News @ M-Media

Blog

  • ပါလက်စတိုင်းတွင် အစ္စရေး၏ တရားမ၀င်အိမ်ယာများ လုံးဝရပ်တန့်ရေး ကုလ၌ မဲခွဲမည်

    ပါလက်စတိုင်းတွင် အစ္စရေး၏ တရားမ၀င်အိမ်ယာများ လုံးဝရပ်တန့်ရေး ကုလ၌ မဲခွဲမည်

    ဒီဇင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    pales
    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င် အိမ်ယာများ

    – ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ကျူးကျော်ကာ တရားမ၀င်အခြချအိမ်ယာများ ဆောက်လုပ်မှုလုပ်မှုကို ချက်ခြင်းနှင့် လုံးဝ ရပ်တန့်ရန် တောင်းဆိုထားသည့် မူကြမ်းတစ်ခုအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယနေ့တွင် မဲခွဲရန် ရှိနေသည်ဟု သိရသည်။

    အစ္စရေး၏ အဆိုပါ အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းမှာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ဘဲ၊ ပါလက်စတိုင်းနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကလည်း ထိုလုပ်ရပ်ကြောင့် အဟန့်အတားဖြစ်နေသည်။

    ယမန်နေ့ညနှောင်းပိုင်းက အီဂျစ်မှတင်သွင်းသော အဆိုပါမူကြမ်းတွင် အရှေ့ဂျေရုစလင် အပါအ၀င် ပါလက်စတိုင်းပိုင်နက်များအတွင်းသို့ အစ္စရေးက ကျူးကျော်ဝင်ရောက်ကာ တရားမ၀င်အခြေချအိမ်ယာများမှာ တရားမ၀င်ဘဲ နိုင်ငံတကာဥပဒေကို ရှက်ဖွယ် ချိုးဖောက်ခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး ချက်ခြင်းနှင့် လုံးဝရပ်တန့်ရန် တောင်းဆိုထားသည်။

    ထို့ပြင် ထိုလုပ်ရပ်မှာ အစ္စရေးနှင့်အတူ ပါလက်စတိုင်းနိုင်ငံ အတူယှဉ်တွဲတည်ရှိရေးဆိုသော ၂ နိုင်ငံတည်ရှိရေးအဖြေကို အန္တရာယ်ရှိစေသည်ဟုလည်း ဖော်ပြထားသည်။

    ပါလက်စတိုင်းမှာ အနောက်ဖက်ကမ်း ဂါဇာကမ်းမြှောင်နှင့် အရှေ့ဂျေရုစလင်တို့ကို စုပေါင်း၍ နိုင်ငံထူထောင်ရန် ဆန္ဒရှိနေပြီး အဆိုပါဒေသများကို ၁၉၆၇ စစ်ပွဲကတည်းက အစ္စရေးက ထိန်းချုပ်ထားခြင်းဖြစ်သည်။

    အစ္စရးကမူ အဆိုပါတရားမ၀င်အိမ်ယာများ တရားမ၀င်ဆိုသည်ကို လက်မခံဘဲ ပါလက်စတိုင်းနိုင်ငံထူထောင်ရေးအတွက် ပြုလုပ်မည့် ဆွေးနွေးပွဲတွင်မှ ဆုံးဖြတ်မည်ဟု ပြောကြားထားသည်။

    ကုလကမူ ထိုအိမ်ယာများမှာ တရားဝမင်ဖြစ်သောကြောင့် ဆောက်လုပ်မှုရပ်တန့်ရန် တောင်းဆိုထားသော်လည်း အစ္စရေးက နာခံခြင်းမရှိဘဲ ဆက်လက်ဆောက်လုပ်လျက် ရှိနေသည်။

    ယခုမူကြမ်းမှာ ထောက်ခံမဲ ၉ မဲရကာ၊ အမေရိကန်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နှင့် တရုတ်တို့က ဗီတိုမသုံးမှ အတည်ပြုနိုင်မည်ဖြစ်သည်။ ၂၀၁၁ ခုနှစ်က ထိုကဲ့သို့သော မူကြမ်းကို အမေရိကန်က ဗီတိုသုံး၍ ပယ်ချခဲ့သည်။

