News @ M-Media

Blog

  • ရိုဟင်ဂျာများ ညှင်းပမ်းခံရမှုကို ပုပ်ရဟန်းမင်းကြီး ပြင်းပြင်းထန်ထန်ဝေဖန်

    ရိုဟင်ဂျာများ ညှင်းပမ်းခံရမှုကို ပုပ်ရဟန်းမင်းကြီး ပြင်းပြင်းထန်ထန်ဝေဖန်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ ရှိသည်ဆိုသည့် သတင်းများအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ ရိုဟင်ဂျာများ ၎င်းတို့၏ ယုံကြည်မှု၊ ယဉ်ကျေးမှုဖြင့် အသက်ရှင်နေထိုင်လိုခြင်းကြောင့် ညှင်းပမ်း၊ နှိပ်စက် သတ်ဖြတ်ခံနေရသည်ဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

    မြန်မာစစ်တပ်လက်အောက်တွင် ရိုဟင်ဂျာများမှာ ညှင်းပမ်းနှိပ်စက်ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းတို့ ရှိနေသည်ဆိုသည့် အသေးစိတ်အချက်အလက်များကို ကုလသမဂ္ဂက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ပြီးခဲ့သည့်တစ်ပတ်တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီးမှာ အဆိုပါ အစီရင်ခံစာမှ အဖြစ်အပျက်များကို ရည်ညွှန်းဖွယ် ရှိနေသည်။

    “သူတို့တွေဟာ နှစ်ပေါင်းများစွာ ထိခိုက်ခံစားခဲ့ရတယ်။ သူတို့ရဲ့ ယဉ်ကျေးမှုအတိုင်း၊ ဘာသာရေးအတိုင်း အသက်ရှင်သန်လိုမှုကြောင့် ညှင်းပမ်းနှိပ်စက်ခံရတယ်၊ သတ်ဖြတ်ခံရပါတယ်။ မြန်မာနိုင်ငံကနေ နှင်ထုတ်ခံရပြီး၊ ဘယ်သူမှ သူတို့ကို မလိုချင်တာကြောင့် တစ်နေရာကနေ တစ်နေရာကို သွားနေရပါတယ်။ ဒါပေမယ့် သူတို့က လူကောင်းတွေပါ၊ ငြိမ်းချမ်းသူတွေပါ။ သူတို့ဟာ ခရစ်ယာန်တွေမဟုတ်ပါဘူး။ သူတို့ဟာ လူကောင်းတွေပါ။ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေပါ” ဟု ပုပ်ရဟန်းမင်းကြီးက ယနေ့တွင်ပြုလုပ်သည့် ၀တ်ပြုဆုတောင်းမှု အခမ်းအနားတွင် ထည့်သွင်း မိန့်ကြားခဲ့သည်။

    ရိုဟင်ဂျာများမှာ ကမ္ဘာပေါ်တွင် ညှမ်းပတ်နှိပ်စက်မှု အခံရဆုံး လူမျိုးများဟု ကုလသမဂ္ဂက သတ်မှတ်ထားသည်။

    OHCHR ကမူ ၎င်းတို့၏ အစီရင်ခံစာမှာ အောက်တိုဘာလမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်ကပြုလုပ်ခဲ့သည့် စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသော ရိုဟင်ဂျာများကို မေးမြန်းကာ ရေးသားထားခြင်းဖြစ်သည်ဟုဆိုသည်။

    ပုပ်ရဟန်းမင်းကြီးကမူ လူ့အဖွဲ့အစည်းအကြား တံတိုင်းများ ခြားခြင်းထက် နားလည်မှုတံတားထိုးရန်လည်း ထပ်မံတိုက်တွန်းခဲ့သည်။

    OHCHR ၏ အစီရင်ခံစာအတွက် ရိုဟင်ဂျာများကို သွားရောက်တွေ့ဆုံခဲ့သည့် ကုလ၀န်ထမ်း ၄ ဦးအနက်မှ တစ်ဦးဖြစ်သော လင်နီယာ အာဗစ်ဆန်က မိမိအနေဖြင့် ရိုဟင်ဂျာများ၏ တုန်လှုပ်ဖွယ်အခြေအနေမျိုးကို ယခင်က မမြင်ဘူးခဲ့ဟု ပြောကြားခဲ့သည်။

