News @ M-Media

Blog

  • နိုင်ငံတော်လျှို့၀ှက်ဖိုင်များ လက်၀ယ်တွေ့ရှိမှုဖြင့် အမေရိကန်သမ္မတ ပြဿနာတက်ဖွယ် ရှိနေ

    နိုင်ငံတော်လျှို့၀ှက်ဖိုင်များ လက်၀ယ်တွေ့ရှိမှုဖြင့် အမေရိကန်သမ္မတ ပြဿနာတက်ဖွယ် ရှိနေ

    ဇန်န၀ါရီ ၁၃၊ ၂၀၂၃

    M-Media 


    – ဒီလာ၀ဲရ်ပြည်နယ် ၀ီလ်မင်တန်မြို့မှာရှိတဲ့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ နေအိမ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်လျှို့၀ှက် စာရွက်စာတမ်းအနည်းငယ် သိမ်းဆည်းရမိတယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ 

    သမ္မတအိုဘာမားလက်ထက် ဂျိုးဘိုင်ဒန် ဒုတိယသမ္မတအဖြစ် တာ၀န်ထမ်းဆောင်စဥ်က စာရွက်စာတမ်းတွေဖြစ်ပြီး ကားဂိုထောင်နဲ့ ဂိုထောင်ဘေးက အခန်းငယ်တစ်ခုမှာ တွေ့ခဲ့ရတာပါ။ 

    တရားရေးဌာနက လုပ်ငန်းစဥ်အတိုင်း သိမ်းဆည်းကာ စစ်ဆေးနေပြီး ဘိုင်ဒန်အစိုးရကလည်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    ဒါဟာ ဂျိုးဘိုင်ဒန်နဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ နိုင်ငံတော် လျှို့၀ှက် စာရွက်စာတမ်းတွေ ဒုတိယအကြိမ်တွေ့ရှိမှုပါ။ 

    နို၀င်ဘာလအတွင်း ၀ါရှင်တန်ဒီစီက တတ်တိပညာရှင်များအဖွဲ့ ရုံးခန်းတစ်ခုမှာ ဂျိုးဘိုင်ဒန် ဒုတိယသမ္မတအဖြစ် တာ၀န်ထမ်းဆောင်စဥ်က နိုင်ငံတော်လျှို့၀ှက် စာရွက်စာတမ်းအချို့ သိမ်းဆည်းရမိတယ်လို့ ပြည်တွင်း မီဒီယာတွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ 

    ဒီသတင်းမှန်ကန်တယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ အတည်ပြုပါတယ်။ 

    ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် အထူးကိုယ်စားလှယ် ရောဘတ်ဟွာကို ခန့်အပ်ထားတယ်လို့ အမေရိကန်ရှေ့နေချုပ် မဲရစ် ဂါလန်းက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ရောဘတ်ဟွာဟာ မေရီလန်းပြည်နယ်မှာ အရင်က ရှေ့နေချုပ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့ဖူးပါတယ်။

    သမ္မတဘိုင်ဒန်က မိမိဟာ လျှို့၀ှက်စာရွက်စာတမ်းတွေကို သေသေချာချာ ကိုင်တွယ်တယ်ဆိုတာကို ပြည်သူလူထုက သိရှိကြောင်း မနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပြီး အခုကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

    အတိုက်အခံ ရီပက်ဘလစ်ကန်ပါတီက ဘိုင်ဒန်ဟာ ကြောင်သူတော်တစ်ယောက်ဖြစ်တယ်လို့ စွပ်စွဲပါတယ်။ သမ္မထရမ့် ပိုင်ဆိုင်တဲ့ အဆောက်အဦးတွေမှာ နိုင်ငံတော် ထိပ်တန်းလျှို့၀ှက်အချက်အလက်တွေ တွေ့ရှိစဥ်အချိန်က ဘိုင်ဒန်ရဲ့ ၀ေဖန်မှုကို ပြန်လည်ချေပတာလည်း ဖြစ်ပါတယ်။ 

    ထရမ့်အဖြစ်အပျက်မှာ လျှို့၀ှက်စာရွက်စာတမ်း ထောင်ချီ တွေ့ရှိခဲ့တာဖြစ်ပြီး အခု ဘိုင်ဒန်ကိစ္စမှာ အနည်းငယ်သာ တွေ့ရှိခဲ့တာပါ။ 