    Ref: Aljazeera

  • မွတ်စလင်များလိုက်နာကျင့်သုံးရမည့် မုဟမ္မဒ်သခင်၏ သံတမန်စည်းမျဉ်း

    မွတ်စလင်များလိုက်နာကျင့်သုံးရမည့် မုဟမ္မဒ်သခင်၏ သံတမန်စည်းမျဉ်း

    ဒီဇင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    embassador
    ယခုသီတင်းပတ်အစောပိုင်းတွင် တူရကီနိုင်ငံ အန်ကာရာမြို့၌ ရုရှားသံအမတ်ကြီးအား သေနတ်သမားက လုပ်ကြံသတ်ဖြတ်ခဲ့သည့် မြင်ကွင်း

    – တူရကီဆိုင်ရာ ရုရှားသံအမတ်အား လုပ်ကြံသတ်ဖြတ်ခြင်းအပေါ် လူအချို့က သြဘာပေးနေကြ၏။ ယင်းလုပ်ရပ်သည် အစ္စလာမ်အား ရက်စက်ကြမ်းကြုတ်သည့်သာသနာအဖြစ် ထင်ယောင်ထင်မှားဖြစ်စေပါသည်။ အစ္စလာမ်သာသနာကို မုန်းတီးရွံကြောက်အောင် ပြုလုပ်နေသူများအတွက် မီးထိုးဆီလောင်းပေးရာလည်း ရောက်ပါသည်။

    တစ်စုံတစ်ယောက်မှ အလ္လာဟုအတ်က်ဘရ် (ထာဝရအရှင်သခင်သည်သာလျှင် အကြီးမြတ်ဆုံး) ဟူ၍ဖြစ်စေ၊ အခြားဘာသာရေးစကားစုတစ်မျိုးမျိုးကိုဖြစ်စေ ကြွေးကြော်ဟစ်အော်ခြင်းက အစ္စလာမ့်စည်းမျဉ်းများနှင့်အညီ ဖော်ဆောင်သည့်လုပ်ရပ်ဖြစ်သည်ဟု အဓိပ္ပာယ် မသက်ရောက်နိုင်ပါ။ ယင်းသို့အပြုအမူနှင့်လုပ်ရပ်များကို လက်ခံနိုင်ခြင်း ရှိမရှိဟူသည် ကျမ်းမြတ်ကုရ်အာန်၊ တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်ပါစေ)၏ သွန်သင်ဆုံးမချက်များနှင့် ချိန်ထိုးဆုံးဖြတ်ရန် လိုအပ်ပေမည်။

    Muhammad Ibn Ishaq said: “Musaylimah would write to Allah’s Messenger.

    Nu’aym Ibn Mas‛ood said: “I heard Allah’s Messenger (salla Allahu ʿalayhi wa-sallam) say to the two emissaries of Musaylimah [the false claimant to prophethood] when he had read the letter of Musaylimah:

    “What do you two say?”

    They responded: “We say as Musaylimah says.”

    So the Prophet Muhammad (salla Allahu ʿalayhi wa-sallam) said:

    “By Allah, were it not for the fact that emissaries are not to be killed, I would have struck your necks.”

    [Abu Dawood, no. 2761]

