News @ M-Media
Blog
  • ပြည်မြို့မှာ ကျင်းပမည့် တမန်တော်နေ့ပွဲ အပိတ်ခံရ
    ပြည်မြို့မှာ ကျင်းပမည့် တမန်တော်နေ့ပွဲ အပိတ်ခံရ
    ဇန်နဝါရီ ၁၅ ၊ ၂၀၁၇
    ဧရာဝတီမှ ကူးယူဖော်ပြသည်။
    ပြည်မြို့မှာပြုလုပ်မယ့် တမန်တော်နေ့အခမ်းအနား / ကောင်းမြတ်မင်း / ဧရာဝတီ
    ပြည်မြို့၌ ယနေ့ပြုလုပ်မည့် အစ္စလာမ်ဘာသာဝင်တို့၏ “၁၉၄၁ ကြိမ်မြောက် တမန်တော်နေ့”အား ရန်ကုန်အခြေစိုက် မျိုးချစ်ပရဟိတအဖွဲ့မှ လာရောက် ကန့်ကွက်သည့်အတွက် ပွဲဖျက်သိမ်းလိုက်ရသည်။
    ယမန့်နေ့ နေ့လည်ပိုင်းက ပွဲဖျက်သိမ်းရန် အကြောင်းကြားလာ၍ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် အုပ်ချုပ်ရေး မှူး၊ မြို့နယ်ရဲမှူး၊ တိုင်းသာသနာရေးဦးစီးမှူး၊ ဘာသာရေးအဓိကရုဏ်းကွန်ရက်(ပြည်ခရိုင်) နှင့် တမန်တော်နေ့ ကျင်းပရေး ကော်မတီအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးရာ မိနစ် ၃၀ခန့် ပွဲကျင်းပခွင့်ပေးခဲ့သော်လည်း မျိုးချစ်ပရဟိတအဖွဲ့မှ လုံးဝဖျက် သိမ်းရန်တောင်းဆိုခဲ့သည့်အတွက် ဖျက်သိမ်းလိုက်ရကြောင်း ဘာသာရေးအဓိကရုဏ်း ကွန်ရက်အဖွဲ့ ဝင်(ပြည်ခရိုင်) ကိုသန်းထိုက်က ဧရာဝတီကိုပြောသည်။
    “ မနေ့က နေ့လည် ၂ နာရီကနေ ညနေ ၄ နာရီအထိ အစည်းအဝေးမှာ နာရီဝက်နဲ့အပြီးပွဲလုပ်ပါလို့ ညှိတာ မွတ်ဆလင် တွေဘက်က အဆင်ပြေလက်ခံတယ်။ အဲဒါကို မျိုးချစ်ပရဟိတအဖွဲ့က လုံးဝဖျက်သိမ်းရမယ်ပြောတော့ ညပိုင်းမှာ ဇောတိကရုံ ဘုန်းကြီးကျောင်းမှာ ထပ်ညှိတာ ဘယ်လိုမှအဆင်မပြေဘူး။ ကန့်ကွက်ချင်ရင် အစောကြီးကတည်းက ကန့်ကွက်သင့်တယ်။ ပွဲလုပ်ခါနီးမှကပ်ပြီး ပွဲဖျက်တာတော့ မလုပ်သင့်ဘူး။ အခုအားလုံးဖိတ်ထားတဲ့ လူတွေလာနေတာ ပြန်လွှတ်နေရတယ်” ဟု ကိုသန်းထိုက်ကဆက်ပြောသည်။
    ပြည်မြို့တွင် တမန်တော်နေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့သည့်အကြိမ်တိုင်း ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပွဲကျင်းပပြုလုပ်ခဲ့သော် လည်း ယခုနှစ်ပြုလုပ်မှသာ ပွဲဖျက်သိမ်းပေးရခြင်းဖြစ်ကြောင်းနှင့် အစ္စလမ်ဘာသာဝင်များအနေနှင့် အကြမ်းဖက်သည့် ဘာသာမဟုတ်ကြောင်း သက်သေပြသည့်အနေနှင့် အေးချမ်းစွာ ပွဲဖျက်သိမ်းပေးလိုက်ခြင်းဖြစ်ကြောင်း တမန်တော်နေ့ အခမ်းအနားပြင်ဆင်သူ ကိုကျော်နိုင်ကဆိုသည်။
    “ နှစ်စဉ်နှစ်တိုင်း အေးအေးချမ်းချမ်းကျင်းပပြုလုပ်တဲ့ အလှူအတန်းပွဲတခုဖြစ်တယ်။ အဲဒါကို လူအုပ်စုတစုက ကန့်ကွက် လာတဲ့အပေါ်မှာ ကျနော်တို့ အစ္စလာမ်ဘာသာဟာ ငြိမ်းချမ်းတဲ့ဘာသာဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရော ကမ္ဘာသူကမ္ဘာသားတွေရောသိစေချင်လို့ ရပ်လိုက်တာဖြစ်ပါတယ်။ ပထမအနေနဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ခွင့်ပြုမိန့် ကျလာလို့ ဒါကိုလုပ်ရတာပါ။ အခုတော့ ကျနော်တို့ ချက်ပြုတ်ထားတာတွေတောင် လှူခွင့်မရတော့ပါဘူး” ဟု ကိုကျော်နိုင် က ဆက်ပြောသည်။
