News @ M-Media

Blog

  • အမုန်းတရားများကင်းငြိမ်းဖို့ မီးခိုးရောင်ဇုံသို့ လျှောက်လှမ်းစို့

    အမုန်းတရားများကင်းငြိမ်းဖို့ မီးခိုးရောင်ဇုံသို့ လျှောက်လှမ်းစို့

    ဒီဇင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    germany
    ဘာလင်မှ ဘာသာပေါင်းစုံ ချစ်ကျည်ရေးမြင်ကွင်းတစ်ခု

    – ပြီးခဲ့သည့်ရက်အနည်းငယ်အလွန်တွင် “ကမ္ဘာကြီး တစ်စစီ ပြိုကွဲပျက်စီးနေပြီ” ဟူသော စကားလုံးကို လူများစွာတို့က အသုံးပြုလာကြသည်။ ဂျာမဏီတိုက်ခိုက်မှုနှင့် အလက်ပိုထိခိုက်ပျက်စီးမှုတို့မှာ ကျွန်ုပ်တို့ နေ့တစ်ဓူဝတွေ့မြင်နေရသည့် ဥပမာနှစ်ရပ်သာ ရှိသေး၏။

    အမှောင်ထု၏၀န်းရံမှုအကြားမှ အသင်တို့အား အားပေးစကား ဆိုပါရစေ။ အသင်တို့၏အသိဥာဏ်၊ ရုပ်၊ နာမ်တို့အား ပူပန်သောက၊ အကြောက်တရားများဖြင့် တိုက်စားဖြိုလဲခွင့် မပေးကြလေနှင့်။ မျှော်လင့်ချက် ရှိပါသည်။ ကျွန်ုပ်တို့ သိရှိကြသော ကမ္ဘာလောကကြီးသည် ဇာတ်သိမ်းခန်း မရောက်သေးပါ။ လောကပျက်သုဉ်းချိန် အလျဉ်း မဆိုက်ရောက်သေးပါ။ လူသားတို့၏ဥာဏ်ပညာရင့်သန်ခြင်းအားဖြင့် ကျွန်ုပ်တို့၏မျှော်လင့်ချက် ရှင်သန်နေပါမည်။

    အထက်ဖော်ပြပါဓာတ်ပုံတွင် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များသည် ဘာလင်မြို့သို့ စုရုံးရောက်ရှိကာ “အစွန်းရောက်တို့သည် ဘာသာရေး၊ သဘောတရားရေးတို့ကို အခြေတည်ပြီး ကျွန်ုပ်တို့အား ခွဲခြားသွေးကွဲအောင် ပြုလုပ်နိုင်မည် မဟုတ်ကြောင်း” ပြသလိုက်ပါသည်။ ဤအစစ်အမှန်ခေါင်းဆောင်များက ကွဲပြားမှုဟူသော မိမိတို့၏ ကိုယ်ပိုင်ချဉ်ခြင်းအားလုံးကို စတေးစွန့်လွှတ်ထားကြပြီးဖြစ်ပေသည်။

    ထရမ့် အဘယ်ကြောင့် အနိုင်ရခဲ့မှုနှင့်စပ်လျဉ်း၍ လူထုအတွင်း “ငါတို့” နှင့် “သူတို့” ဟူသော အစွဲတစ်ခု ကိန်းအောင်းလျက်ရှိကြောင်း Huffington Post ၏ ဆောင်းပါးတစ်ပုဒ်တွင် ကျွန်ုပ် ဖော်ပြခဲ့သည်။