    “ဒီလိုအခြေအနေမျိုး ကျွန်မ တစ်ခါမှ မမြင်ဘူးပါဘူး။ ၂၀၄ ယောက်ကို အင်တာဗျူးလုပ်ခဲ့ပြီး တစ်ယောက်ချင်းဆီတိုင်းမှာ စိတ်ထိခိုက်ဖွယ် ဇာတ်လမ်းတွေ ရှိကြပါတယ်။ အိမ်တွေမီးရှို့ခံရတာမျိုး၊ အဓမ္မကျင့်ခံရတာမျိုး၊ ဆွေးမျို တစ်ယောက်ယောက် အသတ်ခံရတာ၊ ဒါမှမဟုတ် အဖမ်းခံရတာမျိုးတွေပါ။ တော်တော်များများအခြေအနေတွေမှာ နီးစပ်တဲ့ မိသားစုတွေပြီးရင် ဒီအကြောင်းတွေကို သူတို့ ပြောပြဖြစ်တာ ကျွန်မတို့က ပထမဆုံးလူတွေပါ။ ပြောရင်းနဲ့ မခံစားနိုင်ကြတော့ဘူး။ အမျိုးသမီးတွေ၊ ယောက်ျားအရင့်မာကြီးတွေတောင်မှ ငိုချလိုက်ကြတယ်” ဟု အာဗစ်ဆန်က ပြောကြားခဲ့သည်။

    ထို့ပြင် အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးများ၊ မိမိ၏ရင်သွေးကို ရှေ့မှောက်တွင်ပင် သတ်ဖြတ်မှုကို မြင်ရသူများလည်း ရှိကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    “အကြမ်းဖက်မှု ဒီလောက် ကြီးကြီးမားမား ပြန့်နှံ့နေတာ တော်တော်လေး ဖြစ်ခဲပါတယ်။ အဲဒီဒေသကနေ ထွက်ပြေးလာရတဲ့ လူပေါင်း ၈၈၀၀၀ လောက်မှာ ၂၀၄ ယောက်လောက်ကို ကျွန်မတို့ အင်တာဗျူးတာဆိုတော့၊ စုစုပေါင်းဆို (ဒီလိုအကြမ်းဖက်ခံရသူတွေ) ဘယ်လောက်များမလဲဆိုတာ မတွေးရဲလောက်အောင်ပါပဲ”

    Ref: Independent, Reuters

  • ကြေးနီထုတ်ယူရန် အာဖဂန်ရှိ ရှေးဟောင်း ဗုဒ္ဓမြို့တော်တစ်ခုကို တရုတ်ကုမ္ပဏီများ ဖျက်ဆီးဖွယ်ရှိနေ

    ကြေးနီထုတ်ယူရန် အာဖဂန်ရှိ ရှေးဟောင်း ဗုဒ္ဓမြို့တော်တစ်ခုကို တရုတ်ကုမ္ပဏီများ ဖျက်ဆီးဖွယ်ရှိနေ

    ဖေဖော်ဝါရီ ၈၊ ၂၀၁၇
    M-Media

    Mes Aynak ဗုဒ္ဓမြို့တော်မှ ရုပ်ပွားတော် တစ်ခု

    – မြောအောက်တွင်ရှိနေသည့် ကြေးနီများကို ထုတ်ယူရန်အတွက် အာဖဂန်နစ္စတန်ရှိ ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓဘာသာထွန်းကားရာ မြို့တော်တစ်ခုကို တရုတ်ကုမ္ပဏီများက ဖျက်ဆီးရန် စီစဉ်နေသည်ဟု သိရသည်။

    မြို့တော်ကဘူးလ်၏ အရှေ့တောင်ဘက် ၂၅ မိုင်အကွာတွင်ရှိသည့် Mes Aynak မြို့ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀၀ ခန့်က ဗုဒ္ဓဘာသာအမွေအနှစ်များ တည်ရှိရာ မြို့လည်းဖြစ်သည်။

    အာဖဂန် သတ္တုတွင်းနှင့် ရေနံထွက်လုပ်ငန်းဝန်ကြီးဌာန၏ အဆိုအရ ထိုမြို့မှာ ကမ္ဘာ့ ဒုတိယအကြီးဆုံး ကြေးနီထွက်ရာ ဒေသဖြစ်သည်ဟု ဆိုသည်။