    တမန်တော်နေ့ကျင်းပရာ ပြည်မြို့ ရွာဘဲနယ်မြေ စည်တော်မင်္ဂလာရပ်ကွက်ရှိ ဗလီရှေ့တွင် ဗုဒ္ဓဘာသာသာသနာ့အလံ ထောင်၍ သံဃာတော်များတင်ဆောင်ထားသည့် Light Truck  ကားအပါအဝင် ကား ၈ စီးခန့်ရပ်ထားရာ၊ အဆိုပါအဖွဲ့ အား မည်သည့်အဖွဲ့ဖြစ်ကြောင်းနှင့် ကန့်ကွက်ရခြင်းအကြောင်းကို ဧရာဝတီမှ သွားရောက်မေးမြန်းရာ မဖြေကြား နိုင်ကြောင်း ပြောကြားခဲ့သည်။
    စည်တော်မင်္ဂလာရပ်ကွက်ရှိ ဗလီအနီးတွင် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် လုံခြုံရေးယူထားပြီး ဗလီအတွင်း မဏ္ဍပ်များဖျက်သိမ်းနေ ကြောင်းတွေ့ရသည်။
    မူရင်းလင့်ခ်
  • မူဆိုးလ်တက္ကသိုလ် အစိတ်အပိုင်းတစ်ချို့အား အီရတ်စစ်တပ် သိမ်းပိုက်နိုင်
    မူဆိုးလ်တက္ကသိုလ် အစိတ်အပိုင်းတစ်ချို့အား အီရတ်စစ်တပ် သိမ်းပိုက်နိုင်
    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media
    – IS အကြမ်းဖက်အဖွဲ့လက်မှ မူးဆိုးလ်မြို့ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည့် အီရတ်စစ်တပ်မှာ မူဆိုးလ်တက္ကသိုလ်၏ အစိတ်အပိုင်းတစ်ချို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု အီရတ်စစ်တပ်က ပြောကြားလိုက်သည်။
    အဆိုပါတက္ကသိုလ်ကို IS က အခြေစိုက်စခန်းအဖြစ် အသုံးပြုထားခြင်းဖြစ်ပြီး ယမန်နေ့ မနက်ပိုင်းမှစတင်ကာ ညပိုင်းအထိ ပြုလုပ်ခဲ့သည့် အီရတ်စစ်တပ်၏ ထိုးစစ်အတွင်း အဆောက်အဦးများအပါအ၀င် တက္ကသိုလ်၏ ၃ ပုံ ၁ ပုံကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
    စစ်တပ်တာဝန်ရှိသူများကမူ ၎င်းတို့ ထိုးစစ်ဆင်ရာနေရာတွင် အရပ်သားများ နည်းပါးသောကြောင့် လေကြောင်းမှ လွတ်လွတ်လပ်လပ် ပစ်ကူပေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
    အီရတ်စစ်တပ်မှာ IS ၏ နောက်ဆုံးခံတပ်ဖြစ်သော မူဆိုးလ်ကို အောက်တိုဘာလကတည်းက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး မြို့၏ အစိတ်အပိုင်း အများအပြားကို သိမ်းယူထားနိုင်ကာ IS ၏ ပြင်းပြင်းထန်ထန် ခုခံမှုနှင့်လည်း ကြုံတွေ့နေရသည်။
    Ref : Aljazeera
  • ရိုဟင်ဂျာပြဿနာက IS အတွက် ရေခံမြေခံကောင်းဟု မလေး ကာကွယ်ရေးဝန်ကြီး သတိပေး
    ရိုဟင်ဂျာပြဿနာက IS အတွက် ရေခံမြေခံကောင်းဟု မလေး ကာကွယ်ရေးဝန်ကြီး သတိပေး
    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media
    မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှာမွဒ်ဒင် ဟူစိန်
    – ရိုဟင်ဂျာများအပေါ် ဖိနှိပ်ညှင်းပမ်းမှုများက IS အကြမ်းဖက်သမားအတွက် လူသစ်စုဆောင်းရာ ရေခံမြေခံကောင်းဖြစ်နေသည်ဟု မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှာမွဒ်ဒင် ဟူစိန်က သတိပေးပြောကြားလိုက်သည်။