    ၎င်း၌ အဆိုပါ “မီးခိုးရောင်ဇုံ” အကြောင်းကို ကျွန်ုပ် ဤသို့ ရေးသားပါသည်။

    မီးခိုးရောင်ဇုံ ဟူသည် အချင်းချင်းဆက်ဆံရေး၊ လေ့လာမှု၊ ရင်းနှီးမှု၊ ပျူငှာမှု၊ အပြန်အလှန်နားလည်မှုတို့၏ ကွင်းပြင်တစ်ခု ဖြစ်သည်။ လူမျိုး၊ ဘာသာစုံလင်ခြင်းက တိုးသာဆုတ်သာသော အုပ်စုဆိုင်ရာနယ်နမိတ်များနှင့်အတူ ယဉ်ကျေးမှုကူးလူးပေါင်းစပ်ခြင်းကို ဖြစ်ထွန်းစေသည်။ ယင်းပေါင်းစည်းစုံလင်မှု၏ ကြားနေရာသည်ကား ၎င်းမီးခိုးရောင်ဇုံပင်ဖြစ်သည်။

    ဂျော်နသန် ဖရီးဒ်လန်း၏ မှတ်ချက်အရ ၎င်း Grey Zone သည် အဖြူနှင့် အနက်ကြားရှိ နေရာတစ်ခုဖြစ်သည်။ ၎င်း၌ မည်သည့်အရာမျှ တစ်ဖက်ဆွဲခြင်း မရှိသည့်အပြင် အရာရာတိုင်းက နှစ်ဖက်မျှ ရောယှက်မှု ရှိသည်။ မွတ်စ်လင်မ်နှင့် မွတ်စ်လင်မ်မဟုတ်သူများ၏ အပြန်အလှန်လေးစားမှုနှင့် သဟဇာတဖြစ်မှု နယ်ပယ်ကို ရည်ညွှန်းထားသည်။ ၎င်းအပြင် “ငါတို့” နှင့် “သူတို့” အကြားမှ နယ်ပယ်လည်း ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ (လိုအပ်နေသော) ကွင်းပြင်နေရာဖြစ်သည်။ ၎င်းသည် စုစည်းဖြစ်တည်မှု၊ ပေါင်းစပ်ခြင်းနှင့် ဘာသာတရားတို့၏ဆက်ဆံရေးဆိုင်ရာ နယ်ပယ်တစ်ခု ဖြစ်ပေသည်။

    ဘာလင်မြို့ ခရစ္စမတ်တိုက်ခိုက်မှု၏ လက်သည်တရားခံ(များ)မှာ မီးခိုးရောင်ဇုံ၏ ရန်သူပင်ဖြစ်၏။ အစ္စလာမ်အပေါ် တစ်ဖက်သတ်ရွံကြောက်ခြင်းရောဂါ Islamophobia ဖြစ်အောင် မီးမွှေးမှိုင်းတိုက်နေသူများလည်း အလားတူပင်။ ISIS က တလွဲအတုယူတတ်သော၊ ပျက်လိုဖျက်ဆီးစိတ်ရှိသော မွတ်စ်လင်မ်များကို လောင်စာတိုက်ပေးသည်။ ထိုသို့သော မွတ်စ်လင်မ်အမျိုးအစားမှာကား အနောက်တိုင်း၌ မွတ်စ်လင်မ်ပီသစွာ နေထိုင်လေ့မရှိတတ်သူများ ဖြစ်ကြောင်း တွေ့ရ၏။ အလားတူ ချဉ်းကပ်လမ်းကြောင်းအတိုင်းပင် Islamophobia ရောဂါသွတ်သွင်းသူများကလည်း “မွတ်စ်လင်မ်တို့မှာ အနောက်တိုင်းယဉ်ကျေးမှုအား အမြစ်လှန်ဖျက်ဆီးမည့်သူများ ဖြစ်သည်” ဟူသည့် သွန်သင်ချက်ကို အသုံးပြုလေ့ရှိကြသည်။

