News @ M-Media

Blog

  • သဘာဝပတ်ဝန်းကျင်ရဲတပ်ဖွဲ့ တရုတ် ဖွဲ့စည်းမည်

    သဘာဝပတ်ဝန်းကျင်ရဲတပ်ဖွဲ့ တရုတ် ဖွဲ့စည်းမည်

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    china

    – နိုင်ငံအတွင်း ဆိုးရွားသောလေထုညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းရေး တစ်စိတ်တစ်ပိုင်းအဖြစ် မြို့တော်ဘေးဂျင်း၏ လေထုညစ်ညမ်းမှု ကန့်သတ်ချက်များ လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ရန်အတွက် ‘သဘာဝပတ်ဝန်းကျင် ရဲတပ်ဖွဲ့’ ကို ဖွဲ့စည်းမည်ဟု တရုတ်က ကြေငြာလိုက်သည်။

    အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ ဒုတိယအကြီးအကဲဖြစ်ပြီး ဘေဂျင်းမြို့တော်ဝန်လည်းဖြစ်သူ ကျိုင်းကျီက ယမန်နေ့တွင် ထိုကဲ့သို့ ကြေငြာလိုက်ခြင်းဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန်နှင့် ကာလကြာရှည်စွာ ဖြစ်ပွားခဲ့သည့် လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းတိုက်ဖျက်ရန်အတွက် မြို့၏ ခရိုင်ပေါင်း ၁၆ ခုတွင် ပိုမိုတင်းကျပ်သော ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဟုလည်း ဆိုသည်။

    “လမ်းဘေး အကင်ဆိုင်တွေ၊ အမှိုက်မီးရှို့တာတွေ၊ ဇီဝဒြပ်ထု မီးရှို့တာတွေနဲ့ ကားလမ်းတွေက အမှုန်တွေလို တားမြစ်ချက်တွေနဲ့ မကိုက်ညီတဲ့ ကိစ္စတွေဟာ ကြီးကြပ်မှုနဲ့ တရားဥပဒေ အားနည်းမှုကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ တစ်ချို့တွေလိုပဲ ကျွန်တော်ကိုယ်တိုင်လည်း မနက်မိုးလင်းတာနဲ့ ရာသီဥတု၊ လေထုအရည်အသွေးအညွှန်းကိန်းတွေကို စစ်ဆေးလေ့ ရှိပါတယ်။ လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ စိုးရိမ်မှု၊ တိုင်ကြားမှုတွေကို ကျွန်
    တော် လုံးဝ နားလည်ပါတယ်” ဟု မြို့တော်ဝန်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အိမ်နီးချင်းပြည်နယ်များဖြစ်သော ဟီဘေး၊ တန်ဂျင်းပြည်နယ်တို့နှင့်လည်း ယခုကိစ္စကို ပိုမိုပူးပေါငးဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ အမျာဆုံး ထုတ်လွှတ်သော တရုတ်နိုင်ငံမှာ ပြီးခဲ့သည့်နှစ်များအတွင်း လေထု ညစ်ညမ်းမှုကို တိုက်ဖျက်ရန် သိသိသာသာ ဆောင်ရွက်လာရပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ၊ လေထုညစ်ညမ်းမှုများပြားသော စက်ရုံများကို ပိတ်ပစ်ခြင်း၊ ယာဉ်အသွားအလာ ကန့်သတ်ခြင်းတို့ ပြုလုပ်ခဲ့ရသည်။

    Ref : Aljazeera

  • အာဏာရှင်ရှားဘုရင်ကို ဖြုတ်ချရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ အီရန်ခေါင်းဆောင်တစ်ဦး ကွယ်လွန်

    အာဏာရှင်ရှားဘုရင်ကို ဖြုတ်ချရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ အီရန်ခေါင်းဆောင်တစ်ဦး ကွယ်လွန်

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    ကွယ်လွန်သွားခဲ့သည့် အိရန်သမ္မတဟောင်း အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီ

    – အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့ပြီး အီရန် အစ္စလာမ့်သမ္မတနိုင်ငံ ထူထောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီမှာ ယမန်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    အသက် ၈၂ နှစ်အရွယ်ရှိ ရက်ဖ်ဆန်ဂျာနီမှာ ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အီရန်သမ္မတအဖြစ်လည်း တာဝန်ထမ်းဆာင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတော် အကြံပေးကောင်စီဖြစ်သော Expediency Council တွင် ဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