    ၂၀၀၇ ခုနှစ် သမ္မတ ဟာမစ်ကာဇိုင်းလက်ထက်တွင် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော MCC ကို အဆိုပါ မြို့ရှိ ကြေးနီးများ နှစ် ၃၀ ထုတ်ယူရန်အတွက် ကန်ဒေါ်လာ ၃ ဘီလီယံနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး၊ MCC နှင့် အခြားတရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Jiangxi Copper တို့မှာ ကန်ဒေါ်လာ သန်း ၁၀၀ ခန့် တန်ဖိုးရှိမည့် ကြေးနီများကို ဗုဒ္ဓမြို့တော်အောက်မှ ထုတ်ယူရန် စီစဉ်နေသည်။

    ရှေးဟောင်းသုတေသန ပညာရှင်များကမူ အဆိုပါ Mes Aynak မြို့အား ကာကွယ်ရန် ကြိုးစားနေပြီး “Saving Mes Aynak” ဟု အမည်ပေးထားသည့် မှတ်တမ်းရုပ်ရှင်ဖြင့် ထိုအန္တရာယ်ကို ကမ္ဘာသိအောင် ချပြခဲ့သည်။

    “သူတို့ ခွင့်ပြုလိုက်တဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ကမ္ဘာ့ဘဏ်ဟာ အာဖဂန်အစိုးရနဲ့ ပူးပေါင်းပြီး ဒီသမိုင်းဝင်နေရာကို ဘေးလွတ်ရာရွှေ့ဖို့ လုပ်နေတယ်။ ဒါပေမယ့် ဒီလိုလုပ်ရပ်ကိုက ရှေးဟောင်းသုတေသနဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေ၊ ဥပဒေတွေကို ချိုးဖောက်နေတာပါပဲ” ဟု အကျိုးအမြတ်မယူသော Integrity Watch Afghanistan အဖွဲ့မှ အဖွဲ့ဝင်ဟောင်း ဂျာဗဒ် နူရာနီက ပြောကြားခဲ့သည်။

    လက်ရှိတွင် အဆိုပါ ဗုဒ္ဓမြို့မှ ရှေးဟောင်းလက်ရာပေါင်း ၂၃၀၀ ခန့်ကို အာဖဂန်အမျိုးသားပြတိုက်သို့ ရွှေ့ပြောင်းထားပြီး ဖြစ်သည်ဟု သတ္တုတွင်းဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆာဝါရီက ပြောကြားခဲ့သည်။

    မှတ်တမ်းရုပ်ရှင်အရ ထိုဒေသတွင် နေထိုင်သူ အနည်းဆုံ တစ်ဒါဇင်ခန့်ကိုလည်း တစ်ခြားနေရာသစ်သို့ ရွှေ့ပြောင်းခဲ့ပြီး ထိုကဲ့သို့ ကြေးနီတူးဖော်ရေးအစီအစဉ်မှာ အာဖဂန်နစ္စတန်၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးသက်ရောက်မှု သုံးသပ်မှု စံနှုန်းကို ပေါ်ပေါ်တင်တင် ချိုးဖောက်ခြင်းဖြစ်ကြောင်း နူရာနီက ထည့်သွင်း ပြောဆိုခဲ့သည်။

    MCC မှ ဒုတိယဥက္ကဌဖြစ်သူ လျှိုကျန်းယီက ထိုဒေသရှိ ရွာသားများကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဖဂန်ကုမ္ပဏီများနှင့် အာဖဂန်ပြည်သူများအတွက် အလုပ်အကိုင် ဖန်တီးပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Mes Aynak ဗုဒ္ဓမြို့တော်မှာ အာဖဂန်အစိုးရအနေဖြင့် ယူနက်စကိုသို့ လျှောက်ထားခြင်းပြုပါက ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်ခံရမည့် အနေအထားအထိ ရှိနေသည်ဟု ယူနက်စကိုမှ အကြံပေး တင်မ်ဝီလီယံက ပြောကြားခဲ့သည်။

    “ဒါဒီနေရာဟာ အံ့သြလောက်ဖွယ် မပျက်မယွင်းတည်ရှိမှုနဲ့အတူ အင်မတန်ထူးခြားပြီး နက်နဲလှတဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတစ်ခုပါ” ဟု ၀ီလီယံက ဆိုသည်။

