News @ M-Media

Blog

  • Air Force One လေယာဉ် အသစ်မှာယူထားမှု ထရမ့် ဖျက်သိမ်းဖွယ်ရှိ

    Air Force One လေယာဉ် အသစ်မှာယူထားမှု ထရမ့် ဖျက်သိမ်းဖွယ်ရှိ

    ဒီဇင်ဘာ ၇၊ ၂၀၁၆
    M-Media

    airforce-one

    – အမေရိကန်သမ္မတ စီးနင်းရန်အတွက် ဘိုးအင်းလေယာဉ်ကုမ္ပဏီမှ Air Force One လေယာဉ် အသစ်စက်စက် မှာယူထားမှုကို ဖျက်သိမ်းရန် ထရမ့်က အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပြီး ထိုလေယာဉ်အတွက် ကုန်ကျမှုမှာ အလွန်များသည်ဟု ပြောကြားခဲ့သည်။

    Air Force One လေယာဉ်မှာ အမေရိကန် သမ္မတရာထူး၏ ထင်ရှားသော အမှတ်သညာများထဲမှ တစ်ခုဖြစ်ပြီး ယခုအသုံးပြုနေသည့် လေယာဉ်မှာ ၁၉၄၃ ခုနှစ်ကတည်းက အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဘိုးအင်းကုမ္ပဏီ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    ထိုကဲ့သို့ အသစ်မှာယူထားမှုကို ထရမ့်က အဘယ်ကြောင့် ကန့်ကွက်ရလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ၎င်း၏ အသွင်ကူးပြောင်းရေးအဖွဲ့ကမူ ထရမ့်မှာ ဇန်န၀ါရီ ၂၀ ရက်နေ့ အာဏာရယူပြီးနောက်ပိုင်းတွင် ပြည်သူများ၏ အခွန်ဘဏ္ဍာများကို ခြွေတာမည်ဆိုသည့် သတင်းစကားမျိုး ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဘိုးအင်းက အနာဂတ်သမ္မတအတွက် 747 Air Force One လေယာဉ်အသစ်ကို တည်ဆောက်နေတယ်ဗျ။ ဒါပေမယ့် ဒေါ်လာ ၄ ဘီလီယံကျော်ဆိုတော့ ကုန်ကျစားရိတ်က သိပ်များပါတယ်” ဟု ထရမ့်က ယမန်နေ့တွင် Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

    အမေရိကန်သမ္မတအတွက် သတ်မှတ်ပေးထားသည့် လေယာဉ်များကို စီမံနေသည့် အမေရိကန်လေတပ်က လက်ရှိ သမ္မတအသုံးပြုနေသော လေယာဉ် ၂ စင်းကို ဘိုးအင်း၏ 747-8 လေယာဉ်ဖြင့် အစားထိုးသွားမည်ဟု ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ကြေငြာခဲ့သည်။

    အဆိုပါ လေယာဉ်အစားထိုးမှုအစီအစဉ်အတွက် ဘက်ဂျက်ကို ဒေါ်လာ ၂.၈၇ ဘီလီယံ သတ်မှတ်ထားပြီး ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်မှ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ ထုတ်နှုတ်သုံးစွဲရန် လျာထားခဲ့သည်။

    Ref: Aljazeera

  • အီရန်မှာ သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်လာပြီဟု ကုလပြော

    အီရန်မှာ သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်လာပြီဟု ကုလပြော

    ဒီဇင်ဘာ ၇၊ ၂၀၁၆
    M-Media

    iran-3

    – အီရန်နိုင်ငံမှာ ရေနံနှင့် သဘာဓာတ်ငွေ့လုပ်ငန်းတွင်သာမကဘဲ သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင်လည်း ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ရန် လိုအပ်သော ကျွမ်းကျင်မှုများ ရှိနေပြီဟု ကုလ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

    ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ UNCTAD က ယမန်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ နိုင်ငံ၏မူဝါဒများကို နောက်ဆုံး သုံးသပ်ခဲ့သည့် ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် အီရန်၏ သိပ္ပံဆိုင်ရာ တိုးတက်မှုများမှာ အံ့သြလောက်ဖွယ် ဖြစ်သည်ဟုလည်း ဆိုသည်။

    အီရန်မှာ ကမ္ဘာပေါ်တွင် သိပ္ပံဆိုင်ရာတိုးတက်မှု အလျင်အမြန်ဆုံး တိုင်းပြည်များထဲမှ တစ်နိုင်ငံ ဖြစ်လာပြီး သိပ္ပံအထွန်းကားဆုံး တိုင်းပြည်များစာရင်းတွင် အဆင့် ၃၄ မှ ၁၆ သို့ ခုန်တက်လာခဲ့သည်။

    လူဦးရေအချိုးအစားအရလည်း အီရန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် အင်ဂျင်နီယာဘွဲ့ရ ဒုတိယအများဆုံး တိုင်းပြည်ဖြစ်သည်။ UNCTAD က မူ အီရန်အနေဖြင့် နာနိုနည်းပညာကဲ့သို့ ဖွံ့ဖြိုးလာသော ကဏ္ဍများတွင် ထိပ်တန်းသုတေသနနှင့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း ပြသခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ၁၉၈၀ ပြည့်နှစ်ကတည်းက ခံစားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ပိုမိုဆိုးရွားခဲ့ကာ အီရန်အနေဖြင့် နိုင်ငံရပ်ခြား ဘဏ္ဍာရေး၊ နည်းပညာနှင့် ဈေးကွက်များသို့ ၀င်ရောက်ခွင့် ကန့်သတ်ခံခဲ့ရသော်လည်း မိမိကိုကိုယ်ကို အားကိုးနိုင်စွမ်း ရှိလာခဲ့ကြောင်း၊ ၂၀၀၅ ခုနှစ်တည်းက သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများတွင် မှန်ကန်သော မူဝါဒများကို ချမှတ်ရန် အရေးပါသောခြေလှမ်းများ လှမ်းခဲ့ကြောင်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းတို့ကဲ့သို့ အခြား အဓိကပေါ်လစီများနှင့် ပိုမိုကောင်းမွန်စွာ ချိန်ညှိရန်လိုအပ်ကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

    Ref : PressTV

  • အမေရိကန်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ဗလီဖြစ်လာတော့မည်

    အမေရိကန်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ဗလီဖြစ်လာတော့မည်

    ဒီဇင်ဘာ ၇၊ ၂၀၁၆
    M-Media

    Chuch interior
    မကြာခင် ဗလီဖြစ်လာတော့မည့် ကွန်နက်တီကက်ပြည်နယ် ဘရစ်ဂ်ျပို့တ်မှ ခရစ်ယာန်ဘုရားကျောင်း

    – အမေရိကန်ပြည်ထောင်စု ကွန်နက်တီကတ်ပြည်နယ်မှ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ပရဟိတစင်တာနှင့် ဒေသခံ မွတ်စလင်များအတွက် ဗလီဝတ်ကျောင်းတော် ဖြစ်လာတော့မည်ဖြစ်ပြီး ကျွမ်းကျင်သူများကမူ ထိုအချင်းအရာက အမေရိကန်တွင် မွတ်စလင်များ ၎င်းတို့၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ အများအမြင်ကို ပြောင်းလဲနိုင်သည့် ပြယုဂ်တစ်ခုလည်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဘရစ်ဂ်ျပို့တ်မြို့မှ United Congregational အသင်းတော်ပိုင် ဘုရားကျောင်းဖြစ်ပြီး ဂျော်ဂျီယာဗိသုကာလက်ရာဖြင့် တည်ဆောက်ခဲ့သည့် ထိုအဆောက်အဦးကို ဘရစ်ဂ်ျပို့စ် အစ္စလာမ့်ယဉ်ကျေးမှုစင်တာသို့ ကန်ဒေါ်လာ ၁ သန်းဖြင့် မေလတွင်ရောင်းချမည်ဟု အသင်းတော်က ဆိုသည်။