    မုဟမ္မဒ် အိဗ်နု အစ္စဟာ့က်မှ တင်ပြသည်။ နုအိုင်းမ် အိဗ်နု မတ်စ်အူးဒ်မှ ဆင့်ပြန်ခဲ့သည်။ (တမန်တော်တစ်ပါးအဖြစ် သတ်မှတ်ရန် တောင်းဆိုနေသူ) မုစိုင်းလိမဟ်က အလ္လာဟ်အရှင်မြတ်၏တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိ ၀စလ္လမ်)ထံ စာရေးသားပေးပို့ခဲ့၏။ ၎င်း၏ အထူးသံတမန်နှစ်ဦးအား အလ္လာဟ့်စေတမန်တော်ကြီး ရစူလုလ္လာဟ်(ဆွလ္လလ္လားဟုအလိုင်းဟိ ၀စလ္လမ်)က ၎င်းမုစိုင်းလိမဟ်၏စာကို ဖတ်ရှုပြီးနောက် မိန့်တော်မူပါသည်။ “အသင်တို့နှစ်ဦး ဘာကို ပြောကြားဦးမည်နည်း”။ ထိုသူတို့က “မုစိုင်းလိမဟ် ပြောဆိုသည့်အတိုင်းသာ ကျွန်ုပ်တို့ ပြောဆိုမည်ဖြစ်သည်” ဟု အဖြေပေးကြ၏။ ဤတွင် တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လားဟုအလိုင်းဟိ ၀စလ္လမ်)က ဤသို့ မိန့်တော်မူခဲ့ပေသည် “အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပါ၏။ အကယ်၍သာ သံတမန်များကို သတ်ဖြတ်ခွင့် မရှိကြောင်း စည်းမျဉ်းအချက် မရှိခဲ့ပါလျှင် ငါသည် အသင်တို့၏လည်တိုင်များကို ခုတ်ပိုင်းမိမည်ဖြစ်အံ့”။
    (အဗူဒါဝူးဒ်၊ ဟဒီးဆ်တော်အမှတ်စဉ် ၂၇၆၁)

    *ဆိုလိုသည်မှာ – မည်မျှပင် မုန်းတီးနာကြည်းလင့်ကစား အစ္စလာမ်သာသနာတွင် ရန်သူ၏သံတမန်များကို သတ်ဖြတ်ခွင့် မရှိကြောင်း သွန်သင်တင်ပြခြင်းဖြစ်သည်*

    Abdullah Ibn ‛Amr narrated that Allah’s Messenger (salla Allahu ʿalayhi wa-sallam) said:

    “Whoever kills a person who is granted the agreement of protection by the Muslims shall not smell the fragrance of Paradise though its fragrance can be smelled at a distance of forty years journey.”

    [Bukhari, no 6914]

    အဗ်ဒုလ္လာဟ် အိဗ်နု အမ်ရ်မှ ဆင့်ပြန်ခဲ့သည်။ ရစူလုလ္လာဟ်(ဆွလ္လလ္လားဟုအလိုင်းဟိ ၀စလ္လမ်) မိန့်ကြားတော်မူခဲ့၏။ “မွတ်စ်လင်မ်တို့၏ ကာကွယ်ထိန်းသိမ်းမှု ခံစားခွင့်ရှိနေသော လူတစ်ဦးကို သတ်ဖြတ်သော မည်သူမဆို သုခဘုံ၏ ရနံ့ကိုပင်လျှင် ရှူရှိုက်ခံစားရမည် မဟုတ်။ ထိုရနံ့မှာ နှစ်ပေါင်းလေးဆယ် ခရီးအကွာအဝေး၌ ရှူရှိုက်ခံစားရပါသော်လည်း …. “။
    (ဗုခါရီကျမ်း၊ ဟဒိးဆ်တော်အမှတ်စဉ် ၆၉၁၄)

    ( ‘ရစူလုလ္လာဟ်’ ဆိုသည်မှာ မုဟမ္မဒ်သခင်ကို ရည်ညွှန်းသည်)

    သံအမတ်များ၊ နိုင်ငံရပ်ခြားသံတမန်များကို သတ်ဖြတ်ခြင်းအပေါ် အစ္စလာမ်က အကြွင်းမဲ့ တားမြစ်ပိတ်ပင်ထားပါသည်။

    သံအဖွဲ့များ၊ သံအမတ်များ၊ သံတမန်များ၊ မွတ်စ်လင်မ်မဟုတ်သူတို့၏ကိုယ်စားလှယ်အစုအဖွဲ့များနှင့် မွတ်စ်လင်မ်နယ်မြေထဲ ၀င်ရောက်လာသည့် နိုင်ငံခြားသားများကို သတ်ဖြတ်ခြင်း၊ ထိခိုက်နစ်နာအောင် ဒုက္ခပေးခြင်း၊ ပစ်မှတ်ထားခြင်းအမှုများမှာ အထူးတားမြစ်ပိတ်ပင်ချက်တစ်ရပ်ဖြစ်ကြောင်း အစ္စလာမ့်ရေးရာပညာရှင်များကလည်း သတ်မှတ်ထားကြပြီးဖြစ်သည်။

