News @ M-Media

Blog

  • ပါကစ္စတန်မှ နာမည်ကျော် လက်ဖက်ရည်အဖျော်ဆရာ ရုပ်ရှင်ရိုက်ကူးတော့မည်

    ပါကစ္စတန်မှ နာမည်ကျော် လက်ဖက်ရည်အဖျော်ဆရာ ရုပ်ရှင်ရိုက်ကူးတော့မည်

    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media

    khan-2

    – လက်ဖက်ရည်အဖျော်ဆရာအဖြစ်ကနေ ခန့်ညားတဲ့ ရုပ်ဆင်းသွင်ပြင်ကြောင့် တစ်မဟုတ်ချင်း အွန်လိုင်းဆယ်လီဖြစ်လာတဲ့ ပါကစ္စတန်က အာရ်ရှဒ်ခန်းတစ်ယောက် ရုပ်ရှင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

    Kabeer လို့ခေါ်တဲ့ ရုပ်ရှင်ဖြစ်ပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အရွယ် ခန်းဟာ မင်းသားရဲ့ ညီအဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်အတွက် ဒူဘိုင်းနဲ့ အင်္ဂလန်တို့ကို ခန်းတစ်ယောက် မကြာမီ သွားရောက်မှာပါ။

    “ဒီကားထဲက ဇာတ်ရုပ်တော်တော်များများအတွက် ကျွန်တော့်ကို ကမ်းလှမ်းပေမယ့် မင်းသားရဲ့ ညီနေရာက ကျွန်တော့်ပုံစံနဲ့ အဆင်ပြေဆုံးလို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော့်ဇာတ်ရုပ်က ဒီကားမှာ အင်မတန်အရေးကြီးပါတယ်။ အနုပညာကြေးကိုလည်း တော်တော်ပေးတယ်ဗျ။ ဒါပေမယ့် ဘယ်လောက်လည်းဆိုတာကိုတော့ အခု ကျွန်တော် မပြောရဲပါဘူး။ တစ်ခုသေချာတာက ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်အတွက် ဒူဘိုင်းနဲ့ အင်္ဂလန်ကို သွားရမယ် ဆိုတာပါပဲ” လို့ ခန်းက ပြောကြားခဲ့ပါတယ်။

    အာရ်ရှဒ်ခန်းဟာ ပါကစ္စတန်ကဈေးတစ်ခုမှာ ၄ နှစ်လောက် လက်ဖက်ရည်ရောင်းခဲ့ရတာဖြစ်ပြီး၊ သူ့ရဲ့ ထူးခြားတဲ့ ရုပ်ဆင်းသွင်ပြင်ကို ဂျာနယ်လစ်တစ်ယောက်က ဓာတ်ပုံရိုက်ကူးကာ အွန်လိုင်းမှာ လွှင့်တင်ခဲ့ပြီးတဲ့နောက်ပိုင်း နာမည်ကျော်လာတာဖြစ်ပါတယ်။

    Ref: Arabnews

  • မည်သည့်ကွန်ပျူတာမှ မလုံခြုံဟု ထရမ့်ပြော

    မည်သည့်ကွန်ပျူတာမှ မလုံခြုံဟု ထရမ့်ပြော

    ဇန်န၀ါရီ ၂၊ ၂၀၁၇
    M-Media

    trump

    – မိမိအနေဖြင့် ဆိုက်ဘာဖောက်ထွင်းမှုအကြောင်းကို ကောင်းကောင်းနားလည်ထားပြီး မည်သည့် ကွန်ပျူတာမှ လုံခြုံမှုမရှိဟု ယခုလအတွင်း အာဏာရယူတော့မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

    နှစ်သစ်ကူးအကြို သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုမှတ်ချက်က ၎င်း၏ အစိုးရသစ် အသုံးပြုရမည့် အွန်လိုင်းဆက်သွယ်ရေးနှင့်ပတ်သက်၍ သံသယကို ဖော်ပြလိုက်ခြင်းလည်းဖြစ်သည်။