    အဆိုပါအသင်းတော်နှင့် အစ္စလာမ့်ယဉ်ကျေးမှုစင်တာတို့မှာ အိမ်ယာမဲ့များအား နေရာထိုင်ခင်း စီစဉ်ပေးခြင်း၊ အဟာရဒါနပြုခြင်းတို့ကဲ့သို့ ပရဟိတလုပ်ငန်းများကို ဒေသတွင်း အတူတကွ ဆောင်ရွက်နေကြသည်။

    United Congregational ခရစ်ယာန်အသင်းတော်မှာ ဗြိတိန်ကိုယ်လိုနီခေတ်ကတည်းက အမေရိကန်တွင် အခြေတည်ခဲ့ခြင်းဖြစ်ပြီး ဘရစ်ဂ်ျပို့တ်ရှိ လက်ရှိဘုရားကျောင်းကို ၁၉၂၀ ပြည့်နှစ်များတွင် ဘာသာဝင် ၃ ထောင်အတွက် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း သိက္ခာတော်ရဆရာတော် ဆာရာစမစ်မူ ယနေ့တွင် သက်ဝင်သူအရေအတွက်မှာ ၃၀၀ ခန့်သာ ရှိတော့ပြီး ပိုသေးသောနေရာကို ရှာဖွေကာ ငွေကြေးပိုထွက်လာစေရန် ရောင်းချခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ နေရာရွှေ့သွားရုံပါ” ဟု ဆရာတော်စမစ်က ပြောကြားခဲ့သည်။

    ဘရစ်ဂ်ျပို့တ် အစ္စလာမ့်ယဉ်ကျေးမှုစင်တာ အကြီးအကဲ အဟ်မဒ် အီဘရာဟင်ကမူ အဆိုပါဘုရားကျောင်းမှာ ဒေသအတွင်းရှိ အစ္စလာမ်ဘာသာဝင်မိသားစု ၁၀၀၀ ခန့်၏ လိုအပ်ချက်နှင့် လုံးဝ ကိုက်ညီနေသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်ရှိ အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းမှာ ပြီးခဲ့သည့်နှစ်များအတွင်း ၀တ်ပြုရာနေရာများ ငှားရမ်းခြင်း၊ ၀ယ်ယူခြင်းတို့တွင် အခက်အခဲများရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    ခရစ်ယာန်-မွတ်စလင် ဆက်ဆံရေးနှင့် အစ္စလာမ့်ရေးရာ လေ့လာမှုပညာရှင် ဒေးဗစ် ဂရက်ဖ်တန်ကမူ ယခု အဖြစ်အပျက်က ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏အခန်းကဏ္ဍအပေါ် အများ၏ အမြင်ကို မွတ်စလင်များက ပြောင်းလဲနိုင်ခဲ့သည့် ဥပမာတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Fortune.com

  • အိန္ဒိယတွင် ဟိန္ဒူများ ဗုဒ္ဓဘာသာသို့ အစုလိုက်အပြုံလိုက် ကူးပြောင်း

    အိန္ဒိယတွင် ဟိန္ဒူများ ဗုဒ္ဓဘာသာသို့ အစုလိုက်အပြုံလိုက် ကူးပြောင်း

    ဒီဇင်ဘာ ၇၊ ၂၀၁၆
    M-Media

    india-3

    – ဟိန္ဒူအမျိုးသားရေးဝါဒီများ ကြီးစိုးရာ ဂူဂျာရတ်ပြည်နယ်တွင် ဒါလစ် ဇာတ်နိမ့်မျိုးနွယ်မှ လူပေါင်း ၁၀၀ ကျော်မှာ ဗုဒ္ဓဘာသာကို ကူးပြောင်းလာကြပြီး၊ အဆိုပါ ဘာသာကူးပြောင်းပွဲ အစီအစဉ်ကို အာဏာပိုင်များက ခွင့်ပြုချက်မပေးခဲ့ဟု သိရသည်။

