News @ M-Media

Blog

  • ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င်အခြေချအိမ်ယာ ထပ်ဆောက်ရန် အစ္စရေးအတည်ပြု

    ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င်အခြေချအိမ်ယာ ထပ်ဆောက်ရန် အစ္စရေးအတည်ပြု

    ဇန်န၀ါရီ ၂၂၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် အခြေချအိမ်ယာပေါင်း ၅၆၆ ခုကို ဆောက်လုပ်ရန် အစ္စရေးအာဏာပိုင်များက အတည်ပြုလိုက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်း၏ သတိပေးမှုကို မထိလေးစားလုပ်ခြင်းလည်း ဖြစ်သည်။

    ပါလက်စတိုင်းပိုင်နက်များတွင် ဂျူးအခြေချအိမ်ယာများ ဆောက်လုပ်နေခြင်းမှာ နိုင်ငံတကာဥပဒေကို အတိအလင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ကုလနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပြောကြားထားသော်လည်း အစ္စရေးမှာ လိုက်နာခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်နေသည်။

    အဆိုပါ အိမ်ယာ ၅၀၀ ကျော် ဆောက်လုပ်ရန်အတွက် ယနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ထိုအစီအစဉ်မှာ သမ္မတအိုဘားမားအစိုးရ၏ ဝေဖန်မှုကြောင့် ၎င်းတို့အစိုးရ သက်တမ်းကုန်သည်အထိ ရပ်ဆိုင်ထားသည့် စီမံကိန်းဖြစ်သည်။

    “ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာတဲ့အတွက်ကြောင့် ကစားပွဲရဲ့ ဥပဒေတွေက ပြောင်းလဲသွားပါပြီ။ ဘာရက်အိုဘားမား လက်ထက်တုန်းကလို ကျွန်တော်တို့ ချုပ်တည်းမထားတော့ပါဘူး။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ဆောက်ရတော့မှာပါ” ဟု ဂျေရုစလင်မြို့၏ ဒုတိယမြို့တော်ဝန် မီအီရ် တာရ်ဂျီမန်က ပြောကြားခဲ့သည်။

    ထို့ပြင် နောက်ထပ် အိမ်ယာ ၁၁၀၀၀ ခန့် ဆောက်လုပ်ရန်လည်း အစီအစဉ်ရှိနေသည်ဟု ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။

    အရှေ့ဂျေရုစလင်မှာ အာနဂတ် ပါလက်စတိုင်းနိုင်ငံတော်၏ မြို့တော်အဖြစ် နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုပေးထားသော်လည်း အစ္စရေးက ကျူးကျော်သိမ်းပိုက် ထိန်းချုပ်ထားပြီး တရားမ၀င်အိမ်ယာများ ဆောက်လုပ်နေခြင်းဖြစ်သည်။

    ဒေါ်နယ်ထရမ့်ကမူ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကာ အမေရိကန်သံရုံးကိုလည်း ဂျေရုစလင်သို့ ပြောင်းရွှေ့မည်ဟု ကတိပြုထားသည်။

    ရှုတ်ချ

    ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အစ္စရေးမှာ ၎င်းတို့၏ တရားမ၀င်အိမ်ယာ ဆောက်လုပ်မှုကို ၂၃ ရာခိုင်နှုန်းအထိ တိုးချဲ့ခဲ့သည်။

    “ဥပဒေအထက်ကိုရောက်နေတဲ့ အစ္စရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့ အချိန်ကျပါပြီ” ဟု ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူ ရူဒီ နာဟ်ကဆိုပြီး အစ္စရေး၏ ယခုအတည်ပြုချက်ကို ရှုတ်ချကာ ကုလအနေဖြင့် မကြာသေးမီက ပြဌာန်းခဲ့သည့် ဆုံးဖြတ်ချက်အတိုင်း အရေးယူသွားရန် တောင်းဆိုခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက တရားမ၀င်အခြေချအိမ်ယာ ဆောက်လုပ်မှုကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီဇင်ဘာတွင် အတည်ပြုခဲ့သည်။

    Ref: Aljazeera

  • န.ဝ.တ စစ်အစိုးရခေတ်  တမန်တော်နေ့ အခမ်းအနား (ဓါတ်ပုံမှတ်တမ်း)

    န.ဝ.တ စစ်အစိုးရခေတ် တမန်တော်နေ့ အခမ်းအနား (ဓါတ်ပုံမှတ်တမ်း)