    “သိပ်အရေးကြီးတဲ့ဟာဆိုရင် စာရွက်ထဲမှာရေးချ။ ပြီးရင် နည်းလမ်းဟောင်းလို စာပို့ဝန်ဆောင်မှုနဲ့ ပို့ပါ။ ဘာ့ကြောင့်လည်းဆိုတော့ ဘယ်ကွန်ပျူတာမှ မလုံခြုံဖူးဗျ” ဟု ထရမ့်က ပြောကြားခဲ့သည်။

    နိုဝင်ဘာက ပြုလုပ်ခဲ့သည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားဟက်ကာများက လွှမ်းမိုးမှုရှိခဲ့သည်ဆိုသည့် အမေရိကန် ထောက်လှမ်းရေးအဖွဲ့များ၏ စွပ်စွဲချက်များကိုလည်း ထရမ့်က ထပ်မံငြင်းဆိုခဲ့သည်။

    အမေရိကန်သမ္မတ ဘာရက်အိုဘားမားကမူ ရုရှား၏ ထောက်လှမ်းရေးအေဂျင်စီများအပေါ် ပိတ်ဆို့မှုပြုလုပ်ရန် ပြီးခဲ့သည့်တစ်ပတ်က အမိန့်ပေးခဲ့ပြီး ရုရှားနှင့်သက်ဆိုင်သည့် အဆောက်အဦးနှစ်ခုကိုလည်း ပိတ်ပစ်ခဲ့သည်။ ထို့ပြင် ထောက်လှမ်းရေးများဟု စွပ်စွဲကာ ရုရှားသံတမန် ၃၅ ဦးကိုလည်း နှင်ထုတ်ခဲ့သည်။ သို့သော်လည်း ရုရှားကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုထားသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ထရမ့်မှာ ထောက်လှမ်းတာဝန်ရှိသူများနှင့် မကြာမီတွေ့ဆုံရန် ရှိနေသည်။

    Ref: Aljazeera

  • အာရဘီစကားကို မိခင်ဘာသာ စကားကဲ့သို့ ကျွမ်းကျင်တဲ့ တရုတ်အမျိုးသမီး

    အာရဘီစကားကို မိခင်ဘာသာ စကားကဲ့သို့ ကျွမ်းကျင်တဲ့ တရုတ်အမျိုးသမီး

    ဇန်နဝါရီ ၂ ၊ ၂၀၁၇
    M-Media

    be621ddc-ba0c-4b99-967f-2cb46d50e2a5_16x9_788x442
    ဆော်ဒီနိုင်ငံဖွား တရုတ်အမျိုးသမီးတစ်ဦးသည် တရုတ်နှင့် အာရပ်လူမျိုးတို့အား အရေး၊ အဖတ်၊ အပြော သင်ကြားခြင်းဖြင့် အာရဘီဘာသာစကားကို အသက်သွင်းလျက်ရှိသည်။

    ဟိုင်နန်ပြည်နယ် တောင်ဖက်စွန်းဒေသ တရုတ်မွတ်စ်လင်မ်မိဘနှစ်ပါးမှ မွေးဖွားလာသူ အိုင်ယာစအီးဒ်သည် သူမ၏မိသားစု ကူဝိတ်သို့ မပြောင်းရွှေ့မီ ဆော်ဒီအာရေဗျတွင် ကြီးပြင်းခဲ့သည်။ ယခုအခါ သူမသည် ကူဝိတ်တွင် စာသင်ကြားသူအဖြစ် လုပ်ကိုင်နေသည်။