    အိန္ဒိယရှိ ဇာတ်နိမ့်များအတွက် လွတ်မြောက်ရေး ကြိုးပမ်းသူဖြစ်ပြီး ဇာတ်နိမ့်များ ဗုဒ္ဓဘာသာသို့ကူးပြောင်းရေး လှုပ်ရှားခဲ့သော ဒေါက်တာ ဘီ အာရ် အမ်ဘဒ်ကာရ် ကွယ်လွန်သည့် နှစ် ၆၀ ပြည့်အဖြစ် ယမန်နေ့က ပြုလုပ်ခဲ့သော အခမ်းအနားတွင် အဆိုပါ ဘာသာကူးပြောင်းမှု အစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    ဇာတ်နိမ့်တစ်ဦးဖြစ်သူ အလ်ဘဒ်ကာရ်မှာ ဥပဒေ၊ နိုင်ငံရေးနှင့် စီးပွားရးပညာရှင်တစ်ဦး ဖြစ်ပြီး အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ ဖြစ်သည်။

    ဘာနက်စ်ကန်သာ ခရိုင်ရှိ ရာမာပီရ် ဘုန်းကြီးကျောင်းတွင် ပြုလုပ်သော အဆိုပါဘာသာကူးပြောင်းပွဲအခမ်းအနားကို ဒါလစ်ဇာတ်နိမ့်အဖွဲ့အစည်း Banaskantha District Dalit Sangathan က စီစဉ်ခြင်းဖြစ်ပြီး လူပေါင်း ၁၅၅ ဦး ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့သည်။

    “အူနာမြို့မှာ ဇာတ်နိမ့်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဗုဒ္ဓဘာသာကို ကူးပြောင်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ဂူဂျာရတ်မှာ ဒါလစ်ဇာတ်နိမ့်တွေအပေါ် မြင့်တက်လာတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ကာကွယ်ချင်ပါတယ်” ဟု အခမ်းအနားကို စီစဉ်သူ ဒါလ်ပတ်ဘိုင် ဘဟာတီယာက ပြောကြားခဲ့သည်။

    ယခုနှစ်အစောပိုင်းတွင် အူနာမြို့၌ ဇာတ်နိမ့်လူငယ်တစ်စုက နွားတစ်ကောင်အား သတ်ဖြတ်သည်ဟုဆိုကာ ဟိန္ဒူဇီဝိတဒါနအဖွဲ့မှ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီးနောက် ပြည်နယ်တစ်ခုလုံး ပြန့်နှံခဲ့ပြီး ဇာတ်နိမ့်များကလည်း ဆန္ဒပြမှုများ အကြီးအကျယ် ပြုလုပ်ခဲ့ကြသည်။

    “အူနာအဖြစ်အပျက် ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ဒီနေ့ကျရင် ဇာတ်နိမ့် ၁၉၁ ဦး ဗုဒ္ဓဘာသာကို ကူးပြောင်းမယ်လို့ ကျွန်တော်တို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကို သွားပြောထားပြီးသာပါ။ အဲဒီအထဲက ၁၅၅ ဦးဟာ ပိုဘန်ဒါက ရဟန်းတစ်ပါးရဲ့ ဆုံးမသြ၀ါဒအောက်မှာ ဒီနေ့ ဘာသာကူးပြောင်းခဲ့တာပါ” ဟု ဘဟာတီယာက ထည့်သွင်း ပြောကြားခဲ့သည်။