    အထက်ဖော်ပြပါဖြစ်ရပ်မှ ရှင်းလင်းထင်ရှားစွာ သိစေနိုင်သည့်အချက်အပေါ် စဉ်းစားသုံးသပ်ပါလေ။ သံကိုယ်စားလှယ်နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏စေတမန်တော်စစ်စစ်၏ ရှေ့တော်မှောက်ထံ အရောက်လာ၏။ နှစ်ဦးစလုံးက မုစိုင်းလိမဟ်၏ မုသားအဆိုကို မဆိုင်းမတွ အခိုင်အမာ ပြောဆို၏။ သူတို့၏ခေါင်းဆောင် ကျူးလွန်သည့် မဟာမုသားကြောင့် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိ ၀စလ္လမ်)မှာ အဘယ်မျှအထိ မနှစ်မြို့ခြင်းဖြစ်မည်ကို တွေးကြည့်နိုင်ပါ၏။ သို့ပင်သို့ငြား ကိုယ်တော်မြတ်သည် သံတမန်ကိုယ်စားလှယ်များအား မသတ်ဖြတ်ရ ဟူသည့် အခြေခံစည်းမျဉ်းကို ဆုပ်ကိုင်ကျင့်သုံးပြသတော်မူခဲ့ပေသည်။

    လမ်းကြောင်းမှားသို့တွန်းပို့ခံရသည့် လူငယ်အချို့ရှိနေကြောင်း၊ မွတ်စ်လင်မ်နယ်မြေများ၌ အခြေချနေထိုင်နေကြသည့် မွတ်စ်လင်မ်မဟုတ်သူများကိုသာမက ဧည့်သည်များနှင့် ကိုယ်စားလှယ်အဖွဲ့များကိုပါ သတ်ဖြတ်ပိုင်ခွင့်ရှိသည်ဟု ၎င်းတို့မှ ထင်မြင်ယူဆနေကြောင်း ဆော်ဒီအာရေဗျ၏ ဓမ္မသတ်မှူးချုပ်ဟောင်း ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အိဗ်နု ဘာ့ဇ် ကြားသိခဲ့ရသည်။

    သို့ဖြင့် သူသည် ခိုင်မာပြတ်သားသည့်အဖြေတစ်ရပ်ကို တုန့်ပြန်ပေးခဲ့သည်။ ယင်းသို့ သတ်ဖြတ်ချင်သည့် အတွေးအခေါ်နှင့် လုပ်ရပ်အပေါင်းမှာ အစ္စလာမ်နှင့် ပြဿားတစ်လမ်းသံတစ်လမ်းဖြစ်ပြီး ဟရာမ်(အပြင်းစားတားမြစ်ချက်) ဖြစ်သည် ဟူ၏။

    ထပ်မံ၍မှတ်ချက်ပြုသည်မှာ – ဧည့်သည်များ သို့မဟုတ် အခြေချနေထိုင်သူများမှ အစ္စလာမ်ဆန့်ကျင်ရေးအမှုမျိုး တစ်စုံတစ်ရာကျူးလွန်သည်ကို တွေ့မြင်သည်ရှိသော် မွတ်စ်လင်မ်အာဏာပိုင်များနှင့် မွတ်စ်လင်မ်တရားရုံးများသို့ အသိပေးအကြောင်းကြားရပေမည်။ အစ္စလာမ့်ခုံရုံး မရှိခဲ့သော် အုပ်ချုပ်သူများထံ ရိုးသားစွာ တင်ပြ၍ ၎င်းတို့အား အကောင်းဖက်သို့ လမ်းညွှန်ပေးရန် တင်ပြရမည်၊ အစ္စလာမ့်ဥပဒေနှင့်အညီ စီရင်နိုင်အောင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