    “ကျွန်မရဲ့မိဘတွေက ကျွန်မတို့ကို ကျမ်းမြတ်ကုရ်အာန် သင်ပေးနေစဉ်မှာ ကျွန်မ အာရဘီဘာသာစကားကို စတင် လေ့လာခဲ့တယ်။ နှစ်အတန်ကြာအောင် ကျွန်မဟာ ဒီဘာသာစကားထဲ မွေ့လျော်နေခဲ့တယ်။ အခုဆိုရင် အာရပ်နဲ့ တရုတ်ကျောင်းသူကျောင်းသား နှစ်မျိုးစလုံးကို ပြန်လည်သင်ကြားပေးနေပါတယ်” ဟု သူမက Al Arabiya’s morning show သို့ ပြောပြသည်။

    နွေရာသီကာလအတွင်း အိုင်ယဟ်သည် တရုတ်ပြည်သို့သွားရောက်ကာ အာရပ်ဒေသနှင့်ပတ်သက်၍ စိတ်ဝင်စားသူများအား ယင်းဘာသာစကားကို သင်ကြားပေးလေ့ရှိ၏။ နိုင်ငံရပ်ခြားကျောင်းသားများက ဤဘာသာစကားကို လေ့လာခြင်း၌ ပိုမိုအလေးထားကြောင်းကို “သူတို့ဟာ ဒီဘာသာစကားအပေါ် မဖော်ပြနိုင်လောက်အောင် စိတ်အားထက်သန်ကြတယ်။ ဘယ်လောက်အထိလဲဆိုရင် စကားလုံးတစ်လုံးချင်းစီရဲ့ အသံထွက်ကို အတိအကျ ရအောင် လေ့လာခြင်းမှာ စိတ်ပါဝင်စားမှု ရှိနေပါတယ်” ဟု သူမက ဆိုသည်။

    အာရဘီဘာသာစကားကို ပြေပြစ်ကျနစွာ ပြောဆိုနိုင်သော နိုင်ငံခြားသားတစ်ဦးအား ရှာတွေ့နိုင်ဖို့ ခက်ခဲလွန်းလှသည်။ ယခုသော် ကူဝိတ်ပြည်သူ့ကျောင်းများတွင် ၎င်းတို့၏မိခင်ဘာသာစကားကို တရုတ်အမျိုးသမီးတစ်ဦးက သင်ကြားပေးနေလေပြီ။

    “စလျှင်စချင်း ကျွန်မရဲ့ ကျောင်းသူငယ်လေးတွေက ကျွန်မလို ပုံသဏ္ဍာန်နဲ့ အာရဘစ်ကို ပြောဆိုနေတာတွေ့တော့ တော်တော် လန့်ဖျပ်သွားကြတယ်လေ” ဟု အလ်အာရေဗီးယားသတင်းဋ္ဌာနအား ကူဝိတ်လေသံသုံးကာ အာရဘီစကားဖြင့် ကျနသေသပ်စွာ ပြောကြားသည်။

    သူမ၏လေယူလေသိမ်းအကြောင်း မေးမြန်းသောအခါ သူမသည် ဘာသာစကားအသုံးအနှုန်းနှင့် ၎င်း၏နောက်ကွယ်မှ အယူအဆများအား အထူးအာရုံစိုက်လေ့လာ မပျက်ကြောင်း ရှင်းပြ၏။