    ၎င်းမှာ တနင်္ဂနွေနေ့မနက်ပိုင်းက နှလုံးရောဂါခံစားခဲ့ရပြီနောက် ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။

    ရက်ဖ်ဆန်ဂျာနီကွယ်လွန်မှုမှာ တိုင်းပြည်အတွင်း ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်ဟု အီရန်အာဏာပိုင်များက ပြောကြားခဲ့သည်။

    ကွယ်လွန်သည်ဟု သတင်းထွက်ပေါ်လာပြီးနောက် အီရန်ပြည်သူမျာကလည်း တီဟီရန်မြို့ တက်ဂ်ျရစ်ရှ်ရပ်ကွက်ရှိ ရက်ဖ်ဆန်ဂျာနီ၏ ရုပ်ကလပ်ထားရှိရာ ဆေးရုံအပြင်ဘက်တွင် စုရုံးခဲ့ကြသည်။

    အီရန်နိုင်ငံတောင်ပိုင်း Nough ရွာတွင် ချမ်းသာသော မိသားစုမှ ၁၉၃၄ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် မွေးဖွားလာသည့် အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီမှာ ဘသာရေးဆိုင်ရာ ပညာရပ်ကို နာမည်ကျော် ကွမ်မြို့တွင် သင်ယူခဲ့ပြီး အာဏာရှင် ရှားဘုရင်က ၁၉၆၃ ခုနှစ်တွင် အစ္စလာမ့်မစ်တော်လှန်ရေးခေါင်ဆောင် အယာတိုလာ ရူဟွလ္လာဟ် ခိုမေနီအား ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးလောကထဲသို့ ၀င်ရောက်လာခဲ့သည်။

    နောက်ပိုင်းတွင် အဓိပတိ ခိုမေနီ၏ လက်ရုံးတစ်ဆူ ဖြစ်လာခဲ့ပြီး ခိုမေနီကွယ်လွန်ချိန် ၁၉၈၉ ခုနှစ်အထိ လွှတ်တော်ဥက္ကဌအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ဆောင်ရွက်ခဲ့သည်။

    “လွန်ခဲ့တဲ့ ၅၉ နှစ်အရင်ကတည်းက ကျွန်တော်နဲ့အတူ ရုန်ကန်ခဲ့တဲ့ ရဲဖော်ရဲဖက်တစ်ယောက် ဆုံးရှုံးမှုအတွက် အလွန် ၀မ်းနည်းကြေကွဲရပါတယ်။ ဒီလို ရှည်လျားတဲ့ကာလမှာ ကျွန်တော်တို့အကြား အမြင်တွေ၊ သဘောထားတွေ မတူတာက ကျွန်တော်တို့ရဲ့ မိတ်ဆွေဖြစ်မှုကို ဖျက်ဆီးလို့ မရခဲ့ပါဘူး” ဟု လက်ရှိ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: Aljazeera

  • ကမ္ဘာကျော် မွတ်စလင် ကဗျာဆရာကြီး ရူမီအကြောင်း ဟောလီးဝုဒ်က ရုပ်ရှင်ရိုက်မည်

    ကမ္ဘာကျော် မွတ်စလင် ကဗျာဆရာကြီး ရူမီအကြောင်း ဟောလီးဝုဒ်က ရုပ်ရှင်ရိုက်မည်

    ဇန်ဝါရီ ၉၊ ၂၀၁၇
    M-Media

    rumi

    – ၁၃ ရာစုက နာမည်ကျော် မွတ်စလင် ဒဿန၊ ကဗျာနဲ့ စာပေညာရှင်ကြီး ဂျလာလွဒ်ဒင် အလ်ရူမီရဲ့ ဘ၀ဇာတ်ကြောင်းကို ရုပ်ရှင်ပြန်ရိုက်ဖို့ရှိနေပြီး၊ အော်စကာဆုရှင် မင်းသား လီယိုနာဒို ဒီကာပရီယိုကို ရူမီနေရာကနေ သရုပ်ဆောင်ခိုင်းဖို့ အစီအစဉ်လည်း ရှိနေပါတယ်။

    ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးဖို့ တာဝန်ယူထားတဲ့ အော်စကာဆုရ ဇာတ်ညွှန်းဆရာ ဒေးဗစ် ဖရန်ဇိုနီက ဒီရုပ်ရှင်ဟာ အနောက်တိုင်း ရုပ်ရှင်လောကမှာ မွတ်စလင်တွေ သမရိုးကျပုံဖော်ခံရမှုတွေကို စိန်ခေါ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