    အသိတရားရှိကြသူများအဖို့ ၎င်းအကျည်းတန် မှိုင်းတိုက်ချက်များကို မလွဲမသွေ ငြင်းဆိုပယ်ချရပေမည်။ ကျွန်ုပ်တို့၏ လူမှုအသိုင်းအ၀ိုင်းများအတွင်း စည်းလုံးညီညွတ်မှုကို ပြန်လည်ခိုင်မာအောင် စွမ်းဆောင်ပြုလုပ်ကြရပေမည်။ ကျွန်ုပ်တို့သည် ဖော်ပြပါဓာတ်ပုံထဲမှ ပုဂ္ဂိုလ်များအတိုင်း ဖြစ်တည်လိုက်ကြပါစို့။ ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး အရိုးခံပြန်လှန်ဆွေးနွေးချက်များအတွင်း ပါဝင်လက်တွဲကြပါစို့။ ကျွန်ုပ်တို့အကြားမှ မလိုလားအပ်သော နံရံတံတိုင်းများကို ဖြိုလှဲလိုက်ကြပါစို့။

    ××××××××××××

    (Dr. Craig Considi ၏ Faith Leaders in Berlin Protect the “Grey Zone” After Christmas Market Attack ကို သြရသ ရေချမ်းမှ ဆီလျော်အောင်ပြန်ဆိုသည်။)

  • မွတ်စလင်များအား အစုလိုက်အပြုံလိုက် သတ်ရန်ကြံစည်သူ လူဖြူအစွန်းရောက်ကို အမေရိကန်က ထောင် နှစ် ၃၀ ချ

    မွတ်စလင်များအား အစုလိုက်အပြုံလိုက် သတ်ရန်ကြံစည်သူ လူဖြူအစွန်းရောက်ကို အမေရိကန်က ထောင် နှစ် ၃၀ ချ

    ဒီဇင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    craw
    မွတ်စလင်များအား ဓာတ်ရောင်ခြည်စက်ဖြင့် အစုလိုက်အပြုံလိုက်သတ်ရန်ကြံစည်ခဲ့သူ ကရောဖို့ဒ်

    – မွတ်စလင်များကို X-ray ဓာတ်ရောင်ခြည်ဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ရန် ကြံစည်သူ လူဖြူ ခရစ်ယာန်အစွန်းရောက်တစ်ဦးကို အမေရိကန်တရားရုံးက ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်သည်ဟု သိရသည်။

    နယူးယောက်မှ KKK အဖွဲ့ဝင် ဂလန်ဒန် စကော့ ကရောဖို့ဒ်ဆိုသူဖြစ်ပြီး လူကိုသေစေနိုင်သည့် ဓာတ်ရောက်ခြည်ထုတ်လွှတ်ပေးသော စက်ရုံသုံး X-ray စက်ကို တည်ဆောက်ရန် စီစဉ်ထားသူဖြစ်သည်။

    ၎င်းက ထိုစက်ကို ထရပ်ကား သို့မဟုတ် ဗန်ကားပေါ်တင်ကာ မွတ်စလင်များသော အဆောက်အဦးများအနီး ထားရှိ၍ အဝေးမှ ဓာတ်ရောင်ခြည်လွှတ်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် အကြံအစည်ရှိနေခြင်းဖြစ်သည်။

    ၂၀၁၂ ခုနှစ်တွင် ကရောဖို့ဒ်မှာ ၎င်း၏ ထိုအစီအစဉ်အတွက် ငွေကြေးအကူအညီရရန် ဂျူးအဖွဲ့အစည်း ၂ ခုထံ ချဉ်းကပ်ခဲ့ပြီး၊ ဂျူးအဖွဲ့အစည်းမှ လူတစ်ဦးက သတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့က စုံစမ်းနိုင်ခဲ့ကာ ၁၄ လအကြာတွင် တရားစွဲဆိုနိုင်ခဲ့သည်။