    ဘိုင်ဒန်က တရားရေးဌာနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေပေမယ့် ထရမ့်ကိစ္စမှာ ထရမ့်ဟာ ဥပဒေအရ ဆောင်ရွက်မှုကို လက်မခံတာကြောင့် တရားရုံးက အထူးအမိန့်ထုတ်ပြန်ကာ ၀င်ရောက်ရှာဖွေ သိမ်းဆည်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

    Ref: Reuters 

  • ရော်နယ်ဒိုနှင့် ဆော်ဒီ၏ ကမ္ဘာ့ဖလားလျှောက်ထားမှု မသက်ဆိုင်ဟု အလ်-နဆာရ်အသင်း ထုတ်ပြန်

    ရော်နယ်ဒိုနှင့် ဆော်ဒီ၏ ကမ္ဘာ့ဖလားလျှောက်ထားမှု မသက်ဆိုင်ဟု အလ်-နဆာရ်အသင်း ထုတ်ပြန်

    ဇန်န၀ါရီ ၁၂၊ ၂၀၂၃

    M-Media 


    -ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ရေး ဆော်ဒီရဲ့ ကြိုးပမ်းမှုမှာ သံတမန်အဖြစ် ရော်နယ်ဒိုက ဆောင်ရွက်ပေးရမယ့်အချက် စာချုပ်ထဲမှာ ပါတယ်ဆိုတဲ့ ကောလဟာလ သတင်းတွေကို ဆော်ဒီကလပ် အလ်-နဆာရ်အသင်းက ငြင်းဆိုလိုက်ပါတယ်။ 

    ဆော်ဒီဟာ ၂၀၃၀ ကမ္ဘာ့ဖလားကို အီဂျစ်၊ ဂရိတို့နဲ့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး လျှောက်ထားဖို့ စီစဥ်နေတာ ဖြစ်ပါတယ်။

    အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုကို အလ်-နဆာရ်အသင်းက ၂ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ရော်နယ်ဒိုဟာ စုစုပေါင်း ယူရို သန်း ၂၀၀ ကျော် ရရှိမှာ ဖြစ်ပါတယ်။ 

    ဆော်ဒီအာရေဗျက ကမ္ဘာ့ဖလားအိမ်ရှင် လျှောက်ထားတဲ့အခါမှာ ရော်နယ်ဒိုက သံတမန်အဖြစ် ဆောင်ရွက်ပေးရင် နောက်ထပ် ယူရို သန်း ၂၀၀ ပေးမယ်ဆိုတဲ့အချက် စာချုပ်ထဲမှာ ပါတယ်လို့ သတင်းတွေ ထွက်နေတာပါ။

    “ဒီသတင်းတွေ မှားယွင်းတယ်လို့ အလ်-နဆာရ် သင်းက ရှင်းလင်းလိုပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အလ်-နဆာရ်တို့ရဲ့ စာချုပ်မှာ ကမ္ဘာ့ဖလားလျှောက်ထားမှုကိစ္စနဲ့ပတ်သက်တဲ့ ဘာကတိက၀တ်မှ မပါ၀င်ပါဘူး” လို့ အလ်-နဆာရ်အသင်းရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    “အလ်-နဆာရ်မှာ အသင်းဖော်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အသင်းအောင်မြင်ဖို့ကိုသာ သူ အာရုံစိုက်ရမှာ ဖြစ်ပါတယ်”

    ၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်ကို ဖီဖာက ၂၀၂၄ ခုနှစ်မှာ ရွေးချယ်မှာဖြစ်ပါတယ်။ 

    ဆော်ဒီအာရေဗျဟာ ဘောလုံး၊ ဂေါက်သီး၊ ဘောက်ဆင်၊ တင်းနစ်နဲ့ ဖော်မြူလာ၀မ်းလို ကမ္ဘာ့ထိပ်တန်း အားကစားပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိရေး ပြီးခဲ့တဲ့နှစ်အနည်းငယ်ကစလို့ ကြိုးပမ်းလာပါတယ်။ 

    အာရှအားကစားပြိုင်ပွဲ၊ ဆောင်းရာသီအာရှ အားကစားပြိုင်ပွဲ၊ အာရှဖလားအမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွေကို ဆော်ဒီက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားပါတယ်။ 