    “သူ (ရူမီ) က ရှိတ်စပီးယားလိုပဲဗျ။ အင်မတန် ပါရမီရင့်သန်ပြီး၊ သူ့ခေတ်သူ့အခါက လူ့အဖွဲ့အစည်းအတွက် အဖိုးတန်ရာနာ တစ်ပါးပါ။ ဒီနေ့ထက်ထိလည်း သူ့ရဲ့ လွှမ်းမိုးမှုက ရှိနေဆဲပါပဲ။ အဲဒီလိုလူမျိုးတွေကို ရှာဖွေဖော်ထုတ်ပေးရမှာပါ” လို့ ဖရန်ဇိုနီက ပြောကြားခဲ့ပါတယ်။

    ဖရန်ဇိုနီဟာ ၂၀၀၀ ခုနှစ်က နာမည်ကျော် Gladiator ဇာတ်လမ်းအတွက် ဇာတ်ညွှန်းရေးပေးခဲ့သူဖြစ်ပြီး၊ သူနဲ့ ထုတ်လုပ်သူ စတီဖန် ဂျိုအဲလ် ဘရောင်းတို့ဟာ ပြီးခဲ့တဲ့တစ်ပတ်က အစ္စတန်ဘူလ်မှာ ရူမီရေးရာ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ သူတို့တွေဟာ ကွန်ယာမှာရှိတဲ့ ရူမီရဲ့ ဂူဗိမာန်ကိုလည်း သွားရောက်ခဲ့ပါတယ်။ ရုပ်ရှင်ကိုတော့ လာမယ့်နှစ်မှာ စတင်ရိုက်ကူးမှာပါ။

    “သိပ် စိတ်လှုပ်ရှားစရာကောင်းတဲ့ စီမံကိန်းပါ။ စိန်ခေါ်မှုလည်း တော်တော်လေး ကြီးပါတယ်။ ဒီလို ရုပ်ရှင်မျိုးကို အခုလိုအချိန်မျိုးမှာ ရိုက်ကူးဖို့ဆိုတာ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ရူမီဟာ အမေရိကန်မှာ အင်မတန် နာမည်ကျော်နေတယ်ဆိုတာ ကမ္ဘာကြီးကို ပြောပြဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။ ဒီရုပ်ရှင်က ရူမီနဲ့ သူ့ရဲ့ ဘ၀အကြောင်း ဖော်ထုတ်ပေးမယ်လို့လည်း မျှော်လင့်ထားပါတယ်” လို့ ဖရန်ဇိုနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ရူမီဟာ ပါရှန် အစ္စလာမ့် နာမ်ပိုင်းဆိုင်ရာ ပညာရှင်ကြီး ရှမ်စ် အီ တဘ်ရစ်ဇ်နဲ့ သက္ကရာဇ် ၁၂၄၄ လောက်မှာ တွေ့ရှိ တပည့်ခံခဲ့တယ်လို့ သမိုင်းပညာရှင်တွေက လက်ခံထားကြပါတယ်။ ရှမ်စ် ရုတ်တရက်ပျောက်သွားတဲ့အချိန် စိတ်ထိခိုက်ခဲ့ရတဲ့ ရူမီဟာ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့ ကဗျာပေါင်းမြောက်များစွာ ရေးသားခဲ့ပြီး ကမ္ဘာကျော် ကဗျာတွေ ဖြစ်ခဲ့ပါတယ်။

    အဲဒီကဗျာတွေကို ဘာသာအမျိုးမျိုးပြန်ဆိုကာ ဒီနေ့ထက်တိုင် ကမ္ဘာပေါ်မှာ အကျော်အကြားဆုံး၊ အမေရိကန်မှာ ရောင်းအားအကောင်းဆုံး စာအုပ် ဖြစ်နေပါတယ်။