    ဓာတ်ရောက်ခြည်ထုတ်လွှတ်နိုင်မည့်စက် ရရှိရန် ကူညီပေးနိုင်မည့်သူကိုလည်း ကရောဖို့ဒ်က ရှာဖွေခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် ၎င်း၏ လူသတ်စက်အတွက် ဒီဇိုင်းဆွဲခြင်း၊ လိုအပ်သည့်အစိတ်အပိုင်းများ ၀ယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ စမ်းသပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    ၎င်းမှာ နယူးယောက်ရှိ အလ်ဘနီ ရပ်ကွက်၊ ရှန်နက်တဒီရပ်ကွက်တို့ရှိ ဗလီများကို လေ့လာခဲ့ပြီး အုပ်ချု ပ်ရေးမှူးနေအိမ်၊ အစ္စလာမ့်ပရဟိတစင်တာနှင့် စာသင်ကျောင်းများကို ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့သည်ဟု အမေရိကန် ရှေ့နေချုပ်ရုံးက ပြောကြားခဲ့သည်။

    ကရောဖို့ဒ်အား ဖမ်းဆီးမှုတွင် ရဲတပ်ဖွဲ့မှာ ၎င်းနှင့် ရင်းနှီးအောင်လုပ်ခြင်း၊ အလုပ်တွဲလုပ်ခြင်းတို့ကဲ့သို့ အသွင်ယူ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည်။ တရားစွဲဆိုပြီးနောက် ၂၀၁၅ ခုနှစ် သြဂုတ်လတွင် အပြစ်ရှိကြောင်း နယူးယောက် ခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့ပြီး၊ ဒီဇင်ဘာ ၁၉ ရက် တနင်္လာနေ့တွင် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ကရောဖို့ဒ်အား ပစ္စည်းများ ထောက်ပံ့ပေးသူ အဲရစ် ဖိုက်ဆိုသူကိုလည်း တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ထောင်ဒဏ် ၈ နှစ်ကျော် ချမှတ်ခဲ့သည်။

    Ref: Washingtonpost

  • NVC ထုတ်ပေးခြင်း ကိစ္စ လ.ဝ.က နှင့် ဆွေးနွေးခဲ့မှု အစ္စလာမ်အဖွဲ့ကြီးမှ သတင်းထုတ်ပြန်

    NVC ထုတ်ပေးခြင်း ကိစ္စ လ.ဝ.က နှင့် ဆွေးနွေးခဲ့မှု အစ္စလာမ်အဖွဲ့ကြီးမှ သတင်းထုတ်ပြန်

    ဒီဇင်ဘာ ၂၁ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ

    nvc5
    ဒီဇင်ဘာ ၁၀ ရက်နေ့က လ.၀.က အရာရှိများနှင့် အစ္စလာမ်ဘာသာရေး အဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံစဉ် (ဓါတ်ပုံ-Ma Toke)

    နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား Identity Card for National Verification (NV Card) ထုတ်ပေးခြင်းကိစ္စနှင့် ပတ်သက်ပြီး အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ ဒီဇင်ဘာ ၁၀ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံပြီး ၁၀ ရက် အကြာမှာ တွေ့ဆုံဆွေးနွေး ခဲ့သည့် အကြောင်းအရာများကို အစ္စလာမ်ဘာသာဝင်များ သိရှိစေရန် အတွက် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ သတင်းထုတ်ပြန်ထားပါတယ်။ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    NV Card ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့သည့် အခြေအနေ ရှင်းလင်း တင်ပြခြင်း
    ——————————————————-
    ရည်ညွှန်းချက်(၁)
    ———————-
    (၂-၉-၂၀၁၆)ရက်စွဲပါ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ အစ္စလာမ် ဘာသာဝင်များသို့အသိပေးအကြောင်းကြားစာ

    ရည်ညွှန်းချက်(၂)
    ———————
    (၁၀-၁၂-၂၀၁၆)ရက်နေ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၌ ကျင်းပသော အစည်းအဝေး

    ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြာ Identity Card for National Verification (NV Card) ထုတ်ပေးခြင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးရန်ရှိသဖြင့် ဆွေးနွေးမှုရလဒ်ထွက်ပေါ်လာပြီးမှသာ ၄င်းကိစ္စနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက် ကြပါရန် အစ္စလာမ်ဘာသာဝင်များသို့ ရည်ညွှန်းချက်(၁)ပါစာ ထုတ်ပြန်ခဲ့ပါသည်။

