News @ M-Media

Blog

  • ပြောင်းရွှေ့အခြေချမှုကို ဥရောပတိုက်က လိုအပ်ဟု နိုင်ငံခြားရေး အကြီးအကဲပြော

    ပြောင်းရွှေ့အခြေချမှုကို ဥရောပတိုက်က လိုအပ်ဟု နိုင်ငံခြားရေး အကြီးအကဲပြော

    ဖေဖော်ဝါရိ ၉၊ ၂၀၁၇
    M-Media

    – ဥရောပတိုက်အနေဖြင့် ပြောင်းရွှေ့အခြေချသူများကို လိုအပ်သောကြောင့် လာရောက်ခိုလှုံသူများအား တံခါးပိတ်သွားမည်မဟုတ်ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲ ဖက်ဒရီကာ မိုဂ်ဟီရီနီက ပြောကြားလိုက်သည်။

    Valletta Joint Action Plan 2017 အစီအစဉ်အတွက် မောလ်တာနိုင်ငံတွင် ယနေ့ပြုလုပ်သည့် အကြီးတန်း တာဝန်ရှိသူများ အစည်းအဝေးတွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး ဥရောပသားများ ကိုယ်တိုင်ကလည်း လွန်ခဲ့သည့် နှစ်အနည်းငယ်ကအထိ ပြောင်းရွှေ့အခြေချသူများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

    “ကျွန်မတို့ ရေရှည်ဆက်လက်ထိန်းသိမ်းထားရမယ့် လူမှုအဖွဲ့အစည်းအနေအထားနဲ့အတူ လက်ရှိ ကျွန်မတို့ရဲ့ စီးပွားရေးတွေ၊ လူမှုဖူလှုံရေးစနစ်တွေအတွက် ပြောင်းရွှေ့အခြေချမှု လိုအပ်တယ်ဆိုတာကို ဥရောပသားတွေ နားလည် လိမ့်မယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်”

    အကြီးတန်းတာဝန်ရှိသူများ အစည်းအဝေးမှာ ပာင်းရွှေ့အခြေချမှုဆိုင်ရာ ကိစ္စကို တတိယနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ပြီး မိုဂ်ဟီရီနီကမူ ပူးပေါင်းဆောင်ရွက်မှုအစား ထိပ်တိုက်တွေ့ဆုံမှု၊ မိတ်ဖက်ဆက်ဆံရေး ထူထောင်ရမည့်အစား တံတိုင်းခြားမှု၊ ဆွေးနွေးညှိနှိုင်းရမည့်အစား ပိတ်ဆို့မှုများကို အခြေခံကာ ပြောင်းရွှေ့အခြေချမှုကို ဆန့်ကျင်သည် ရပ်တည်ချက်ကိုလည်း ရှုတ်ချခဲ့ကာ ဥရောပအနေဖြင့် မျှတပြီး လူသားဆန်သည့်နည်းလမ်းဖြင့် ချဉ်းကပ်သွားမည်ဟု ကတိပြုခဲ့သည်။

    ဒုက္ခသည် ပြဿနာတွင် စံချိန်တင် သေဆုံးမှုအဖြစ် ၂၀၁၆ ခုနှစ်အတွင်း ဥရောပသို့ ၀င်ရောက်ရန် ကြိုးစားသည့် ဒုက္ခသည်များမှ စုစုပေါင်း ၄၅၀၀ နီးပါး သေဆုံးမှုကိုလည်း သူမက ထောက်ပြခဲ့သည်။

    ဥရောပ လူဦးရေ ၃ ပုံ ၁ ပုံနီးပါးမှာ ၂၀၆၀ ခုနှစ်အရောက်တွင် အသက် ၆၅ နှစ်ကျော် ရှိနေမည်ဟု ၂၀၁၂ ခုနှစ်တွင် ဥရောပကော်မရှင်မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလကလည်း ဥရောပကော်မရှင် ဥက္ကဌ ဂျန် ကလုဒ် ဂျန်ကာက ဥရောပတိုက်မှာ အသက်အရွယ် အိုမင်းလွန်းသော တိုက်ကြီးတစ်ခု ဖြစ်လာနေပြီး ပြောင်းရွှေ့အခြေချမှုကို ပြဿနာတစ်ခုထက် ရင်းမြစ်တစ်ခုအဖြစ် မှတ်ယူသင့်သည်ဟု ပြောကြားခဲ့ဖူးသည်။