    “ဟိန္ဒိုအချင်းချင်းဖြစ်တာတောင်မှ ကျွန်တော်တို့က ဇာတ်နိမ့်ဖြစ်နေတာကြောင့် ဘုရားကျောင်းထဲ ၀င်ခွင့်မရဘူး။ နာဝါရာထရီဘုရားပွဲမှာ ကပြပူဇော်ခွင့် မရဘူး၊ ဘုံရေတွင်းကနေ ရေဆွဲပြီး အသုံးပြုခွင့် မရပါဘူး။ ဒါ့ကြောင့် ဟိန္ဒူဖြစ်နေစရာလည်း ဘာအကြောင်းမှ မရှိဘူးဗျ။ ဒါ့ကြောင့်ပဲ ဗုဒ္ဓဘာသာကို ကူးပြောင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ” ဟု သာသမီး ၃ ဦးနှင့်အတူ ဘာသာပြောင်းလာခဲ့သည့် အမ်ရွတ် ဗာလ်မီကီက ပြောကြားခဲ့သည်။

    ဘာနက်စ်ကန်သာ ခရိုင်မှ တာဝန်ရှိသူ ဂျီနူ ဒီဝမ်က အုပ်ချုပ်ရေးအဖွဲ့မှာ အဆိုပါ ဘာသာကူးပြောင်းမှု အစီအစဉ်အတွက် ခွင့်ပြုချက် မပေးခဲ့ဟု ပြောကြားခဲ့သည်။

    “ဘာသာကူးပြောင်းခွင့်အတွက် ခွင့်ပြုချက်တောင်းတာကို စောစောကတည်းက ကျွန်တော်တို့ ပယ်ချခဲ့ပြီးသားပါ။ ဒီနေ့အခမ်းအနားအတွက် ကျွန်တော်တို့ ခွင့်ပြုချက် မပေးထားပါဘူး။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ”

    အောက်တိုဘာလကလည်း ဂူဂျာရက်ပြည်နယ်နှင့် နဂ်ပူးရ်ပြည်နယ်များတွင် ဇာတ်နိမ့် ၃၀၀ ကျော်မှာ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ကြသည်။ ထိုကဲ့သို့ ကူးပြောင်းမှု၏ အဓိကအကြောင်းအရင်းမှာ အူနာမြို့တွင် ဒါလစ်များ အကြမ်းဖက်ခံရမှု ဖြစ်သည်။

    Ref : outlookindia.com

  • ယနေ့လှုပ်ခတ်သည့် အင်ဒိုနီးရှားငလျင် လူအသေအပျောက် များနိုင်

    ယနေ့လှုပ်ခတ်သည့် အင်ဒိုနီးရှားငလျင် လူအသေအပျောက် များနိုင်

    ဒီဇင်ဘာ ၇၊ ၂၀၁၆
    M-Media

    indo

    – အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရှိ အာချေးပြည်နယ်တွင် အင်အားပြင်းငလျင်တစ်ခု ယနေ့မနက် အစောပိုင်းတွင် လှုပ်ခတ်ခဲ့သောကြောင့် လူသေဆုံးမှုများ ရှိသည်ဟု သိရသည်။

    မြေတိမ်ပိုင်းတွင် လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၆.၅ မဂ္ဂနီကျုရှိ အဆိုပါငလျင်ကြောင့် သေဆုံးသူဦးရေမှာ လက်ရှိတွင် ၉၂ ဦးအထိ ရှိလာပြီဖြစ်ပြီး အပျက်အဆီးများကြားတွင် ပိတ်မိနေသူများလည်း အများအပြားရှိနေသည်။ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီကမူ ငလျင်ကြောင့် ၇၈ ဦး ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    အာချေးပြည်နယ် ပီဒီခရိုင် အကြီးအကဲ အိုက်ယွဘ် အဘတ်စ်ကမူ ၎င်း၏ ဒေသအတွင်း လူရာချီ ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများစွာ ပြိုကျ ပျက်ဆီးခဲ့သည်ဟု ဆိုသည်။

    လက်ရှိတွင် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိသေးဘဲ၊ ဒေသတွင်း အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီကမူ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဟု ပြောကြားခဲ့သည်။ အပျက်အဆီးများကြားတွင် ပိတ်မိနေသူများ ရှိနေ၍ သေဆုံးသူအရေအတွကမှာ မြင့်တက်လာဖွယ် ရှိသည်။

    Ref: Aljazeera