News @ M-Media

Blog

  • “မတူသူများနှင့် အတူနေခြင်း” (စာအုပ်အညွှန်း)

    “မတူသူများနှင့် အတူနေခြင်း” (စာအုပ်အညွှန်း)

    ဖေဖော်ဝါရီလ ၂၇၊ ၂၀၁၇
    M-Media

    ဖေဖော်ဝါရီလအတွင်း ထွက်လာတဲ့ စာအုပ်ကောင်းတစ်အုပ်ကို ညွှန်းဆိုမိတ်ဆက်ပေးလိုပါတယ်။

    စာပေဗဟုသုတ မဖွံ့ဖြိုးသူတို့အကြား လူမျိုး-ဘာသာ မတူညီခြင်းကို ခြေကုပ်ယူပြီး နိုင်ငံရေးအမြတ်ထုတ်သူတို့ရဲ့ အမုန်းစကားဖြန့်ချိမှု ရပ်တန့်သွားစေဖို့ အီဂျစ်နိုင်ငံ၊ အလ်အဇ်ဟရ်တက္ကသိုလ် ပါမောက္ခနဲ့ ဓမ္မသတ်မှူးချုပ် Sheikh Dr. Shawky Ibrahim Abdul Kareem Allam က စင်ကာပူနိုင်ငံမှာ Building Harmonious Societies in a Plurlistic World ခေါင်းစဉ်နဲ့ အရဗီလို ဟောပြောခဲ့ပါတယ်။

    ဒီဟောပြောချက်ကို MUIS ACADEMY က အင်္ဂလိပ်ဘာသာပြန် ထုတ်ဝေခဲ့ပြီး ယခုအခါ (ဦး) ကျော်ဝင်း M.A(TEFL) က အင်္ဂလိပ်မှတဆင့် မြန်မာဘာသာပြန်ဆိုလိုက်တဲ့ “မတူသူများနှင့် အတူနေခြင်း” စာအုပ်လေးဖြစ်ပါတယ်။

    ဒီဟောပြောချက်အပြင် အသိုင်းအ၀ိုင်းစုံမှ တက်ရောက်သူများရဲ့ မေးမြန်းဖြေကြားချက်များလည်း ပါဝင်ပါတယ်။ မတူကွဲပြားမှုအကြား အေးအတူပူအမျှ နေထိုင်စေနိုင်တဲ့ ဘာသာရေးအခြေတည် လူ့အဖွဲ့အစည်းဆိုင်ရာ အတွေးအမြင်များကို လိုတိုရှင်း ဖတ်ရှုရမှာဖြစ်ပါတယ်။ ဒီစာအုပ်ရဲ့ထူးခြားမှုကတော့ မြန်မာ၊ အင်္ဂလိပ်၊ အရဗီ(မူရင်း) ဘာသာစကားသုံးမျိုးနဲ့ ထုတ်ဝေထားခြင်းပါပဲ။ ဟိုဒိုင်ဗီယာ စာပေတိုက်က ထုတ်ဝေပြီး တန်ဖိုး ၁၅၀၀ ကျပ် ဖြစ်ပါတယ်။

    ကန္တာရရေချိုတွင်း (OASIS) 0997515665, 0997006942 မှ ဖြန့်ချိပါတယ်။

    ရရှိနိုင်သော ဆိုင်များ

    ၁။ ခေတ်သစ်စာပေ
    အမှတ် – ၄၇၀၊ မဟာဗန္ဓုလလမ်း၊ (၃၁)လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းကြား၊ ပန်းဘဲတန်း။ ဖုန်း – ၀၁ ၃၈၀၉၆၈၊ ၀၉ ၅၁၉၄၉၆၉

    ၂။ နဒီပြာပြာ
    အမှတ်-၁၆၂၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်။
    ဖုန်း ဝ၉-၉၇၄၇၇၆၆၈၈၊ ဝ၉-၇၃၀၃၁၃၆၇