    ၂။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတာဝန် ရှိသူများသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့ကို ရည်ညွှန်းချက်(၂)ပါ အစည်းအဝေး၌ တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။

    ၃။ ၄င်းအစည်းအဝေး၌ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်း ပြောကြားရာတွင် –

    – နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူများကို နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card)များ ထုတ်ပေးခြင်းဖြစ်ကြောင်း၊

    – မြန်မာနိုင်ငံ၏ နယ်နိမိတ်ထိစပ်မှု သဘောသဘာဝအရ နှစ်နိုင်ငံလူမျိုးများရောထွေး နေမှုအပေါ် ဥပဒေအရ စိစစ်ဆဲကာလတွင် နိုင်ငံတွင်းနေထိုင်သူဖြစ်ကြောင်း သက်သေခံ လက်မှတ်ထုတ်ပေးခြင်းပင်ဖြစ်ကြောင်း၊

    – ရခိုင်ပြည်နယ်တွင်သာမက တစ်နိုင်ငံလုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း၊

    – စိစစ်ဆဲကာလအတွက် ယာယီကိုင်ဆောင်ရခြင်းဖြစ်သော်ငြားလည်း သက်တမ်း ကာလကို သတ်မှတ်၍ မထားကြောင်း ပြောကြားခဲ့ကြပါသည်။

    ၄။ ၄င်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတာဝန်ရှိသူများက ဆွေးနွေးရာတွင် –

    – နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက်ထားသူများကို NV Card ထုတ်ပေးခြင်း အားဖြင့် နောင်တွင် ၄င်းကတ်ပြားကိုင်ဆောင်ထားသူအားလုံးကို သိမ်းကျုံး၍ တရား မဝင် ဝင်ရောက်လာသူများဟု ထင်မှတ်ကာ ပြည်သူများအကြား စိတ်ဝမ်းကွဲစရာ ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊

    – ယခင်ကလည်း နိုင်ငံသားစိစစ်ခြင်းကိစ္စကို အပြီးအပြတ် ဆောင်ရွက်ပေးခြင်း မပြုခဲ့ဘဲ ယာယီသက်သေခံကတ်ပြား(White Card)များကို ထုတ်ပေးခဲ့ ခြင်းကြောင့် ပြည်သူများအကြား စိတ်ဝမ်းကွဲခဲ့ရပြီး အပြစ်မဲ့သူများ၏ အသက် အိုးအိမ် စည်းစိမ်များ ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးခဲ့ရရုံမျှမက နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေကာ နိုင်ငံဖွံဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့ သဖြင့် နိုင်ငံသား ပြည်သူအားလုံး နစ်နာဆုံးရှုံးမှုကြုံတွေ့ခဲ့ရပါကြောင်း၊

    – ထို့အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားသူများကို NV Card ထုတ်ပေးခြင်းမပြုဘဲ ကျောသားရင်သားမခွဲ တိတိကျကျ မှန်မှန်ကန်ကန် စိစစ်၍ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံသားဖြစ်သူများကို ကြန့်ကြာမှုမရှိစေဘဲ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရန် လိုအပ်ပါကြောင်း၊

    – ယခင် အစိုးရလက်ထက် မိုးပွင့်စီမံချက်ဖြင့်လည်းကောင်း၊ ယခု အစိုးရ လက်ထက် သစ္စာစီမံချက်ဖြင့် လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများကို ကွင်းဆင်း၍ ဆောင်ရွက်ပေးရာတွင် အစ္စလာမ်ဘာသာဝင်များကို ချန်လှပ်ထားခဲ့သည့်ကိစ္စနှင့် အစ္စလာမ်ဘာသာဝင်များ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် လည်းကောင်း၊ အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းရာတွင် လည်းကောင်း၊ မွေးတိုးစာရင်း ရေးသွင်းရာတွင် လည်းကောင်း ကြန့်ကြာမှုနှင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြခဲ့ပါသည်။