    “ကျွန်မ ရောက်နေတဲ့ ဘယ်အသိုင်းအ၀ိုင်းမှာဖြစ်စေ အာရဘီဘာသာစကားကို အသုံးပြုဖို့၊ လေ့ကျင့်ဖို့ အရေးကြီးတဲ့အကြောင်း ကျွန်မ အမြဲနှလုံးသွင်းပါတယ်။ တရုတ်ပြည်ကလေဆိပ်တစ်ခုမှာ ခရီးသွားအစီအစဉ်နဲ့ပတ်သက်လို့ အခက်အခဲတစ်ချို့ဖြစ်နေတဲ့ အာရပ်မိသားစုတစ်စုကို ဆုံရတယ်။ ကျွန်မတို့က ဟိဂျာ့ဗ် ဆင်ယင်ထားတာကိုတွေ့တော့ ကျွန်မတို့ဆီ သူတို့ လာကြတယ်။ သူတို့က ကျွန်မတို့ကို ဋ္ဌာန်ကရိုဏ်းမကျတဲ့ အင်္ဂလိပ်စကားနဲ့ ပြောဆိုတယ်။ ကျွန်မတို့က အာရဘီစကားနဲ့ပြန်လည်အဖြေပေးတဲ့အခါ သူတို့ခမျာ အသံမထွက်နိုင်လောက်အောင် အံ့သြမှင်သက်နေခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့က အင်္ဂလိပ်လိုပဲ တွန်းပြောနေတော့ ရယ်စရာဖြစ်ကုန်တယ်။ ဘာကြောင့်လဲဆိုရင် အာရှသားတစ်ဦးက သူတို့ရဲ့ဘာသာစကားကို ဒီလောက်ထိ ပီပီသသ ပြောဆိုနိုင်လိမ့်မယ်လို့ ဘယ်လိုမှ လက်ခံလို့မရနိုင်လို့ပါတဲ့ရှင်” ဟူ၍ ရယ်ရယ်မောမောနှင့် ပြောပြခဲ့လေသည်။

    Ref : Al Arabiya

  • တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်နိုင်တော့မည်ဟု မြောက်ကိုရီယား ကြေငြာ

    တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်နိုင်တော့မည်ဟု မြောက်ကိုရီယား ကြေငြာ

    ဇန်န၀ါရီ ၁၊ ၂၀၁၇
    M-Media

    north

    – နိုင်ငံတကာက တားမြစ်ပိတ်ပင်ထားသော နျူထိပ်ဖူး တပ်ဆင်နိုင်မည့် တိုက်ချင်းပစ်ဒုံးကျည် (ICBM) တီထွင်မှုမှာ နောက်ဆုံးအဆင့် ရောက်ရှိနေပြီဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအင်က သောကြာနေ့ နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားလိုက်သည်။

    “အင်မတန်ထိရောက်တဲ့ လက်နက်ကိရိယာ သုတေသနပြုတီထွင်မှုဟာ သိသိသာသာ တိုးတက်နေပြီး၊ ICBM ဒုံးကျည် စမ်းသပ်ပစ်လွှတ်ဖို့ စီစဉ်မှုဟာလည်း နောက်ဆုံးအဆင့်မှာ ရောက်နေပါတယ်”

    ၂၀၁၆ ခုနှစ်အတွင်း မြောက်ကိုရီးယား၏ တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုနှုန်းမှာ မကြုံစဖူး မြင့်တက်လာခဲ့သော်လည်း နျူထိပ်ဖူးတပ်ဆင်နိုင်ပြီး အမေရိကန်အထိ ရောက်နိုင်သည့် ICBM ဒုံးကျည် ထုတ်လုပ်နိုင်ရန်အတွက် နှစ်အတော်ကြာမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

    မြောက်ကိုရီးယားမှာ နျူလက်နက်နှင့် တိုက်ချင်းပစ်ဒုံးကျည်များ စမ်းသပ်မှုအတွက် ၂၀၀၆ ခုနှစ်ကတည်းက ကုလ၏ အရေးယူပိတ်ဆို့မှုကို ခံထားရပြီး စက်တင်ဘာ ၉ ရက်နေ့တွင် အကြီးဆုံးနှင့် ၅ ကြိမ်မြောက် နျူလက်နက်စမ်းသပ်မှု ပြုလုပ်ပြီးနောက်ပိုင်း ဒီဇင်ဘာတွင် အဆိုပါ ပိတ်ဆို့မှုများကို ပိုမိုတင်းကျပ်ခဲ့သည်။

    ဖေဖော်ဝါရီလကလည်း မြောက်ကိုရိယားမှာ အာကာသထဲသို့ ဂြိုဟ်တုတစ်ခု ပစ်လွှတ်ခဲ့ပြီး အများစုကမူ တာဝေးပစ်ဒုံးကျည်းနည်းပညာ စမ်းသပ်ခြင်းဖြစ်သည်ဟု ယူဆနေကြသည်။

