News @ M-Media
Blog
  • ရခိုင် လက်နက်ကိုင်များကို လက်နက်ခဲယမ်း အမြောက်အများနှင့် အိန္ဒိယတွင် ဖမ်းမိပြန်
    ရခိုင် လက်နက်ကိုင်များကို လက်နက်ခဲယမ်း အမြောက်အများနှင့် အိန္ဒိယတွင် ဖမ်းမိပြန်
    ဒီဇင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    rk-1
    အာသံရိုင်ဖယ်အသင်းမှ ဖမ်းမိခဲ့သူ ၂ ဦးနှင့် လက်နက်ခဲယမ်းများ
    – ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALA) မှ တပ်ဖွဲ့ဝင် ၈ ဦးကို အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသတွင် ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းမြောက်များစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
    ဖမ်းဆီးရမိခဲ့သူများမှာ တိုက်ပွဲဝင်ဝတ်စုံများနှင့်ဖြစ်ပြီး သောကြာနေ့က Lwangtlai ခရိုင် Tuithumnar ဒေသအနီးတွင် မီဇိုရမ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်အသင်းတို့ ပူးပေါင်းပြုလုပ်သည့် စစ်ဆင်ရေးတစ်ခုတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကာ ခရိုင်အာဏာပိုင်များကို လွှဲပြောင်းပေးခဲ့သည်။
    သိမ်းဆည်းရမိသည့် လက်နက်များတွင် တစ်လုံးထိုး ဂျောက်ဂျက်သေနတ်တစ်လက်နှင့် ၎င်းတွင်အသုံးပြုသည့် ကျည် ၁၀ တောင့်၊ ၇.၆၂ မမ ချေမှုန်းရေး သေနတ်တစ်လက်၊ ၅.၅၆ မမ M16 ရိုင်ဖယ် တစ်လက်၊ M-11 ချေမှုန်းရေး ရိုင်ဖယ်တစ်လက်၊ ဂျီသရီး ရိုင်ဖယ်တစ်လက်၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဆံအများအပြားနှင့် ကျည်ကပ်များ ပါဝင်သည်။
    rk-5
    မီဇိုရမ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်အသင်းတို့ ဖမ်းဆီးခဲ့သည့် ရခိုင်လက်နက်ကိုင်များထံမှ သိမ်းဆည်းရိမ်သော လက်နက်များ
    “ဘာသာစကားအခက်အခဲကြောင့် သူတို့ဝင်ရောက်လာတဲ့အကြောင်းအရင်းကို မသိရှိရသေးပါဘူး။ ဒါပေမယ့် သူတို့ဟာ ရခိုင်လွတ်မြောက်ရေးတပ်မတော်က ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရပါတယ်” ဟု အိန္ဒိယ ကာကွယ်ရေး ရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
    ရဲတပ်ဖွဲ့မှ ထိပ်တန်းအရာရှိတစ်ဦးကမူ အဆိုပါ လက်နက်ကိုင် ၈ ဦးမှာ အိန္ဒိယသို့ ၀င်ရောက်ရန် ကြိုးစားစဉ်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    ဖမ်းဆီးခံခဲ့ရသူ ရခိုင်လက်နက်ကိုင်များမှာ ခိုင်သီဇော်၊ ခိုင်မျိုး၊ ခိုင်ရေမင်း၊ ခိုင်မင်း၊ ခိုင်မင်းထူး၊ ခိုင်ရိုင်း၊ ခိုင်မျိုးနိုင်နှင့် ခိုင်ဇော်တို့ ဖြစ်ကြသည်။
    ထို့ပြင် အာသံရိုင်ဖယ်အသင်းမှာ မြန်မာနိုင်ငံသား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး လက်နက်များမှာ အေကေရိုင်ဖယ် ၆ လက်အပါအ၀င် နောက်ဆုံးပေါ် သေနတ် ၁၀ လက်၊ ကျည်ကပ် ၁၂ ခု၊ မြန်မာငွေ ၁၀ သိန်းတို့ ပါဝင်သည်။
