News @ M-Media

Blog

  • ဂျူးတစ်ဦးမီးရှို့ခဲ့သည့်ဗလီ ပြင်ဆင်ရန်အတွက် အမေရိကန်ဂျူးအဖွဲ့အစည်း အလှူငွေပေး

    ဂျူးတစ်ဦးမီးရှို့ခဲ့သည့်ဗလီ ပြင်ဆင်ရန်အတွက် အမေရိကန်ဂျူးအဖွဲ့အစည်း အလှူငွေပေး

    ဒီဇင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    florida

    – ဂျူးလူမျိုးတစ်ဦးက မီးရှိုခဲ့မှုကြောင့် ပျက်ဆီးသွားသည့် ဖလော်ရီဒါမှ ဗလီဝတ်ကျောင်းတော် ပြန်လည်ပြင်ဆင်ရန်အတွက် အမေရိကန်ရှိ ထင်ရှားသည့် ဂျူးအဖွဲ့အစည်းဖြစ်သော အမေရိကန် ဂျူးကော်မတီ (AJC) က ရန်ပုံငွေ လှူဒါန်းခဲ့သည်ဟု သိရသည်။

    “ဘယ်လို ၀တ်ပြုရာ အဆောက်အဦးမျိုးကိုမဆို တိုက်ခိုက်တာဟာ အမေရိကန်အားလုံးကို စော်ကားတာပါပဲ။ ဗလီတစ်လုံးကို မီးရှို့မှုဟာ အမေရိကန်က ဂျူးတစ်မျိုးသားလုံး ဆန့်ကျင်ရှုတ်ချတဲ့ အမုန်းရာဇ၀တ်မှုတစ်ခုပါ” ဟု AJC ၏ မွတ်စလင်-ဂျူဆက်ဆံရေး အဖွဲ့မှ ဒါရိုက်တာ ရောဘတ် ဆေးလ်ဗားမန်းက ပြောကြားခဲ့သည်။

    ဆေးလ်ဗားမန်းမှာ ဗလီဝတ်ကျောင်းတော်တည်ရှိရာ ဖော့တ်ပီယာ့စ် အစ္စလာမ့်စင်တာမှ ဒါရိုက်တာ ဆယဒ် ရှာဖီက်အူရ် ရဟ်မန်ကို သောကြာနေ့က အလှူငွေ ပေးအပ်ခဲ့ခြင်းပြီး ဗလီဝတ်ကျောင်းတော်သို့ ၀တ်ပြုရန် လာရောက်ကြသူများကိုလည်း မိန့်ခွန်းပြောကြားခဲ့သည်။

    “ရာစုနှစ်များစွာအရင် ဥရောပက ကက်သလစ်အာဏာရှင်တွေလက်ထက် ဂျူးတွေ ညှင်းပမ်းနှိပ်စက်ခံခဲ့ရတုန်းက သူတို့တွေဟာ မွတ်စလင်နယ်မြေတွေမှာ သွားရောက် ခိုလှုံခဲ့ကြရပါတယ်။ ဒီလို ဒုက္ခသည်တွေကို ကြိုဆိုခဲ့မှုက ဂျူးလူမျိုးတွေ ဘယ်တော့မှ မေ့လိုမရမယ့် ကြင်နာမှုမျိုးပါပဲ။ ဒီနေ့မှာတော့ AJC ဟာ ဒီလိုမဖြစ်စလောက်လေး ကူညီရတဲ့အတွက် ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်” ဟု ဆေးလ်ဗားမန်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဗလီဝတ်ကျောင်းတော်ကို မီးရှို့သူအား တရားဥပဒေအတိုင်း အမြန်ဆုံး အရေးယူရန်လည်း တိုက်တွန်းခဲ့သည်။

    ဗလီဝတ်ကျောင်းတော်ကို မီးရှို့သူ ဂျူးလူမျိုးမှာ ဂျိုးဆက်ပ် မီခေးလ် ရှရီဘာဆိုသူဖြစ်ပြီး ယခင်က ရာဇ၀တ်မှုကျူးလွန်ဖူးသူတစ်ဦးလည်း ဖြစ်သည်။ ၎င်းကမူ ထိုကဲ့သို့ ဆောင်ရွက်ခဲ့မှုအတွက် ရှက်မိကြောင်း ပြောကြားခဲ့သည်။ ၎င်းမှာ စက်တင်ဘာ ၁၁ ရက်နေ့ ၁၅ နှစ်မြောက် နှစ်ပတ်လည်တွင် ဗလီအား မီးရှို့ခဲ့သည်။