    ဖရန်ဇိုနီနဲ့ ဘရောင်းတို့က ရူမီနေရာမှာ လီယိုနာဒို ဒီကာပရီယိုကို သရုပ်ဆောင်ခိုင်းချင်နေပြီး၊ ရှမ်စ် အီ တဘ်ရစ်ဇ်ရဲ့ နေရာမှာတော့ ရောဘတ် ဒိုနေး ဂျေအာရ်ကို သရုပ်ဆောင်ဖို့ လျာထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီရုပ်ရှင်ဟာ ရူမီရဲ့ ရှမ်စ်နဲ့တွေ့ဆုံမှု၊ ရူမီရဲ့ အတွေးအခေါ် သွန်သင်မှုတွေအကြောင်းကို အဓိကထားမှာဖြစ်ပြီး၊ ရူမီရဲ့ သမီးဖြစ်သူ ကင်မ်ယာအကြောင်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    ဖရန်ဇိုနီရဲ့ ဘရောင်းတို့ကတော့ ရူမီရဲ့ ကဗျာတွေကို ချစ်မြတ်နိုးကြတဲ့ ဒီဘက်ခေတ် ပရိတ်သတ်တွေကို ရူမီရဲ့ ဘ၀အကြောင်း မိတ်ဆက်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီ ရူမီရုပ်ရှင်ကို ရိုက်ကူးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • ဖလော်ရီဒါလေဆိပ်တွင် ပစ်ခတ်ခဲ့သူမှာ စိတ်ရောဂါပြဿနာ ရှိနေ

    ဖလော်ရီဒါလေဆိပ်တွင် ပစ်ခတ်ခဲ့သူမှာ စိတ်ရောဂါပြဿနာ ရှိနေ

    ဇန်န၀ါရီ ၈၊ ၂၀၁၇
    M-Media

    san

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ Fort Lauderdale နိုင်ငံတကာလေဆိပ်တွင် သောကြာနေ့က လူအုပ်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာ စိတ်ရောဂါဖြစ်ပွားနေသူ စစ်သားဟောင်းဖြစ်ပြီး အမြင့်ဆုံး သေဒဏ်ကျခံရမည့် ပုဒ်မများဖြင့် တရားစွဲဆို ခံထားရသည်ဟု သိရသည်။

    ကျူးလွန်သူမှာ အသက် ၂၆ နှစ်အရွယ်ရှိ အက်စ်တီဘန် ဆန်တီယာဂိုဆိုသူဖြစ်ပြီး ပစ်ခတ်မှုအတွင်း လူ ၅ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ အလာစကာမှ Fort Lauderdale လေဆိပ်အထိ လာရောက်ကာ ပြစ်မှုကျူးလွန်ခဲ့သော ဆန်တီယာဂိုကို စနနေ့တွင် တရားစွဲခဲ့ကာ တနင်္လာနေ့တွင် ပထမဆုံး ကြားနာမည်ဖြစ်သည်။

    ၎င်းမှာ ပေါ်တိုရီကိုနှင့် အလာစကာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး ၂၀၁၀ ခုနှစ် ဧပြီလမှ၊ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွက် အီရတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့ကာ သြဂုတ်လတွင်မူ စစ်မှုထမ်းသက် ကုန်ဆုံးခဲ့သည်။ တိုက်ခိုက်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ထိုအထဲတွင် အကြမ်းဖက်ဝါဒကြောင့်ဆိုသည့် ဖြစ်နိုင်ချေကိုလည်း ထည့်သွင်းထားသည်ဟု FBI အထူးအေးဂျင့် ဂျော့ဂ်ျ ပီရိုက ပြောကြားခဲ့သည်။

    အဒေါ်ဖြစ်သူ မာရီယာ လူအီဆာ ရူအစ်ဇ်က လသားအရွယ် ကလေးတစ်ဦး၏ ဖခင်ဖြစ်သူ ဆန်တီယာဂိုမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့သည်။

    “လွန်ခဲ့တဲ့ တစ်လလောက်ကဆို သူ့စိတ်ဟာ ဂနာမငြိမ်ပါဘူး။ အရာဝတ္တုတွေကို မြင်နေရတယ်လို့ ပြောပါတယ်”

    နိုဝင်ဘာ ၇ ရက်နေ့ကလည်း အန်ခိုရေ့ဂ်ျမြို့ရှိ FBI ၏ ရုံးခန်းကို သွားရောက်၍ မိမိမှာ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ၏ ထိန်းချုပ်မှုကို ခံထားရပြီး၊ ထိုအေဂျင်စီများက IS ၏ ဗီဒီယိုကို ကြည့်ရှုရန် ဖိအားပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထို့ကြောင့် FBI အေးဂျင့်များက သက်ဆိုင်ဒေသန္တရ ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ကာ ဆန်တီယာဂိုကို စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ကြသည်။