    Ref: Aljazeera

  • အမှိုက် စွန့်ပစ်ရာနေရာမှ မင်္ဂလာပွဲ ကျင်းပရာနေရာဖြစ်လာသည့် ဂျကာတာ၏ Ciliwung မြစ်

    အမှိုက် စွန့်ပစ်ရာနေရာမှ မင်္ဂလာပွဲ ကျင်းပရာနေရာဖြစ်လာသည့် ဂျကာတာ၏ Ciliwung မြစ်

    ဇန်န၀ါရီ ၁၊ ၂၀၁၇
    M-Media

    river
    Ciliwung မြစ်ထဲမှ မင်္ဂလာမောင်နှံ

    – လွန်ခဲ့တဲ့ တစ်နှစ်တုန်းကဆိုရင် အင်ဒိုနီးရှားရဲ့မြို့တော် ဂျကာတာက Ciliwung ဆိုတဲ့မြစ်ဟာ အင်မတန်အနံ့ဆိုးပြီး ပလက်စတစ်ပစ္စည်းတွေ၊ အခြားအမှိုသရိုက်တွေနဲ့ ပြည့်နှက်နေတဲ့ မြစ်ပြင်ကျယ်ကြီး ဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့် စေတနာ့ဝန်ထမ်းတွေရဲ့ သန့်ရှင်းမှုနဲ့အတူ အခုအချိန်မှာတော့ ဒီမြစ်ဟာ မြစ်ကမ်းနဖူးမှာ နေထိုင်ကြီးပြင်းကြတဲ့ လူငယ်စုံတွဲတွေ မင်္ဂလာပွဲကျင်းပရာ နေရာတစ်ခု ဖြစ်လို့နေပါပြီ။ ဒီလိုကျင်းပခြင်းဟာ အင်ဒိုနီးရှားရဲ့ တစတစ ယိုယွင်းပျက်စီးလာတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရေးမှာ ကူညီနိုင်ရေး အခြားသူတွေကို လှုံ့ဆော်မှုလည်း ဖြစ်ပါတယ်။

    “ကျွန်တော်တို့ဟာ နိုင်ငံရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုတွေကို ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဖော်ပြပြီးပါပြီ။ အခုအချိန်ဟာ သဘာဝပတ်ဝန်းကျင်အကြောင်းကို ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဖော်ပြရမယ့် အချိန်ပါပဲ” လို့ သတို့သား နိုဗန်တို ရဟ်မန်က ပြောကြားခဲ့ပါတယ်။ သူရဲ့ ဇနီးလောင်း ဆန်ဒါရာ ဖီဒဲလ်လီယာ နိုဗီယန်တီဟာ Ciliwung မြစ်သန့်ရှင်းရေးအတွက် ၂၀၁၅ ခုနှစ်မှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ Depok Ciliwung အဖွဲ့က စေတနာ့ဝန်ထမ်းတစ်ယောက်လည်း ဖြစ်ပါတယ်။

    သူတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ မင်္ဂလာပွဲကို ဒီဇင်ဘာ ၈ ရက်နေ့မှာ ပန်းပေါင်းစုံနဲ့ ဆင်ယင်ချယ်သထားတဲ့ လေထိုး သင်္ဘောကို Ciliwung မြစ်အတွင်း လှော်ခတ်ကျင်းပခဲ့ကြပါတယ်။ အရင်တုန်းကဆိုရင် အမှိုက်တွေပြည့်ပြီး ညစ်ပတ်နေတဲ့ ဒီမြစ်ကြီးထဲမှာ ဒါမျိုးလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