    ကိုယ်ပိုင်ဆန္ဒဖြင့် တရားစီရင်ခြင်း၊ အင်အားနှင့် သတ်ဖြတ်မှုကို အသုံးပြု၍ လူတို့အား ညွှန်ကြားခြင်းနှင့် တားမြစ်ခြင်းတို့မှာ ခွင့်ပြုချက် မရှိချေ။

    သို့ဖြစ်ရာ သူတစ်ထူးအဖို့ မွတ်စ်လင်မ်နယ်မြေများရှိ ပြည်သူတို့အကြား အလ္လာဟ်အရှင်မြတ်၏ ဥပဒေသဖြင့် တရားစီရင်နိုင်သည်အထိ နည်းလမ်းရှာလျက် ဒေသတွင်း အုပ်ချုပ်သူများ၊ အာဏာပိုင်များနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်ယုံမျှသာ တာဝန်ရှိပေသည်။ ထပ်ဆင့်ရှင်းရပါလျှင် ဖြူစင်သည့်အကြံပြုခြင်းနှင့် ကောင်းမှုဖက်ဦးလှည့်ရန် လမ်းညွှန်ခြင်းမှအပ ပိုပြီး ပြုလုပ်အပ်သည်မဟုတ်ပါ။

    ထို့ကြောင့် ထိုသူ့အပေါ် ရှိသည့်တာဝန်မှာ အကောင်းမွန်ဆုံးသောနည်းလမ်းဖြင့် မကောင်းမှုအား တားမြစ်ရန် ဖြစ်သည်။ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်တော်မူထားပါသည်။ “အသင်တို့ တတ်စွမ်းနိုင်သလောက် သာသနာကိုကိုင်းရှိုင်းကြ၊ တာဝန်ကျေပွန်ကြလော့”။

    ဤသို့သောအနေအထားများ၌ အကြမ်းနည်းဖြင့် မကောင်းမှုအား တားမြစ်ခြင်းက ဆိုးရွားသောင်းကျန်းမှုနှင့် အကျင့်ပျက်ယွင်းမှုများထံ ပိုမို တွန်းပို့စေရာရောက်ပါသည်။ ထို့ပြင် ဤကိစ္စများအပေါ် ဆန်းစစ်ကြသူတိုင်း၏ အသိတရားဝယ် အမှားပုံရိပ်များ စွဲထင်ကျန်ရစ်သွားတော့မည်ဖြစ်ပေသည်။ (ကြည့် – မဂ်ျမူးအ် ဖသ်ဝါ အရှ် ရှိုင်းခ် အိဗ်နု ဘာ့ဇ် ကောက်နှုတ်ချက်အကျဉ်း ၈/၂၀၇)

    ×××××××××××

    (ဟောင်ကောင် မွတ်စ်လင်မ်ကောင်စီမှ ရေးသားထုတ်ပြန်လိုက်သော Prophet Muhammad (ﷺ) would not have killed foreign delegations even if they were sent by the worst of enemies ကို မင်းထွဋ်ခေါင် က ဆီလျော်အောင် ပြန်ဆိုရေးသားပါသည်။)

  • ရိုမေးနီးယားဝန်ကြီးချုပ်အဖြစ် အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦး အမည်စာရင်းတင်သွင်းခံရ

    ရိုမေးနီးယားဝန်ကြီးချုပ်အဖြစ် အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦး အမည်စာရင်းတင်သွင်းခံရ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    romania
    ရိုမေးနီးယားဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခံရသည့် ဆီဗီလ် ရှာဟီဒါ

    – ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ ရိုမေးနီးယားက အကြီးဆုံးနိုင်ငံရေးပါတီ ‘ဆိုရှယ် ဒီမိုကရက်တစ် ပါတီ’ ဟာ လူနည်းစု တာတာအမျိုးသမီး ဆီဗီလ် ရှာဟီဒါကို ၀န်ကြီးချုပ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ အမည်စာရင်း တင်သွင်းလိုက်ပြီး ပါလီမန်နဲ့ သမ္မတရဲ့ အတည်ပြုမှုရရင်တော့ ရှာဟီဒါဟာ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်နဲ့ ပထမဆုံး မွတ်စလင်ဝန်ကြီးချုပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