    ၅။ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ပြောကြားရာတွင် –

    – နိုင်ငံသား စိစစ်မှု ကြန့်ကြာမှုကြောင့် ပညာသင်ကြားရေးကိစ္စ အခက်အခဲရှိသူများကို ဦးစားပေး စိစစ်ပေးလျက်ရှိကြောင်း၊

    – နိုင်ငံသား စိစစ်ခြင်းကိစ္စ၊ အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းသည့် ကိစ္စ၊ မွေးတိုး စာရင်းသွင်းသည့်ကိစ္စများကို တိကျမှန်ကန် မြန်ဆန်စေရန် ပြုပြင်ပြောင်းလဲ စီမံချက်ချဆောင်ရွက်နေကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။

    ၆။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် ပြည်သူများအကြား စိတ်ဝမ်းကွဲစရာဖြစ်ပေါ်လာစေနိုင်သည့် NV Card ထုတ်ပေးခြင်းကိစ္စနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံသားဖြစ်သူများ ကြန့်ကြာမှုမရှိစေဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေးကိစ္စနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နိုင်ငံတော် အကြီးအကဲများနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း အစ္စလာမ်ဘာသာဝင်များသိရှိနိုင်ရန် အဖွဲ့ခွဲများမှတစ်ဆင့် ရှင်းလင်းတင်ပြပါသည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
    (19-12-2016)

    nvc-1 nvc-2 nvc3 nvc4

  • မဲရှုံးသော်လည်း ရာထူးမှဆင်းမပေးဟု ဂမ်ဘီယာအာဏာရှင် ထပ်ပြော

    မဲရှုံးသော်လည်း ရာထူးမှဆင်းမပေးဟု ဂမ်ဘီယာအာဏာရှင် ထပ်ပြော

    ဒီဇင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    %e1%80%ab%e1%80%b1%e1%80%ac%e1%80%98%e1%80%84%e1%80%b1
    ဂမ်ဘီယာအာဏာရှင် ယဟ်ယာ ဂျာမေဟ်

    – ရွေးကောက်ပွဲပြန်လုပ်ရန် မိမိတောင်းဆိုမှုကို ဆောင်ရွက်မပေးပါက ရာထူးမှ ဆင်းပေးမည်မဟုတ်ဟု ဂမ်ဘီယာအာဏာရှင် ယဟ်ယာ ဂျာမေဟ်က ထပ်မံပြောကြားလိုက်သည်။

    နိုင်ငံအား ၂၂ နှစ်ကြာ အုပ်စိုးခဲ့သည့် ယဟ်ယာမှာ ဒီဇင်ဘာ ၁ ရက်နေ့ ရွေးကောက်ပွဲတွင် ပြိုင်ဘက် အဒမ် ဘာရိုးကို ရှုံးနိမ့်ခဲ့ပြီး ၎င်းကိုယ်တိုင်ကလည်း ထိုနေ့တွင် ရှုံးနိမ့်ကြောင်း ၀န်ခံခဲ့သည်။ သို့သော်လည်း တစ်ပတ်ကြာပြီးနောက် မဲမသာမှုရှိသည်ဟုဆိုကာ ရွေးကောက်ပွဲ အသစ်ပြန်လုပ်ရန် ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုခဲ့သည်။

    ထို့ပြင် ၎င်း၏ပါတီမှာ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးရန်အတွက်လည်း တရားရုံးချုပ်ကို တိုင်ကြားထားသည်။

