေးနိုင်မည့် ပြည့်ဖြိုးမြဲ ဓာတ်အားပေးစက်ရုံတစ်ခုကို တည်ဆောက်မည်ဟု ဆော်ဒီစွမ်းအင်ဝန်ကြီးဌာန၏ ကြေငြာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မည်သည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းစုမျိုးကိုမဆို ယခုစီမံကိန်းဆောင်ရွက်ရန် ဖွင့်ပေးထားသည်ဟုဆိုသည်။

    “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အမျိုးသား ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းကို စွဲဆောင်မှုအရှိဆုံး၊ ယှဉ်ပြိုင်နိုင်စွမ်းအရှိဆုံးတွေထဲက တစ်ခုအဖြစ် ပြုလုပ်ဖို့နဲ့ ကမ္ဘာပေါ်မှာ အစိုးရက ကောင်းကောင်းမွန်မွန်ဆောင်ရွက်နိုင်တဲ့ ပြည့်ဖြိုးမြဲ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ဖြစ်လာဖို့ပါ။ ဒါမျိုးဖြစ်လာဖို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေလည်း ကျွန်တော်တို့မှာ အဆင်သင့် ရှိနေပါပြီ” ဟု စွမ်းအင်ဝန်ကြီး ခါလစ် အလ်-ဖာလီဟ်က ပြောကြားခဲ့သည်။

    Ref: IINA

  • ဒုက္ခသည်ကလေးများအား လိင်ပိုင်းဆိုင်ရာစော်ကားသည့် ခရစ်ယာန်ဘုန်းကြီးကို ဂရိဖမ်းဆီး

    ဒုက္ခသည်ကလေးများအား လိင်ပိုင်းဆိုင်ရာစော်ကားသည့် ခရစ်ယာန်ဘုန်းကြီးကို ဂရိဖမ်းဆီး

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၇
    M-Media

    – ဒုက္ခသည်ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဆိုသည့် သံသယဖြင့် ပြင်သစ်ခရစ်ယာန်ဘုန်းကြီးတစ်ပါးကို ဖမ်းဆီးလိုက်သည်ဟု ဂရိရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ပြင်သစ် ဖရန်စီကန်အသင်းတော်မှ အသက် ၅၂ နှစ်အရွယ် ဘုန်းကြီးဖြစ်ပြီး ဂရိနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ သီဆာလိုနီကီရှိ ၎င်း၏ အိမ်တွင် ခိုလှုံခဲ့သော အသက် ၁၄ နှစ်မှ ၁၈ နှစ်အရွယ် ပါကစ္စတန်အိမ်ယာမဲ့ ကလေးငယ် ၄ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ခြင်းဖြစ်သည်။

    မြို့တွင်း ရထားဘူတာများတွင် လှည့်လည်နေထိုင်သည့် အဆိုပါကလေးငယ်များက ဘုန်းတော်ကြီးမှာ စားစရာနှင့် နေစရာပေးမည်ဟု ကမ်းလှမ်းခဲ့သောကြောင့် ဇန်န၀ါရီလတွင် ၎င်း၏အိမ်၌ နေထိုင်ရန် သဘောတူခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့အား ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ မေးတဲ့အခါမှာ ကလေးတွေက ဒီလူရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ထပ်ခါတလဲလဲ ခံစားရကြောင်း ဖြေကြားခဲ့ပါတယ်။ သူတို့မှာ နေစရာအိမ်မရှိတာ၊ စားစရာမရှိတာကို အခွင့်ကောင်းယူပြီး ဒီလူဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြလုပ်တယ်လို့ သူတို့က ပြောကြပါတယ်” ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ထိုကလေးငယ်များမှာ ဘုန်းကြီး၏ နေအိမ်မှ ထွက်ပြေးကာ တစ်ယောက်မှာ ပြောင်းရွှေ့အခြေချသူများ ခိုလှုံရာစင်တာသို့ ရောက်ရှိခဲ့ပြီးနောက် ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို စင်တာဝန်ထမ်းအား ပြောပြရာမှ ရဲတပ်ဖွဲ့က သိရှိခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ဘုန်းတော်ကြီးအား ဖမ်းဆီးမှုအတွင်း ကွန်ပျူတာ ဟာ့ဒ်ဒစ် ၆ လုံး၊ USB စတစ်တစ်ခုနှင့် ဂရိဥပဒေအရ တားမြစ်ထားသည့် မူးယစ်ဆေးဝါးများစွာကို တွေ့ရှိခဲ့ရသည်။