    ထိုမီးရှို့မှုတွင် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘဲ ဗလီဝတ်ကျောင်းတော်မှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးခဲ့သည်။

    Ref : Time of Israel

  • တစ်ရက်လုပ်ခကို ကလေးငယ်များအတွက်လှူတဲ့ ဆန်းချက်ဇ်

    တစ်ရက်လုပ်ခကို ကလေးငယ်များအတွက်လှူတဲ့ ဆန်းချက်ဇ်

    ဒီဇင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    sanches

    – အာဆင်နယ်၏ ပင်တိုင်ဂိုးသွင်းရှင် တိုက်စစ်မှူး အလက်ဇစ်ဆန်းချက်ဇ်မှာ ၎င်း၏ တစ်ရက်စာလုပ်ခကို ကလေးငယ်များအတွက် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အဖွဲ့သို့ လှူဒါန်းခဲ့သည်ဟု သိရသည်။

    အာဆင်နယ်ဖောင်ဒေးရှင်းက ပူးပေါင်းပါဝင်နေသော Save The Children အဖွဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ အဖွဲ့မှာ ကံမကောင်းအကြောင်းမလှသည့် လူငယ်များကို တစ်စိုက်မတ်မတ် ကူညီနေသည့် အဖွဲ့အစည်းဖြစ်သည်။

    အာဆင်နယ်ကစားသမားများကလည်း အဆိုပါကလေးငယ်များ ဘောလုံးကစားနိုင်ရန်အတွက် ဘောလုံးကွင်းများ ဆောက်လုပ်ရေး ကူညီမှု ပြုလုပ်နေသည်။ ဆန်းချက်ဇ်က ထိုသို့လှူဒါန်းမှုကို ၎င်း၏ Twitter စာမျက်နှာမှတစ်ဆင့် ဖော်ပြခဲ့သည်။

    ဆန်းချက်ဇ်မှာ လက်ရှိတွင် အသင်းနှင့် စာချုပ်သက်တမ်းတိုးမည့် ကိစ္စအတွက် မရေရာမှုများ ရှိနေပြီး ၎င်းနှင့် ကွင်းလယ်လူ အိုဇေးလ်တို့မှာ လစာပိုလိုချင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    Ref: Goal

  • ကိုယ်တိုင်လက်ခံခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို ဂမ်ဘီယာအာဏာရှင်ဟောင်း ပြန်လည် ငြင်းပယ်

    ကိုယ်တိုင်လက်ခံခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို ဂမ်ဘီယာအာဏာရှင်ဟောင်း ပြန်လည် ငြင်းပယ်

    ဒီဇင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    gambia-2
    ဂမ်ဘီယာအာဏာရှင်ဟောင်း ယာဟ်ယာ ဂျာမေဟ်

    – ပြိုင်ဘက်အား ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဗုဒ္ဓဟူးနေ့တွင် တရားဝင် ၀န်ခံခဲ့သည့် ဂမ်ဘီယာအာဏာရှင်ဟောင်း ယာဟ်ယာ ဂျာမေဟ်က သောကြာနေ့တွင် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်သည်ဟု ထပ်မံပြောကြားလိုက်သည်။

    ဂျာမေဟ်မှာ ဂမ်ဘီယာနိုင်ငံကို ၂၂ နှစ်ကြာ အုပ်စိုးခဲ့သည့် အာဏာရှင်ဖြစ်ပြီး ပြိုင်ဘက်များကို ထိန်းသိမ်းခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များ၏ စွပ်စွဲမှုကို ခံခဲ့ရသည်။ ပြီးခဲ့တစ်ပတ် ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် အဒါမာ ဘာရိုးအား ရှုံးနိမ့်ကြောင်း ၎င်းက တရားဝင် ကြေငြာခဲ့ပြီး၊ ပြည်သူများမှာ လမ်းပေါ်သို့ထွက်၍ အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြသည်။

    သို့သော်လည်း ဂျာမေဟ်မှာ မနေ့က ရွေးကောက်ပွဲရလဒ်ကို လက်မခံဟုဆိုပြီး ရွေးကောက်ပွဲ ထပ်မံပြုလုပ်ရန် တောင်းဆိုခဲ့သည်။

    “သေသေချာချာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာ လတ်တလော ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွင်းမှာ လက်မခံနိုင်လောက်တဲ့ ဆိုးဆိုးဝါးဝါး မူမမှန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေအတွက် ၀မ်းနည်းမိပါတယ်။ ဘုရားသခင်ကိုကြောက်ရွံ့ပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲအသစ်ကို ထပ်လုပ်ဖို့ အကြံပြုပါတယ်” ဟု ဂျာမေဟ်က ပြောကြားခဲ့သည်။

    ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ယခင်အာဏာရှင်ကို သစ္စာခံသည့် စစ်တပ်ကို မည်ကဲ့သို့ ထိန်းကျောင်းရမည်ဆိုသည်နှင့် ပတ်သက်၍ အခက်တွေ့နေရသည့် ဘာရိုးအတွက် ဂျာမေဟ်၏ ယခုကြေငြာမှုက ဆိုးရွားသည့်စိန်ခေါ်မှုလည်း ဖြစ်သည်။

    Ref: Aljazeera

  • ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အချိန်စာရင်း ကြေညာ

    ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အချိန်စာရင်း ကြေညာ

    ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း ကြေညာ

    2017

  • ရုရှားအားကစားလောက၏ တားမြစ်ဆေးမသမာမှု အစိုးရက စီစဉ်ခဲ့ခြင်းဖြစ်

    ရုရှားအားကစားလောက၏ တားမြစ်ဆေးမသမာမှု အစိုးရက စီစဉ်ခဲ့ခြင်းဖြစ်

    ဒီဇင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    russia

    – နွေရာသီ၊ ဆောင်းရာသီနှင့် မသန်စွမ်း အိုလံပစ်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ရုရှား အားကစားသမား ၁၀၀၀ ကျော်မှာ ဆေးမအောင်မှုကို ဖုံးကွယ်ရန် အစိုးရ၏ ပူးပေါင်းကြံစည်မှုတွင် ပါဝင်ခဲ့သည် သို့မဟုတ် ထိုအစီအစဉ်မှ အကျိုးဖြစ်ထွန်းခဲ့သည်ဟု ကမ္ဘာ့တားမြစ်ဆေးဆန့်ကျင်ရေး အေဂျင်စီ (WADA) က ပြောကြားလိုက်သည်။

    ကနေဒါ အားကစားဆိုင်ရာ ရှေ့နေဖြစ်သူ ရစ်ချက် မက္ကလာရင်က ယမန်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားခြင်းဖြစ်ပြီး ရုရှားအစိုးရက ကျောထောက်နောက်ခံပြုထားသော တားမြစ်ဆေး သုံးစွဲမှုအစီအစဉ် အသေးစိတ်ကို ဖော်ပြခဲ့သည်။

    ၂၀၁၂ အိုလံပစ်၊ ၂၀၁၃ ကမ္ဘာ့ အားကစား ချန်ပီယံရှစ်၊ ၂၀၁၄ ဆိုချီ ဆောင်းရာသီ အိုလံပစ်နှင့် ဘောလုံးအပါအ၀င် အားကစားနည်း ၃၀ ကျော်တွင် တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိမှုကို ဖုံးကွယ်ရန်အတွက် စနစ်တကျ ပြုလုပ်ခဲ့သည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

    “အနည်းဆုံး ၂၀၁၁ လောက်နေစလို့ ဖုံးကွယ်ခဲ့တာတွေ၊ ဆိုချီအိုလံပစ်နောက်ပိုင်း ဆက်လုပ်တာတွေကို ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီလိုဖုံးကွယ်မှုဟာ မကြုံစဖူး ပမာဏဖြစ်ပြီး အစီရင်ခံစာရဲ့ ဒုတိယပိုင်းမှာတော့ ကစားသမားတွေ အများအပြားပါဝင်မှု၊ တားမြစ်ဆေးသုံးစွဲမှုကို ဖုံးကွယ်ဖို့အတွက် ပူးပေါင်းစီစဉ်မှုတွေကို ဖော်ပြထားပါတယ်” ဟု မက္ကလာရင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ရုရှားအစိုးရမှာ ဆေးမအောင်သည့် အားကစားသမား ၅၀၀ ကျော်ကို ဆေးအောင်သည်ဟု ဖော်ပြခဲ့ပြီး ထိုအထဲတွင် နာမည်ကြီးနှင့် ထိပ်တန်းကစားသမားများလည်း ပါဝင်ကြောင်း၊ ၂၀၁၂ လန်ဒန်အိုလံပစ်တွင် ရုရှားမှာ ရွှေ ၂၄၊ ငွေ ၂၆ နှင့် ကြေး ၃၂ ခု ရရှိခဲ့ပြီး ယှဉ်ပြိုင်သည့်အားကစားသမားအားလုံး မည်သူမှ ဆေးမအောင်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။

    Ref: Aljazeera