    “တရားရုံးချုပ်က မဖြေရှင်းပေးသ၍ ဇန်နပါရီ ၁၉ ရက်နေ့မှာ သမ္မတအသစ်တက်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ယဟ်ယာက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ယာဟ်ယာမှာ စစ်တပ်ကို ကြိုးကိုင်ထားသူဖြစ်ပြီး ဂမ်ဘီယာစစ်တပ်မှာ ပြီးခဲ့သည့်တစ်ပတ်က မြို့တော် ဘန်ဂျူလ်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးခန်းကို ၀င်ရောက်စီးနင်းကာ ဥက္ကဌကို ရုံးခန်းမှ နှင်ထုတ်ခဲ့သည်။ ထို့ပြင် ၀န်ထမ်းများကိုလည်း ၀င်ရောက်ခွင့်မပေးခဲ့ပေ။

    ရွေးကောက်ပွဲအနိုင်ရရှိခဲ့သူ အဒမ်ဘာရိုးက ၎င်းအနေဖြင့် ဇန်န၀ါရီ ၁၈ ရက်နေ့တွင် အာဏာလွှဲပြောင်းယူရန် အဆင့်သင့်ဖြစ်နေသည်ဟု တနင်္လာနေ့က ပြောကြားခဲ့ပြီးနောက် ယဟ်ယာက အင်္ဂါနေ့တွင် ရာထူးမှ ဆင်းပေးမည်မဟုတ်ကြောင်း တရားဝင်ပြောခဲ့ခြင်းဖြစ်သည်။

    အာဖရိက ခေါင်းဆောင်များနှင့် အနောက်နိုင်ငံများက အဒမ်ဘာရိုးအား အာဏာလွှဲပြောင်းပေးရန် တောင်းဆိုမှုများရှိနေပြီး၊ ယဟ်ယာကမူ အာဖရိကနိုင်ငံများမှာ ဂမ်ဘီယာ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နေသည်ဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

    Ref : Aljazeera

  • ခရစ္စမတ်တွင် ခရစ်ယာန်ဘုရားကျောင်းများကို အင်ဒိုမွတ်စလင်လူငယ်များ ကာကွယ်ပေးမည်

    ခရစ္စမတ်တွင် ခရစ်ယာန်ဘုရားကျောင်းများကို အင်ဒိုမွတ်စလင်လူငယ်များ ကာကွယ်ပေးမည်

    ဒီဇင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    ch

    – နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ဘာသာရေးအရ သည်းမခံနိုင်မှုတွေဟာ လူနည်းစုရဲ့ စနက်ဖြစ်တယ်ဆိုတာ ပြသဖို့နဲ့ အင်ဒိုပြည်သူတွေဟာ ဘာသာလူမျိုး မခွဲခြားဘဲ လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အစဉ်အလာကို ထိန်းသိမ်းဖို့အတွက် မွတ်စလင်လူငယ်အဖွဲ့ဟာ ခရစ္စမတ်ပွဲတော် ကာလအတွင်းမှာ ခရစ်ယာန်ဘုရားကျောင်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

    ကမ္ဘာပေါ်က လွတ်လပ်တဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့အစည်း Nahdlatul Ulama (NU) ရဲ့ လူငယ်အဖွဲ့က Banser က စီစဉ်တာဖြစ်ပြီး ခရစ္စမတ်အကြိုနဲ့ ခရစ္စမတ်နေ့တွေမှာ နိုင်ငံတစ်ဝှမ်းက ခရစ်ယာန်ဘုရားကျောင်းတွေတစ်ဝိုက် တပ်ဖြန့်ချထားကာ ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