    ဇန်နဝါရီ ၂၂ ၊ ၂၀၁၇
    M-Media
    ရှာဖွေတင်ပြသူ-သီဟ

    န.ဝ.တ စစ်အစိုးရ အုပ်ချူပ်စဉ် ကာလ ၁၉၉၄ ခုနှစ် တွင်ကျင်းပခဲ့သော အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော်နေ့ အခမ်းအနား တရပ်ကို ထိုစဉ်က န.ဝ.တ စစ်ကောင်စီ အဖွဲ့ဝင် ၊ ရန်ကုန်တိုင်းစစ်ဌာနချူပ် တိုင်းမှုးဟောင်း၊ သာသနာရေးဝန်ကြီး ဒု-ဗိုလ်ချူပ်ကြီး မျိုးညွှန့် တက်ရောက်အမှာစကားပြောကြားခဲ့သည့် ဓါတ်ပုံမှတ်တမ်းဖြစ်ပါသည်။

    မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်နေ့ အခမ်းအနားကို  ရှေးဘုရင်များ လက်ထက်ကစ၍ စတင်ကျင်းပပြုလုပ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများ အရ သိရသည်။

    နှစ်စဉ် အမြို့မြို့အနယ်နယ်၌ ကျင်းပလေ့ရှိခဲ့ပြီး ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်က နိုင်ငံတော်သမ္မတ ၊ ဝန်ကြီးချူပ်များ ကိုယ်တိုင် တက်ရောက်ခြင်း၊ သဝဏ်လွှာများပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်

    image ကို ၁၉၉၅ ခု၊ ဇန်နဝါရီလ ထုတ် အစ္စလာမ့်မျက်ဝန်း စာစောင်မှ ရယူပါသည်။

  • NVC ကိစ္စ တွေ့ဆုံမှု လ.ဝ.က အတွင်းဝန်နှင့် အင်တာဗျူး

    NVC ကိစ္စ တွေ့ဆုံမှု လ.ဝ.က အတွင်းဝန်နှင့် အင်တာဗျူး

    အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေနဲ့ ၀န်ကြီးဌာန တာဝန်ရှိ သူတွေဟာ မြန်မာမွတ်စလင်မ် ကိုယ်စားလှယ်တွေနဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့က တွေ့ဆုံပြီး NVC လို့ခေါ်တဲ့ (နိုင်ငံသားစီစစ် ခံရမယ့်သူတွေ ကိုင်ဆောင်တဲ့ကဒ်)အကြောင်း ရှင်းပြခဲ့ပါတယ်။

    အဆိုပါ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းချက်

  • အငြိုးတရားနှင့် ထိပါးစော်ကားမှုကို တစိုက်မတ်မတ် ဆန့်ကျင်ခဲ့သော တမန်တော်မုဟမ္မဒ်

    အငြိုးတရားနှင့် ထိပါးစော်ကားမှုကို တစိုက်မတ်မတ် ဆန့်ကျင်ခဲ့သော တမန်တော်မုဟမ္မဒ်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၇
    M-Media

    – အစ္စလာမ်အပေါ် တဖက်သတ်ရွံ့ကြောက်ရန်ရှာနေကြသော လက်တစ်ဆုပ်စာလူစုများအဖို့ တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းမှု ခညောင်းစေသား)သည် မိမိရန်သူရန်ဖက်များကို ခပ်ကြမ်းကြမ်းကိုင်တွယ်ခြင်းဖြင့် နှိမ်နှင်းအနိုင်ယူခဲ့သည့် လူကြမ်းကြီးတစ်ဦးအဖြစ်လည်းကောင်း၊ ၎င်းတို့အပေါ် ရက်စက်စွာ အုပ်ချုပ်ခဲ့သူတစ်ဦးအဖြစ်လည်းကောင်း အမြင်ရှိနေပါမည်။ သန်းနှင့်ချီသော မွတ်စ်လင်မ်ထုအဖို့တော့ သူသည် စံပြကရုဏာရှင်အဖြစ် ကိုယ်စားပြုလျက်ရှိပြီး သူ့ဂုဏ်အင်နှင့်ပတ်သက်၍ အလျဉ်း ထိပါးမခံတတ်ကြသည်။ သို့ဖြစ်ရာ မည်သည့်ပုံရိပ်က ပိုတိကျသေချာပါသနည်း ?

