News @ M-Media

Blog

  • ရော်နယ်ဒိုအား တရုတ်ကလပ်သို့ ရီးယဲလ်က ရောင်းမည်ဟု ကောလဟာလထွက်ပေါ်

    ရော်နယ်ဒိုအား တရုတ်ကလပ်သို့ ရီးယဲလ်က ရောင်းမည်ဟု ကောလဟာလထွက်ပေါ်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    – စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းမှာ ၎င်း၏တို့၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတွင် ရောင်းချသွားဖွယ်ရှိသည်ဟု စပိန်သတင်းဌာနတစ်ခုဖြစ်သော Don Balon က ဖော်ပြခဲ့သည်။

    အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ရော်နယ်ဒိုမှာ နိုဝင်ဘာလက ရီးယဲလ်နှင့် ၅ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၁ ခုနှစ်အထိ အသင်း၌ရှိနေမည့် သဘောဖြစ်သည်။

    ရီးယဲလ်မှာ လွန်ခဲ့သည် ၂ နှစ်ကတည်းက ရော်နယ်ဒိုအား လက်လွှတ်ရန် ဆန္ဒရှိခဲ့သော်လည်း အသင်း၌ ဆက်ရှိစေခဲ့ပြီး ယမန်နှစ် ချန်ပီယံလိဂ် ဗိုလ်စွဲမှုက သက်တမ်းတိုးရန် တွန်းအားတစ်ခု ဖြစ်စေခဲ့သည်။

    သို့သော်လည်း ရီးယဲလ်ဥက္ကဌ ပီရက်ဇ်မှာ လက်ရှိစာချုပ်သက်တမ်းအကုန်အထိ ရော်နယ်ဒိုကို မထားချင်ဘဲ စာချုပ်ပြည့်ရန် ၁၂ လအလိုတွင် ပြောင်းရွှေ့ကြေးအများအပြားဖြင့် တရုတ်ကလပ်တစ်ခုခုသို့ ရောင်းချချင်နေသည်ဟု Don Balon က ဆိုသည်။

    လက်ရှိတွင် တရုတ်ကလပ်အသင်းများမှာ ဥရောပမှာ နာမည်ကြီး ကစားသမားများကို ဘောလုံးလောကမှ အနားမယူခင် ခေါ်ယူရန် ကြိုးစားလာပြီး တရုတ်အမှတ်ပေးပြိုင်ပွဲ၏ ပုံရိပ်ကို မြှင့်တင်ရန် ဆောင်ရွက်လာသည်။

    Ref: Goal

  • ဆော်ဒီသူနာပြုက ကလေးငယ်တစ်ဦးအတွက် အသည်းအစိတ်အပိုင်း လှူဒါန်း

    ဆော်ဒီသူနာပြုက ကလေးငယ်တစ်ဦးအတွက် အသည်းအစိတ်အပိုင်း လှူဒါန်း

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    အသည်းရောဂါ ခံစားခဲ့ရသည့် ကလေးငယ် ဘက်စ်ဟာယီရ်

    – အသည်း ကောင်းမွန်စွာ အလုပ်မလုပ်သည့်ရောဂါ ခံစားနေရသော ကလေးငယ်တစ်ဦး၏ ဓာတ်ပုံအား တွေ့မြင်ပြီးနောက် ဆော်ဒီ သူနာပြုတစ်ဦးမှာ သနားဂရုဏာသက်ကာ ၎င်း၏ အသည်းအစိတ်အပိုင်းအား လှူဒါန်းခဲ့သည်ဟု သိရသည်။

    “ဘက်စ်ဟာယီရ်ရဲ့ ဓာတ်ပုံက ကျွန်မရဲ့စိတ်ကို ထိခိုက်စေပါတယ်။ သူ့ကို ကျွန်မ စာနာသနားခဲ့ပါတယ်။ သူဟာ ဘယ်လောက်ခံစားနေရလဲဆိုတာ မပြောပြနိုင်တဲ့ ကလေးလေးပါ။ အဲဒီအချိန်မှာပဲ ကျွန်မ (အသည်းလှူဖို့) ဆုံးဖြတ်ချက်ချလိုက်တယ်။ သူ့ရဲ့ အဖေကို ကျွန်မ ဆက်သွယ်ခဲ့ပြီး ဆုံးဖြတ်ချက်ကို ပြောလိုက်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၄ ပတ်က အဖြစ်အပျက်ပါ” ဟု အသည်းအစိတ်အပိုင်း လှူဒါန်းခဲ့သည့် သူနာပြု အဘီရ် အတ္တာလာဟ် အလ်-အန်ဇီက ပြောကြားခဲ့သည်။

    အစားထိုးခွဲစိတ်မှုကို ရီယာဒ်မြို့ရှိ ဖာဟဒ် အလ်-အဟ်မာရီဆေးရုံတွင် ဒီဇင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံ၏ အင်္ဂါအစိတ်အပိုင်း လှူဒါန်းမှုဌာနမှ ညှိနှိုင်းရေးမှူးနှင့် ခွဲစိတ်ဆရာဝန်များက လိုအပ်သည်များကို အသိပေးရှင်းပြခဲ့သည်ဟု အလ်-အန်ဇီက ပြောကြားခဲ့သည်။