    Ciliwung မြစ်ဟာ အနောက်ဂျာဗားကနေ ဂျကာတာပင်လယ်အော်အထိ စီးဆင်းတဲ့ ကီလိုမီတာ ၁၀၀ အရှည်ရှိ မြစ်ကြီးတစ်စင်းဖြစ်ပြီး ၁၇ ရာစုနှစ်ကတည်းက မြို့တော်နေပြည်သူတွေရဲ့ အသက်သွေးကြောဖြစ်ခဲ့တာပါ။

    river-2
    မြစ်ထဲမှ အမှိုက်များကို ရှင်းလင်းနေစဉ်

    ဒီမြစ်ရဲ့ ရေအရည်အသွေးဟာ ဆိုးရွားပြီး မြစ်ဘေးမှာနေထိုင်တဲ့ ဆင်းရဲသူဆင်းရဲသားတွေဟာ ဒီရေကို အ၀တ်လျှော်ဖို့နဲ့ ရေချိုးဖို့အတွက်လောက်သာ သုံးစွဲကြတာ ဖြစ်ပါတယ်။

    ဒါပေမယ့် နောက်ပိုင်းမှာ အမှိုက်ပစ်ရာနေရာဖြစ်လာခဲ့ပြီး ဂျကာတာပင်လယ်အော်အထိ စီးဆင်းမှုကိုပါ အနှောက်အယှက်ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဂရိတ်တားဂျကာတာဒေသရဲ့ ရေ၀ပ်ဧရိယာတွေမှာ ရေလျှံမှုတွေကို ဖြစ်စေပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ ၄ မီတာလောက်အထိ ရေမြုပ်လေ့ရှိပါတယ်။

    ဂျကာတာအုပ်ချုပ်ရေးမှူး ဘာဆီကီ ဂျာဟာဂျာ ပူရ်နာမာက မြစ်ရေ ကောင်းကောင်းစီးဆင်းနိုင်ဖို့အတွက် မြစ်ကမ်းနံဘေးက ကျူးကျော်တွေကို ရွှေ့ပြောင်း နေရာချထားပေးခဲ့ပါတယ်။

    Depok Ciliwung အဖွဲ့ကိုတည်ထောင်သူ သောင်ဖစ်က် ဒဲဆိုက မိမိတို့အဖွဲ့အနေနဲ့ ဒီမြစ်ကို သန့်ရှင်းပေးတာက ဒီပြဿနာအပေါ် အစိုးရရဲ့အာရုံစိုက်မှု ပိုရစေဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂျကာတာရေဆိုးသန့်ရှင်းရေး ဌာနကတော့ သူတို့ဌာနက ၀န်ထမ်းပေါင်း ၄၀၀၀ လောက်ဟာ လူပေါင်း ၁၀ သန်းရှိတဲ့ ဂျကာတာမြို့က မြစ်ပေါင်း ၁၃ စင်းနဲ့ ချောင်းမြောင်းရာပေါင်းများစွာက အမှိုက်တွေကို ရှင်းနေရတယ်လို့ ဆိုပါတယ်။

    river-3
    Ciliwung မြစ်၏ တစ်နေရာ

    လက်ရှိအချိန်မှာ Ciliwung မြစ်ပေါ်က အမှိုက်သရိုက်တွေ တော်တော်လေးရှင်းသွားပေမယ့် ရေအရည်အသွေး မြင့်တက်လာဖို့ဆိုရင်တာ့ မြစ်ထဲအမှိုက်စွန့်ပစ်သူတွေကို အရေးယူနိုင်မယ့် လက်ရှိ ဥပဒေတွေကို အားကောင်းအောင်လုပ်ဖို့ လိုတယ်လို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ထောက်ပြထားပါ
    တယ်။

    “မြစ်ထဲကို အညစ်အကြေးစွန့်ပစ်တဲ့ ကုမ္ပဏီက နည်းတယ်လို့ တွေ့ရပေမယ့် ဒီကုမ္ပဏီတွေဟာ သူတို့ရဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နိုင်ပါသေးတယ်” လို့ အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖိုရမ်က တာဝန်ရှိသူ ဒီဝီ ဆာဝွန်က ပြောကြားခဲ့ပါတယ်။

    Ref: Straits Times