News @ M-Media

ယူကေနိုင်ငံရေးတွင် အစ္စရေး၏ခြေရှုပ်မှုကို စစ်ဆေးရန် လေဘာပါတီခေါင်းဆောင် တောင်းဆို

ဇန်န၀ါရီ ၁၄၊ ၂၀၁၇
M-Media

ယူကေ လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကော်ရ်ဘန်

– ယူကေနိုင်ငံရေးတွင် အစ္စရေး၏ ခြေရှုပ်မှုများကို အလ်ဂျာဇီးရားသတင်းဌာနက ဖွင့်ချခဲ့ပြီးနောက် ထိုကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ယူကေ လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကော်ရ်ဘန်က တောင်းဆိုလိုက်သည်။

ဝန်ကြီးချုပ် ထရီဇာမေထံသို့ ယမန်နေ့ကပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ကော်ရ်ဘန်က ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ယူကေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးအား ဖြုတ်ချရန် ကြံစည်ခဲ့သည့် လန်ဒန်အစ္စရေးသံရုံးမှ သံတမန် ရှီအာ မာဆွတ်၏ လုပ်ရပ်မှာ ‘နိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ်တွင် မလျော်ကန်သည့် ကြားဝင်နှောက်ယှက်မှု’ ဟု ကင်ပွန်းတပ်ခဲ့သည်။

အလ်ဂျာဇီးရားမှာ ယခုတစ်ပတ်အစောပိုင်းက မာဆွတ်နှင့် ယူကေ အစိုးရ၀န်ထမ်းတစ်ဦးတို့ တွေ့ဆုံပြီး ဒုတိယနိုင်ငံခြားရေးဝန်ကြီးအား ဖြုတ်ချရန် တိုင်ပင်ဆွေးနွေးမှုကို လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးကာ ဖော်ထုတ်ခဲ့ပြီးနောက် ယူကေ နိုင်ငံရေးလောကတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

အဆိုပါ ဖော်ထုတ်မှုမှာ The Lobby ဟု အမည်ပေးထားပြီး အပိုင်းလေးပိုင်းပါဝင်မည့် အလ်ဂျာဇီးရား၏ မှတ်တမ်းရုပ်ရှင်မှ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

ယူကေနိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်က လန်ဒန်ရှိ အစ္စရေးသံရုံးမှ လုပ်ရပ်များမှာ ‘ပြီးဆုံးသွားသည့်ကိစ္စ’ ဟု ပြောဆိုသည်ကို မိမိအနေဖြင့် စိုးရိမ်မိပြီး ‘ထိုကိစ္စမှာ လုံးဝ အမျိုးသားလုံခြုံရေးကိစ္စဖြစ်သောကြောင့်’ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ၀န်ကြီးချုပ်ကို တိုက်တွန်းခဲ့သည်။

“(စုံစမ်းစစ်ဆေးမှု ပြုလုပ်မှာသာ) အစိုးရအနေနဲ့ ဒါမျိုးလုပ်ရပ်တွေကို သည်းခံမှာမဟုတ်ဘူးဆိုတာ လွှတ်တော်နဲ့ ပြည်သူလူထုက ရှင်းရှင်းလင်းလင်းသိမှာပါ” ဟုလည်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

အလ်ဂျာဇီးရား၏ ထိုဖွင့်ချမှု ထွက်ပေါ်လာပြီးနောက် မာဆွတ်မှာ ယခုသီတင်းပတ် အစောပိုင်းတွင် ရာထူးက နှုတ်ထွက်သွားခဲ့ပြီး၊ လန်ဒန်ရှိ အစ္စရေးသံရုံးကလည်း ထိုလုပ်ရပ်အတွက် တောင်းပန်ခဲ့သည်။

Ref: Aljazeera