    RRef: RT

  • ဂါဇာမြေအောက်လှိုင်ခေါင်း တိုက်ခိုက်ခံရမှု ပါလက်စတိုင်း ၂ ဦး သေဆုံး

    ဂါဇာမြေအောက်လှိုင်ခေါင်း တိုက်ခိုက်ခံရမှု ပါလက်စတိုင်း ၂ ဦး သေဆုံး

    ဖေဖော်ဝါရီ ၉၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ရှိ မြေအောက်လှိုင်ခေါင်းတစ်ခု လေကြောင်းမှ တိုက်ခိုက်ခံရခြင်းကြောင့် ပါလက်စတိုင်းပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အီဂျစ်နယ်စပ်အနီးတွင် ယနေ့အရုဏ်တက်မတိုင်ခင် ဖြစ်ပွားခြင်းဖြစ်ပြီး မည်သူ၏လက်ချက်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ပါလက်စတိုင်းအာဏာပိုင်တစ်ဦးကမူ ထိုတိုက်ခိုက်မှုအတွက် အစ္စရေးကို အပြစ်တင်ခဲ့သော်လည်း၊ အစ္စရေး စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အသေအချာ မသိရသေးဟု ပြောကြားခဲ့သည်။

    သေဆုံးသွားသူများမှာ အသက် ၂၄ နှစ်အရွယ် ဟိုဆမ် အလ်-ဆူဖီနှင့် အသက် ၃၈ နှစ်အရွယ် မိုဟာမက် အလ်-အက်ရာတို့ဖြစ်သည်ဟု ဂါဇာ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရက်ဖ် အလ်-ကွဒ်ရာက ပြောကြားခဲ့သည်။

    အစ္စရေးစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထိုကိစ္စကို မသိရှိဟုဆိုသည်။

    ဗုဒ္ဓဟူးနေ့က အစ္စရေးတောင်ဘက် အီလတ်မြို့ကို ဆိုင်းနိုင်းကျွန်းဆွယ်မှ အနည်းဆုံး ဒုံးကျည် ၃ ခု ပစ်ခတ်ခဲ့ပြီးနောက် ဂါဇာအား ယခုကဲ့သို့ တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • အစွန်းရောက်များကြောင့် နာမည်ပျက်လာသည့် ဗုဒ္ဓဘာသာ

    အစွန်းရောက်များကြောင့် နာမည်ပျက်လာသည့် ဗုဒ္ဓဘာသာ

    ဖေဖော်ဝါရီ ၉၊ ၂၀၁၇
    M-Media

    – ထိုင်း၊ မြန်မာနှင့် သီရိလင်္ကာကဲ့သို့ ဗုဒ္ဓဘာသာဝင်အများစုရှိရာ နိုင်ငံများတွင် အမုန်းစကားများ မြင့်တက်လာမှုက အလွန်စိုးရိမ်စရာကောင်းနေပြီး၊ အန္တရာယ်ကိုလည်း မြင်နေရသောကြောင့် ထိုကိစ္စအား တွန်းလှန်ရန်အတွက် ထိုနိုင်ငံများက တစ်ခုခု လုပ်ရမည်ဟု ထိုင်းနိုင်ငံမှ ထင်ရှားသည့် ဗုဒ္ဓဘာသာ ပညာရှင်တစ်ဦးဖြစ်သူ Sulak Sivaraksa က ပြောကြားလိုက်သည်။

    “သိပ်စိုးရိမ်စရာကောင်းတယ်ဗျ။ လက်နက်တွေထက်တောင် ပိုပြီး အန္တရာယ်ရှိပါတယ်” ဟု Sulak Sivaraksa က CNA ၏ Between The Lines အစီအစဉ် ဆွေးနွေးမှုတွင် ပြောကြားခဲ့သည်။ ၎င်းမှာ နိုင်ငံတကာက အသိအမှတ်ပြုမှုကို ရရှိထားသည့် ဗုဒ္ဓဘာသာအရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်သည်။

    ဗုဒ္ဓဘာသာ၏ သင်ကြားမှုများက အကြမ်းမဖက်မှု၊ ခန္တီတရားတို့ကို အရင်းတည်သည်။ သို့သော်လည်း ဗုဒ္ဓဘာသာအမျိုးသားရေး ၀ါဒများ ပေါ်ပေါက်လာသည့်အချိန်တွင် အမုန်းစကားများက သဘောထားတင်းမာသော အုပ်စုများအကြားတွင် သိသိသာသာ လွှမ်းမိုးလာခဲ့ပြီး အခြားအုပ်စုများကို အကြမ်းဖက်ရန်၊ ဖျက်ဆီးရန်နှင့် သတ်ဖြတ်ရန် ထိုအမုန်းစကားများဖြင့် လှုံ့ဆော်လာကြသည်။

