News @ M-Media

Blog

  • ယူကရိန်းဒုက္ခသည်များအတွက် မီးစက်ဒုတိယအသုတ်ကို ယူအေအီး ပေးပို့

    ယူကရိန်းဒုက္ခသည်များအတွက် မီးစက်ဒုတိယအသုတ်ကို ယူအေအီး ပေးပို့

    ဇန်န၀ါရီ ၇၊ ၂၀၂၂

    M-Media 


    -ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဆောင်းရာသီကို မီးမရှိဘဲ ဖြတ်သန်းနေရတဲ့ ယူကရိန်းဒုက္ခသည်တွေအတွက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က မီးစက် ဒုတိယ အသုတ်ကို ပေးပို့လိုက်ပါတယ်။ 

    မီးစက်အလုံးရေ စုစုပေါင်း ၂၅၀၀ ပေးပို့ကူညီသွားမယ်လို့ ယူအေအီးက ဒီဇင်ဘာမှာ ကြေငြာခဲ့ပြီး ပထမအသုတ် အလုံး ၁၂၀၀ ကို ပေးပို့ပြီးဖြစ်ပါတယ်။ 

    သောကြာနေ့က ပေးပို့ခဲ့တဲ့ အခုဒုတိယအသုတ်မှာတော့ အလုံး ၁၃၀၀ ပါ၀င်ပါတယ်။ 

    ဒါဟာ ယူကရိန်းကို ကန်ဒေါ်လာ သန်း ၁၀၀ ဖိုး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်မယ့် အစီအစဥ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ဒီအစီအစဥ်ကို အောက်တိုဘာလမှာ ယူအေအီးက ကြေငြာခဲ့တာပါ။ 

    Ref: Alarabiya 

  • ထိုမ်၀မ်နာမည်ကြီးအဆိုတော်နဲ့ ပြဿနာတက်နေတဲ့ မလေးရှားဘောလုံး ပရိတ်သတ်များ

    ဇန်န၀ါရီ ၇၊ ၂၀၂၂

    M-Media 


    -ထိုင်၀မ်က နာမည်ကြီးအဆိုတော် ဂျေးချိုဟာ မလေးရှား ဘောလုံး ပရိတ်သတ်တွေရဲ့ ၀ေဖန်မှုကို ခံနေရပါတယ်။ 

    ဂျေးချိုဟာ ဇန်န၀ါရီ ၁၅ ရက်နေ့ ကွာလာလမ်ပူမြို့က ဘူကစ်ဂျာလီ အားကစားကွင်းမှာ ရှိုးပွဲလုပ်ဖို့ စီစဥ်ထားတာပါ။ 

    မလေးရှားဘောလုံးအသင်းက ဒီဇင်ဘာ ၇ ရက်နေ့မှာ AFF Championship ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ထိုင်းအသင်းနဲ့ ဘူကစ်ဂျာလီကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ 

    ဘူကစ်ဂျာလီကွင်းဟာ ပရိတ်သတ် ၈၇၄၁၁ ဦး ဆံ့ပေမယ့် မလေးရှားဘောလုံးအဖွဲ့ချုပ်က လက်မှတ် ၅၉၀၀၀ သာ ရောင်းချထားပါတယ်။  ဂျေးချိုရဲ့ ပွဲအတွက် ထိုင်ခုံတွေဖြုတ်ပြီး စတိတ်စင်ဆောက်ရတာကြောင့် ထိုင်ခုံတွေ လျော့နည်းသွားတာပါ။

    ဒီကိစ္စကို မလေးရှားဘောလုံးပရိတ်သတ်တွေက မကျေနပ်ဘဲ ဂျေးချိုရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ သွားရောက်ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ 