    Ref : CNBC

  • ဖလော်ရီဒါရှိ ဗလီမီးရှို့သူကို အမေရိကန်က ထောင် နှစ် ၃၀ ချ

    ဖလော်ရီဒါရှိ ဗလီမီးရှို့သူကို အမေရိကန်က ထောင် နှစ် ၃၀ ချ

    ဖေဖော်ဝါရီ ၈၊ ၂၀၁၇
    M-Media

    မီးရှို့ခံခဲ့ရသည့် ဗလီဝတ်ကျောင်းတော်

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ ဗလီဝတ်ကျောင်းတော်အား မီးရှို့ခဲ့သူ အမျိုးသားကို အမေရိကန်တရားရုံးက တနင်္လာနေ့တွင် ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်သည်ဟု သိရသည်။

    အသက် ၃၂ နှစ်အရွယ် ဂျိုးဆက်ပ် ရှရီဘာဆိုသူဖြစ်ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ ညပိုင်းက Islamic Center of Fort Pierce ဗလီဝတ်ကျောင်းတော်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ဗလီမှာ အော်လန်ဒိုရှိ လိင်တူချစ်သူ နိုက်ကလပ်တစ်ခုကို ဇွန်လက ၀င်ရောက်ပစ်ခတ်ခဲ့ပြီး လူ ၄၉ ဦး သေဆုံးစေခဲ့သူ သေနတ်သမား အိုမာရ် မာတင် သွားရောက်လေ့ရှိရာ ဗလီလည်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် ဗလီဝတ်ကျောင်းတော်ထဲတွင် မည်သူမှ ရှိမနေဘဲ ဂျိုးဆက်ပ်က မီးရှို့မှုမှာ မာတင်နှင့် ဆက်စပ်သောကြောင့် မဟုတ်ဟု ရဲတပ်ဖွဲ့အား ပြောကြားခဲ့သည်။

    ဂျိုးဆက်ပ်ကို အခင်းဖြစ်ပွားပြီး ၂ ရက်အကြာတွင်ပင် ဖမ်းဆီးနိုင်ခဲ့ပြီး၊ တစ်ဖက်သား အကျိုးယုတ်စေရန် ရည်ရွယ်သော မီးရှို့မှုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ အဆိုပါစွဲချက်မှာ ဖလော်ရီဒါပြည်နယ်တွင် အမုန်းရာဇ၀တ်မှုအတွက် အသုံးပြုသော စွဲချက်လည်း ဖြစ်သည်။

    တရားစွဲဆိုထားမှုအရ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော်လည်း တရားသူကြီး စတီဗ် ဂို့စ်နဲလ်က တနင်္လာနေ့တွင် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့သည်။

    “ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ဖြစ်ဖြစ် ၀တ်ပြုရာနေရာကို တစ်ဦးတစ်ယောက်က တိုက်ခိုက်တာဟာ စက်ဆုပ်စရာ ကောင်းပါတယ်” ဟု တရားသူကြီးက ပြောကြားခဲ့သည်။

    မီးရှို့ခဲ့သူ ဂျိုးဆက်ပ် ရှရီဘာ

    Ref: Reuters

  • ရုရှားမှ ကမ္ဘာ့ပထမဆုံး ရေခဲစာကြည့်တိုက်

    ရုရှားမှ ကမ္ဘာ့ပထမဆုံး ရေခဲစာကြည့်တိုက်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၇
    M-Media

    – ရုရှားနိုင်ငံတောင်ပိုင်း ဆိုက်ဘေးရီးယားဒေသက ဘိုင်ကာလ် ရေကန်ကြီးထဲမှာ ရုရှားက ရေခဲစာကြည့်တိုက်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ဒါဟာ ကမ္ဘာ့ပထမဆုံး ရေခဲစာကြည့်တိုက်လည်း ဖြစ်ပါတယ်။

    Ice Library of Wonders (အံ့သြစရာများနှင့် ရေခဲစာကြည့်တိုက်) လို့ အမည်ပေးထားတဲ့ အဲဒီနေရာကို တန် ၂၀၀ လောက်ရှိတဲ့ ရေခဲတွေနဲ့ တည်ဆောက်ထားတာပါ။ အဲဒီအဆောက်အဦးကို ရေခဲတုံး တစ်ခုချင်းစီနဲ့ ဖွဲ့စည်းထားပြီး အဲဒီရေခဲတုံးတွေဟာလည်း စာအုပ်တွေလည်း ဖြစ်ပါတယ်။