    “မေမေက ကျွန်မရဲ့ ဆုံးဖြတ်ချက်အတွက် အားပေးခဲ့တယ်။ ကျွန်မရဲ့ အစ်ကိုလည်း ကြိုဆိုခဲ့ပါတယ်။ ကျွန်မဟာ ရီယာ့ဒ်ကိုသွားပြီး ဆေးစစ်မှုမခံယူခင်မှာ မေမေနဲ့အတူ အွမ္မရာဟ်တစ်ခေါက် လုပ်ခဲ့တယ်။ ပြီးတော့ ဂျဝဖ်မြို့ကို ပြန်လာတယ်။ ရီယာ့ဒ်ကို နောက်တစ်ခေါက်သွားပြီး CT Scan တွေရိုက်တာ လုပ်ခဲ့တယ်။ တတိယတစ်ခေါက်ကတော့ ခွဲစိတ်ကုသမှုလုပ်ဖို့ပါ။ ဆေးရုံမှာ တစ်ပတ်လောက် နေလိုက်ရပြီး ကျွန်မ အိမ်မပြန်ခင်မှာ ဘက်စ်ဟာယီရ်လေးနဲ့ တွေ့ခဲ့ရပါတယ်” ဟု အလ်-အန်ဇီက ၎င်း၏ အတွေ့အကြုံများကို ပြန်လည် ပြောပြခဲ့သည်။

    ဘက်စ်ဟာယီရ်၏ ဖခင်ဖြစ်သူ နာဖီ အလ်-ရာရှီဒီက အလ်-အန်ဇီက ပထမဆုံး ဖုန်းခေါ်မှုနှင့်ပတ်သက်၍ ဤသို့ ဖွင့်ဟခဲ့သည်။

    “သူက တည်တည်ငြိမ်ငြိမ်အသံနဲ့ တစ်ကယ်ကို ပြောတာဗျ။ ပြီးလည်းပြီးရော ကျွန်တော့ဇနီးကို ဒီသတင်းကောင်းကို သွားပြောပြလိုက်တယ်။ သူက ရီယာ့ဒ်ကို ကုန်းတစ်တန်၊ လေတစ်တန်နဲ့ လာရတာ။ နောက်ပြီး ကုန်ကျစားရိတ်ကို ကျွန်တော်ပြန်ပေးမယ်ဆိုတော့လည်း သူက လက်မခံဘူး ဆုံးဖြတ်ချက်ပြတ်သားပြီး ရက်ရောမှုရဲ့ သရုပ်သကန်ပါပဲ”

    အလ်-အန်ဇီ၏ ထိုကဲ့သို့ လှူဒါန်းမှုအတွက် ဆော်ဒီအစိုးရက ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်။

    အသည်းအစိတ်အပိုင်းလှူဒါန်းခဲ့သည့် အလ်-အန်ဇီကို ဆော်ဒီတာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုဆုတံဆိပ် ပေးအပ်နေစဉ်

    Ref: english.alarabiya

  • မဲလ်ဘုန်းတွင် လူတစ်ဦးက ကားဖြင့်လိုက်တိုက်မှုကြောင့် ၃ ဦးသေဆုံး

    မဲလ်ဘုန်းတွင် လူတစ်ဦးက ကားဖြင့်လိုက်တိုက်မှုကြောင့် ၃ ဦးသေဆုံး

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မဲလ်ဘုန်းတွင် ကားတစ်စီးက လူများအား လိုက်တိုက်မှုကြောင့် အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    Bourke Street ရှော့ပင်းမောလ်နားရှိ လူသွားလူလာများသောနေရာတွင် တိုက်ခဲ့ခြင်းဖြစ်ပြီး ဗစ်တိုးရီးယားပြည်နယ်၏ ရဲတပ်ဖွဲ့အကြီးအကဲ စတူအာတ် ဘာတီဆန်ကမူ ထိုအဖြစ်အပျက်မှာ အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုမရှိဟု ပြောကြားခဲ့သည်။

    “ဒီအဖြစ်အဖြစ်အပျက်ဟာ ဆောက်သမ်းအီလက်ထရို ဒေသမှာ စောစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုနဲ့ ဆက်နွယ်လိမ့်မယ်လို့ ကျွန်တော် အတည်ပြုနိုင်ပါတယ်။ ကျူးလွန်သူကို ကျွန်တော်တို့ ထိန်းသိမ်းထားပါပြီ။ အခုအချိန်မှာ ပြည်သူတွေအပေါ် နောက်ထပ် ခြိမ်းခြောက်မှု မရှိတော့ပါဘူး” ဟု ဘာတီဆန်က ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့မှာ မြို့အား ပိတ်ထားပြီး မြို့တွင်း ဓာတ်ရထားလိုင်းကိုလည်း ရပ်ဆိုင်းခဲ့ကာ မြို့လယ်ကောင်တွင် လက်နက်အပြည့်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထူထပ်စွာ ချထားသည်။ မဲလ်ဘုန်း၌ လက်ရှိတွင် သြစတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲကို ကျင်းပနေပြီး ယခုအဖြစ်ကြောင့် ပြိုင်ပွဲအား ရပ်တန့်သွားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ဆက်လက်ကျင်းပသွားမည်ဟု တာဝန်ရှိသူများက ကြေငြာခဲ့သည်။

    Ref : Aljazeera

  • နိုင်ငံသား အခွင့်အရေးအတွက် ဥပဒေကိုသိရန် လူတိုင်း စာဖတ်ပါ။

    နိုင်ငံသား အခွင့်အရေးအတွက် ဥပဒေကိုသိရန် လူတိုင်း စာဖတ်ပါ။

    ဇန်နဝါရီ ၂၀ ၊ ၂၀၁၇
    ဆောင်းပါးရှင်-ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ

    ပြည်ထောင်စုမြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထပ်ကပင် အမိန့်တော်ပြန်တမ်းများ ရှိခဲ့ပါသည်။ ကိုလိုနီအုပ်ချုပ်ရေးခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးအကြိုခေတ်၊ လွတ်လပ်ပြီး (၁၈) နှစ် ကာလ တော်လှန်ရေးကောင်စီခေတ်၊ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ စစ်အာဏရှင် (နဝတ)၊ (နယက)ခေတ်၊ ဒီမိုကရေစီဦးတည်သော ပြည်သူရွေးချယ်သည့် အစိုးရခေတ်အသီးသီးတွင် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအမိန့်၊ ကြေငြာစာ၊ အမိန့်ကြေငြာစာများမှာလည်း ပြည်သူအချို့သာ စိတ်ဝင်စားကြသည်။ အမိန့်၊ ကြေငြာစာ၊ ညွှန်ကြားချက်များကို သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပိုမိုသိရှိကြပါသည်။ ပြည်သူအတွင်း စာဖတ်အားနည်း၍ ဥပဒေပညာကိုလေ့လာရန် စိတ်မဝင်စားကြသဖြင့် ဥပဒေအကြောင်း သိသူအလွန်နည်းပါးသည်။ ပြဿနာပေါ်မှ ဥပဒေပညာရှင်ရှေ့နေ၊ ရှေ့ရပ်များထံ ချဉ်းကပ်ဆောင်ရွက်ကြသည်ကို တွေ့နေရပါသည်။

    ဥပဒေသည် အုပ်ချုပ်သူရော အုပ်ချုပ်ခံ တိုင်းသူပြည်သားအားလုံးနှင့်ပါ အကျုံးဝင်ပါသည်။ ဥပဒေ၏ အထက်တွင် မည်သူမျှမရှိဆိုသည့် ဆိုရိုးနှင့်အညီ ဥပဒေအထက်ကနေ၊ ဥပဒေနှင့် ဆန့်ကျင်ပြီးလုပ်သမျှကို ပြည်သူများက ဥပဒေကိုသိထားလျှင် ဥပဒေနှင့်အညီ တင်ပြ တောင်းဆိုခွင့်ရှိမည် ဖြစ်ပါသည်။ ပြည်သူအားလုံး မိမိနှင့်သက်ဆိုင်သော ဥပဒေ ဗဟုသုတရှိနေလျှင် ဥပဒေအရဆောင်ရွက် ရသော ကိစ္စအရပ်ရပ်သည် လွယ်ကူ ချောမွေ့ မှန်ကန် မြန်ဆန်မည်ဖြစ်ပြီး မိမိတို့အခွင့်အရေးကို အပြည့်အဝခံစားရရှိကြမည် ဖြစ်ပါသည်။

    နိုင်ငံတစ်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အမြင့်ဆုံးဖြစ်ပြီး ပြဌာန်းဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်  ညီညွတ် ရမည်ဖြစ်ပါသည်။ အချို့ဥပဒေများသည် ဥပဒေစံနှုန်းများနှင့် ကိုက်ညီပြီး လိုက်နာကျင့်သုံးမှု ခိုင်မြဲနေပါလျှက် ယင်းပြဌာန်း ဥပဒေနှင့် ရှေ့နောက်မညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေများလည်း ရှိပါသည်။ ထိုအခါတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရပါသည်။ အချို့ပြဌာန်းဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီညွတ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သဖြင့် ပျက်ပြယ်ပါသည်။ ထိုကြောင့် ပြဌာန်းဥပဒေကို ပြင်ဆင်ရပါသည်။ ဥပဒေပြဌာန်းချက်တစ်ရပ်ကို မည်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ကို ဥပဒေနှင့်ညီညွတ်သော နည်းဥပဒေများ ပြဌာန်းရပါသည်။ ဥပဒေနှင့် နည်းဥပဒေသည် ရှေ့နောက်ညီညွတ်ရမည် ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းများသည် ဥပဒေနှင့်ဆန့်ကျင်၍ မရပါ။ ဥပဒေ၊ နည်းဥပဒေရှိပါလျှက် အုပ်ချုပ်သူတို့၏ မူဝါဒအရ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ကြပါသည်။ အဆိုပါ အမိန့်၊ ညွှန်ကြားချက်များကို ပြည်သူများက သိအောင် ကြိုးစားဖို့လိုပါသည်။ နိုင်ငံသား စီစစ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူများနှင့် လ.ဝ.က တာဝန်ရှိ ဝန်ထမ်းများ ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူ ဗဟိုပြု ဆောင်ရွက်လျှင် အခက်အခဲ ပြဿနာများ ကျော်လွှားနိုင်မည် ဖြစ်ပါသည်။

    ယခုအခါ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည် တည်ဆဲဥပဒေဖြစ်နေခြင်းကြောင့် ယင်းဥပဒေတွင် ပျော့ကွက်၊ ဟာကွက်များနှင့် နိုင်ငံတကာ စံနှုန်း မပြည့်ဝမှုများ ရှိနေလင့်ကစား ပြင်ဆင်နိုင်ခြင်း မရှိသေး၍ ယင်းဥပဒေဖြင့်ပင် စခန်းသွားရဦးမည်ဖြစ်ရာ နိုင်ငံသားလတ်မှတ်လျှောက်ထားသူများ အနေဖြင့် (သို့မဟုတ်) မိဘအုပ်ထိန်းသူများအနေဖြင့်