  • အီရန် ရုပ်ရှင်ဒါရိုက်တာတစ်ဦး ဒုတိယမြောက် အော်စကာဆု ဆွတ်ခူး

    အီရန် ရုပ်ရှင်ဒါရိုက်တာတစ်ဦး ဒုတိယမြောက် အော်စကာဆု ဆွတ်ခူး

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇
    M-Media

    – အီရန်ဒါရိုက်တာ အက်စ်ဂါရ် ဖာရ်ဟာဒီ ရိုက်ကူးသည့် The Salesman ရုပ်ရှင်ဇာတ်ကားမှာ ၂၀၁၇ ခုနှစ် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး နိုင်ငံခြားစကားပြောရုပ်ရှင်ဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ဒရာမာဇာတ်ကားကောင်း တစ်ကားဖြစ်သည့် The Salesman မှာ ၂၀၁၆ ခုနှစ် Cannes Film Festival ရုပ်ရှင်ပွဲတော်တွင် ဆု ၂ ဆု ရရှိခဲ့ပြီး Golden Blobe နှင့် Critics’s Choice Award တို့အပါအ၀င် ကမ္ဘာတစ်ဝှမ်းမှ ရုပ်ရှင်ထူးချွန်ဆုပေးပွဲများတွင် ဇကာတင်စာရင်းဝင်ခဲ့သည့် ရုပ်ရှင်လည်းဖြစ်သည်။

    ဒါရိုက်တာ အက်စ်ဂါရ် ဖာရ်ဟာဒီနှင့် ရုပ်ရှင်အဖွဲ့သားများမှာ အော်စကာပွဲသို့တက်ရောက်ရန် အထူးကမ်းလှမ်းမှု ရရှိခဲ့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပါအ၀င် မွတ်စလင်နိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသားများကို ဗီဇာပိတ်ပင်မှုအား ဆန္ဒပြသည့်အနေဖြင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် အော်စကာဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း မရှိချေ။

    ၎င်းအတွက် ဆုကို အီရန်၏ ပထမဆုံး အာကာသခရီးသည် အနူရှာ အန်ဆာရီနှင့် Solar Systems Exploration အဖွဲ့၏ ဒါရိုက်တာဟောင်း ဖီရို့ဇ် နာဒီရီတို့ တက်ရောက်ကာ ကိုယ်စားရယူခဲ့သည်။

    “အမေရိကန်ကို ပြောင်းရွှေ့အခြေချသူတွေ မ၀င်ရဆိုတဲ့ လူမဆန်တဲ့ ဥပဒေနဲ့ အသရေဖျက်ခြင်း ခံလိုက်ရတဲ့ ကျွန်တော်တိုင်းပြည်နဲ့ အခြား ၆ နိုင်ငံက ပြည်သူတွေကို လေစားတဲ့အနေ ကျွန်တော် ဒီပွဲကို မတက်ရောက်တာ ဖြစ်ပါတယ်။ ‘ငါတို့’ နဲ့’ငါတို့ရန်သူ’ ဆိုပြီး ကမ္ဘာကြီးကို ခွဲခြားတာဟာ ကြောက်ရွံ့မှုကို ဖန်တီးတာဖြစ်ပြီး၊ ရန်စဖို့၊ စစ်တိုက်ဖို့ တရားမျှတသယောင်ယောင် ပရိယာယ်ဆင်တာလည်း ဖြစ်ပါတယ်။ ခရီးသွားလာမှု ပိတ်ပင်တဲ့အကြောင်းတွေကို လူတွေက ပြောနေ
    ကြတဲ့အချိန်မှာ လူတွေကို ကျွန်တော် ကြိုဆိုချင်ပါတယ်။ လူ့အဖွဲ့အစည်းတွေကို သွေးကွဲအောင်လုပ်နေတဲ့အချိန်မှာ ကျွန်တော်က သူတို့ကို ပေါင်းစည်းပေးချင်ပါတယ်” ဟု ဖရ်ဟာဒီမှ ပေးပို့သည့်သ၀ဏ်လွှာကို အန်ဆာရီက ဖတ်ပြခဲ့သည်။

    လန်ဒန်မြို့တော်ဝန် ဆာဒစ်ခ် ခန်း၏ မေတ္တာရပ်ခံမှုကြောင့် The Salesman ရုပ်ရှင်ကို လန်ဒန်မြို့ရှိ Trafalgar ရင်ပြင်တွင် ယမန်နေ့က ပြသခဲ့သည်။

    ဖာရ်ဟာဒီမှာ ၂၀၁၂ ခုနှစ်ကလည်း A Separation ရုပ်ရျင်ဖြင့် အော်စကာဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့သည်။