    ဂျေးချိုကတော့ ရှိုးပွဲကို သူ့ဖက်က ဆိုင်းငံ့ပေးထားနိုင်ပေမယ့် ပွဲစီစဥ်သူတွေနဲ့ မလေးရှားဘောလုံးအဖွဲ့ချုပ်တို့က ဒါမျိုး လုပ်ပေးနိုင်မလားဆိုတာ အရင်မေးဖို့ Instagram စာမျက်နှာကနေတစ်ဆင့် မလေးရှား ဘောလုံးပရိတ်သတ်တွေကို တုန့်ပြန်ခဲ့ပါတယ်။ 

    မလေးရှား အားကစားနဲ့ လူငယ်ရေးရာ၀န်ကြီး ဟန်နာယိုက Twitter  စာမျက်နှာကနေတစ်ဆင့် ဒီကိစ္စကို ဖြေရှင်းထားပါတယ်။ 

    ဂျေးချိုဟာ ရှိုးပွဲအတွက် လွန်ခဲ့တဲ့ ၄ နှစ် ၂၀၁၉ မတ်လ ၁၉ ရက်နေ့ကတည်းက ဘောလုံးကွင်းကို ကြိုငှားထားတာဖြစ်ပြီး မလေးရှားဘောလုံးအဖွဲ့ချုပ်က ၂၀၂၀ ခုနှစ် သြဂုတ်လမှ ကွင်းကို ငှားရမ်းတာလို့ ရေးသားခဲ့ပါတယ်။

    “ရှိုးပွဲရော၊ ဘောလုံးပွဲပါ နိုင်ငံတကာနဲ့ဆိုင်တဲ့ ကိစ္စဖြစ်ပြီး အစိုးရအတွက် လုပ်ရကိုင်ရခက်တဲ့ အရာတွေပါ။ နိုင်ငံတကာရှိုးပွဲတစ်ခုကို လွယ်လွယ်ကူကူနဲ့ ဖျက်ပစ်လို့ မရပါဘူး” လို့ The New Straits Times သတင်းဌာနကို ဟန်နာယိုက ပြောကြားခဲ့ပါတယ်။

    AFF ဆီမီးဖိုင်နယ်ပွဲကြောင့် ဂျေးချိုဟာ ပွဲကို အရင်ကတည်းက ၂ ရက် နောက်ဆုတ်ပေးထားပြီးသား ဖြစ်ပါတယ် 

    Ref: CNA

  • ကိုဗစ်စိုးရိမ်သည့်အတွက် မလေးရှားက ပြည်၀င်ခွင့်တင်းကြပ်မည်

    ကိုဗစ်စိုးရိမ်သည့်အတွက် မလေးရှားက ပြည်၀င်ခွင့်တင်းကြပ်မည်

    ဇန်န၀ါရီ ၄၊ ၂၀၂၃

    M-Media 


    – တရုတ်နိုင်ငံမှာ ကိုဗစ်အကြီးအကျယ်ကူးစက်နေပြီး ကမ္ဘာတစ်၀ှမ်းကို ထပ်မံပြန့်နှံ့မယ့် အန္တရာယ် ရှိနေတဲ့အချိန် မလေးရှားကလည်း နိုင်ငံခြားခရီးသွားတွေကို ကိုဗစ်ဆိုင်ရာ ကန့်သတ်မှုလုပ်ဖို့ စီစဥ်နေပါတယ်။  

    မလေးရှားဟာ တရုတ်ခရီးသွားတွေ အများအပြား လာရောက်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ 

    နိုင်ငံခြားသားတွေ နိုင်ငံထဲ၀င်လာရင် အပူချိန် စစ်ဆေးဖို့၊ အဖျားလို ကိုဗစ်နဲ့သက်ဆိုင်တဲ့ လက္ခဏာတွေ တွေ့ရရင် ကွာရန်တင်းစင်တာပို့တာ ကျန်းမာရေးတာ၀န်ရှိသူတွေက လိုအပ်တဲ့ စစ်ဆေးမှု လုပ်တာတွေ ဆောင်ရွက်ဖို့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ မလေးရှားအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ 