    ရဲတပ်ဖွဲ့ကမူ ဂရိနိုင်ငံတွင် ၁၂ နှစ်တာ နေထိုင်ခဲ့သည့် အဆိုပါ ဘုန်းကြီးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မူးယစ်ဆေး လက်ဝယ်ထားမှုနှင့် ပိုင်ဆိုင်မှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုထားသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အစော်ကားခံရသည့် ကလေးငယ်များကမူ အန်ဂျီအိုအဖွဲ့များ စီမံခန့်ခွဲနေသော ဒုက္ခသည်စင်တာများတွင် နေထိုင်နေသည်။

    Ref: Aljazeera

  • မွတ်စလင်စစ်သမီးများ ပုဝါဆောင်းခွင့်ကို တူရကီစစ်တပ် ခွင့်ပြု

    မွတ်စလင်စစ်သမီးများ ပုဝါဆောင်းခွင့်ကို တူရကီစစ်တပ် ခွင့်ပြု

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၇
    M-Media

    တူရကီ စစ်သမီးများ

    – တူရကီစစ်တပ်တွင် တာဝန်ထမ်းဆောင်ကြသည့် မွတ်စလင်အမျိုးသမီး စစ်သမီးများ ယူနီဖောင်းအစိတ်အပိုင်းအဖြစ် ခေါင်းဆောင်းပုဝါ ၀တ်ဆင်မှုကို ကာကွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်သည်ဟု သိရသည်။

    ယမန်နေ့က ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်သည့် အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ ဦးထုပ်များ သို့မဟုတ် စစ်ယူနီဖောင်းအရောင်နှင့်တူညီပြီး မည်သည့် ဒီဇိုင်းမှ မပါဝင်သည့် ခေါင်းဆောင်းပုဝါဖြင့် ဦးခေါင်းအား ဖုံးအုပ်ခွင့်ပြုသည်ဟု အမိန့်အသစ်တွင် ဖော်ပြထားသည်။

    အဆိုပါ မိန့်မှာ ချက်ခြင်း အာဏာတည်မည်ဖြစ်သည်။ တူရကီမှာ ဘာသာရေးမစွက်သည့် နိုင်ငံတစ်ခုအဖြစ် ကြေငြာထားပြီး အမျိုးသမီးများ ခေါင်းဆောင်းပုဝါ ၀တ်ဆင်ခြင်းအပေါ် ကန့်သတ်ထားမှုများအား ဖယ်ရှားပေးရန် အာဏာရ AKP ပါတီက အချိန်အတော်ကြာ တောင်းဆိုခဲ့သည်။

    ၂၀၁၀ ခုနှစ်က တက္ကသိုလ်ပရ၀ုဏ်များတွင် မွတ်စလင် အမျိုးသမီးများ ခေါင်းဆောင်းပုဝါ ၀တ်ဆင်ခွင့် ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ခဲ့သည်။ အစိုးရဌာနများတွင် အလုပ်လုပ်သည့် အမျိုးသမီးများ ပုဝါဆောင်းခွင့်ကို ၂၀၁၃ ခုနှစ်တွင် ခွင့်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အထက်တန်းကျောင်းများ၌ပါ မွတ်စလင်အမျိုးသမီးများ ပုဝါဆောင်းခွင့် ရခဲ့သည်။

    ၂၀၁၆ ခုနှစ် သြဂုတ်လတွင်မူ AKP အစိုးရမှာ ရဲမေများ ပုဝါဆောင်းခွင့် ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ခဲ့သည်။

    တူရကီစစ်တပ်မှာ နိုင်ငံအတွင်း ဘာသာရေးမစွက်သည့် ၀ါဒကို ကာကွယ်သည့် အဖွဲ့အစည်းဟု သိကြပြီး အစိုးရအသင်းအဖွဲ့များတွင် မွတ်စလင်အမျိုးသမီးများ ပုဝါဆောင်းမှု ပိတ်ပင်ခြင်းအား ပယ်ဖျက်ရန် ကြိုးစားမှုကို တစ်စိုက်မတ်မတ် ဆန့်ကျင်လာခဲ့သည်။

    သို့သော်လည်း ဇူလိုင် ၁၅ ရက်နေ့က မအောင်မြင်သော အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း တူရကီအစိုးရမှာ နိုင်ငံအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့များကို အကြီးအကျယ် အပြောင်းအလဲလုပ်ခဲ့သည်။