    Ref : Press TV

  • အစ္စလာမ့်အသိပညာပေးလှုပ်ရှားမှု ကယ်လီဖိုးနီးယားတွင် ပြုလုပ်

    အစ္စလာမ့်အသိပညာပေးလှုပ်ရှားမှု ကယ်လီဖိုးနီးယားတွင် ပြုလုပ်

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇
    M-Media

    – အစ္စလာမ်နှင့်ပတ်သက်သည့် ထင်မြင်ယူဆချက်အမှားများကို ဖယ်ရှားရန်အတွက် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ မွတ်စလင်အသင်းအဖွဲ့များမှာ မွတ်စလင်မဟုတ်သူများအတွက် အသိပညာပေး အခမ်းအနားတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီး လူပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

    ဆန်လူးဝစ် အိုဘစ်ပိုမြို့ရှိ Church of Latter Day Saints ခရစ်ယာန်ဘုရားကျောင်းတွင် “Get to know your Muslim neighbors” (အသင့်ရဲ့ မွတ်စလင်အိမ်နီးချင်းတွေကို သိရှိအောင်လုပ်ခြင်း) ခေါင်းစဉ်ဖြင့် သောကြာနေ့က ပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားတွင် အပြန်အလှန်ဆွေးနွေးမှုများ၊ အစ္စလာမ့်နှင့်ပတ်သက်၍ ထင်မြင်ယူဆချက်အမှားများကို ရှင်းလင်းမှုများ ပါဝင်ခဲ့သည်။

    မြို့တွင်းရှိ ဗလီဝတ်ကျောင်းတော်တစ်ခု၊ ဆန်လူးဝစ် အိုဘစ်ပို အစ္စလာမ့်အသိုင်းအ၀ိုင်း၊ ကာလ်ပိုလီ မွတ်စလင်ကျောင်းသားများ အသင်းတို့က ပူးပေါင်းစီစဉ်သည့် ထိုပွဲမှာ နိုင်ငံအတွင်း မြင့်တက်လာသော မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားများကို တုန့်ပြန်ရန်ဖြစ်သည်။

    ပင်တိုင်ဆွေးနွေးသူများမှာ အမေရိကန်မွတ်စလင်တစ်ယောက်ဖြစ်ရသည့် ၎င်းတို့၏ အတွေ့အကြုံများကိုလည်း မျှဝေခဲ့ကြသည်။

    “မွတ်စလင်တစ်ယောက်ဖြစ်ခြင်းနဲ့ အမေရိကန်တစ်ယောက်ဖြစ်ခြင်းမှာ ကျွန်တော် ခွဲခြားမထားပါဘူး။ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ဖြစ်သလို၊ အမေရိကန်တစ်ယောက်လည်း ဖြစ်ပါတယ်။ မွတ်စလင်တစ်ယောက်ဖြစ်တယ်ဆိုတာ လူတိုင်းက မမြင်နိုင်ပေမယ့် ဘယ်ကိုသွားသွား တစ်ပါတည်းပါနေမယ့် အရာပါ” ဟု ပင်တိုင်ဆွေးနွေးသူတစ်ဖြစ်သည့် အ အာရ်မီနာ ကရင်မ်က ပြောကြားခဲ့သည်။ ၎င်းမှာ ဆန်လူးဝစ် အိုဘစ်ပို ကုန်သည်ကြီးများအသင်းမှ ဥက္ကဌလည်းဖြစ်သည်။

    Ref: IINA

  • နာမည်ကျော် 3310 ဖုန်း ဗားရှင်းအသစ်နဲ့ စမတ်ဖုန်း ၃ မျိုးကို Nokia ထုတ်ဖော်ပြသ

    နာမည်ကျော် 3310 ဖုန်း ဗားရှင်းအသစ်နဲ့ စမတ်ဖုန်း ၃ မျိုးကို Nokia ထုတ်ဖော်ပြသ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇
    M-Media

    3310 ဗားရှစ်အသစ်

    – မိုဘိုင်းဖုန်းလောကမှာ တစ်ချိန်က ဘုရင်တစ်ဆူဖြစ်ခဲ့တဲ့ Nokia ရဲ့ နာမည်ကျော် 3310 မော်ဒယ် ဗားရှင်းအသစ်နဲ့အတူ အန်ဒရွိုက်ဖုန်း အသစ်တွေကို မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    အရင်နဲ့ မတူတာက 3310 ဟာ ပိုမိုကျစ်လစ် ခိုင်ခဲ့ပြီး ပိုပြီးပါးလွှာ၊ ပေါ့ပါးလာသလို၊ အင်တာနက် အသုံးပြုလို့ရအောင် ဖန်တီးတားတာ ဖြစ်ပါတယ်။ အရင်ဖုန်းမှာ ပါဝင်ပြီး လူကြိုက်များခဲ့တဲ့ Snake ဂိမ်းနဲ့ ringtone လည်း ပြန်ပါလာခဲ့ပါတယ်။