    Ref: Indiablooms, The News Indian Express
    rk-4
    အာသံရိုင်ဖယ်အသင်းမှ ဖမ်းမိခဲ့သူ ၂ ဦးထံမှ သိမ်းဆည်းရမိသည့် မြန်မာငွေများ
  • ဘာကာကစားသမားများနှင့် ရင်းရင်းနှီးနှီးဆက်ဆံခဲ့သည့် ဒိုင်လူကြီးတစ်ဦး ပွဲပယ်ခံရ
    ဘာကာကစားသမားများနှင့် ရင်းရင်းနှီးနှီးဆက်ဆံခဲ့သည့် ဒိုင်လူကြီးတစ်ဦး ပွဲပယ်ခံရ
    ဒီဇင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    messi
    – ပြီးခဲ့သည့် သီတင်းပတ်က နျူးကမ့်၌ ကစားခဲ့သည့် ဘာစီလိုနာနှင့် ရီးယဲလ်တို့ပွဲတွင် စည်းကြပ်ဒိုင်အဖြစ် တာဝန်ယူခဲ့သူမှာ ဘာစီလိုနာကစားသမားများနှင့် အလွန်ရင်းနှီးကြောင်း ပြသခဲ့သည့်အတွက် ၂ ပတ် ပွဲပယ်ခံလိုက်ရသည်ဟု သိရသည်။
    ပါအူ နောရ်ဘာ့တ် စီရီဘရီယန် ဒီဗစ်ဆိုသူဖြစ်ပြီး လက်မခံနိုင်ဖွယ်ရာအပြုအမူများ ပြုမူခဲ့သည့်အတွက် ယခုတစ်ပတ်နှင့် လမည့်တစ်ပတ် ဘောလုံးပွဲများ ကြီးကြပ်ခွင့်ကို ပိတ်ပင်ခဲ့သည်ဟု ဒိုင်လူကြီးများကော်မတီက ပြောကြားခဲ့သည်။ ဒီဗစ်မှာ ထိုပွဲတွင် အ၀တ်လဲခန်းသို့ သွားရာလမ်း၌ ဘာစီလိုနာကစားသမားများနှင့် အလွန်ရင်းနှီးစွာ ဆက်ဆံခဲ့ခြင်းဖြစ်သည်။
    ၁ ဂိုးစီသရေကျခဲ့သည့် ထိုပွဲတွင် ကွင်းလယ်ဒိုင်လူကြီး ကားလို့စ် ကလို့စ် ဂိုးမက်ဇ်၏ ဆုံးဖြတ်ချက်အချို့ကို ရီးယဲလ်ကစားသမားများက ဒေါသထွက်ခဲ့ကြပြီး တရားဝင် တိုင်ကြားခြင်းမပြုသော်လည်း လူသိရှင်ကြား ဖွင့်ဟခဲ့သည်။
    “ဒိုင်လူကြီးတွေကို ကျွန်တာ် တော်တော်လေးစားတယ်ဗျ။ သူတို့လည်း လူတွေပဲလေ။ အမှားတွေ လုပ်နိုင်တာပေါ့။ ဒါပေမယ့် တမင်ရည်ရွယ်ပြီးတော့ မှားနေသလား အောက်မေ့ရတယ်။ ထပ်ပြောနေရင်လည်း အခုအချိန် ဘာမှ ထူးတော့မှာ မဟုတ်ပါဘူးဗျာ” ဟု ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    Ref: Mirror
  • ၀တ်ပြုရာနေရာကို တိုက်ခိုက်ခြင်းက ဘာသာတိုင်းနှင့် ဆန့်ကျင်သည်ဟု အီရန်ပြော
    ဒီဇင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    egypt-3
    ဗုံးကွဲပြီးနောက် ဘုရားကျောင်းအတွင်း မြင်ကွင်း
    – ၀တ်ပြုရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ ဘာသာတရားအားလုံး၏ သွန်သင်ဆုံးမမှုနှင့် ဆန့်ကျင်သော လုပ်ရပ်ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဟ်ရမ် ကာစီမီက ပြောကြားလိုက်ပြီး ယမန်နေ့က အီဂျစ်ရှိ ကော့ပတစ်ခရစ်ယာန် ဘုရားကျောင်း ဗုံးခွဲခံရမှုကို ရည်ညွှန်းခြင်းလည်းဖြစ်သည်။
    အဆိုပါ ဗုံးကွဲမှုတွင် ကလေးငယ်များအပါအ၀င် လူပေါင်း ၂၅ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရှိခဲ့ကာ ကာစီမီကမူ ထိုလုပ်ရပ်ကို ရှုတ်ချခဲ့သည်။