    ဥပမာအားဖြင့် သီရိလင်္ကာနိုင်ငံတွင် ဘုန်းကြီးတစ်စုက ၂၀၁၂ ခုနှစ်တွင် Bodu Bala Sena ဆိုသည့်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံ၏ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်ရန်ဟု ခေါင်းစဉ်တပ်သည်။ ထိုအချိန်မှစ၍ မွတ်စလင်နှင့် ခရစ်ယာန်များအပေါ် တိုက်ခိုက်မှု ရာပေါင်းများစွာ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးများ၏ မဘသ အုပ်စုက ရိုဟင်ဂျာမွတ်စလင်များကို ဆန့်ကျင်သည့် သဘောထားများကို မီးထိုးပေးသည်။

    ဆိုရှယ်မီဒီယာက ဒေါသဖြစ်စရာ သွေးထိုးမှုများ ပြန့်နှံ့ရာတွင် ပါဝင်နေသည်။ မစ္စတာ Sulak က အမုန်းစကားမှာ အကြမ်းဖက်မှုကို လှုံ့ဆော်နိုင်သည့် စွမ်းအားရှိသောကြောင့် အစိုးရများအနေဖြင့် အမုန်းစကားကို တရားမ၀င်အဖြစ်သတ်မှတ်ရန် တိုက်တွန်းခဲ့သည်။

    “လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကိုတော့ ကျွန်တော် မကန့်ကွက်ပါဘူ။ အမြင်မတူတာတွေရှိမယ်၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တယ်။ ဒါပေမယ့် အမုန်းစကားတွေ၊ တစ်ဖက်လှည့်စကားတွေ ပြောလာမယ်ဆိုရင် ဒါကို ခွင့်ပြုလို့ မရပါဘူး”

    သို့ဆိုလျှင် ငြိမ်းချမ်းရေးနှင့် ကိုယ်ချင်းစာတရားကို သင်ကြားသည့် ဗုဒ္ဓဘာသာကဲ့သို့ ဘာသာတရားတစ်ခုက အမုန်းတရား၏ သားကောင်ဖြစ်လာနိုင်မည်လော။

    စာနာမှုကို အမုန်းက လွှမ်းမိုးသွားသည့်အခါ

    Thammasat တက္ကသိုလ်မှ ဗုဒ္ဓဘာသာရေးရာ ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာ Mano Laohanavich က ဗုဒ္ဓဘာသာဝင်အချို့မှာ အခြားဘာသာတရားများကို နားလည်မှုမရှိဟု သုံးသပ်ခဲ့သည်။

    “ကိုယ့်ရဲ့ အမှန်တရားသီးသန့်ကိုသာ ဖော်ပြထားတဲ့ သူတို့ရဲ့ ကျမ်း၊ သူတို့ရဲ့ တရားကိုပဲ လေ့လာကြတာ။ ဒီအမှန်တရားက တစ်ခုတည်းဖြစ်ရမယ်၊ အကောင်းဆုံးဖြစ်တယ် ဆိုတာမျိုးပေါ့ဗျာ”

    ၎င်းတို့ဘာသာတရား၏ တန်ဖိုးများကသာ အသာလွန်ဆုံးဖြစ်သည်ဟု ထင်လာကြသောအခါ အခြားသော ဘာသာတရားများကို ဂရုမထားတော့ခြင်း၊ ၎င်းတို့၏ ဘာသာတရားမှာ ခြိမ်းခြောက်ခံနေရသည်ဟု ကြောက်ရွံ့ခြင်းတို့ ဖြစ်လာသည်ဟု Mahidol တက္ကသိုလ်မှ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာမှုအသင်းမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာ Eakpant Pindavanija က ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင်များ၏ ကိစ္စကို ၎င်းက ထောက်ပြသည်။ အစပိုင်းတွင် ထိုပြောင်းရွှေ့လာသူများကို သနားဂရုနာသက်ကြသော်လည်း မွတ်စလင်ဖြစ်သည်ဟု သိလာကြသည့်အခါတွင် အချို့သောထိုင်းများ၏ သနားမှုက ဒေါသထွက်မှုအဖြစ် ပြောင်းသွားကြသည်။