    -မိမိသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ-၃၄၅ (က) နှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ- ၃ နှင့် ၅ အရ တိုင်းရင်းသား ဟုတ် မဟုတ် မွေးရာပါနိုင်ငံသား ဟုတ် မဟုတ် သိဖို့လိုပါသည်။

    – မိမိသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ-၃၄၅ (ခ) နှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၆ ပါ ဥပဒေအရ နိုင်ငံသား ဟုတ် မဟုတ်နှင့် ပုဒ်မ-၇ အရ နိုင်ငံသား ဟုတ် မဟုတ် သိဖို့ပါသည်။

    – လျှောက်ထားမည့်သူ၏ မွေးဖွားကြောင်းလတ်မှတ် (မွေးစာရင်း)၊ ပုံစံ-ထွေ-၁(က) ရှိရန်လိုအပ်ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ မွေးဖွားသည့်နေ့မှစပြီး (၇)ရက်အတွင်း အကြောင်းကြားရပါမည်။ မွေးစာရင်းမရှိပါကလည်း မည်သူက မွေးဖွားပေးကြောင်း အကြောင်းကြားရမည်ဖြစ်ပါသည်။

    -ကလေးအမည်ကို အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ-၆၆/၆ တွင်ထည့်သွင်းရပါမည်။ အိမ်ထောင်စုစာရင်းမရှိလျှင် ပြုလုပ်ဖို့လိုပါသည်။

    – ကလေးအသက် (၁၀)နှစ်ပြည့်သည့်နေ့မှစ၍ (၁)နှစ်အတွင်း မှတ်ပုံတင်ပေးရန် (လ.ဝ.က)သို့လျှောက်ထားရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေ (၅၀) ပေးဆောင်ရမည်ဖြစ်ကာ (၅)နှစ်ဆက်တိုက် ပျက်ကွက်လျှင် ဒဏ်ငွေ- ၁၀၀၀ ပေးဆောင်ရမည် ဖြစ်ပါသည်။

    – ကလေးအသက် (၁၀)နှစ်ပြည့်ကလေး မှတ်ပုံတင်ရာတွင် ၁၀)နှစ်ပြည့်သည့်နေ့မှစ၍ (၁)နှစ်အတွင်း မိမိနေထိုင်ရာ မြို့နယ် (လ.ဝ.က)ရုံးတွင် ကိုယ်ရေးမှတ်တမ်း ပုံစံ (နိုင်-၂) သုံးစောင်နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား နိုင် ၃(က)အတွက် ငွေပေးသွင်းပြီး ပြေစာရယူရမည် ဖြစ်ပါသည်။

    – ကိုယ်ရေးမှတ်တမ်းပုံစံ (နိုင်-၂ )တွင်ရေးသွင်းနိုင်ရန် (လ.ဝ.က)ရုံးမှ မေးမြန်းချက်များကို မှန်ကန်ပြည့်စုံစွာ ဖြေဆိုရမည် ဖြစ်ပါသည်။

    – မိဘ (သို့မဟုတ်) အုပ်ထိန်းသူသည် မြို့နယ် (လ.ဝ.က)ရုံးမှ အကြောင်းကြားစာရလျှင် ငွေသွင်းပြေစာပြသ၍ အသက် (၁၀)နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားပုံစံ (နိုင်-၃) နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံ နိုင်-၃(က)တို့ကို လတ်မှတ်ထိုး၍ ထုတ်ယူရမည် ဖြစ်ပါသည်။

    – အသက် (၁၀)နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားပုံစံ နိုင်-၃ နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံ နိုင်-၃(က)တို့ကို ကိုင်ဆောင်ထားသူတိုင်းသည် အသက် (၁၈)နှစ်ပြည့်သည့်နေ့မှစ၍  (၁)နှစ်အတွင်း နိုင်ငံသားလတ်မှတ်ပုံစံ (နိုင်-၆) နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံ နိုင် ၆(က) တို့နှင့် လဲလှယ်ကိုင်ဆောင်ရန် လျှောက်ထားရမည် ဖြစ်ပါသည်။

    -ထိုသို့ ကာယကံရှင်ကိုယ်တိုင်လျှောက်ထားရာတွင် ပုံစံဖိုးများငွေသွင်းပြီးကြောင်း ပြေစာတောင်းခံရမည် ဖြစ်ပါသည်။

    – ကိုယ်ရေးပုံစံ (နိုင်-၂)တွင် ရေးသွင်းနိုင်ရန် (လ.ဝ.က) ရုံးမှ မေးမြန်းချက်များကို ကာယကံရှင်ကိုယ်တိုင် မှန်ကန်ပြည့်စုံစွာ ထပ်မံဖြေဆိုရမည် ဖြစ်ပါသည်။

    – မြို့နယ် (လ.ဝ.က)ရုံးမှ အကြောင်းကြားစာရရှိသည့်အခါ ကိုယ်တိုင်သွားရောက်၍ ပြေစာများပြသပြီး နိုင်ငံသားလတ်မှတ် နိုင်-၆(က)တို့ကို လတ်မှတ်ရေးထိုးထုတ်ယူရမည် ဖြစ်ပါသည်။