    “ခရစ်ယာန်တွေရဲ့ နှစ်သစ်ရောက်တော့မယ့်အချိန် ဒီသရဲဘောကြောင်တဲ့ ခရစ်ယာန်ဆန့်ကျင်ရေး တိုက်ခိုက်မှုက အကြမ်းဖက်ဝါဒဟာ နယ်နိမိတ်သတ်မှတ်မှု၊ လူမျိုးဘာသာခွဲခြားမှု မရှိဘူးဆိုတာကို သွေးဆာနေတဲ့ လူရမ်းကားအကြမ်းဖက်သမားတွေက ထပ်မံ ပြသလိုက်တာ ဖြစ်ပါတယ်” ဟု ကာစီမီက ပြောကြားခဲ့သည်။
    ထို့ပြင် ကမ္ဘာကြီးတွင် ပြန့်နှံ့နေသော အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်အတွက် နိုင်ငံအားလုံးနှင့် ဘာသာတရားအားလုံး စည်းလုံးရမည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    အီဂျစ် အော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်၏ ဌာချုပ်ဖြစ်သော ကိုင်ရိုမြို့လယ်ရှိ စိန့်မာ့က် ဘုရားကျောင်းနှင့် ကပ်နေသည့် စိန့်ပီတာ ဘုရားကျောင်းတွင် ပေါက်ကွဲခဲ့သော အဆိုပါ အဖြစ်အပျက်အတွက် ယခုအချိန်အထိ မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။
    အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီကမူ အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ထိုလုပ်ရပ်မျိုးအတွက် တိုင်းပြည်တွင် နေရာမရှိဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။
    Ref : Press TV
  • NO NVC ! (သူ့အမြင်)
    NO NVC ! (သူ့အမြင်)
    ဒီဇင်ဘာ ၁၂ ၊ ၂၀၁၆
    M-Media
    ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ) ရေးသည်။
    no-nvc
    NVC ကိစ္စနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက်အလက်များကို ဖော်ပြလိုက်ပါတယ်။
    … ယခင်သမ္မတဟောင်း ဦးသိန်းစိန်က White Card ကိုင်ဆောင်သူများကိုသာ NVC (အစိမ်းရောင် Card) ထုတ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။
    (၁၉၅၁ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ  အပိုဒ်-၁၃(၁)အရ  ထုတ်ပေးထားသော ယာယီသက်သေခံ လက်မှတ်များသည် (၃၁-၃-၂၀၁၅) ရက်နေ့အထိသာ သတ်မှတ်ခဲ့ပြီး၊ ထိုရက်နေ့ နောက်ဆုံးထား၍ အပ်နှံရန် နိုင်ငံတော် သမ္မတရုံး၏ (၁၁-၂-၂၀၁၅)ရက်စွဲပါ အမိန့်ကြေညာစာအမှတ်- ၁၉/၂၀၁၅ဖြင့် ထုတ်ပြန်ကြေညာခဲ့ ပါသည်။ နိုင်ငံတော် သမ္မတရုံး၏ (၃-၄-၂၀၁၅)ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်-၃၁/၂၀၁၅ ဖြင့် ဖွဲ့စည်းတာဝန်ပေးခဲ့သော ယာယီသက်သေခံ လက်မှတ်နှင့် စပ်လျှဉ်းသည့် ကိစ္စရပ်များ လေ့လာသုံးသပ် အကြံပြုရေး ကော်မရှင်၏ အကြံပြုချက်အရ ထိုယာယီသက်သေခံလက်မှတ် အပ်နှံသူများကို “နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား” (Identity Card for National Verification)ထုတ်ပေးရန် ကော်မရှင်၏ အကြံပြုချက်ကို နိုင်ငံတော်အစိုးရက သဘောတူညီပြီး ဖြစ်သဖြင့် တာဝန်ပေးချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနသည် (၅-၆-၂၀၁၅)ရက်နေ့မှစ၍ ထိုယာယီ သက်သေခံကတ်ပြား ထုတ်ပေးရေးကိုဆောင်ရွက်ခဲ့ပါသည်။ White Card အပ်နှံသူများအား NVC ထုတ်ပေးရန် နိုင်ငံတော်အစိုးရက သဘောတူထားခြင်းဖြစ် ပါသည်။၁၉၅၁ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေအပိုဒ်-၁၃(၁)အရ ယာယီသက်သေခံလက်မှတ်(White Card) ကိုင်ဆောင်ထားသူများကိုသာ အပိုဒ်-၁၃(၄)အရ ယာယီသက်သေခံ လက်မှတ်သစ်တစ်ခု (NVC)ထုတ်ပေးခြင်းဖြစ်ပါ သည်။ စတင်ထုတ်ပေးချိန်မှစ၍ သက်တမ်း (၂)နှစ် ရှိပါသည်။ ယာယီ သက်သေခံကတ်ပြား၍ White Card ကို ရုပ်သိမ်းသကဲ့သို့ NVC ကို ရုပ်သိမ်းနိုင်ပါသည်။ ၄င်း နည်းဥပဒေ ၁၃(၄) အရ ယာယီသက်သေခံလက်မှတ် သက်တမ်းစေ့လျှင် နောက်ထပ်သက်သေခံ လက်မှတ် ထပ်မံ ထုတ်ပေးနိုင်သည်။)
    …နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံသား မိဖနှစ်ဦးမှ မွေးဖွားသည့် သားသမီးသည် နိုင်ငံသားဖြစ်ခွင့်ရှိသည် ဟုပြောကြားခဲ့ပါတယ်။
    (ရခိုင်ကော်မရှင် တံခါးပိတ်အစည်အဝေးသို့ တက်ရောက်ခွင့် ရရှိသူ ဦးအေးလွင်တို့နှင့် တွေ့ဆုံစဉ် နိုင်ငံသားမိဖနှစ်ဦးမှ မွေးဖွားသည့် သားသမီးသည် နိုင်ငံသားဖြစ်ခွင့် ရှိသည်ဟု ပြောဆိုခဲ့ကြောင်း ဦးအေးလွင်က ပြောကြားခဲ့ပါသည်။)
    …အလုပ်သမား၊ လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက အမျိုးသားမှတ်ပုံတင် ကတ်ပြား (သုံးခေါက်ချိုး) ကိုင်ဆောင်သူများကို NVC Card လဲလှယ်ရန်မလိုကြောင်းပြောကြားခဲ့ပါတယ်။
    (NVC နှင့်စပ်လျဉ်း၍ တင်ပြရလျှင်၊ (၁၅-၇-၂၀၁၆) ရက်စွဲပါ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၆) တွေ့ဆုံမေးမြန်းခန်းတွင် “အမျိုးသားမှတ်ပုံတင် ကတ်ပြား (သုံးခေါက်ချိုး) ကိုင်ဆောင်သူများကို NVC Card လဲလှယ်ရန်မလိုဘဲ လုပ်ထုံးလုပ်နည်းနှင့် အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ စိစစ်ထုတ်ပေးသွားမည် ဖြစ်ကြောင်း” ပြည်ထောင်စုဝန်ကြီး၊အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၏ ပြောကြားချက်အရ အမျိုးသားမှတ်ပုံတင်ကတ်ပြား (သုံးခေါက်ချိုး) ကိုင်ဆောင်သူများသည် NVC Card လဲလှယ်ရန် မလိုအပ်ပါ။)
    …နိုင်ငံသားအရည်အချင်း စိစစ်ရာတွင် အထောက်အထားတင်ပြမှု အားနည်းလျှင် ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၆၅နှင့် အညီ ဆောင်ရွက်နိုင်ပါတယ်။
    (အထောက်အထားတင်ပြမှု အားနည်းလျှင်(သို့) မည်သည့်နိုင်ငံသား အမျိုးအစားတွင် အကျုံးဝင်ကြောင်း အတည်ပြုရန် ဒွိဟဖြစ်လျှင်(သို့) နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ ပြဌာန်းချက်များနှင့် အကျုံးမဝင်လျှင် (သို့) NVC ကိုင်ဆောင်ထားသူများမှ လျှောက်ထားလာလျှင် လျှောက်ထားသူ (အလွှာရှင်) ၏ဆန္ဒအလျှောက် ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၆၅ အရ လျှောက်ထားရန် ညွှန်ပြပါလိမ့်မည်။)