    “ဒီတယ်လီဖုန်းက ၂၂ နာရီလောက် စကားပြောနိုင်မှာဖြစ်ပြီး မူလဖုန်းထက် ၁၀ ဆလောက် ပိုကြာမှာဖြစ်ပါတယ်” လို့ Nokia ကုမ္ပဏီကို ၀ယ်ယူခဲ့တဲ့ ဖင်လန်နိုင်ငံက HMD Global ကုမ္ပဏီ အကြီးအကဲ အာရ်တို နူမီလာက ယမန်နေ့ ဘာစီလိုနာမှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ကြီးဆုံး ဖုန်းပြပွဲပြီးမှာ သူ့ဖုန်းတွေကို မိတ်ဆက်ရင်း ပြောကြားခဲ့ပါတယ်။

    ၂၀၀၀ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Nokia ရဲ့ 3310 ဟာ ကမ္ဘာတစ်ဝှမ်းမှာ အလုံးရေ သန်းပေါင်း ၁၂၀ လောက် ရောင်းချခဲ့ရပြီး ကမ္ဘာ့မိုဘိုင်းဖုန်းလောကမှာ ရောင်းအားအကောင်းဆုံး ဖုန်းတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    မနေ့ကပွဲမှာ 3310 အပြင် Nokia 3၊ Nokia 5 နဲ့ Nokia 6 ဆိုတဲ့ အန်ဒရွိုက်အခြေပြု စမတ်ဖုန်းတွေကိုလည်း ပြသခဲ့ပြီး စောစောပိုင်းက တရုတ်နိုင်ငံမှာသာ ရရှိနိုင်တဲ့ Nokia 6 ဟာ ကမ္ဘာတစ်ဝှမ်းမှာ ရရှိနိုင်တော့မှာဖြစ်ပါတယ်။

    လေ့လာသူတွေကတော့ Nokia ဟာ ၂၀၁၉ ခုနှစ်ရောက်တဲ့အခါမှာ ကမ္ဘာ့ စမတ်ဖုန်းဈေးကွက်ရဲ့ ၅ ရာခိုင်နှုန်းလောက် ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

    ၁၉၉၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်လောက်အထိ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းထုတ်လုပ်သူဖြစ်ခဲ့တဲ့ Nokia ဟာ စမတ်ဖုန်းတွေ ခေတ်စားတဲ့အချိန်မှာ နောက်ကောက်ကျခဲ့ပြီး လက်ပြောင်းလက်လွှဲတွေလည်းဖြစ်ခဲ့ကာ နောက်ဆုံးမှာ ဖင်လန်က တက်သစ်စ ကုမ္ပဏီ HMD Global ရဲ့လက်ထဲကို ရောက်ရှိခဲ့ပါတယ်။

    Ref: CNA

  • Arab Idol တွင် ပါလက်စတိုင်း ခရစ်ယာန်တစ်ဦး ဗိုလ်စွဲ၊ ပါလက်စတိုင်းပြည်သူများ အောင်ပွဲခံ

    Arab Idol တွင် ပါလက်စတိုင်း ခရစ်ယာန်တစ်ဦး ဗိုလ်စွဲ၊ ပါလက်စတိုင်းပြည်သူများ အောင်ပွဲခံ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇
    M-Media

    အနိုင်ရရှိပြီးနောက်တွေ့ရသည့် ယာကွဘ် ဆာဟင် (ယာ)

    – အာရပ်ဒေသတစ်ဝှမ်း ဂီတပညာရှင်များ ပေါ်ထွက်လာရေး ရည်ရွယ်ပြုလုပ်သည့် Arab Idol အဆိုပြိုင်ပွဲတွင် ပါလက်စတိုင်းခရစ်ယာန် ယာကွဘ် ရှာဟစ်က အနိုင်ရဗိုလ်စွဲသွားခဲ့သည်ဟု သိရသည်။