    “အစွန်းရောက်အောင်တွန်းပို့နေရင် သူတို့အနေနဲ့ IS လိုအဖွဲ့မျိုးနဲ့ သွားပေါင်းဖို့ကလွဲလို့ သူတို့မှာ တစ်ခြားရွေးချယ်စရာမရှိမှာကို ကျွန်တော် စိုးရိမ်ပါတယ်” ဟု ၀န်ကြီးက ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မီလာဒွန် ရစူလ် အခမ်းအနားအပြီးတွင် ပြောကြားခဲ့သည်။
    ထို့ပြင် အနောက်နိုင်ငံများက အကြမ်းဖက်ဝါဒကို အမြတ်ဖြုတ်နေသည့် ယခုအချိန်တွင် စစ်သွေးကြွးများက အီရတ်နှင့် ဆီးရီးယားအပြင်ဖက်တွင် ခြေကုပ်ယူရန် လိုအပ်ကောင်း လိုအပ်လိမ့်မည်ဟုလည်း ဆိုသည်။
    “ထိုင်းတောင်ပိုင်း၊ ဖိလစ်ပိုင်တောင်းပိုင်းမှာ မဟုတ်ဘူးဆိုရင် ရခိုင်က ရိုဟင်ဂျာဒေသမှာ ဖြစ်မှာပါ”
    ရိုဟင်ဂျာကိစ္စကို ချက်ခြင်းဖြေရှင်းရန်လည်း ဟီရှာမွဒ်ဒင်က တောင်းဆိုခဲ့သည်။
    “ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်ကတော့ သိပ်ရှင်းပါတယ်။ ဒီပြဿနာကို ဆွေးနွေးဖို့အတွက် အိုအိုင်စီအဖွဲ့နဲ့ အစည်းဝေးလုပ်ဖို့ ကက်ဘိနတ်ရဲ့ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုကို ၀န်ကြီးချုပ်က ရရှိထားပါတယ်”
    Ref : Free Malaysia Today
  • ဂရိမှာ တတ်နိုင်သလောက်ပြန်ပေးဆပ်နေကြတဲ့ ဆီးရီးယား ဒုက္ခသည်များ
    ဂရိမှာ တတ်နိုင်သလောက်ပြန်ပေးဆပ်နေကြတဲ့ ဆီးရီးယား ဒုက္ခသည်များ
    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media
    – မတည်ငြိမ်မှုတွေကြောင့် ဇာတိမြေက စွန့်ခွာလာရတဲ့သူတွေအတွက် ဘ၀သစ်တစ်ခုစခွင့်ပေးတဲ့ ကျေးဇူးကို ပြန်လည်တုန့်ပြန်တဲ့အနေနဲ့ ဂရိက ဆီးရီးယားဒုက္ခသည်တွေဟာ နိုင်ငံအတွင်း အိမ်ယာမဲ့တွေကို အဟာရဒါန ပြုပေးနေကြပါတယ်။
    “လူသားဆန်မှုအတွက်ဗျ။ ဒုက္ခသည်ဖြစ်လို့၊ ဂရိလူမျိုးဖြစ်လို့ မဟုတ်ဘူး။ လူသားဆန်မှုအတွက်ပါ” လို့ ဒီဒါနပြုမှုမှာ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ဆီးရီးယားဒုက္ခသည် အဒဲလ်က ပြောကြားခဲ့ပါတယ်။
    အဒဲလ်နဲ့ သူ့ရဲ့ သူငယ်ချင်းတွေဟာ သူတို့နေထိုင်ရာ ဒုက္ခသည်စခန်းအတွင်းက ပိုလျှံနေတဲ့ အစားအသောက်တွေကို စုဆောင်းပြီး၊ လမ်းမတွေကို အမှီပြုနေထိုင်ရတဲ့ ဂရိက အိမ်ယာမဲ့တွေကို ဝေငှလှူဒါန်းနေကြတာပါ။
    “သူတို့က ဒုက္ခသည်တွေဆိုတာတောင် ကျွန်မ မသိဘူး။ ကျေးဇူးတင်လိုက်တာရှင်။ သူတို့တစ်နေ့ကို သုံးကြိမ်လာတယ်၊ နေ့လည်စားစားချိန်နဲ့ ညစာစားချိန်တွေလည်း ပါပါတယ်” လို့ ဂရိမိခင်တစ်ဦးဖြစ်တဲ့ မာလီနာက ဖွင့်ဟခဲ့ပါတယ်။
    အဒဲလ်တို့အုပ်စုရဲ့ ဒီလှုပ်ရှားမှုမှာ အပြင်က စေတနာ့ဝန်ထမ်းတွေလည်းပါဝင်ပြီး ဂရိက ချို့တဲ့ကြသူတွေ ဘယ်နားမှာ ရှိနေတတ်လဲဆိုတာ ဒုက္ခသည်တွေက ပြောပြကြာတလို့လည်း စေတနာ့ဝန်ထမ်းတွေက ဆိုပါတယ်။
    “ဒီနားမှာ အိမ်ယာမဲ့မိသားစုတွေ နေထိုင်တယ်လို့ ဒီမှာ ကူညီနေတဲ့ ဒုက္ခသည်တစ်ယောက်က ပြောပြတာပါ။ လွန်ခဲ့တဲ့ ၉ လမှာ စပြီး ရောက်လာကတည်းက အိမ်ယာမဲ့ ဒုက္ခသည်တွေ၊ အိမ်ယာမဲ့ ဂရိတွေလို အကူအညီလိုအပ်နေသူတွေကို ရှာဖွေဖို့ သူက နေ့ဖက်မှာ ကူညီပေးခဲ့ပါတယ်” လို့ အဒဲလ်တို့အဖွဲ့မှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်နေသူ လူးဝစ် ဖိလစ်က ပြောကြားခဲ့ပါတယ်။