    “ချက်ချင်းဆိုသလိုပဲ ‘အို- သူတို့တွေက ငါတို့တိုင်းပြည်ကို ဖျက်ဆီးဖို့ ရာက်နေကြပါတယ်။ သူတို့တွေက ငါတို့ရဲ့ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းကို ဖျက်ဆီးချင်နေတယ်’ ဆိုတဲ့ အမုန်းစကားတွေ ပေါ်လာတယ်။ သနားဂရုဏာသက်တဲ့ စိတ်ထားလည်း ပျောက်သွားတယ်” ဟု ဒေါက်တာ Eakpant က ပြောကြားခဲ့သည်။

    အကြောက်တရားက ဆင်ခြင်တုံတရားအပေါ် လွှမ်းမိုးသည့်အခါ

    ဗုဒ္ဓဘာသာဝင်များက ယေဘုယျအားဖြင့် ဗုဒ္ဓ၏ဓမ္မ၊ စစ်မှန်သောရည်ရွယ်ချက်နှင့် အဓိပ္ပါယ်တို့ကို သေသေချာချာ နားမလည်ကြဟု Chulalongkorn တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဒေါက်တာ Chantana Banpasirichote Wun’gaeo က ပြောကြားခဲ့သည်။

    ဘာသာရေး လူများစုနှင့် လူနည်းစုများရှိရာ ဒေသတွင် လူများစုက ‘ငါတို့ ဆုံးဖြတ်မယ်။ မင်းတို့က ငါတို့နောက်လိုက်ရမယ်’ ဟု ပုံမှန်လိုလို ယူဆထားသည်ဟုလည်း ဒေါက်တာ Mano က ထောက်ပြခဲ့သည်။

    “ကိုယ့်ရဲ့ အမှတ်သညာကို ခွဲခြားမှုတွေဖန်တီးဖို့ သူတို့က သုံးကြတယ်။ နိုင်ငံရေးဆိုင်ရာ ကြောက်ရွံ့မှုက ဆင်ခြင်တုံတရားနဲ့ ဂရုဏာတရားတို့အပေါ်မှာ လွှမ်းမိုးသွားတယ်”

    နိုင်ငံရေးသမားများက ၎င်းတို့ အာဏာရရေးအတွက် ထိုသဘောတရားများအပေါ် မကြာခဏ အမြတ်ထုတ်သည်ဟုလည်း သူက ဆိုသည်။

    “ကမ္ဘာတစ်ဝှမ်းက ဘာသာရေး ပဋိပက္ခတွေကို ကြည့်မယ်ဆိုရင်၊ တစ်ဖက်ဆွဲ လှုံ့ဆော်မှုတွေနဲ့ လုပ်ရတာဖြစ်ပြီး တော်တော်များများက ခေါင်းဆောင်ပိုင်းက လာတာပါ” ဟု ဒေါက်တာ Chantana ပြောကြားခဲ့သည်။

    အတူလုပ်ရမည်

    တရိပ်ရိပ်တက်လာသည့် အမုန်းတရားနှင့် ကြောက်ရွံ့မှုကို တုန့်ပြန်တိုက်ဖျက်ရန် တစ်ခုတည်းသော နည်းလမ်းက ဘာသာတရား မတူသူများ ၎င်းတို့၏ အယူဝါဒနှင့်ပတ်သက်၍ ဆွေးနွေးနိုင်မည့်၊ အတူတကွ စားသောက်နိုင်မည်၊ ၀တ်ပြုနိုင်မည့်၊ ဆင်းရဲမွဲတေမှုကဲ့သို့ လူ့အဖွဲ့အစည်း၏ ပြဿနာကို အတူတကွ ဖြေရှင်းနိုင်မည့် လုံခြုံသော ၀န်းကျင်တစ်ခုဖန်တီးပေးရေးဖြစ်သည်ဟု ဒေါက်တာ Mano က အကြံပြုခဲ့သည်။

    ၎င်း၏အတွေ့အကြုံအရ မတူညီသော ဘာသာတရားများမှ လူများမှာ အနီးကပ် အတူတကွ လုပ်ဆောင်ပါက နားလည်မှု၊ အပြန်အလှန်လေးစားမှု ပိုမိုရရှိနိုင်သည်ဟုလည်း Mano က ဆိုသည်။ မနှစ်က ထိုင်ဝမ်နိုင်ငံ Kaohsiung ဒေသတွင် ဖြစ်ပွားခဲ့သည့် ငလျင်တွင် ဗုဒ္ဓဘာသာဝင်၊ မွတ်စလင်နှင့် ခရစ်ယာန်များ ပူးပေါင်းကော ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်မှုကို ၎င်းက ထောက်ပြခဲ့သည်။