    Ref: Reuters

  • မြန်မာနိုင်ငံမှ၀င်လာသည့် မူးယစ်မှောင်ခိုသမား ၆ ဦးကို ထိုင်းစစ်တပ်က အသေဖမ်းဆီး

    မြန်မာနိုင်ငံမှ၀င်လာသည့် မူးယစ်မှောင်ခိုသမား ၆ ဦးကို ထိုင်းစစ်တပ်က အသေဖမ်းဆီး

    ဇန်န၀ါရီ ၁၁၊ ၂၀၂၃

    M-Media 


    -ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံနယ်စပ်ဖြစ်တဲ့ ရွှေတြိဂံဒေသမှာ မူးယစ်မှောင်ခိုသမား ၆ ဦးကို စစ်တပ်က အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ 

    တနင်္လာနေ့မနက်ပ်ိုင်း အရုဏ်တက်ချိန်လောက်မှာ မြန်မာဖက်ကနေ ဖန်ခရိုင်ထဲ၀င်လာတဲ့ လူ ၂၀ လောက်ရှိတဲ့အဖွဲ့နဲ့ ထိုင်းတပ်ဖွဲ့တစ်ခုတို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ 

    နယ်စပ်ဒေသက ပြည်နယ် ၆ ခုရဲ့ လုံခြုံရေးကို ကိုင်တွယ်နေတဲ့ Pha Muang Task Force က ပစ်ခတ်မှုအတွင်း မူးယစ်မှောင်ခိုသမား ၆ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

    သူတို့သယ်လာတဲ့ အိတ် ၁၉ လုံးကနေ ကက်တမင်း ကီလို ၃၀၀ နဲ့ သေနတ် ၃ လက် ဖမ်းဆီးမိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ထိုင်းစစ်တပ်ဟာ ပြီးခဲ့တဲ့ကလည်း မြန်မာနယ်စပ်အနီးမှာ မူးယစ်မှောင်ခိုသမား ၁၅ ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ 

    မှောင်ခိုသမားတွေက စစ်သားတွေကို အရင်ပစ်ခတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကနေ သယ်လာတဲ့ စိတ်ကြွဆေး မက်တာဖက်သမင်းအများအပြား ဖမ်းမိခဲ့ကြောင်း ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: AFP

  • အရှေ့အလယ်ပိုင်း၏ အကြီးဆုံး ပလက်စတစ်စက်ရုံ ကာတာတွင် တည်ဆောက်မည်

    အရှေ့အလယ်ပိုင်း၏ အကြီးဆုံး ပလက်စတစ်စက်ရုံ ကာတာတွင် တည်ဆောက်မည်

    ဇန်န၀ါရီ ၁၁၊ ၂၀၂၃

    M-Media 


    -ဓာတ်ငွေ့ကနေ ပလက်စတစ်ထုတ်မယ့် စက်ရုံတစ်ခု တည်ဆောက်ဖို့အတွက် ကာတာနိုင်ငံဟာ Chevron Phillips Chemical ကုမ္ပဏီနဲ့ အခုတစ်ပတ်အစောပိုင်းမှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ 

    ကန်ဒေါ်လာ ၆ ဘီလီယံ ကုန်ကျမယ့် အဲဒီစက်ရုံဟာ သဘာ၀ဓာတ်ငွေ့ကနေ ပိုလီအီသိုင်းလင်းနဲ့ အခြား ပလက်စတစ်ပစ္စည်းတွေ ထုတ်လုပ်မှာဖြစ်ပြီး အရှေ့အလယ်ပိုင်းမှာ အကြီးဆုံးစက်ရုံ ဖြစ်လာမှာ ဖြစ်ပါတယ်။ 

    ၂၀၂၆ ခုနှစ်မှာ စတင်လည်ပတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ကာတာအစိုးရပိုင် စွမ်းအင်လုပ်ငန်း Qatar Energy က ရှယ်ယာ ၇၀ ရာခိုင်နှုန်း၊ Chevron က ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ 

    ကမ္ဘာတစ်၀ှမ်းက အဲဒီလို စက်ရုံတွေထက်စာရင် ဘေးထွက် အညစ်အကြေးနဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု အနည်းဆုံးစက်ရုံအဖြစ် မှတ်တမ်း၀င်မှာပါ။  