    လူတွေဟာ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ရေခဲတုံးတွေအပေါ်မှာ ထွင်းထုကြပြီး လက်ရှိအချိန်အထိ ဘာသာစကားပေါင်း များစွာနဲ့ ထွင်းထုထားတဲ့ စိတ်ကူးယဉ်အိပ်မက်တွေက ၁၀၀ လောက် ရှိနေပါပြီ။ ဒီရေခဲစာကြည့်တိုက်ဟာ ရေခဲတုံးတွေ အရည်ပျော်သွားမယ့် နွေဦးရာသီအထိ ရှိနေမှာ ဖြစ်ပါတယ်။

    ရုရှားကတော့ ဒီ ရေခဲစာကြည့်တိုက်ကို နှစ်စဉ်ပွဲတော်တစ်ခုအဖြစ် ပြက္ခဒိန်ထဲ ထည့်သွားမယ်လို့ ကြေငြာထားပါတယ်။

    Ref: Press TV

  • အနာဂတ် ကမ္ဘာ့စီးပွားရေးကို တရုတ်က လွှမ်းမိုးတော့မည်

    အနာဂတ် ကမ္ဘာ့စီးပွားရေးကို တရုတ်က လွှမ်းမိုးတော့မည်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၇
    M-Media

    – လာမည့်နှစ် ၃၀ အတွင်း ကမ္ဘာ့စီးပွားရေးကို တရုတ်နိုင်ငံက လွှမ်းမိုးသွားလိမ့်မည်ဖြစ်ပြီး အမေရိကန်စီးပွားရေးမှာ ရပ်တန့်သွားကာ အိန္ဒိယနိုင်ငံ၏အနောက်သို့ပင် ရောက်သွားမည်ဟု လန်ဒန်အခြေစိုက် အတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်သော PricewaterhouseCoopers (PwC) က ခန့်မှန်းပြောကြားလိုက်သည်။

    The long view: how will the global economic order change by 2050? ဟု မည်ပေးထားသည့် PwC ၏ အစီရင်ခံစာတွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး ရုရှားကမူ ဂျာမနီ၊ ယူကေ၊ အီတလီတို့ကို ကျော်ကာ ကန်ဒေါ်လာ ၇ ထရီလီယံဖြင့် ဥရောပစီးပွားရေးကို ဦးဆောင်မည်ဟုလည်း ဆိုသည်။

    နိုင်ငံပေါင်း ၃၂ နိုင်ငံ၏ Purchasing Power Parity (PPP) ကို အခြေခံသော ဂျီဒီပီတိုးတက်မှုနှုန်းဖြင့် အဆင့်သတ်မှတ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှာ ၂၀၅၀ ခုနှစ်တွင် ဂျီဒီပီ ဒေါ်လာ ၅၈.၅ ထရီလီယံ၊ အိန္ဒိယက ၄၄ ထရီလီယံကျော်၊ အမေရိကန်မှာ ၃၄.၁ ထရီလီယံခန့် ရှိမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “ဒီတိုးတက်မှုက G7 ဖြစ်တဲ့ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန်တို့ရဲ့ ဂျီဒီပီတိုးတက်မှု ၁.၆ ရာခိုင်နှုန်းနဲ့ ယှဉ်ရင် နောက်ထပ် ၃၄ နှစ်အတွင်းမှာ နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်း ၃.၅ ရာခိုင်နှုန်း ရှိလာမယ့် E7 စီးပွားရေးတွေဖြစ်တဲ့ ဘရာဇီးလ်၊ တရုတ်၊ အိန္ဒိယ၊ အိုဒိုနီးရှား၊ မက္ကဆီကို၊ ရုရှားနဲ့ တူရကီတို့နဲ့အတူ ကြီးထွား၊ ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေရဲ့ မောင်းနှင်အားကြောင့် ဖြစ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု အစီရင်ခံစာက ဖော်ပြခဲ့သည်။

    ဂျီဒီပီ ၅ ရာခိုင်နှုန်းအထိ တက်လာမည့် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် နိုက်ဂျီးရီးယားနိုင်ငံတို့မှာ ဂျီဒီပီတိုးတက်မှုတွင် အကြီးမားဆုံးဖြစ်မည်ဟုလည်း ခန့်မှန်ထားသည်။

    အမေရိကန်နှင့် ဥရောပတို့၏ ဂျီဒီပီမှာမူ ကျုံ့သွားမည်ဟု မျှော်လင့်ထားပြီး တရုတ်နှင့် အိန္ဒိယတို့၏ စီးပွားရေးမှာ သိသိသာသာ တိုးတက်မည်ဟု ဆိုသည်။

    Ref: RT