    ဆိုရှယ် ဒီမိုကရက်တစ်ပါတီဟာ ဒီဇင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ၄၅ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပြီး မဟာမိတ် Alliance of Liberals and Democrats ပါတီနဲ့ပေါင်းရင်တော့ လွှတ်တော်မှာ အမတ်နေရာအများစုကို ရရှိခဲ့ပါတယ်။

    အစဉ်အလာအရ မဲအများဆုံးရတဲ့ပါတီရဲ့ ခေါင်းဆောင်ကို သမ္မတက ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရတာဖြစ်ပေမယ့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဗီယူ ဒရဂ်နီယာဟာ ရွေးကောက်ပွဲဆိုင်ရာ မသမာမှုနဲ့ ဧပြီလမှာ ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတာကြောင့် ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်ဖို့ အခက်တွေ့နေပါတယ်။

    သမ္မတ ကလော့စ် အီအိုဟန်နစ်က တိုင်းပြည်ရဲ့ နောက်တက်မယ့်ဝန်ကြီးချုပ်ဟာ ရာဇ၀တ်မှုဆိုင်ရာ ပြစ်မှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေနဲ့ ကင်းလွတ်ရမယ်လို့ ကြေငြာထားပါတယ်။

    ဒါ့ကြောင့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီက အသက် ၅၂ နှစ်အရွယ် တာတာမွတ်စလင်အမျိုးသမီး ဆီဗီလ် ရှာဟီဒါကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ လူသိမများပေမယ့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဦးဆောင်တဲ့ အရင်အစိုးရလက်ထက်မှာ ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ကိုင်တွယ်ခဲ့သူပါ။

    “အံ့သြစရာကောင်းတဲ့ ရွေးချယ်မှုပါ။ ဒရဂ်နီယာ ကြိုးကိုင်နိုင်မယ့် တစ်ယောက်ယောက် ဖြစ်လာမယ် ဒါမှမဟုတ် ပါတီရဲ့ အကြီးတန်းအဆင့်က ဖြစ်မယ်လို့ လူတွေက မျှော်လင့်ထားကြပြီး မျက်နှာသစ်ဖြစ်မယ်လို့ မထင်ထားကြပါဘူး။ ရှာဟီဒါကို ရွေးချယ်လိုက်ခြင်းက ဒရဂ်နီယာဟာ အစိုးရကို တိုက်ရိုက် တာဝန်မယူဘဲ ထိန်းချုပ်မယ်လို့ အဖြထွက်ပါတယ်။ သူမက ဘာမှ အစွန်းအထင်းမရှိဘူး။ ဒါဆိုရင် အီအိုဟန်နစ်ကလည်း ငြင်းစရာအကြောင်း မရှိတော့ပါဘူး” လို့ နိုင်ငံရဲ့ ဒုတိယမြို့တော် ကလုဂ်ျက Babes-Bolyai တက္ကသိုလ် နိုင်ငံရေးသိပ္ပံဆိုင်ရာ ပါမောက္ခ Sergiu Miscoiu က ပြောကြားခဲ့ပါတယ်။

    ပြီးတော့ ဒီရွေးချယ်မှုဟာ မဲဆွယ်မှုအတွင်းမှာ မြင်တွေ့ခဲ့ရတဲ့ အမျိုးသားရေးဝါဒ၊ ခရစ်ယာန် အော်သိုဒေါ့စ် အသားပေးဝါဒတို့ကို တန်ပြန်ဖို့ဖြစ်တယ်လို့လည်း ပါမောက္ခက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ ရှာဟီဒါကို ၀န်ကြီးချုပ်အဖြစ် ဒီလိုအမည်စာရင်း တင်သွင်းလိုက်တဲ့အတွက် နိုင်ငံရေးစောင့်ကြည့်လေ့လာသူ တော်တော်များများက အံ့သြခဲ့ကြပါတယ်။