    – နိုင်ငံတော်အတွင်း နေထိုင်သူများ၏ အသက် (၁၀)နှစ်ပြည့်နိုင်ငံသား မှတ်ပုံတင်ကတ်ပြား (နိုင်-၃) ဖြစ်စေ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား -၃ (က)ဖြစ်စေ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား -၆ (က)ဖြစ်စေ ဟောင်းနွမ်းဆွေးမြေ့ မထင်မရှားဖြစ်သည့်အခါ (သို့မဟုတ်) ပျောက်ဆုံး၊ ပျက်ဆီးသည့်အခါတွင် နိုင်ငံသားလတ်မှတ်နှင့် စီစစ်ရေးကတ်ပြားလျှောက်ထားစဉ်ကအတိုင်း မိတ္တူထုတ်ပေးရန် မြို့နယ် (လ.ဝ.က) ရုံးသို့ နည်းလမ်းတကျ လျှောက်ထားနိုင်ပါသည်။

    – နိုင်ငံသားလတ်မှတ်နှင့် စီစစ်ရေးကတ်ပြားလျှောက်ထားခြင်းကိစ္စအရပ်ရပ်နှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၁၉၈၃) အပိုဒ်-၁၂ (က) (ခ) (ဂ) နှင့် အပိုဒ်- ၁၅၊ ၁၈၊ ၂၀ ပြဌာန်းချက်တို့နှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
    နိုင်ငံသားတစ်ဦးသည် မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂)၊ ပုဒ်မ-၁၂ အရ နိုင်ငံတော်၏ ဥပဒေများကို ရိုသေလေးစားလိုက်နာရန် တာဝန်ရှိပါသည်။ နိုင်ငံတော်၏ ဥပဒေပါတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ ဥပဒေပါအခွင့်အရေးများကို ခံစားခွင့်ရှိပါသည်။

    နိုင်ငံသားတစ်ဦးသည် တစ်ချိန်တည်းတွင် အခြားနိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိပါဘူး။ နိုင်ငံသားလတ်မှတ်နှစ်မျိုး ကိုင်ဆောင်ထားခွင့်မရှိပါဘူး။ နိုင်ငံသားတစ်ဦးသည် နိုင်ငံခြားသားတစ်ဦးနှင့် အိမ်ထောင်ပြုလိုက်ကာမျှဖြင့် နိုင်ငံသားအဖြစ်မှ ဆုံးရှုံးမည်မဟုတ်ပါ။ အဆိုပါ နိုင်ငံခြားသားလည်း နိုင်ငံသားနှင့် အိမ်ထောင်ပြုလိုက်သဖြင့် နိုင်ငံသား အလိုအလျောက် ဖြစ်လာမည် မဟုတ်ကြောင်းကို သတိပြုရမည်ဖြစ်ပါသည်။ မိမိတို့ သား သမီး၏ အနာဂတ်ရေးအတွက် စဉ်းစားကြဖို့လိုပါသည်။ (၁၅-၁၀-၁၉၈၂) ရက်နောက်ပိုင်းမှစ၍ မည်သည့်နိုင်ငံခြားသားမျှ (ဥပဒေပြဌာန်းချက်အရမှအပ) မည်သည့်နည်းနှင့်မျှ နိုင်ငံသားအဖြစ် ရရှိနိုင်မည်မဟုတ်ကြောင်း သိရှိထားဖို့လိုပါသည်။ နိုင်ငံသားတစ်ဦးသည် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလတ်မှတ်ကို ကိုင်ဆောင်ပြီးနောက် ဥပဒေနှင့်အညီ နိုင်ငံတော်မှ အပြီးအပိုင် ထွက်ခွာခြင်း၊ ဥပဒေမဲ့ခိုးထွက်ခြင်း၊ နယ်စပ်မှတိတ်တဆိတ် ထွက်ခွာခြင်း ပြုလုပ်လျှင် နိုင်ငံသားအဖြစ်မှ ရပ်စဲသွားနိုင်ပါသည်။ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ၊ ရုပ်သိမ်းခံရသူသည် ပယ်ဖျက်ထားသော နိုင်ငံသားလက်မှတ်ကို အပ်နှံခြင်း၊ အပ်နှံခြင်းမပြုဘဲ ပျက်ကွက်လျှင်ဖြစ်စေ၊ ဆက်လက်အသုံးပြုလျှင်ဖြစ်စေ၊ အခြားသူတစ်ဦးအား မသမာသေနည်းဖြင့် လွှဲပြောင်းပေးအပ်လျှင်ဖြစ်စေ၊ သေဆုံးသူ၏ လက်မှတ်ကိုဖြစ်စေ ကိုင်ဆောင် အသုံးပြုလျှင် ထောင်ဒဏ် (၁၀) နှစ်နှင့် ငွေဒဏ် ၂၀၀၀၀ ကျပ် ကျခံရမည်ဖြစ်ပါသည်။

