News @ M-Media

အာဏာရှင်ရှားဘုရင်ကို ဖြုတ်ချရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ အီရန်ခေါင်းဆောင်တစ်ဦး ကွယ်လွန်

ဇန်န၀ါရီ ၉၊ ၂၀၁၇
M-Media

ကွယ်လွန်သွားခဲ့သည့် အိရန်သမ္မတဟောင်း အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီ

– အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့ပြီး အီရန် အစ္စလာမ့်သမ္မတနိုင်ငံ ထူထောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီမှာ ယမန်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

အသက် ၈၂ နှစ်အရွယ်ရှိ ရက်ဖ်ဆန်ဂျာနီမှာ ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အီရန်သမ္မတအဖြစ်လည်း တာဝန်ထမ်းဆာင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတော် အကြံပေးကောင်စီဖြစ်သော Expediency Council တွင် ဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

၎င်းမှာ တနင်္ဂနွေနေ့မနက်ပိုင်းက နှလုံးရောဂါခံစားခဲ့ရပြီနောက် ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။

ရက်ဖ်ဆန်ဂျာနီကွယ်လွန်မှုမှာ တိုင်းပြည်အတွင်း ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်ဟု အီရန်အာဏာပိုင်များက ပြောကြားခဲ့သည်။

ကွယ်လွန်သည်ဟု သတင်းထွက်ပေါ်လာပြီးနောက် အီရန်ပြည်သူမျာကလည်း တီဟီရန်မြို့ တက်ဂ်ျရစ်ရှ်ရပ်ကွက်ရှိ ရက်ဖ်ဆန်ဂျာနီ၏ ရုပ်ကလပ်ထားရှိရာ ဆေးရုံအပြင်ဘက်တွင် စုရုံးခဲ့ကြသည်။

အီရန်နိုင်ငံတောင်ပိုင်း Nough ရွာတွင် ချမ်းသာသော မိသားစုမှ ၁၉၃၄ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် မွေးဖွားလာသည့် အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီမှာ ဘသာရေးဆိုင်ရာ ပညာရပ်ကို နာမည်ကျော် ကွမ်မြို့တွင် သင်ယူခဲ့ပြီး အာဏာရှင် ရှားဘုရင်က ၁၉၆၃ ခုနှစ်တွင် အစ္စလာမ့်မစ်တော်လှန်ရေးခေါင်ဆောင် အယာတိုလာ ရူဟွလ္လာဟ် ခိုမေနီအား ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးလောကထဲသို့ ၀င်ရောက်လာခဲ့သည်။

နောက်ပိုင်းတွင် အဓိပတိ ခိုမေနီ၏ လက်ရုံးတစ်ဆူ ဖြစ်လာခဲ့ပြီး ခိုမေနီကွယ်လွန်ချိန် ၁၉၈၉ ခုနှစ်အထိ လွှတ်တော်ဥက္ကဌအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ဆောင်ရွက်ခဲ့သည်။

“လွန်ခဲ့တဲ့ ၅၉ နှစ်အရင်ကတည်းက ကျွန်တော်နဲ့အတူ ရုန်ကန်ခဲ့တဲ့ ရဲဖော်ရဲဖက်တစ်ယောက် ဆုံးရှုံးမှုအတွက် အလွန် ၀မ်းနည်းကြေကွဲရပါတယ်။ ဒီလို ရှည်လျားတဲ့ကာလမှာ ကျွန်တော်တို့အကြား အမြင်တွေ၊ သဘောထားတွေ မတူတာက ကျွန်တော်တို့ရဲ့ မိတ်ဆွေဖြစ်မှုကို ဖျက်ဆီးလို့ မရခဲ့ပါဘူး” ဟု လက်ရှိ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

Ref: Aljazeera