    နောက်ဆုံး ၂ ပတ် တရုတ်နိုင်ငံမှာ နေထိုင်ခဲ့သူတွေက RTK စစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ၁၄ ရက်နေထိုင်ခဲ့သူတွေနဲ့ Close Contact ဖြစ်တဲ့သူတွေဟာ အဖျားနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေရှိရင် ကိုဗစ်စစ်ဆေးပြီးမှ မလေးရှားနိုင်ငံထဲ ၀င်ခွင့်ရမှာပါ။

    မလေးရှား ကမ္ဘာလှည့်ခရီးသွားအသင်း (MATA) က တရုတ်ခရီးသွားတွေကို ခေတ္တပြည်၀င်ခွင့်ပိတ်ဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။ 

    မလေးရှား ဆေးဘက်ဆိုင်ရာအသင်းက တရုတ်နိုင်ငံကလာတဲ့ ဘယ်သူ့ကိုမဆို ကိုဗစ်စစ်ဆေးဖို့ အကြံပြုထားပါတယ်။ 

    ဒီကနေ့ အစိုးရအဖွဲ့ အစည်းအ၀ေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှား၀န်ကြီးချုပ် အန်န၀ါရ် အီဗရာဟင်က ကိုဗစ်ကြောင့် ပြည်၀င်ခွင့်တင်းကြပ်မှုဟာ ဘယ်နိုင်ငံကိုမှ ခွဲခြားဆက်ဆံတာမဟုတ်ဘဲ လူထုရဲ့ ကျန်းမာရေးအတွက် ရည်ရွယ်လုပ်ဆောင်တာလို့ ပြောကြားခဲ့ပါတယ်။ 

    Ref: CNA 

  • တိုက်ခိုက်မှုတစ်ခုအတွင်း ရုရှားစစ်သား ၄၀၀ ကို သုတ်သင်နိုင်ခဲ့ဟု ယူကရိန်းထုတ်ပြန်

    တိုက်ခိုက်မှုတစ်ခုအတွင်း ရုရှားစစ်သား ၄၀၀ ကို သုတ်သင်နိုင်ခဲ့ဟု ယူကရိန်းထုတ်ပြန်

    ဇန်န၀ါရီ ၄၊ ၂၀၂၃

    M-Media 


    -ရုရှားက ကျူးကျော်သိမ်းပိုက်ထားတဲ့ Donetsk ဒေသ မာကစ်ဗ်ကာမြို့က စစ်စခန်းတစ်ခုကို တိုက်ခိုက်မှုမှာ ရုရှားစစ်သား ၄၀၀ သေဆုံးခဲ့တယ်လို့ ယူကရိန်းဖက်က ထုတ်ပြန်ပါတယ်။ 

    တိုက်ခိုက်မှုဟာ ဇန်န၀ါရီ ၁ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ရုရှားဖက်ကလည်း ဒီကိစ္စကို အတည်ပြုပါတယ်။ ဒါပေမယ့် သေဆုံးသူက ၈၉ ဦးရှိတယ်လို့ ရုရှားကဆိုပြီး ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုကို ရုရှားက ၀န်ခံရာမှာ အများဆုံးပမာဏလည်း ဖြစ်ပါတယ်။ 

    ဒုံးကျည် ၆ လုံး ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်သားတွေဟာ ဖုန်းသုံးနေတဲ့အတွက် တည်နေရာကို ယူကရိန်းဖက်က အလွယ်ကူ ရှာဖွေနိုင်တယ်လို့ ရုရှားက ဆိုပါတယ်။ ရှေ့တန်းမှာ စစ်သားတွေ ဖုန်းမသုံးဖို့ ရုရှားစစ်တပ်က အမိန့်ထုတ်ထားတာပါ။ 