    လူနည်းစုကို ကာကွယ်ပေးမယ့် အဲဒီလှုပ်ရှားမှုမှာ အင်ဒိုမွတ်စလင် သောင်းနဲ့ချီ ပါဝင်မှာဖြစ်ပြီး NU ရဲ့ အရှေ့ဂျာဗားအဖွဲ့ခွဲကတော့ မွတ်စလင်လူငယ်ပေါင်း ၄၁၀၀ ဟာ ခရစ်ယာန်ဘုရားကျောင်းတွေကို ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အရှေ့ဂျာဗား ၃၈ မြို့က ဌာခွဲ ၄၁ ခုမှာ တစ်ဖွဲ့ကို ၁၀၀ လောက်က သူတို့ဒေသတစ်ဝိုက် စောင့်ရှောက်ပေးကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရဲတပ်ဖွဲ့နဲ့ ဘုရားကျောင်း လုံခြုံရေးကို ကူညီပေးဖို့ စုစုပေါင်း ၄၁၀၀ လောက် ရှိနေပါတယ်။ သူတို့အားလုံး စေတနာ့ဝန်ထမ်းတွေပါ။ ငွေကြေးလုံးဝမပေးရပါဘူး” လို့ NU အဖွဲ့က တာဝန်ရှိသူ ရူဒီ ထရီ ၀ါဟစ်က ပြောကြားခဲ့ပါတယ်။

    ခရစ်ယာန်တွေရဲ့ ပွဲတော်အချိန်မှာ တိုင်းပြည်က ခရစ်ယာန်လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဒီလူပ်ရှားမှုကို NU က နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။

    အခုနှစ်မှာလည်း အရှေ့ဂျာဗားအပြင် နိုင်ငံတစ်ဝှမ်းက NU ဌာနခွဲတွေက ဒီလို ကာကွယ်ပေးဖို့ ကတိပြုခဲ့ပါတယ်။

    အရှေ့ကလီမန်တန် NU ဌာနခွဲကတော့ ခရစ်ယာန်ညီအစ်ကိုတွေကို ကာကွယ်ပေးရေး လှုပ်ရှားမှုမှာ အဖွဲ့ဝင်ပေါင်း ၅၀၀၀ လောက် ပါဝင်မယ်လို့ ကြေငြာခဲ့ပါတယ်။

    “ဒါဟာ ဘာသာရေးအရ သည်းခံမှုတစ်မျိုးပါ။ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေ ဘုရားဝတ်ပြုချိန်မှာ လုံခြုံမှု၊ သက်တောင့်သက်သာဖြစ်မှုကို ခံစားရစေဖို့လည်း ဖြစ်ပါတယ်။ ဘုရားကျောင်းတွေကို စောင့်ရှောက်ပေးတာဟာ ကျွန်တော်တို့ နှစ်စဉ်လုပ်နေကြအလုပ်ပါ” လို့ အရှေ့ ကလီမန်တန် Benser ဌာနခွဲက အတွင်းရေးမှူး ဟာရ်မန် အေ ဟာဆန်က ပြောကြားခဲ့ပါတယ်။

    အင်ဒိုမွတ်စလင်တွေရဲ့ ဒီလို ကာကွယ်ပေးမှုအတွင်းမှာ အသက်စတေးခဲ့ရတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။

    ၂၀၀၀ ခုနှစ် ခရစ္စမတ်အကြိုညမှာ အရှေ့ဂျာဗား Eben Haezar ဘုရားကျောင်းကို စောင့်ကြပ်နေတဲ့ မွတ်စလင်လူငယ်အဖွဲ့ထဲက အသက် ၂၅ နှစ်အရွယ် ရီယန်တိုဟာ ဘုရားကျောင်းရှေ့က မသင်္ကာတဲ့ အထုပ်တစ်ထုပ်ကို တွေ့ရှိခဲ့ပြီးနောက် သွားရောက်ကြည့်ရှုခဲ့ပြီး ဗုံးဖြစ်နေတာကို တွေ့တဲ့အချိန် ၀တ်ပြုသူတွေကို အချိန်မီ သတိပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ ဒီဗုံးကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

    အင်ဒိုလုံခြုံရေးတပ်ဖွဲ့တွေကလည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ ဘုရားကျောင်းတွေ၊ အကြမ်းဖက်သမားတွေက ပစ်မှတ်ထားနိုင်တဲ့နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ဖို့ ဆောင်ရွက်နေပါတယ်။

    Rref : Jakarta.coconuts