    တမန်တော်မုဟမ္မဒ်၏ ဘ၀ဖြစ်စဉ်၊ စစ်ရေးလုပ်ငန်းစဉ်၊ ဓလေ့များက သူ့တာဝန်များနှင့်စပ်လျဉ်းပြီး စီရင်ဆုံးဖြတ်ချက်အများစုအတွက် အခြေခံအုတ်မြစ်အဖြစ် ပုံဖော်လေ့ရှိကြသည်။ ဤကောက်ကြောင်းများအားဖြင့် အစ္စလာမ်သာသနာတစ်ခုလုံးအား ငြိမ်းချမ်းရေးသာသနာလော၊ စစ်လိုလားသည့်သာသနာလော ဟူသည်ကို တမန်တော်နှင့် တမန်တော့်သတင်းစကားများအပေါ် ဖွင့်ဆိုချက်ပေါ် မူတည်ပြီး ကြည့်မြင်တတ်ကြပေသည်။

    တမန်တော်၏တာဝန်ဝတ္တရားများအပေါ် အချို့ခေတ်သစ်ဝေဖန်ချက်များက အစ္စလာမ့်ယဉ်ကျေးသိမ်မွေ့မှုနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများ ဖြစ်လာစေသည်။ ၎င်းက အစ္စလာမ်အပေါ်တဖက်သတ်ရွံ့ကြောက်မုန်းတီးသူများရော အစွန်းရောက်သမားများအတွက်ပါ မီးမွေးနေသည့် ယဉ်ကျေးမှုထိပ်တိုက်တွေ့နေမှုများအပေါ် ရိုက်ခတ်လျက်ရှိသည်။ Michael Bonner မှ ဤသို့ မှတ်ချက်ပြုထားသည် “အစ္စလာမ်ရဲ့သမိုင်းလမ်းကြောင်း၊ ထွန်းပေါ်လာမှု၊ ဂျိဟာ့ဒ်ရဲ့ ဇာတိရင်းမြစ် အစရှိသဖြင့်တို့အပေါ် ခေတ်သစ်စောဒကအဆိုများစွာတို့က ၁၉ ရာစုနဲ့ ၂၀ ရာစုအစောပိုင်းကာလအတွင်း ဥရောပတိုက်သား အရှေ့တိုင်းပညာရှင်များ ဆိုသူတို့အကြားမှာ စတင်ခဲ့တယ်။ …. ဒီစောဒကအဆိုများရဲ့ အရင်းခံအကြောင်းကိုကြည့်ရင် သူတို့ရဲ့ကိုလိုနီစီမံကိန်းကနေ ဖြတ်တောက်လို့မရနိုင်တာကို တွေ့ရပါမယ်” (ကြည့် – Michael David. Bonner, Jihad in Islamic History: Doctrines and Practice (Princeton: Princeton University Press, 2006), 16.) တမန်တော်ကိုယ်တိုင်က ရိုင်းစိုင်းကြမ်းကြုတ်သူအဖြစ် ပုံဖော်တင်ပြထားခြင်းကြောင့် သူ၏နောက်လိုက်များမှာ ကမ္ဘာကိုလွှမ်းမိုးရေးအတွက် နည်းလမ်းမှန်သမျှအသုံးပြုမည့် အကြမ်းဖက်နိုင်ငံရေးပုံဟန်ကို အခြေခံသောသူများအဖြစ် ဆက်ဆံခံနေရပေသည်။ (တနည်းဆိုသော် အဆိုပါ ဥရောပသားတို့၏ ကိုလိုနီနယ်ချဲ့စီမံကိန်းများကို အစ္စလာမ်သာသနာဖက်သို့ အာရုံလွှဲလိုက်ခြင်းဟု နားလည်နိုင်ပေမည်)။