    ကာတာမှာ သဘာသဓာတ်ငွေ့သိုက် အများအပြား ရှိနေပြီး ပင်လယ်ကွေ့ကနေ အီရန်နယ်စပ်အထိ ရှည်လျားတဲ့ North Field ဓာတ်ငွေ့သိုက်ဟာ ကမ္ဘာ့အကြီးဆုံး ဓာတ်ငွေ့သိုက်လည်း ဖြစ်ပါတယ်။ 

    Ref: AFP 

  • ယခုနှစ်ဟဂျ်ရာသီတွင် ကိုဗစ်မဖြစ်ခင်ကအတိုင်း လူသန်းချီ ဘုရားဖူးခွင့် ပြန်ရမည်

    ယခုနှစ်ဟဂျ်ရာသီတွင် ကိုဗစ်မဖြစ်ခင်ကအတိုင်း လူသန်းချီ ဘုရားဖူးခွင့် ပြန်ရမည်

    ဇန်န၀ါရီ ၁၀၊ ၂၀၂၃

    M-Media 


    – အခုနှစ် ဟဂျ်ဘုရားဖူးရာသီမှာ ကမ္ဘာတစ်၀ှမ်းက အစ္စလာမ်ဘာသာ၀င်တွေကို ကန့်သတ်ချက်မရှိဘဲ လာရောက်ဘုရားဖူးခွင့်ပြုမယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။ 

    ကိုဗစ်မဖြစ်ခင် ၂၀၁၉ ခုနှစ်က ဟဂျ်ပြုသူ ၂.၄ သန်းရှိခဲ့တာပါ။ ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါကြောင့် ဆော်ဒီအာရေဗျမှာ နေထိုင်တဲ့ လူ တစ်ထောင်ကိုသာ အာဏာပိုင်တွေက ဟဂျ်ပြုခွင့် ပေးခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ်မှာ နိုင်ငံအတွင်းနေထိုင်တဲ့ လူ ၆ သောင်းကို ခွင့်ပြုပေးခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ကမ္ဘာတစ်၀ှမ်းက အသက် ၆၅ နှစ်အောက် ကိုဗစ် Negative ရလဒ်ပြနိုင်တဲ့သူတွေကို ဘုရားဖူးခွင့်ပြုခဲ့ပါတယ်။ 

    ၂၀၂၂ ခုနှစ် ဟဂျ်ကာလမှာ ကမ္ဘာတစ်၀ှမ်းက လူပေါင်း ၉ သိန်းလောက် လာရောက်ခဲ့ကြပါတယ်။ 

    အခုနှစ်မှာတော့ ကန့်သတ်ချက်တွေအားလုံးကို ဆော်ဒီအာဏာပိုင်တွေက ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ 

    “ဒီအစည်းအ၀ေးမှာ သတင်းကောင်းနှစ်ခု ပြောချင်ပါတယ်။ တစ်ခုက အခုနှစ်ဟဂျ်ရာသီမှာ အသက်ကန့်သတ်ချက် မထားတော့ဘဲ ကိုဗစ်မဖြစ်ခင်က အရေအတွက်အတိုင်း ခွင့်ပြုပေးမှာ ဖြစ်ပါတယ်” လို့ ဆော်ဒီ ဟဂျ်နှင့် အွမ္မရာရေးရာ၀န်ကြီး သောင်ဖီက် ဘင် ဖောင်ဇန် အလ်-ရာဘီယာက မနေ့က အစည်းအ၀ေးမှာ ပြောကြားခဲ့ပါတယ်။ 

    နောက်ထပ်သတင်းတစ်ခုက ဟဂျ်ခရီးစဥ်အတွက် ကမ္ဘာတစ်၀ှမ်းက လိုင်စင်ရကုမ္ပဏီတွေကိုသာ လုပ်ကိုင်ခွင့်ပေးမယ်လို့ သူက ဆိုပါတယ်။ 

    ၂၀၂၃ ခုနှစ် ဟဂျ်ဘုရားဖူးကာလဟာ ဇွန်လနှောင်းပိုင်းမှာ ကျရောက်မှာဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုကို ဆော်ဒီအာဏာပိုင်တွေက လုပ်ဆောင်မလားဆိုတာ တိတိကျကျ မသိရပါဘူး။

    Ref: Aljazeera