    စီးပွားရေး ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ ရှာဟီဒါဟာ ဒေသတွင်းနဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမှာ အများဆုံး ကျင်လည်ဖူးပြီး၊ သူ့ရဲ့ အချိန်တွေကိုလည်း နိုင်ငံရေးအရ အချက်အခြာကျတဲ့ ဘူခါရက်စ်မှာမဟုတ်ဘဲ ကွန်စတန်တာမှာ ကုန်ဆုံးခဲ့တာပါ။ ဒါပေမယ့် ပါတီခေါင်းဆောင် ဒရဂ်နီယာနဲ့တော့ အနီးကပ်ဆက်ဆံရေး ရှိပါတယ်။

    ဖွံ့ဖြိုးရေတိုးတက်ရေး ၀န်ကြီးဌာနမှာ ဒရဂ်နီယာက ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန် ရှာဟီဒါက လက်ထောက်ဖြစ်ပြီး ၂၀၁၅ ဒရဂ်နီယာ နှုတ်ထွက်သွားခဲ့ပြီးနောက်ပိုင်း ရှာဟီဒါက ၀န်ကြီးဖြစ်လာခဲ့ပါတယ်။

    ဥရောပမှာ မွတ်စလင်အမျိုးသမီးတွေဟာ နိုင်ငံရဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်တယ်ဆိုတာ အလွန်နည်းပါးပါတယ်။

    ထမ်းဆောင်ခဲ့သူတွေဟာလည်း မွတ်စလင်အများစုရှိရာနိုင်ငံတွေမှာဖြစ်ပြီး ဥပမာအားဖြင့် ၁၉၉၀ ပြည့်နှစ်တွေက တူရကီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ တန်ဆူ စီလ်လာ၊ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ကိုဆိုဗိုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အတစ်ဖ်တီ ဂျာဟ်ဂျာဂါတို့လောက်သာ ရှိပါတယ်။

    ရိုမေးနီးယားရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းကျော်ဟာ အော်သိုဒေါ့စ်ခရစ်ယာန်တွေဖြစ်ကြပြီး အစ္စလာမ်ဘာသာဝင်က ၁ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။

    Ref: Newyork Times

  • နိုက်ဂျီးရီးယားတွင် ပလက်စတစ်ဆန် အမြောက်အများ ဖမ်းမိ

    နိုက်ဂျီးရီးယားတွင် ပလက်စတစ်ဆန် အမြောက်အများ ဖမ်းမိ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    rice
    သိမ်းဆည်းရမိသည့် ပလက်စတစ်ဆန်

    – နိုင်ငံအတွင်းသို့ တရားမ၀င် တင်သွင်းလာသည့် ပလက်စတစ်ဆန် ၂.၅ တန်ကို သိမ်းဆည်းလိုက်ပြီး အဆိုပါဆန်ကို ယခု ခရစ္စမတ်ပွဲတော်အတွင်း ရောင်းချရန် စီစဉ်ထားခြင်ဖြစ်သည်ဟု နိုက်ဂျီးရီးယား အကောက်ခွန်ဌာနမှ တာဝန်ရှိသူ ဟာရူနာ မာမူဒူက ပြောကြားလိုက်သည်။

    တစ်အိတ်ကို ဆန် ၂၅ ကီလိုဂရမ်ပါသည့် အိတ်ပေါင်း ၁၀၂ အိတ်ကို ယခုသီတင်းပတ်အတွင်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး မည်သည့်နိုင်ငံမှ တင်သွင်းခြင်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ပလက်စတစ်ဆန်များကို ထုတ်လုပ်မှုကို ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံ၌ တွေ့ရှိခဲ့ရသည်။

    အဆိုပါ ဆန်မှာ ချက်ပြီးနောက် အလွန်စေးထန်းပြီး စားသုံးပါက မည်သည့်ဆိုးကျိုးဖြစ်လာမည်ကို ဘုရားသခင်သာသိသည်ဟု မာမူဒူက ပြောကြားခဲ့သည်။

    ဆန်မှာ နိုက်ဂျီးရီးယားပြည်သူများ အဓိကအားထားသည့် စားသုံးကုန်တစ်ခုဖြစ်ပြီး ဘီဘီစီသတင်းထောက် ပီတာ အော့က်ဝူချီကမူ ထိုပလက်စတစ်ဆန်မှာ တကယ့်ဆန်အစစ်နှင့် ခွဲမရအောင်တူကြောင်း၊ ရှူကြည့်သည့်အခါမှသာ ဓာတုဗေဒအနံ့ ရရှိကြောင်း ပြောကြားခဲ့သည်။