    (တမန်တော်)မုဟမ္မဒ်သည် ဆယ်စုနှစ်များစွာ နှိပ်စက်ညှင်းပန်းခံရပြီးနောက် ကမ္ဘာ့သမိုင်းတွင်မရှိဖူးသော သြဇာအာဏာကို ရပြီး အောင်မြင်သွားခဲ့ကြောင်း အငြင်းပွားဖွယ်ရာ မရှိချေ။ သူ့အား ကမ္ဘာ့သြဇာအကြီးမားဆုံးပုဂ္ဂိုလ် အဖြစ် သုံးသပ်တင်ပြထားသည့် Michael Hart က ဤသို့ ရေးသားထားပေသည်။ “(တမန်တော်)မုဟမ္မဒ်ကို ကမ္ဘာ့သြဇာအကြီးမားဆုံး (တနည်း) ကမ္ဘာ့လူထုအပေါ် အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်များစာရင်းထဲ ထိပ်ဆုံးမှာ ထားရှိရခြင်းအပေါ် စာဖတ်သူအချို့အတွက် အကြီးအကျယ် အံ့အားသင့်နေပါလိမ့်မယ်။ အချို့သောသူများအတွက် မေးခွန်းထုတ်စရာ ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သူဟာ လောကီရေးမှာရော လောကုတ္တရာ(သာသနာရေး)နယ်ပယ်မှာပါ အထွဋ်အထိပ်အဆင့်အထိ တပြိုင်တည်း အောင်မြင်ခဲ့တဲ့ ကမ္ဘာ့သမိုင်းကြောင်းတစ်လျှောက် ရှားရှားပါးပါး တစ်ဦးတည်းသော ထွန်းပေါ်လာခဲ့သူ ဖြစ်ပါတယ်”။ (ကြည့် – Michael H. Hart, The 100: a ranking of the most influential persons in history (New York: Hart Pub. Co., 1978), 21.) ထိုသို့သော အောင်မြင်မှုအား လက်ဝယ်ပိုင်ပိုင်ရယူရေး၌ သူ(မုဟမ္မဒ်)သည် မိမိ၏စည်းမျဉ်းများ စတေးခဲ့ခြင်း ရှိမရှိ ဟူသည့် မေးခွန်းရှိနေသည်။ ၎င်းအတွက်အဖြေမှာ ပြောင်းလဲလှုပ်ရှားနေသော နိုင်ငံရေးနောက်ခံအနေအထားအမျိုးမျိုး၌ သူသည် ကိုယ်ကျင့်တရားကောင်းအပေါ် တစိုက်မတ်မတ် ရပ်တည်စွဲမြဲခြင်း ရှိမရှိ ဆိုသည့်အချက်အား အကဲဖြတ်ခြင်းပင်တည်း။

    ရန်ငြိုးထားခြင်း၊ စော်ကားခြင်းများအပေါ် တမန်တော် မုဟမ္မဒ်မှ မနှစ်မြို့မှု အကြောင်းရပ်ပေါင်း ၇၀ ကို ဘာသာစကားများစွာနှင့် ပထမဆုံးအကြိမ်အဖြစ် အစ္စလာမ့်သုတေသနဆိုင်ရာ တက္ကသိုလ် Yaqeen Institute က ထုတ်ဝေလိုက်ပါသည်။ စော်ကားခံရချိန်နှင့် တိုက်ခိုက်ခံနေရစဉ်မှာပင် (တမန်တော်) မုဟမ္မဒ်သည် မေတ္တာတရားကို လက်ကိုင်ထားတော်မူခဲ့ကြောင်း သိမြင်နားလည်စေရန်အတွက် ဦးတည်ရှေ့ရှု၍ စုစည်းတင်ပြထားခြင်းဖြစ်သည်။