    အခု အဖြစ်အပျက်မှာ ဒီအမိန့် ချိုးဖောက်သူတွေကို အရေးယူဖို့ ရုရှားက စီစဥ်နေပါတယ်။  

    သေဆုံးသူတွေထဲမှာ ထိပ်တန်းတပ်မှူးတစ်ချို့ ပါ၀င်တယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်။ 

    အမေရိကန်က ထောက်ပံ့ပေးထားတဲ့ Himars ဒုံးကျည်စနစ်နဲ့ ယူကရိန်းရဲ့ ဒီတိုက်ခိုက်မှုမှာ စစ်စခန်းအပြင် ဘေးနားက စစ်လက်နက်သိုလှောင်ရုံလည်း လုံး၀ ပျက်ဆီးသွားပါတယ်။ 

    Ref: BBC

  • တရုတ်ကိုဗစ်လှိုင်းသစ်ကို ကမ္ဘာ့က ဘာ့ကြောင့် ကြောက်နေတာလဲ

    တရုတ်ကိုဗစ်လှိုင်းသစ်ကို ကမ္ဘာ့က ဘာ့ကြောင့် ကြောက်နေတာလဲ

    ဇန်န၀ါရီ ၃၊ ၂၀၂၂

    M-Media 


    -တရုတ်နိုင်ငံမှာ နို၀င်ဘာလကတည်းက ကိုဗစ်လှိုင်းသစ် ပြန်လည် ဖြစ်ပွားလာခဲ့ပြီး နိုင်ငံတကာကလည်း သတိထား စောင့်ကြည့်လာပါတယ်။ 

    ဒီဇင်ဘာနှောင်းပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံတစ်ချို့ဟာ ကိုဗစ်ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် တရုတ်ခရီးသွားတွေကို ပြည်၀င်ခွင့် ပိတ်ပင်တာတွေ လုပ်ဆောင်လာပါတယ်။ 

    ဘာ့ကြောင့် ကမ္ဘာကြီးက တရုတ်ကိုဗစ်လှိုင်းသစ်ကို ကြောက်နေတာလဲ?

    အချက်အလက်များ လျှို့၀ှက်ထားခြင်း

    တရုတ်အစိုးရဟာ ကိုဗစ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိပါဘူး။ 

    ၂၀၁၉ ခုနှစ် နှောင်းပိုင်း ၀ူဟန်မြို့မှာ ကိုဗစ်စတင် ကူးစက်ခဲ့ပေမယ့် တရုတ်အစိုးရက ဒီသတင်းကို လျှို့၀ှက်ထားခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်န၀ါရီလလောက်မှ ထုတ်ပြန်ခဲ့ပါတယ်။ 

    ဒီလို သတင်းတွေ ထိန်ချန်ထားတာကြောင့် ကမ္ဘာ့နိုင်ငံတွေဟာ ကိုဗစ် ကြိုတင်ကာကွယ်မှု အစီအစဥ်တွေ မြန်မြန်ဆန်ဆန် မလုပ်နိုင်ဘဲ အကြီးအကျယ် ပြန့်နှံ့သွားခဲ့ပါတယ်။  

    အခု တစ်ကျော့ပြန် ကိုဗစ်လှိုင်းမှာလည်း အစပိုင်းမှာ တရုတ်အစိုးရက သတင်း တိတိကျကျ ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ဒီဇင်ဘာလရောက်မှ ကူးစက်မှုဟာ ခြေရာခံဖို့ ခက်ခဲတယ်လို့ ထုတ်ပြန်ပါတယ်။ 

    တရုတ်အစိုးရက ထုတ်ပြန်တဲ့ ကူးစက်မှု၊ သေဆုံးမှု စာရင်းတွေကလည်း မြေပြင်အချက်အလက်တွေထက် အလွန်အမင်း နည်းနေတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    ကိုဗစ်ကူးစက်မှုကြောင့် ဆေးရုံတွေ၊ မီးသင်္ဂြိုဟ်စက်တွေ ပြည့်နေတယ်လို့ သတင်းထွက်လာတဲ့အချိန် ကူးစက်၊ သေဆုံးမှု အချက်အလက်တွေကို ဒီဇင်ဘာအလယ်ပိုင်းကစပြီး တရုတ်အစိုးရက မထုတ်ပြန်တော့ပါဘူး။ 