    အန်ခိုရေ့ဂ်ျ ရဲချုပ် ခရစ္စတိုဖာ တိုလေးကမူ ဆန်တီယာဂိုမှာ ၎င်း၏ ကလေးနှင့် သေနတ်ကို ကားထဲတွင် ထားခဲ့ကာ ကျည်အပြည့်ထားထားသည့် ကျပ်ကပ်ဖြင့် FBI ရုံးခန်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က ၎င်း၏ သေနတ်ကို ထိုအချိန်က သိမ်းဆည်းခဲ့သော်လည်း ဒီဇင်ဘာ ၈ ရက်နေ့တွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    ညီဖြစ်သူ ဘရိုင်ယန်က စိတ်ကျန်းမာရေးဆေးရုံ ၄ ရက် တက်ခဲ့ရသည့် ဆန်တီယာဂိုအား ရဲတပ်ဖွဲ့က ပြန်လွှတ်မှုကို ဝေဖန်ခဲ့သည်။

    “အခုအချိန်မှာ စစ်ပွဲက ပြန်လာတဲ့လူတိုင်းက ဒီလိုပဲ ဖြစ်နေကြတယ်ဗျ။ တစ်ချို့ကတော့ ပြန်ကောင်းလာတယ်။ တစ်ချို့တွေကျတော့လည်း သိပ် ဆိုးဆိုးဝါးဝါးကြီး မဟုတ်ပါဘူး”

    Ref: Aljazeera

  • မြန်​မာတန်​ဖိုး (သို့မဟုတ်)​ Multiculturalism

    မြန်​မာတန်​ဖိုး (သို့မဟုတ်)​ Multiculturalism

    ဇန်နဝါရီ ၈ ၊ ၂၀၁၇
    ရေးသူ-ကိုသက် (ရွေးလက်ယာ)

    15826863_10206588371108521_788427669623883645_n
    အမရပူရရှိ အစ္စလာမ်ဘာသာရေးအဆောက်အအုံ (ညာ)၊ ဗုဒ္ဓဘာသာအဆောက်အအုံ (ဘယ်) မြင်ကွင်းကျယ်ပုံ Photo Source Wikipedia

    မြန်မာဘုရင်တွေဟာ ဗုဒ္ဓသာသနာတော်ကိုလည်း အစွမ်းကုန် ချီးမြှင့်မြောက်စားကြသလို ခရစ်ယာန်၊ အစ္စလာမ်စတဲ့ ဘာသာဝင်တွေကိုလည်း ပြစ်မထားဘဲ ချီးမြှင့်ပေးတာ ကာကွယ်စောင့်ရှောက်ပေးတာတွေ သမိုင်းမှာအထင်အရှားရှိပါတယ်။.

    ခေတ်သစ်နိုင်ငံရေး သီအိုရီတွေမှာ ပြောနေ ရေးနေတဲ့ Multiculturalism ဆိုတာ ၁၉၇၀ ၀န်းကျင် မှ အနောက်တိုင်းအစိုးရတွေက တရားဝင်ပေါ်လစီ အဖြစ် စကျင့်ခဲ့တာပါ။ ဒါပေမယ် မြန်မာတွေကတော့ ဟိုးနှစ်ပေါင်းရာချီကတည်းကကျင့် သုံးခဲ့တာပါ..

    ကွဲပြားခြားနားတဲ့ လူမျိုး ဘာသာရေး ဓလေ့ထုံစံတွေကို ထိန်းသိမ်းရှင်သန်ခွင့်ပေးတဲ့ Multiculturalism ဆိုတာ မြန်မာ့တန်ဖိုးလို့ ပြောရင်မှားမယ်မထင်ပါဘူး…

    ဆဌသံဃာယနာ တင်တော်မူခဲ့တဲ့ မင်းတုန်းမင်းတရားကြီးရဲ့ လူနည်းစုရေးရာတွေ အပေါ်အလေးထားပုံကိုက တူမတူအောင် စံပြုထိုက်ပါတယ်။

    .သူအုပ်ချုပ်ရာနယ်ပယ်တွင်းမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ တရုတ်ဘုရားကျောင်း ၊ အစ္စလာမ်ဝတ်ပြုဗလီတွေကို ဆောက်လုပ်ခွင့်ပေးရုံတင် မဟုတ်ဘဲ ငွေကြေးများပင် လိုအပ်တဲ့ ဆပ်ကပ် လှူဒါန်းခဲ့ ပါတယ်။ ဒီလိုဘာသာရေး အဆောက်အအုံများတင်မက ဒီဘာသာတရားတွေကို ကိုးကွယ်ကြတဲ့ပြည်သူတွေကို ၀န်ဆောင်နိုင်ဖို့ အုပ်ချုပ်ရေးဆိုင်ရာ သီးခြား အရာရှိတွေခန့်ထားပေးခဲ့တာအထင်အရှားပါ..