    “စာရေးသူအချို့က တမန်တော် မုဟမ္မဒ်ကို ကြမ်းကြုတ်ရက်စက်သူအဖြစ် စွပ်စွဲတင်ပြထားခြင်းဟာ သမိုင်းကြောင်းအချက်အလက်များကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပုံဖျက်ထားခြင်းတစ်ရပ်သာ ဖြစ်ပါတယ်။ ဥရောပမှာ ဓားရေးပြိုင်သလိုမျိုးပဲ အာရေဗျမှာ ကလဲ့စားချေခြင်းကို အလွန်လေးစားတန်ဖိုးထားခဲ့ကြတယ်။ သို့ပင်သို့ငြား အာရဗ်မျိုးနွယ်/လူမျိုးတွေအကြား အစဉ်အလာအရ ကလဲ့စာချေလိုစိတ်ကို စိုးစဉ်းမျှ အားပေးအားမြှောက် မပြုခဲ့ပါဘူး။ ဒီအချက်ကိုတော့ အဆိုပါစာရေးသူများက မေ့လျော့ထားကြတယ်။ မွေးကင်းစသမီးမိန်းကလေးငယ်တွေကို အရှင်လတ်လတ် မြေမြှုပ်သတ်ဖြတ်ခြင်း ဆိုတဲ့ ဆိုးဝါးတဲ့ဓလေ့ကို တမန်တော် မုဟမ္မဒ်က ကုရ်အာန်ကျမ်းချက်အရ ရိုက်ချိုးသင်္ဂြိုလ်ခဲ့ခြင်းအကြောင်း သူတို့ မဖတ်ရှုဖူးပါဘူး။ မက္ကဟ်မြို့တော်ကို အောင်နိုင်ပြီးတဲ့နောက် တမန်တော်ဟာ သူ့ရဲ့ အဆိုးရွားဆုံးရန်သူတော်များအပေါ် အကြွင်းမဲ့ ခွင့်လွှတ်လိုက်တာကိုလည်း သူတို့ တွေးတောင်တွေးမိမှာ မဟုတ်ဘူး။ ဒါ့အပြင် စစ်မက်ကာလအတွင်း မျိုးနွယ်စုအများအပြားကို သူ(မုဟမ္မဒ်)က ကရုဏာထားခဲ့တာကိုလည်း သူတို့ ဆင်ခြင်တတ်ကြမှာ မဟုတ်ပါဘူး။ သူ(မုဟမ္မဒ်)ဟာ ရက်စက်ကြမ်းကြုတ်မှုအတွက် အတ္တဆန္ဒပြည့်ဝရေးအလို့ငှာ အာဏာကို တလွဲအသုံးချတာမျိုး ဘယ်သောအခါမှ မရှိခဲ့ဖူးဘူးဆိုတာ သူတို့(စာရေးသူတွေ) သိရှိကြတာ မဟုတ်ပါဘူး” ဆိုပြီး ပြင်သစ်သမိုင်းပညာရှင် Louis Sedillot ကလည်း ရေးသားတင်ပြထားပါတယ်။ (ကြည့် – [4] Louis Sédillot (d. 1875), Histoire des Arabes (Brief History of the Arabs), p. 63-64 – published 1854)

    ဒီသုတေသနစာတမ်းထဲ စုဆောင်းတင်ပြထားတဲ့ ဖြစ်ရပ်များက ဒီအကြောင်းအချက်တွေကို ဖော်ပြနေပါတယ်။ (တမန်တော်) မုဟမ္မဒ်ဟာ ညှင်းပန်းနှိပ်စက်မှုဒဏ်ပိခဲ့တဲ့ အပယ်ခံတစ်ဦး ဖြစ်ခဲ့ချိန်မှာရော၊ အုပ်ချုပ်သူဘ၀ ရောက်လာပြီးနောက်ပိုင်းအချိန်မှာပါ စံတင်စရာ ခန္တီစတရားအဆင့်တစ်ရပ် (နဲ့) သမိုင်းမှာ အစဉ်အလာမရှိခဲ့တဲ့ ကိုယ်ကျင့်တရားကိုပါ မပြတ်တမ်း ခင်းကျင်းပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီဖြစ်အင်မှတ်တမ်း ၇၀ က အကျဉ်းသဘော ရှင်းပြချက်မျှသာ ဖြစ်သော်လည်း တမန်တော်မုဟမ္မဒ်ဟာ အမှန်တကယ် ဘယ်လိုလူစားလဲ၊ ၁ ဘီလီယံသော ကမ္ဘာ့လူဦးရေက ဘာကြောင့် သူ့အပေါ် ဤရွေ့ဤမျှအထိ အလေးအမြတ်ထားကြသလဲ ဆိုတာကို အသိပေးမှုတစ်ရပ် ဖြစ်ပါတယ်။ ဒီသုတေသနစာတမ်းအပြည့်အစုံကို https://www.yaqeeninstitute.org/publications/how-the-prophet-muhammad-rose-above-enmity-and-insult/ မှာ ၀င်ရောက်လေ့လာဖတ်ရှုနိုင်ပါလိမ့်မယ်။