    တရုတ်ခရီးသွားတွေကို ပြည်၀င်ခွင့်ကန့်သတ်တဲ့ နိုင်ငံတစ်၀ှမ်းက တရုတ်အစိုးရရဲ့ အချက်အလက်ထိန်ချန်မှုကြောင့် ဒီလို ကန့်သတ်တာတွေ လုပ်ဆောင်ရတာလို့ ထုတ်ပြန်ကြပါတယ်။ 

    အာဏာပိုင်များ၏ စကားမညီခြင်း 

    ကိုဗစ်လှိုင်းသစ်ဟာ ဘေးဂျင်းနဲ့ အခြားမြို့ကြီးတွေမှာ ဖြစ်ပွားနေတာဖြစ်ပြီး အဲဒီမြို့တွေက အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တွေမှာ ကွဲလွဲမှုတွေ ရှိနေပါတယ်။ 

    ဒေသတွင်း အာဏာပိုင်တွေက ကူးစက်မှုအရေအတွက် အများအပြား ရှိတယ်လို့ ပြောပေမယ့် ဗဟိုအစိုးရ ကျန်းမာရေးဆိုင်ရာ တာ၀န်ရှိသူ ၀မ်ကျန်းယိုက မြို့ကြီးတွေမှာ အကြီးအကျယ် ကူးစက်မှုအခြေအနေကို ကျော်လွန်သွားပြီလို့ ပြီးခဲ့တဲ့ တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

    ပေါက်ကြားလာတဲ့ တရုတ်အစိုးရရဲ့ လျှို့၀ှက် အချက်အလက်တွေအရ ဒီဇင်ဘာလ ပထမရက် ၂၀ အတွင်း နိုင်ငံတစ်၀ှမ်း ကူးစက်သူအရေအတွက်ဟာ သန်း ၂၅၀ လောက်ရှိတာကို တွေ့ရပါတယ်။

    နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက တရုတ်နိုင်ငံမှာ ဧပြီလနှောင်းပိုင်းလောက်အထိ ကိုဗစ်ကူးစက်မှု အကြီးအကျယ် ဆက်ဖြစ်ဖို့ရှိနေပြီး အနည်းဆုံး လူ ၁.၇ သန်းလောက် သေဆုံးမယ်လို့ ခန့်မှန်းထားပါတယ်။  

    ပုံပြောင်းပိုးအသစ်များ 

    ကူးစက်မှု အကြီးအကျယ် ဖြစ်လာတာနဲ့အတူ ပုံပြောင်းပိုးအသစ်တွေ ထွက်လာမယ့်အရေးကိုလည်း ကမ္ဘာကြီးက စိုးရိမ်နေပါတယ်။ 

    လက်ရှိ တရုတ်နိုင်ငံမှာ ကူးစက်နေတဲ့ ပုံပြောင်းပိုးတွေဟာ အိုမီခရွန် BA.5.2၊ BF.7 တွေဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ဒီပိုးတွေ ကူးစက်ပြီးထားပြီး XBB နဲ့ BQ ပုံပြောင်းပိုးတွေအထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ 

    တရုတ်နိုင်ငံမှာ XBB နဲ့ BQ မျိုးကွဲတွေ မဖြစ်သေးပါဘူး။ ဒီပိုးတွေ ကူးစက်လာရင် ကိုဗစ်လှိုင်း ပိုမိုဆိုးရွားသွားဖို့ ရှိနေပြီး နောက်ထပ် ပုံပြောင်းပိုးအသစ်တွေ ပေါ်လာမယ့် အန္တရာယ်လည်း ရှိနေပါတယ်။ 

    Ref: NDTV