    နည်းဥပဒေအပိုင်-၃၆ တွင် နိုင်ငံသားလက်မှတ်အတု ပြုလုပ်လျှင် အားပေးကူညီလျှင် ထောင်ဒဏ် (၁၅)နှစ်နှင့် ငွေဒဏ် ၅၀၀၀၀ ကျပ် ကျခံရမည်ဟု ဆိုထားသော်လည်း နည်းဥပဒေအပိုဒ် -၃၇ တွင်မူ ပုံစံ (နိုင်-၃) သို့မဟုတ် နိုင်-၃ (က) သို့မဟုတ် ပုံစံ နိုင်-၆ (က)ကို အတုပြုလုပ်လျှင် အားပေးကူညီလျှင် ရာဇသတ်ကြီး ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြဌာန်းထားပါသည်။ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ -၄၆၈ အရ ထောင်ဒဏ် ၇ -နှစ်အထိ အပြင် ငွေဒဏ်၊ ပုဒ်မ-၃၇၁ အရ ထောင်ဒဏ်-၃ နှစ်ထိ အပြင်ငွေဒဏ် ပြဌာန်း ထားပါသည်။ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် နိုင်ငံခြားသား အဖြစ်သို့ရောက် ရှိသွားပြီး ပြည်နှင်ဒဏ်ပေးခံရသည်အထိ အရေးယူခြင်းကိုခံရနိုင်သည့်အပြင် မည်သည့်နိုင်ငံသား လက်မှတ် အမျိုးအစားကိုမျှ လျှောက်ထားခွင့်မရှိတော့ကြောင်း သတိပြုသင့်ပါသည်။

    ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် နိုင်ငံသား လက်မှတ်လျှောက်ထားရာတွင် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊မဟုတ်နှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ခံယူရန် လိုအပ်ပါက ဗဟိုအဖွဲ့သို့ လျှောက်ထားနိုင် ခွင့်ရှိပါသည်။ ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အယူခံလွှာကို မြို့နယ် (လ.ဝ.က) ရုံးမှတစ်ဆင့် ဝန်ကြီးအဖွဲ့ (အစိုးရအဖွဲ့) သို့ အယူခံဝင်ရောက်နိုင်ပါသည်။ အစိုးရအဖွဲ့၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်ဟု ပြဌာန်းထားပါသည်။

    ထို့ကြောင့် မြန်မာနိုင်ငံသားဖြစ်ထိုက်ခွင့် အရည်အချင်းရှိသူများသည် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာ တည်ဆဲဖြစ်နေခြင်းကြောင့် ယင်းဥပဒေ၊ နည်းဥပဒေအရသာ နိုင်ငံသားလက်မှတ် လျှောက်ထားကြရဦးမည်ဖြစ်ရာ လျှောက်ထားသူများသည် အောက်ပါအချက်များကို သတိပြုလိုက်နာဆောင်ရွက်ကြရန် အကြံပြုလိုပါသည်။

    -(၁၅-၁၀-၁၉၈၂) ရက် နောက်ပိုင်းမွေးဖွားသူများသည် သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနတို့ မှ မွေးစာရင်း မွေးဖွားကြောင်းထောက်ခံစာ (သို့မဟုတ်) မွေးဖွားပေးသူ၏ ထောက်ခံချက်၊ မွေးဖွားကြောင်း လတ်မှတ်ပုံစံ ထွေ-၁(က) စသည်တို့ ပြည့်စုံအောင်ရှိထာသင့်ပါသည်။

    – လ.ဝ.က အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ-၆၆/၆ တွင် ကလေးအမည်ကို ထည့်ထားပြီး ဖြစ်သင့်ပါသည်။

    – ကလေးအသက် (၁၀)နှစ်ပြည့်လျှင် (၁)နှစ်အတွင်း (၁၀)နှစ်ပြည့် မှတ်ပုံတင်ကို မိဘ၊ အုပ်ထိန်းသူက လျှောက်ထားသင့်ပါသည်။

    – ထိုသို့လျှောက်ထားရာတွင် အသက် (၁၀)နှစ်ပြည့် ကလေး၏ မိဘနှစ်ပါး၏ နိုင်ငံသားအထောက်အထား၊ အဘိုးအဘွား၏ နိုင်ငံသားအထောက်အထားပြည့်စုံစွာ တင်ပြပြီး မေးမြန်းချက်များကို ပြည့်စုံမှန်ကန်စွာ ဖြေကြားသင့်ပါသည်။

    – အသက် (၁၀)နှစ်ပြည့်ဖြစ်စေ၊ (၁၈)နှစ်ပြည့်ဖြစ်စေ လျှောက်ထားရာတွင် လျှောက်လွှာနှင့် ပုံစံ (နိုင်-၂) တွင် မိမိသိသည့်အတိုင်း မှန်ကန်စွာရေးသွင်းသင့်ပါသည်။ ကွဲလွဲမှုများမဖြစ်ရန် လိုအပ်ပါသည်။ ကာယကံရှင်၏ မိဘနှစ်ပါး၏ အဘိုး၊ အဘွား (၄) ဦးနှင့် စပ်လျဉ်း၍ အမည်၊ မွေးသက္ကရာဇ်၊ မွေးရပ်၊ လူမျိုးနှင့် နိုင်ငံသားကိုင်ဆောင်သည့် လတ်မှတ်၏ အမှတ်၊ သေဆုံးလျှင် (ရက်စွဲ) သေဆုံးသည့်ဒေသတို့ကို ကြိုတင်၍ မှန်ကန်စွာစီစဉ်ပြင်ဆင်ထားသင့်ပါသည်။
    ကာယကံရှင်၏ မွေးချင်းများ၊ ဆွေမျိုးများ၏ အချက်အလက်၊ အချိတ်အဆက်များကို ကြိုတင်မေးမြန်းပြင်ဆင်ထားသင့်ပါသည်။ မမှတ်မိ၊ မသိရှိပါက ဇာတိတူ၊ ရှေ့နောက်သိသူများ၏ ထွက်ဆိုဝန်ခံချက်၊ ကျန်းကျိန်၊ ကတိသစ္စာ ပြုချက်များ ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။