    —————————

    Imam Omar Suleiman ၏ How the Prophet Muhammad Consistently Rose Above Enmity and Insult ဆောင်းပါးကို သြရသ ရေချမ်း မှ ဆီလျော်အောင် ပြန်ဆိုသည်။ စာရေးသူ အိမာမ် အုမရ် စုလိုင်မာန် သည် Yaqeen Institute for Islamic Research ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ၊ ၎င်းပြင် SMU (Southern Methodist University) ၏ Graduate Liberal Studies Program မှ အစ္စလာမ့်ရေးရာလေ့လာမှုဋ္ဌာန တွဲဖက်ပါမောက္ခလည်း ဖြစ်သည်။ Valley Ranch Islamic Center ၏ ပင်တိုင်ပညာရှင်တစ်ဦး၊ Thanks-Giving Square မှ Faith Forward Dallas ၏ တွဲဖက်သဘာပတိလည်း ဖြစ်သည်။ စာရင်အင်းပညာ၊ အစ္စလာမ့်ဥပဒေပညာဖြင့် ဘွဲ့ရရှိခဲ့ပြီး၊ အစ္စလာမ့်နည်းကျဘဏ္ဍာရေးလုပ်ငန်း နှင့် နိုင်ငံရေးသိပ္ပံဘာသာရပ်တွင် ဘွဲ့လွန်ရယူထားသူဖြစ်သည်။ လက်ရှိတွင် မလေးရှား IIU တက္ကသိုလ်မှ အစ္စလာမ့်အတွေးအမြင်နှင့်ယဉ်ကျေးမှုဆိုင်ရာ ဒေါက်တာဘွဲ့အတွက် ရှေ့ဆက်လျှောက်လှမ်းလျက်ရှိသည်။

  • ရူနီ၏ ဂိုးသွင်းစံချိန်သစ်အတွက် Nike က အထူးဖိနပ်ထုတ်လုပ်

    ရူနီ၏ ဂိုးသွင်းစံချိန်သစ်အတွက် Nike က အထူးဖိနပ်ထုတ်လုပ်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၇
    M-Media

    – မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီ၏ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာမှုကို ဂုဏ်ပြုသည့်အနေဖြင့် Nike ကုမ္ပဏီက အထူး ဘောလုံးကန်ဖိနပ်တစ်ရံကို ထုတ်လုပ်လိုက်သည်ဟု သိရသည်။

    Hypervenom WR250 အမည်ပေးထားပြီး ကလပ်နှင့် နိုင်ငံအသင်းများတွင် ရူနီဝတ်ဆင်သော ဂျာစီအရောင် အနီနှင့်အဖြူကို ပေါင်းစပ်ထားသည်။ ရွန်နီ၏ စံချိန်တင်ဂိုးအရေအတွက် ၂၅၀ ကို ဖော်ပြရန်အတွက် ထိုနံပါတ်နှင့် သရဖူတစ်ခုကို ပေါင်းစပ်၍ အထူးလိုဂိုတစ်ခု ပြုလုပကာ ဖိနပ်၏လျှာတွင် ရိုက်နှိပ်ထားသည်။

    ရူနီဝတ်ဆင်သည့် ကျောနံပတ်ကို WR10 အဖြစ် ဖိနပ်၏ ဘေးဖက်တွင် ရိုက်နှိပ်ထားပြီး၊ ဖိနပ်ကြိုးထိပ် အကွပ်ကိုလည်း အဖြူရောင်၊ အနီရောင်များဖြင့် ဖန်တီးထားသည်။ ဖိနပ်နှစ်ဖက်ကို ဘေးတိုက်ယှဉ်ထားပါက စိန့်ဂျော့ဂ်ျ လက်ဝါးကပ်တိုင်ပုံ ပေါ်လာမည်ဖြစ်သည်။

    ယမန်နေ့က စတုတ်စီးတီးအသင်းနှင့်ပွဲတွင် ရူနီမှာ နောက်ဆုံးမိနစ်တွင် အသင်းအတွက် အရေးပါသည့် ချေပဂိုး ၁ ဂိုးကို သွင်းယူပေးခဲ့ပြီး ထိုဂိုးမှာ မန်ယူအတွက် ရူနီ၏ ၂၅၀ မြောက်ဂိုးလည်း ဖြစ်သည်။ ထို့ကြောင့် ဆာ ဘော့ဘီချာလ်တန်၏ စံချိန်ကိုချိုးကာ ရူနီမှာ မန်ယူအသင်း၏ ဂိုးအများဆုံးသွင်းသူ ကစားသမား ဖြစ်လာခဲ့သည်။

    ရူနီကမူ မိမိအနေဖြင့် ထိုကဲ့သို့စံချိန်မျိုး ရလိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ခဲ့ကြောင်း၊ ရှေ့ဆက်၍ ဂိုးများများ သွင်းချင်ကြောင်း ပြောကြားခဲ့သည်။

    Ref: Goal