    ဂရိနိုင်ငံမြောက်ပိုင်းမှာ အပူချိန်ဟာ လက်ရှိအချိန်မှာ အနှုတ် ၁၀ လောက်ရှိနေတာကြောင့် အိမ်ယာမဲ့တွေအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပါတယ်။
    “လူကြည့်ပြီး လှူတာမဟုတ်ဘူးဗျ။ ကျွန်တော်က ဆီးရီးယားဒုက္ခသည်တစ်ယောက်။ သူတို့ ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ သူတို့လည်း လူသားတွေပဲလေ” လို့ အဒဲလ်က ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • ယူကေနိုင်ငံရေးတွင် အစ္စရေး၏ခြေရှုပ်မှုကို စစ်ဆေးရန် လေဘာပါတီခေါင်းဆောင် တောင်းဆို
    ယူကေနိုင်ငံရေးတွင် အစ္စရေး၏ခြေရှုပ်မှုကို စစ်ဆေးရန် လေဘာပါတီခေါင်းဆောင် တောင်းဆို
    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media
    ယူကေ လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကော်ရ်ဘန်
    – ယူကေနိုင်ငံရေးတွင် အစ္စရေး၏ ခြေရှုပ်မှုများကို အလ်ဂျာဇီးရားသတင်းဌာနက ဖွင့်ချခဲ့ပြီးနောက် ထိုကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ယူကေ လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကော်ရ်ဘန်က တောင်းဆိုလိုက်သည်။
    အလ်ဂျာဇီးရားမှာ ယခုတစ်ပတ်အစောပိုင်းက မာဆွတ်နှင့် ယူကေ အစိုးရ၀န်ထမ်းတစ်ဦးတို့ တွေ့ဆုံပြီး ဒုတိယနိုင်ငံခြားရေးဝန်ကြီးအား ဖြုတ်ချရန် တိုင်ပင်ဆွေးနွေးမှုကို လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးကာ ဖော်ထုတ်ခဲ့ပြီးနောက် ယူကေ နိုင်ငံရေးလောကတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
    အဆိုပါ ဖော်ထုတ်မှုမှာ The Lobby ဟု အမည်ပေးထားပြီး အပိုင်းလေးပိုင်းပါဝင်မည့် အလ်ဂျာဇီးရား၏ မှတ်တမ်းရုပ်ရှင်မှ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
    ယူကေနိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်က လန်ဒန်ရှိ အစ္စရေးသံရုံးမှ လုပ်ရပ်များမှာ ‘ပြီးဆုံးသွားသည့်ကိစ္စ’ ဟု ပြောဆိုသည်ကို မိမိအနေဖြင့် စိုးရိမ်မိပြီး ‘ထိုကိစ္စမှာ လုံးဝ အမျိုးသားလုံခြုံရေးကိစ္စဖြစ်သောကြောင့်’ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ၀န်ကြီးချုပ်ကို တိုက်တွန်းခဲ့သည်။
    “(စုံစမ်းစစ်ဆေးမှု ပြုလုပ်မှာသာ) အစိုးရအနေနဲ့ ဒါမျိုးလုပ်ရပ်တွေကို သည်းခံမှာမဟုတ်ဘူးဆိုတာ လွှတ်တော်နဲ့ ပြည်သူလူထုက ရှင်းရှင်းလင်းလင်းသိမှာပါ” ဟုလည်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
    အလ်ဂျာဇီးရား၏ ထိုဖွင့်ချမှု ထွက်ပေါ်လာပြီးနောက် မာဆွတ်မှာ ယခုသီတင်းပတ် အစောပိုင်းတွင် ရာထူးက နှုတ်ထွက်သွားခဲ့ပြီး၊ လန်ဒန်ရှိ အစ္စရေးသံရုံးကလည်း ထိုလုပ်ရပ်အတွက် တောင်းပန်ခဲ့သည်။
    Ref: Aljazeera