    –    သက်ဆိုင်ရာ (လ.ဝ.က) မှ ပုံစံ (နိုင်-၂) ရေးသွင်းချက်များကို သေချာစွာ ဖတ်ရှုစစ်ဆေးပြီး မှန်ကန်ပြည့်စုံမှ လတ်မှတ်ရေးထိုးသင့်ပါသည်။

    –    မိမိတို့၏ မိသားစု၏ မိဘ၊ ဘိုးဘွား မျိုးရိုးအစဉ်ဆက်ဇယား တစ်စောင်ကို အမြဲပြုစုထားသင့်ပါသည်။ သားစဉ်မြေးဆက် သိမ်းဆည်းထားသင့်ပါသည်။

    –    မိမိသည် တိုင်းရင်းသားဖြစ်လျှင် တိုင်းရင်းသားလူမျိုး၊ အနွယ်စဉ်ဆက်၏ အချက်အလက်ကို မှန်ကန်စွာ တင်ပြသင့်ပါသည်။ လူမျိုးအမည်မှန်ကန်ဖို့ လိုပါသည်။ သူတစ်ပါးပေးသည့် လူမျိုးအမည်ကို လက်မခံသင့်ပါ။

    –    တိုင်းရင်းသား ဘာသာစကား တစ်ခုခုပြောဆိုနိုင်သူ ဖြစ်သင့်ပါသည်။

    –    ဥပဒေအရ နိုင်ငံသားလျှောက်မည့်သူများသည် မည်သည့်အထောက်အထားမျှမရှိပါက ၁၉၄၉-ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေ ပုဒ်မ-၅(၂)(ဂ) ပါ ပြဌာန်းချက်နှင့် အကြုံးဝင်လျှင် ၁၉၅၁-ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေ အပိုဒ်-၁၃(၁)အရ ထုတ်ပေးသည့် ယာယီသက်သေခံလတ်မှတ် (white card ရုပ်သိမ်းပြီး) အစား အပိုဒ် -၁၃(၄) အရ ထုတ်ပေးသည့် နိုင်ငံသားစီစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ကို ကိုင်ဆောင်ရနိုင်ဖွယ် ရှိပါသည်။

    –    NVC (အစိမ်းရောင်ကတ်) ၏ သက်တမ်းမှာ (၂) နှစ်ဖြစ်ပြီး အထောက်အထား ပြည့်စုံမှန်ကန်စွာ တင်ပြနိုင်ပါက နိုင်ငံသား လက်မှတ်ရရှိမည်ဖြစ်ပြီး မတင်ပြနိုင်ပါက သက်တမ်း (၂) နှစ်ပြည့်လျှင် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်းနှင့် အထောက်အထား တင်ပြနိုင်သည့်အခါတွင် နိုင်ငံသားစီစစ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

    ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသူများသည် နိုင်ငံခြားသားမဟုတ်ပါက နိုင်ငံသားလက်မှတ် လျှောက်ထားရယူကိုင်ဆောင်ရန် လိုအပ်ပါသည်။ နိုင်ငံသားတိုင်းသည် ကိုးကွယ်သည့် ဘာသာနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။ မိမိ၏မိဘ၊ ဘိုးဘွားအစဉ်အဆက် အခြေချနေထိုင်လာမှုနှင့်သာ သက်ဆိုင်ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ-၁၁(က) (ခ) (ဂ) (ဃ) ပါ နိုင်ငံသားဖြစ်မှုနှင့် ညီညွှတ်သူများသည် ပုဒ်မ-၁၁(က) ပါ နိုင်ငံသားနှင့် တစ်တန်းစားတည်း ဖြစ်ပါသည်။ ထိုသူများသည် ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံသားများဖြစ်ကြ၍ ပြဌာန်းဥပဒေ အပေါ်လွှမ်းမိုးပါသည်။ ထိုသူများနှင့် ထိုသူများမှ ဥပဒေနှင့်အညီ မွေးဖွားသက်ဆင်းလာသူများသည် နိုင်ငံသားဖြစ်ပြီးသူများ ဖြစ်ပါသည်။ (၄-၁-၁၉၄၈) ရက်မတိုင်မီက အခြေချနေထိုင်ခဲ့ကြသော မျိုးဆက်များဖြစ်၍ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေ မပြဌာန်းမီ (၁၅-၁၀-၁၉၈၂) ရက်မတိုင်မီ မွေးဖွားသူများဖြစ်၍ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၄၅ (ခ) အရလည်း နိုင်ငံသားဖြစ်ပြီးသူများ ဖြစ်ပါသည်။ ထိုသူများမှ မွေးဖွားလာသူများသည် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအရ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ လုံးဝမဖြစ်နိုင်ပါ။ ထိုသူအားလုံးသည် တိုင်းရင်းသားမဟုတ်၊ ကပြား ဖြစ်သည်၊ သွေးနှော ဖြစ်သည်ဟုဆိုစေဦး နိုင်ငံသားလက်မှတ် နိုင်ငံသားစီစစ်ရေးကတ်ပြား၊ နိုင်-၃၊ ၃ (က)၊ နိုင်-၆၊ ၆(က) ရထိုက်သူများ ဖြစ်ပါသည်။ တိုင်းရင်းသားဖြစ်ခြင်း၊ မဖြစ်ခြင်းသည် ဥပဒေအရ သီးခြားဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါသည်။ စစ်မှန်သော နိုင်ငံသားဘဝသည် တန်ဖိုးရှိပါသည်။