    ကုလားဝန် ပုဏ္ဏားဝန် တရုတ်ဝန် တွေကို ခန့်ထားပြီး လူနည်းစုတွေရဲ့အသံထုတ်နိုင်အောင် လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်အောင် ခန့်ထားခဲ့ပါတယ် ။

    ကုလားဝန်ဆိုရင်လည်း အစ္စလာမ်ဘာသာဝင်ပသီ ကုလား တို့ လူဦးရေ ကုန်သည် မင်းမှုထမ်း စတဲ့စာရင်းထိန်းသိမ်းရပါတယ် ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေ အခွန်တော်ကိစ္စတွေ ကိုလုပ်ကိုင်ပေးရပါတယ်  ဘာသာရေးပွဲလမ်းသဘင်တွေ ကျင့်သုံး ကျင်းပနိုင်ဖို့ကိုလည်း စီမံရပါတယ် ဥပမာ အားဖြင့် နိုင်ငံတွင်းလှည့်လည် အန္တရယ်ကင်းဆုတောင်းတာ တမန်တော်နေ့အခါသမယ မှာ စုရုံးဟောပြောတာ တွေကို ကြီးကြပ် စီမံပေးရပါတယ်။ ဒါတွေက မြနိမာမင်းတွေရဲ့ လူနည်းစုတွေအပေါ်ထားရှိတဲ့ စံပြမြန်မာတန်ဖိုးတွေထဲက အနည်းငယ်မျှဖြစိပါတယ်

    ဒီလိုအစဉ်အလာကြီးတဲ့မြန်မာတန်ဖိုးတွေ ပိုင်ဆိုင်ထားတဲ့ပေမယ့်လည်း လူနည်းစုဘာသာဝင်တွေ အပေါ် သဘောထား ကျဉ်းမြောင်း အုပ်စုဖွဲ့ မာန်ဖီတက်တဲ့ အုပ်စုတွေ ၂၀၁၂ ကစပြီး ပေါ်လာခဲ့ပါတယ်။ ၂၀၁၇ ဇန်နဝါရီ ၆ ရက် ၈ ရက်နေ့တွေမှာ သာကေတ၊ ဗိုလ်တထောင်မြို့နယ်တွေကရှေးမူ မပျက် ကျင်းပနေတဲ့ တမန်တော်နေ့တွေကို လူအုပ်စုတစု ၀င်ရောက်နှောက်ယှက်ကြတယ်။ ဘာသာသာသနာစောင့်ရှောက် ချစ်မြတ်နိုးတာ ဘာညာကြွေးကြော်ကြပေမယ့် သူတို့ရဲ့ လုပ်ရပ်က မြန်မာ ဘုရင်တွေ ရဲ့ဘာသာမတူတွေအပေါ်ထားတဲ့ သဘောထားနဲ့ယှဉ်ကြည့်တဲ့ အခါ တကယ့်ကိုအစွန်းရောက်နေတာ ပေါ်လွင်ပါတယ်။ သူတို့လုပ်ရပ်က အတော့်ကို ရုပ်ဆိုအကျဉ်းတန်လှသလို အစဉ်အလာကြီးတဲ့မြန်မာ့တန်ဖိုးကို ပြယ်ရယ်ပြုနေတာပါ။

    ပြည်သူတွေအနေနဲ့ကလည်း အစဉ်အလာကြီးမားတဲ့ မြနိမာတန်ဖိုးတွေကို ပြန်လည်ဖော်ထုတ်ပြီး ဘာသာရေးအစွန်းရောက်အုပ်စုတွေကို ၀ိုင်းကြဉ်သင့်ချိန်တန်ပါပြီ။

    နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နိုငိငံတော်သမ္မတ ဦးထင်ကျော် ပြည်ထောင်စုကြီး သူရဦးအောင်ကိုအနေနဲ့လည်း ဒီလိုမငိးတုန်းမင်းတရားကြီးရဲ့  လူနညိးစုဘာသာဝင်တွေအပေါ် ထားရှိတဲ့ စံပြအပြူအမူတွေကို ပြန်လည်ကျင့်သုံးပြပြီးကျွန်တော်တို့ ရဲ့ မြန်မာ့တန်ဖိုးတခုကို ကို ပြန်ထိန်းသိမ်းစေချင်ပါတယ်။

    ကိုးကား မြကေတု နန်းဓလေ့မှတ်တမ်းများ