    ပုဒ်မ-၆၅။    ။ ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူရန် အကြောင်းကိစ္စ ပေါ်ပေါက်ပါက ဗဟိုအဖွဲ့သို့ လျှောက်ထားနိုင်သည်။
    ဆောင်ရွက်ပုံအဆင့်ဆင့်မှာ မြို့နယ်ဦးစီးဌာနမှူးရုံးမှအမှုတွဲတည်ဆောက်၍ပဏာမစီစစ်ပါလိမ့်မည်။ မြို့နယ် အဆင့် ၊ ပြည်နယ်/ တိုင်းဒေသကြီးအဆင့် နိုင်ငံသားစိစစ်ရေးကော်မတီများ က စုံစမ်းစစ်ဆေးပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (ရုံးချုပ်) က ထပ်ဆင့်စိစစ်ပြီး ဗဟိုအဖွဲ့သို့ တင်ပြရပါသည်။ ၄င်းဗဟိုအဖွဲ့မှ မည်သည့်နိုင်ငံသားအမျိုးအစားတွင် ပါဝင်ကြောင်း အပြီးသတ်ဆုံးဖြတ် ပါလိမ့်မည်။ ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ပေးရန် လိုအပ်၍ နိုငံသားစိစစ်ရေး ကတ်ပြား နိုင်ငံသား အမျိုးအစားအလိုက် ထုတ်ပေးရန်မှာလည်း အချိန်ယူ ဆောင်ရွက်ရမည့် ကိစ္စဖြစ်သဖြင့် အလွှာရှင်သည် အချိန်ကာလကြာမြင့်နိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။ NVC နှင့် ပုဒ်မ-၆၅ ဆက်စပ်လာလျှင် နိုင်ငံသား ဖြစ်ရန် အခွင့်အလမ်း နည်းပါးသွားနိုင်ပါသည်။)
    …မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်အများအပြားသည် အခြေခံဥပဒေ (၃) ခုက အသိအမှတ်ပြုထားသော ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများဖြစ်ကြပါတယ်။
    (မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် အများအပြားသည် ဥပဒေအရ နိုင်ငံသားဖြစ်ပြီး သူများ ဖြစ်ကြပါသည်။ ၁၉၄၇ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ-၁ဝ၊ ၁၉၇၄ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၁၄၅(ခ)နှင့်၂၀၀၈ခုနှစ် ၊ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၄၅(ခ)ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၃)ရပ်က  ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများကို  အသိအမှတ်ပြု အတည်ပြု ထားပြီး၊ ၁၉၈၂ခုနှစ်၊ မြန်မာ နိုင်ငံသားဥပဒေပုဒ်မ-၆ ကလည်း ထပ်မံ အတည်ပြုထားပါသည်။)
    …မြန်မာနိုင်ငံတွင် ၁၈၂၃ခုနှစ် မတိုင်မီက မိမိ၏ပင်ရင်းနိုင်ငံအဖြစ် အခြေစိုက် နေထိုင်ခဲ့သော အစ္စလာမ်ဘာသာဝင်များ၏ အဆက်အနွယ်များသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၃ အရ နိုင်ငံသားဖြစ်ကြပါတယ်။