    ထိုကဲ့သို့ မတူညီသော ဘာသာတရားများ ပေါင်းစည်းလိုက်သည့်အခါတွင် ‘မတူကွဲပြားမှုမရှိဘဲ ညီညွတ်သွားသည့်အတွက်ကြောင့် အလွန်အားကောင်း ထိရောက်သွားစေနိုင်သည်’ ဟု ဒေါက်တာ Mano က ထည့်သွင်းပြောကြားခဲ့သည်။

    မစ္စတာ Sulak ကတော့ မြန်မာနိုင်ငံမှ အခြေအနေအတွက် မျှော်လင့်ချက်ရှိနေသည်ဟု ဆိုသည်။ ဗုဒ္ဓဘာသာဘုန်းကြီးများက ရိုဟင်ဂျာမွတ်စလင်များအပေါ် တိုက်ခိုက်သည့် လုပ်ရပ်များမှာ လူတစ်စု စီစဉ်ခြင်းဖြစ်ပြီး၊ သတင်းစာမျက်နှာများတွင် ပြန့်နှံ့ရန် ရည်ရွယ်သော်လည်း လက်တွေ့ မြန်မာနိုင်ငံတွင် ‘ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များမှာ ရှုမောဖွယ်ရာ အတူတကွ ဆောင်ရွက်နေကြသည်’ ဟု ဆိုလေသည်။

    (CNA သတင်းဌာနတွင် ဖော်ပြထားသော Why Buddhism, a religion of tolerance, is falling prey to hate-speech: Panel ဆောင်းပါကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • မလေးရှားရှိ ဟိန္ဒူဘုရားပွဲတွင် လူ ၁ သန်းခွဲ လာရောက်မည်ဟု ခန့်မှန်းထား

    မလေးရှားရှိ ဟိန္ဒူဘုရားပွဲတွင် လူ ၁ သန်းခွဲ လာရောက်မည်ဟု ခန့်မှန်းထား

    ဖေဖော်ဝါရီ ၈၊ ၂၀၁၇
    M-Media

    မလေးရှားရှိ နာမည်ကျော် Batu Caves ဘုရားကျောင်း

    – ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကျရောက်မည့် ဟိန္ဒူနှင့် တမီလ်လူမျိုများ၏ Thaipusam ပွဲတော်အတွက် မလေးရှားရှိ နာမည်ကျော် Batu Cave ဟိန္ဒူဘုရားကျောင်းသို့ ခရီးသွားဧည်သည့်ပေါင်း ၁.၅ သန်း လာရောက်လည်ပတ်မည်ဟု ခန့်မှန်းထားသည်။

    အဆိုပါ ပွဲတော်မှာ လူမျိုးစုံဘာသာစုံရှိသော မလေးရှားတွင် ဟိန္ဒူအယူဝါဒနှင့် တမီလ်ယဉ်ကျေးမှုကို ဖော်ကျူးသည် အကြီးအကျယ်ဆုံးနှင့် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ပွဲတော်ဖြစ်ပြီး နတ်ဘုရားအား လှည့်လည်ခြင်း၊ ဘာသာဝင်များက ဟိန္ဒူဘုရားတစ်ပါးဖြစ်သော မူရူဂန်ဘုရားထံတွင် အာပတ်ဖြေခြင်း၊ ဆုတောင်းခြင်းတို့ကို ပြုလုပ်ကြသည်။

    “မူရူဂန်ဘုရားရှင်ထံကနေ ကောင်းချီးတွေ ရရှိဖို့အတွက် နှစ်တိုင်း ကျွန်တော် ဒီကိုလာပါတယ်။ နှစ်တိုင်းလည်း ကျွန်တော့်လုပ်ငန်းတွေ အောင်မြင်အောင် သူက လုပ်ပေးပါတယ်” ဟု ဟိန္ဒူဘာသာဝင်တစ်ဦးက ပြောကြားခဲ့သည်။

    ဆီလန်ဂေါပြည်နယ် ဂွမ်ဘက်မြို့တွင်ရှိသည့် အဆိုပါ Batu Cave ဘုရားကျောင်းမှာ အိန္ဒိယနိုင်ငံ အပြင်ဘက်တွင် ဟိန္ဒူများ အထွဋ်အမြတ်ထားရာ နေရာများမှ အကျော်ကြားဆုံး ဘုရားကျောင်းဖြစ်ပြီး Thaipusam ပွဲတော်အတွက် အချက်အခြာနေရာလည်းဖြစ်သည်။