    ထို့ကြောင့် နိုင်ငံခြားသားမဟုတ်သော နိုင်ငံသားအရည်အချင်းရှိသည့် ပုဂ္ဂိုလ်အားလုံး မိမိတို့၏ အဖိုးတန်သည့် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရလေအောင် စာဖတ်ကြပါ။ ဥပဒေအကြောင်းကို သိအောင်လုပ်ကြပါ။ နိုင်ငံသားစိစစ်သည့်  ကိစ္စကို စိုးရိမ်မှုမရှိဘဲ အချိန်မီ လုပ်သင့်တာကို လုပ်ကြပါ။ ကြိုတင်ပြင်ဆင်ကြပါ။ လ.ဝ.က တာဝန်ရှိသူများနှင့် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ၊ အဂတိ ကင်းရှင်းစွာဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန်လည်းကောင်း၊  တာဝန်ရှိသူများကလည်း အမိန့်၊ ညွှန်ကြားချက်များထက် ဥပဒေ၊နည်းဥပဒေနှင့် အညီသာ မှန်ကန်မြန်ဆန်စွာ စိစစ်ထုတ်ပေးသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။ နိုင်ငံသားအခွင့်အရေးအတွက် ဥပဒေကိုသိရှိရန် လူတိုင်းစာဖတ်ကြပါဟု တိုက်တွန်းအပ်ပါသည်။

    ပြည်ထောင်စုကြီး စည်းလုံးညီညွတ် ငြိမ်းချမ်းသာယာ ဖွံဖြိုးတိုးတက်ဖို့ နိုင်ငံသားအားလုံးလူမျိုး ဘာသာမခွဲခြား ပြည်ထောင်စုသားများ အဖြစ် ရပ်တည်နိုင်ကြပါစေ။

    ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ

  • မွတ်စလင်အမျိုးသမီးများ ၀တ်ပြုရာတွင် စောင့်ရှောက်ပေးရန် အိန္ဒိယတရားရုံး ညွှန်ကြား

    မွတ်စလင်အမျိုးသမီးများ ၀တ်ပြုရာတွင် စောင့်ရှောက်ပေးရန် အိန္ဒိယတရားရုံး ညွှန်ကြား

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်နေ့တွင် အိန္ဒိယမွတ်စလင်အမျိုးသမီများ စုပေါင်းဝတ်ပြုနေပုံ

    – မွတ်လင်အမျိုးသမီးများ ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ဝတ်ပြုရာတွင် စောင့်ရှောက်ပေးရန်အတွက် ဟိုက်ဒရာဘတ် တရားရုံးချုပ်က အန်ဒါပရာဒက်ရှ်ပြည်နယ် ခရိုင်အချို့၏ ရဲတပ်ဖွဲ့နှင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့တို့အား ညွှန်ကြားခဲ့သည်ဟု သိရသည်။

    ချစ်တူးရ်ခရိုင် ဂါရမ်ကွန်ဒါရွာမှ မွတ်စလင်အမျိုးသမီး အမ် ဆာဟီရာက မိမိအနေဖြင့် အဘူဘာကာ ဗလီဝတ်ကျောင်းတော်သို့ ၀တ်ပြုဆုတောင်းရန် သွားရောက်ရာတွင် ရွာသူကြီး နောင်စ်ဟဒ်နှင့် ၎င်း၏ အစ်ကို ပြန်ကြားရေးကော်မရှင် အင်မ်တီယက်ဇ် အဟ်မဒ်တို့က တားမြစ်ခဲ့ပြီး၊ ကဒါပါခရိုင်၊ ပါကာရှမ်ခရိုင်တို့တွင်လည်း မွတ်စလင်အမျိုးသမီးများကို ထိုကဲ့သို့ တားမြစ်မှုများ ရှိသည်ဟု တိုင်ကြားခဲ့ပြီးနောက် တရားရုံးက ကြားနာက ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    သူကြီးနှင့် ပြန်ကြာရေးကော်မရှင်နာ နှစ်ဦးစလုံးမှာ မွတ်စလင်များဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကမူ အဆိုပါ ၀တ်ပြုရာနေရာမှာ လူနေအိမ်ဖြစ်ပြီး တာဝန်ရှိသူများထံမှ ခွင့်ပြုချက်မရသောကြောင့် ၀တ်ပြု၍ မရဟု လျှောက်လဲခဲ့သည်။

    သို့သော်လည်း တရားရုံးက အမျိုးသမီးများ အိမ်တွင် ၀တ်ပြုဆုတောင်းမှုကို တားမြစ်သည့် ဥပဒေ ရှိသလားဟု ပြန်လည် မေးခွန်ထုတ်ခဲ့ပြီး အမျိုးသမီးများ ၀တ်ပြုမှုတွင် ကာကွယ်စောင့်ရှောက်မှုပေးရန် အုပ်ချုပ်ရေးအဖွဲ့ကို ညွှန်ကြားခဲ့သည်။ ထို့ပြင် ထပ်မံ နှောက်ယှက်ပါက ရွာသူကြီးကိုလည်း ဥပဒေအရ ရေးယူသွားရန် အမိန့်ပေးခဲ့သည်။

    ရွာသူကြီးကလည်း ထိုကိစ္စတွင် ၀င်ရောက်စွက်ဖက်မှု မပြုလုပ်တော့ဟု ရုံးတော်တွင် ထွက်ဆိုခဲ့ပြီး တရားရုံးက ထိုထွက်ဆိုချက်ကို မှတ်တမ်းတင်ခဲ့သည်။

    Ref : The Hindu