    (၁၉၄၈ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ-၃(၁)တွင်  ၁၈၂၃ ခုနှစ်(မြန်မာသက္ကရာဇ် ၁၁၈၅ခုနှစ်) မတိုင်မီ ကာလကစ၍ မိမိတို့၏ ပင်ရင်းတိုင်းပြည် အဖြစ်ဖြင့် အခြေစိုက် နေထိုင်ခဲ့သော မျိုးနွယ်စုများသည် ၁၉၈၂ခုနှစ် ၊မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၃ တွင် အကျုံးဝင်သော မြန်မာနိုင်ငံ သားများ ဖြစ်ကြပါသည်။ အစ္စလာမ်ဘာသာဝင်များသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ကျော် ၁၂၀၀ခန့်က ရောက်ရှိခဲ့ရာ၊ ၁၈၂၃ခုနှစ် မတိုင်မီက မိမိတို့၏ ပင်ရင်းတိုင်းပြည်အဖြစ်ဖြင့် အခြေစိုက် နေထိုင်ခဲ့သူများ၏ အဆက်အနွယ်များသည် မြန်မာနိုင်ငံသားများဖြစ်ကြပြီး၊ မြန်မာနိုင်ငံအရပ်ရပ်တွင် ပျံ့နှံ့နေထိုင်လျှက်ရှိပါသည်။)
    …လ၀က ဥပဒေများအရ နိုင်ငံသားဖြစ်ပြီးသူများမှ မွေးဖွားသူများသည်လည်းမြန်မာနိုင်ငံသားများဖြစ်ကြပါတယ်။
    (၁၉၄၈ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ၊ ၁၉၄၈ခုနှစ်၊ ပြည်ထောင်စု မြန်မာ နိုင်ငံသားအဖြစ် ရွေးချယ်ရေး အက်ဥပဒေ နှင့် ၁၉၄၇ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ-၁၁ တို့နှင့်အညီ နိုင်ငံသားဖြစ်ပြီး သူများသည်လည်း ၁၉၈၂ခုနှစ် ၊မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၆တွင် အကျုံးဝင်သော မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်။ ၁၉၇၃ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ-၁၄ တွင် “ဥပဒေ ပြဌာန်းချက် တစ်ရပ်ရပ်ကို အခြားဥပဒေ တစ်ရပ်ရပ်ဖြင့်၊ ရုပ်သိမ်းလျှင် (က)ရုပ်သိမ်းခြင်း ခံရသော ပြဌာန်းချက် ၏ အာဏာသက်ရောက်ခြင်းကို မထိခိုက်စေရ။ ထို့ပြင် ယင်းဥပဒေ ပြဌာန်းချက် အရ နည်းလမ်းတကျ ပြုလုပ် ဆောင်ရွက်ခဲ့သည်တို့ကို မထိခိုက်စေရ။(ခ)ရုပ်သိမ်းခြင်းခံရသော ပြဌာန်းချက်အရ ရရှိခဲ့သည့်ရပိုင်ခွင့် သို့မဟုတ် အခွင့်အရေးကို မထိခိုက်စေရ။”ဟု ပြဌာန်းထားရာ၊ ယင်းအခွင့်အရေးများသည် ယနေ့တိုင် တည်မြဲလျှက်ရှိရာ၊ အဆိုပါ ဥပဒေများအရလည်း အစ္စလာမ်ဘာသာဝင်များ အများအပြားသည် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများ ဖြစ်ကြပါသည်။)
    ၁၉၈၂နိုင်ငံသားဥပဒေတွင် သွေးနှောများကိုပြန်လည် စိစစ်ရန် မပါဝင်ကြောင်း ဒဂုံမြို့နယ် (မြောက်ပိုင်း) ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေကိုယ်စားလှယ် ဒေါက်တာခင်မောမောင်က ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။
    (သွေးနှော”အသုံးအနှုန်းနှင့် ပတ်သက်၍လည်း တင်ပြလိုပါသည်။၎င်းအသုံးအနှုန်းသည် ၁၉၈၂ နိုင်ငံသား ဥပဒေ၊ နည်းဥပဒေများတွင် မပါဝင်သော ဥပဒေနှင့် မညီညွှတ်သည့် အသုံးအနှုန်း ဖြစ်ပါသည်။ ဥပဒေ ပြဌာန်းချက်တစ်စုံတစ်ရာ မရှိ၍ “သွေးနှော”ဟု ခေါ်ဝေါ် သုံးနှုန်းခြင်းမှာ တည်ဆဲ ဥပဒေများနှင့်ညီညွှတ်ခြင်းမရှိပါ။ ဥပဒေတစ်ရပ် ပြဌာန်းလျှင်၊ ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ အမိန့် အသီးသီး ရှိပါသည်။ညွှန်ကြားချက်၊ အမိန့်များသည် ဥပဒေ၊ နည်းဥပဒေ၊များကို မကျော်လွန်နိုင်ပါ။ အစ္စလာမ်ဘာသာဝင်များအား သွေးနှောများ ဟု သုံးနှုန်းနေခြင်းမှာ ဥပဒေနှင့် မညီညွှတ်ပါ။)