    ယခုနှစ် Thaipusam ပွဲတော်အတွက် အဆိုပါ ဘုရားကျောင်းတစ်ဝိုက်တွင် မလေးရဲတပ်ဖွဲ့က လုံခြုံရေးအင်အား ၂၀၀၀ ခန့် ချပေးထားပြီး ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းစေရန် ဆောင်ရွက်ထားသည်။

    Ref: CNA

  • မွတ်စလင်ခရီးသွားများအတွက် ကင်ညာက ဟာလာလ်စံနှုန်းများကို အဆင့်မြှင့်မည်

    မွတ်စလင်ခရီးသွားများအတွက် ကင်ညာက ဟာလာလ်စံနှုန်းများကို အဆင့်မြှင့်မည်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၇
    M-Media

    – နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် မွတ်စလင်ခရီးသည်များ ပိုမိုလာရောက်နိုင်ရေးအတွက် ကင်ညာနိုင်ငံမှာ နိုင်ငံတကာ အသိအမှတ်ပြု ဟာလာလ်လက်မှတ်ရရှိရေး စံနှုန်းများကို မြှင့်တင်နေသည်ဟု ကင်ညာ ခရီးသွား စည်းမျဉ်းစည်းကမ်းဆိုင်ရာ အာဏာပိုင်အဖွဲ့ (TRA) က ပြောကြားလိုက်သည်။

    ကင်ညာနိုင်ငံသို့ မွတ်စလင်ခရီးသွားများ လာရောက်မှုမှာ မြင့်တက်လာနေပြီး ၂၀၁၅ ခုနှစ်တွင် ယူအေအီးနိုင်ငံမှ လာရောက်သူ ၄၀၈၇၅ ဦး ရှိခဲ့ကာ ၂၀၁၄ ခုနှစ်က ၂၄၈၂၈ ဦးထက် မြင့်တက်လာခြင်းဖြစ်သည်။

    TRA မှ ညွှန်ကြားရေးမှူးချုပ် လာဂတ် ကစ်ပ်ကိုရာက ဟာလာလ်စံနှုန်းများ ဖော်ဆောင်ရာတွင် စံသတ်မှတ်ရေးဗျူရိုနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    “မူကြမ်းရေးဆွဲတာ၊ သက်ဆိုင်သူတွေ ပါဝင်စေတာ၊ အရည်အသွေးစိတ်ချရအောင် ပြင်ဆင်တာ၊ ပစ္စည်းအသစ် မထုတ်လုပ်ခင် လေ့ကျင်သင်ကြားပေးတာတွေနဲ့ပတ်သက်လို့ အသေးစိတ်ကို ကျွန်တော်တို့ စီစဉ်ပြီးပါပြီ” ဟု ကစ်ပ်ကိုရာက ဆိုသည်။

    ထို့ပြင် အသက်အရွယ်နှင့် နေရာဒေသကိုလိုက်၍ မွတ်စလင်များ၏ ၀ယ်လိုအားက ခြားနားကြောင်း၊ ထို့ကြောင့် ၀န်ဆောင်မှုပေးရေး၊ နေရာထိုင်ခင်းပေးရေးတို့တွင် ဟာလာလ်နည်းကျ ဆောင်ရွက်နိုင်ရန် သေချာအောင် ဆောင်ရွက်နေကြောင်း၊ ညွှန်ကြားချက်များ၊ စံနှုန်းများကို အကောင်အထည်ဖော်ရာတွင် ငွေကြေးထောက်ပံ့ရေး ကိစ္စများ ဆောင်ရွက်နိုင်ရန် အကြံအဉာဏ်ရယူမှုများကို လုပ်ဆောင်နေကြောင်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။

    ကင်ညာမှာ ယခုနှစ်နှောင်းပိုင်းတွင် ‘နိုင်ငံတကာ ဟာလာလ်ညီလာခံ’ တစ်ခုကို လက်ခံကျင်းပရန် ရှိနေပြီး၊ ယခု ဟာလာလ်စံနှုန်းများ အပြီးသတ် သတ်မှတ်နိုင်ရေး ၆ လခန့်ကြာမြင့်မည်ဖြစ်သည်။

    Ref : Daily Nation