    Ref: Aljazeera

  • ကမ္ဘာနှင့်ဆင်တူပြီး သက်ရှိများအတွက် သင့်လျော်မည့် ဂြိုဟ်သစ် ၇ လုံး တွေ့ရှိ

    ကမ္ဘာနှင့်ဆင်တူပြီး သက်ရှိများအတွက် သင့်လျော်မည့် ဂြိုဟ်သစ် ၇ လုံး တွေ့ရှိ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၇
    M-Media

    – ကျွန်ုပ်တို့ နေအဖွဲ့အစည်းနဲ့ အလင်းနှစ် ၄၀ အကွာက ကြယ်ကြီးတစ်ခုကို လှည့်ပတ်နေပြီး ကမ္ဘာဂြိုဟ်အရွယ်အစားလောက်ရှိတဲ့ အနည်းဆုံး ဂြိုဟ် ၇ လုံးကို တွေ့ရှိခဲ့တယ်လို့ ၀ါရှင်တန် နာဆာဌာနချုပ်မှာ မနေ့က ကြေငြာလိုက်ပါတယ်။

    ကမ္ဘာကြီးနဲ့ အရွယ်စားတင် တူညီတာမဟုတ်ဘဲ အပူချိန်ပါတူညီတာကြောင့် အဲဒီဂြိုဟ်တွေပေါ်မှာ ရေရှိနိုင်ပြီး၊ သက်ရှိတွေလည်း ရှင်သန်နိုင်မယ့်အလားလာတွေ ရှိနေပါတယ်။ မိမိတို့အနေအဖွဲ့အစည်းအပြင်ဘက်မှာ ဒီလို ရှာဖွေတွေ့ရှိမှုဟာ သိပ်ကို ရှားပါတယ်လို့ နာဆာက ဆိုပါတယ်။

    “ကြယ်တစ်ခုဝန်းကျင်မှာ ဒီလို ပုံစံတူ ဂြိုဟ်တွေကို ရှာဖွေတွေ့ရှိတာဟာ ဒါ ပထမဆုံးဖြစ်ပါတယ်” လို့ ဘလ်ဂျီယံ Leige တက္ကသိုလ်က နက္ခတပညာရှင်ဖြစ်ပြီး အခုလေ့လာမှုကို ဦးဆောင်တဲ့ မီခေးလ် ဂီလွန်က ပြောကြားခဲ့ပါတယ်။

    ဒီဂြိုဟ်တွေကို TRAPPIST-1 ဆိုတဲ့ ကြယ်တစ်ဝိုက်မှာ နီးနီးကပ်ကပ် တွေ့ရှိခဲ့တာဖြစ်ပြီး ထုထည်ကို လေ့လာမှုတွေအရတော့ ဒီဂြိုဟ်တွေဟာ ဂျူပီတာလို အငွေ့ဖြစ်နေတာထက် ကျောက်သားအတိပြီးတဲ့ ဂြိုဟ်တွေလို့ ခန့်မှန်းထားပါတယ်။

    အဲဒီအထဲက ဂြိုဟ် ၃ လုံးဖြစ်တဲ့ TRAPPIST-1e, f နဲ့ g တို့ရဲ့ နေနဲ့အကွာအဝေးဟာ သက်ရှိတွေ အသက်ရှင်သန်လို့ရနိုင်မယ့် သမဇုန်ထဲရောက်နေပြီး သမုဒ္ဒရာတွေတောင် ရှိနိုင်တယ်လို့ ကောက်ချက်ချထားပါတယ်။

    သုတေသနပညာရှင်တွေက TRAPPIST-1f ဟာ သက်ရှိနေထိုင်ဖို့ အကောင်းဆုံးဂြိုဟ်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဒီဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်ထက် ပိုအေးပေမယ့်၊ သင့်တော်တဲ့လေထု၊ လုံလောက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ရှိနိုင်ပါတယ်။

    ပြီးခဲ့တဲ့ မေလတုန်းက TRAPPIST-1 နေရဲ့ ၀န်းကျင်မှာ ဂြိုဟ် ၃ လုံး တွေ့ရှိတယ်လို့ နာဆာက ကြေငြာခဲ့ဖူးပြီး ဆက်လက်လေ့လာရာကနေ ၇ လုံးအထိ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    Ref : CNN