    …နိုင်ငံသားစိစစ်ရာတွင် စိစစ်သည့်ဗဟိုအဖွဲ့အစည်း လ၀က၀န်ကြီးဌာန၊ နှင့်  နိုင်ငံတော်အစိုးရတို့ကသာ ဆုံးဖြတ်နိုင်ပါတယ်။
    (၁၉၈၂ခုနှစ်၊မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၇၄အရ မြန်မာနိုင်ငံသား စိစစ်ရေး လုပ်ငန်းရပ်များနှင့် စပ်လျှဉ်း၍ နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန နှင့် ဗဟိုအဖွဲ့တို့ကသာ တည်ဆဲဥပဒေများနှင့်အညီ အဆုံးအဖြတ် ပေးနိုင်ပါသည်။ သက်ဆိုင်ရာ ဝန်ကြီးဌာန နှင့် ဗဟိုအဖွဲ့တို့သည် နိုင်ငံတော်အစိုးရကို တာဝန်ခံ၍ မြန်မာနိုင်ငံသား လုပ်ငန်းရပ်များကို အကောင်အထည် ဖေါ်ရပါသည်။ ပုဒ်မ-၇၀(ခ)အရ နိုင်ငံတော် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပါသည်။)
    …NVC ကတ်ပြားများကို အစ္စလာမ် ဘာသာဝင်များကိုသာ သီးခြားကိုင်ဆောင်စေခြင်းမဟုတ်ပဲ နယ်စပ်ဒေသများ၏ နယ်နမိတ်ထိစပ်မှုသဘော သဘာဝအရ နှစ်နိုင်ငံလူမျိုးများရောထွေးနေခြင်း အပေါ် ဥပဒေအရ စိစစ်ခွဲခြားပေးနိုင်ရန်အတွက် အခိုင်အတန့် ကိုင်ဆောင်စေခြင်းဖြစ်ကြောင်းပြောကြားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးကဲ့သို့ မြို့ကြီးပြကြီးများတွင် နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအား သီးသန့်ခေါ်ယူတွေ့ဆုံ ရှင်းပြရန်လိုအပ်မည် မဟုတ်ပါ။ မြန်မာနိုင်ငံတွင်နေထိုင်ကြသော နိုင်ငံသား အရည်အချင်းပြည့်မှီသည့် အစ္စလာမ်ဘာသာဝင်တို့အား ၁၉၈၂ခုနှစ်မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ရန်ဖြစ်ပါတယ်။
    (နိုင်ငံသား/ဧည့်နိုင်ငံသား/နိုင်ငံသားပြုခွင့်ရသူများ အတွက်၁၉၈၂ခုနှစ်၊မြန်မာနိုင်ငံသားဥပဒေနည်း ဥပဒေလုပ်ထုံး လုပ်နည်းများ ပြဌာန်းထားပြီးဖြစ်ပြီး၊ အဆိုပါပြဌာန်းချက်များအရ နိုင်ငံသား/ဧည့်နိုင်ငံသား /နိုင်ငံသားပြုခွင့်ရသူများအတွက် အရည်အချင်း သတ်မှတ်ချက်များကို စိစစ်ရာတွင် အထောက်အထားများ ခိုင်မာမှန်ကန်မှုရှိကြောင်း စိစစ်အတည်ပြုသူများကို ရသင့်သော နိုင်ငံသား အမျိုးအစား အလိုက် အသိအမှတ်ပြုလက်မှတ်/ စိစစ်ရေးကတ်ပြားများကို မြို့နယ်/ခရိုင် နှင့် ပြည်နယ်/တိုင်းဒေသကြီး ဦးစီးဌာနမှူးများက လက်မှတ်ရေးထိုး ထုတ်ပေးရပါမည်။ အဆိုပါ ပြဌာန်းချက်များကို ဘောင်ကျော်၍ မဆောင်ရွက်နိုင်ပါ။ အဆိုပါ ပြဌာန်းချက်များ အကျုံးဝင်လျှင် ရသင့်သောနိုင်ငံသား ကတ်ပြားများ  ထုတ်ပေးရမည် ဖြစ်ပါသည်။ နိုင်ငံသားဖြစ်ရန် အရည်အချင်းရှိသူများအား အစုလိုက်အပြုံလိုက် NVCများ ထုတ်ပေးလိုက်လျှင်၊ နိုင်ငံသားဖြစ်ရန် အခွင့်အရေးများ ဆုံးရှုံးကြမည်ဖြစ်ပါသည်။)