    အကောက်ခွန်ဌာနကမူ အဆိုပါဆန်များကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်ထားပြီး မည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကို ဆန်းစစ်နေကာ ပြည်သူကိုလည်း အန္တရာယ်ရှိကြောင်း သတိပေးထားသည်။

    နိုက်ဂျီးရီးယားတွင် အစားအသောက်နှင့်ပတ်သက်၍ မသမာမှုများမှာ အဖြစ်နည်းသော်လည်း ပြီးခဲ့သည့်နှစ်အတွင်း ဆေးဝါးအတုများကြောင့် လူအများအပြား သေဆုံးခဲ့သည်။

    လက်ရှိတွင် အဆိုပါ ပလတ်စတစ်ဆန် မည်မျှရောင်းချထားသည်ကို သိရှိရန်အတွက် စုံစမ်းစစ်ဆေးမှုများကို နိုက်ဂျီးရီးယားက ပြုလုပ်နေသည်။

    Ref: BBC

  • ခရစ်ယာန်ပွဲတော်ရက်တွင် ဗုံးခွဲရန် ကြံစည်ထားသူများကို အင်ဒိုက အသေပစ်ခတ်ဖမ်းဆီး

    ခရစ်ယာန်ပွဲတော်ရက်တွင် ဗုံးခွဲရန် ကြံစည်ထားသူများကို အင်ဒိုက အသေပစ်ခတ်ဖမ်းဆီး

    ဒီဇင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    indo-2

    – ခရစ္စမတ်နှင့် နှစ်သစ်ကူးအကြိုညများတွင် အသေခံဗုံးခွဲရန် ကြံစည်ထားသည်ဟု သံသယရှိ ၃ ဦးကို အသေဖမ်းဆီးနိုင်ခဲ့သည်ဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ဂျကာတာမြို့ဆင်ခြေဖုံးတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် စီးနင်းမှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုကဲ့သို့ အသေဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်မှာ အင်ဒိုရဲတပ်ဖွဲ့က ၂ ပတ်အတွင်း အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်ထားမှု နှစ်ခုကို ဖော်ထုတ်ရှင်လင်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ IS ကို အားပေးထောက်ခံသော အဆိုပါ သံသယရှိသူ ၃ ဦးမှာ ယာဉ်ထိန်းရဲရုံးတစ်ခုရှိ အရာရှိများကို ဓားဖြင့်ထိုးကာ လူထုကြားထဲ၌ လက်လုပ်ဗုံးအကြီးစားတစ်ခုကို ဖောက်ခွဲရန် ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “အသေခံဗုံးခွဲဖို့ ကြံစည်တာပါ။ နှစ်တိုင်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်တို့ဟာ အသေခံဗုံးခွဲသမားတွေ ပစ်မှတ်ထားရာ ဖြစ်နေပါတယ်” ဟု အင်ဒိုရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရစ်ဝမ်တိုက ပြောကြားခဲ့သည်။

    စီးနင်းမှုအတွင်း ဗုံး ၅ လုံးကို တွေ့ရှိခဲ့ရပြီး၊ ရစ်ဝမ်တိုကမူ သံသယရှိသူတစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဂျကာတာရှိ သမ္မတအိမ်တော်နှင့် ဂျဗာကျွန်းရှိ အမည်မဖော်ပြသည့် နေရာတို့အား ပစ်မှတ်ထားတိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အနည်းဆုံး လူ ၁၄ ဦးကို စစ်ကြောနေသည်ဟု ယခုတစ်ပတ်စောပိုင်းတွင် အင်ဒိုရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ယခုဖော်ထုတ်နိုင်သည့် အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှု နှစ်ခုစလုံးတွင် အမျိုးသမီး အသေခံဗုံးခွဲရေးသမားများလည်း ပါဝင်သည်။

    Ref: Aljazeera