    အသက် ၂၃ နှစ်အရွယ် ယာကွဘ်မှာ ပါလက်စတိုင်းနွယ်ဖွား အစ္စရေးနိုင်ငံသားတစ်ဦးနှင့် ယီမင်နိုင်ငံသားတစ်ဦးကို ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    အရှေ့အလယ်ပိုင်းနှင့် အာဖရိကတွင် ကြည့်ရှုသူအများဆုံး အစီအစဉ်ဖြစ်သည့် Arab Idol တွင် ပါလက်စတိုင်းတစ်ဦး ဗိုလ်စွဲခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၃ ခုနှစ်ကလည်း ဂါဇာကမ်းမြှောင်မှ အသက် ၂၃ နှစ်အရွယ် မိုဟာမက်အာဆက်ဖ်မှာ ဗိုလ်စွဲခဲ့သည်။

    Arab Idol ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ပါလက်စတိုင်းပိုင်နက်များဖြစ်သော အနောက်ဖက်ကမ်းနှင့် ဂါဇာတို့ရှိ ပါလက်စတိုင်းပြည်သူများက ကြည့်ရှုခဲ့ကြပြီး ယာကွဘ် အနိုင်ရရှိသွားသောကြောင့် ညလုံးပေါက် အောင်ပွဲခံခဲ့ကြသည်။ ထို့ပြင် ပါလက်စတိုင်းအလံများ၊ ဆီးရီးအက် ခရစ်ယာန်အသင်းတော်၏ တံဆိပ်များကိုလည်း ဝှေ့ယမ်းခဲ့ကြသည်။

    ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ယာကွဘ်မှာ ပါလက်စတိုင်း အလံကိုလွှမ်းခြုံကာ “ကျွန်ုပ်၏ ကတိစကား၊ ကျွန်ုပ်၏ သစ္စာ၊ ကျွန်ုပ်၏ သွေးတို့သည် ပါလက်စတိုင်းသာဖြစ်သည်” ဆိုသည့် စာသားပါဝင်သော ပါလက်စတိုင်း လွတ်မြောက်ရေးသီချင်းကို သီဆိုခဲ့သည်။

    ယာကွဘ်မှာ ဆီရီအက်လူမျိုး ခရစ်ယာန်ဘာသာဝင် လက်သမားတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူ နူရ်မာ ရှာဟင်က ပါလက်စတိုင်းပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “သူ့ရဲ့အသံ၊ ပညာနဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်မှု၊ သူ့ပြည်သူတွေ၊ ဘက်သလီဟမ်နဲ့ ပါလက်စတိုင်းကို ချစ်မြတ်နိုးမှု စတာတွေကြောင့် အနိုင်ရရှိသွားတာပါ” ဟု ရှာဟင်က ဆိုသည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်မှာ မကြာသေးမီက ဇကာတင် ၃ ဦးစာရင်းဝင် ယာကွဘ်နှင့် ပါလက်စတိုင်းနွယ်ဖွား အစ္စရေးနိုင်ငံသား အမီရ် ဒန်ဒန်တို့ကို ဘေရွတ်မြို့၌ တွေ့ဆုံခဲ့သည်။ ဒန်ဒန်မှာ ပါလက်စတိုင်းနယ်မြေတွင် အစ္စရေးက နိုင်ငံထူထောင်ချိန် ၁၉၄၈ ခုနှစ်က ၎င်းတို့၏ မြေ၌သာ ကြံ့ကြံ့ခံ နေထိုင်ခဲ့သော အာရပ်မိသားစုမှ ဆင်းသက် ပေါက်ဖွားလာသူဖြစ်သည်။

    ယခုနှစ် Arab Idol ပြိုင်ပွဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရသည့် ၂၅ ဦးတွင် ပါလက်စတိုင်းများနှင့် ပါလက်စတိုင်းနွယ်ဖွား အစ္စရေးနိုင်ငံသား စုစုပေါင်း ၄ ဦးအထိ ပါဝင်ခဲ့ပြီး ထိုပြိုင်ပွဲတစ်လျှောက် ပါလက်စတိုင်းများပါဝင်မှု အမြင့်ဆုံးလည်းဖြစ်သည်။

    ၂၀၁၃ ခုနှစ်က အနိုင်ရခဲ့သည့် ပါလက်စတိုင်းသား အာဆက်ဖ်မှာ လက်ရှိတွင် ဒေသတွင်း၌ ဂီတကြယ်ပွင့် ဖြစ်နေပြီဖြစ်သည်။

    Ref: Aljazeera