    အချုပ်အားဖြင့် တင်ပြရလျှင် ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေသည်၂၀၀ဂ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်မှု မရှိသော်လည်း ၎င်းဥပဒေမှာ တည်ဆဲဖြစ်နေ၍ ၎င်းဥပဒေ အရသာ ဆုံးဖြတ်ရပါမည်။ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်တွင် အစ္စလာမ်ဘာသာဝင်များအား တည်ဆဲဖြစ်သော ၁၉၈၂ခုနှစ်၊မြန်မာနိုင်ငံသားဥပဒေ ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးပါရန် အနူးအညွှတ် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
    ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)
  • ဘာသာများအကြား ညီညွတ်မှုက တိုင်းပြည်ကို ပိုမိုစည်းလုံးစေခဲ့သည်ဟု အီရန်သမ္မတပြော
    ဘာသာများအကြား ညီညွတ်မှုက တိုင်းပြည်ကို ပိုမိုစည်းလုံးစေခဲ့သည်ဟု အီရန်သမ္မတပြော
    ဒီဇင်ဘာ ၁၁၊ ၂၀၁၆
    M-Media
    iran-4
    အီရန်သမ္မတ ဟာဆန်ရူဟာနီ
    – အီရန်နိုင်ငံရှိ မတူကွဲပြားသော ဘာသာတရားများအကြား ညီညွတ်မှုကို သမ္မတ ဟာဆန် ရူဟာနီက ချီးကျူးလိုက်ပြီး တိုင်းပြည်ညီညွတ်ရေးအတွက် အကြောင်းအရင်းတစ်ရပ်ဖြစ်သည်ဟု ပြောကြားလိုက်သည်။
    အစ္စလာမ့်ညီညွတ်ရေး သီတင်းပတ် အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝှမ်းမှ စွန်နီဓမ္မပညာရှင်များနှင့် ယနေ့တွင်ဆုံစဉ် ရူဟာနီက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ အဆိုပါ ညီညွတ်ရေးသီတင်းပတ်ကို အီရန် အစ္စလာမ့်မစ်တော်လှန်ရေး ခေါင်းဆောင်၊ ခေတ်သစ်အီရန်နိုင်ငံကို ထူထောင်ခဲ့သူ အီမာမ် ခိုမေနီက သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
    ရူဟာနီကမူ နိုင်ငံအတွင်း မတူကွဲပြားသော ဘာသာတရားများ၊ လူမျိုးများ ညီညွတ်ခြင်းကို ခြိမ်းခြောက်မှုဟုမမြင်ဘဲ နိုင်ငံတော် ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးသည့် ကြီးမားသော အခွင့်အလမ်းဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
    “တိုင်းပြည်က လူမျိုးစုတွေ၊ ဘာသာဝင်တွေရဲ့ စွမ်းအားကို အမြင့်ဆုံးအသုံးချပြီး ယဉ်ကျေးမှုနဲ့ တိုင်းပြည်စည်းလုံးရေး အားကောင်းကောင် အစိုးရက လုပ်သွားမှာပါ။ ကျွန်တော်တို့ အစ္စလာမ့်သမ္မတနိုင်ငံဟာ စတင်တည်ထောင်ကတည်းက ဘာသာရေး သည်းခံခြင်း၊ လူမျိုးရေးနဲ့ ယဉ်ကျေးမှုတွေ မတူကွဲပြားစွာ ညီညွတ်ခြင်းတို့ကို အခြေခံထားတာပါ”
    စွန်နီ ဓမ္မပညာရှင်များကလည်း စွန်နီနှင့် ရှီအာအကြား ညီညွတ်ရေးလိုအပ်ကြောင်းကို အဓိကထား ပြောကြားခဲ့ပြီး၊ ဘာသာတရားကို ခုတုံးလုပ်၍ အီရတ်နှင့် ဆီးရီးယားတို့မှ IS အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကိုလည်း ရှုတ်ချခဲ့သည်။ ထို့နောက် သမ္မတနှင့် စွန်နီပညာရှင်များမှာ နိုင်ငံအတွင်းနှင့် ဒေသတွင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
    Ref: Press TV