News @ M-Media

Blog

  • ယနေ့လှုပ်ခတ်သည့် အင်ဒိုနီးရှားငလျင် လူအသေအပျောက် များနိုင်

    ယနေ့လှုပ်ခတ်သည့် အင်ဒိုနီးရှားငလျင် လူအသေအပျောက် များနိုင်

    ဒီဇင်ဘာ ၇၊ ၂၀၁၆
    M-Media

    indo

    – အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရှိ အာချေးပြည်နယ်တွင် အင်အားပြင်းငလျင်တစ်ခု ယနေ့မနက် အစောပိုင်းတွင် လှုပ်ခတ်ခဲ့သောကြောင့် လူသေဆုံးမှုများ ရှိသည်ဟု သိရသည်။

    မြေတိမ်ပိုင်းတွင် လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၆.၅ မဂ္ဂနီကျုရှိ အဆိုပါငလျင်ကြောင့် သေဆုံးသူဦးရေမှာ လက်ရှိတွင် ၉၂ ဦးအထိ ရှိလာပြီဖြစ်ပြီး အပျက်အဆီးများကြားတွင် ပိတ်မိနေသူများလည်း အများအပြားရှိနေသည်။ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီကမူ ငလျင်ကြောင့် ၇၈ ဦး ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    အာချေးပြည်နယ် ပီဒီခရိုင် အကြီးအကဲ အိုက်ယွဘ် အဘတ်စ်ကမူ ၎င်း၏ ဒေသအတွင်း လူရာချီ ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများစွာ ပြိုကျ ပျက်ဆီးခဲ့သည်ဟု ဆိုသည်။

    လက်ရှိတွင် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိသေးဘဲ၊ ဒေသတွင်း အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီကမူ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဟု ပြောကြားခဲ့သည်။ အပျက်အဆီးများကြားတွင် ပိတ်မိနေသူများ ရှိနေ၍ သေဆုံးသူအရေအတွကမှာ မြင့်တက်လာဖွယ် ရှိသည်။

    Ref: Aljazeera

  • အစ္စလာမ်၏ အိနြေ္ဒသိက္ခာရှိမှု စံနှုန်းအပေါ် မွတ်စလင်အမျိုးသမီးတို့၏ အမြင်များ (၃)

    အစ္စလာမ်၏ အိနြေ္ဒသိက္ခာရှိမှု စံနှုန်းအပေါ် မွတ်စလင်အမျိုးသမီးတို့၏ အမြင်များ (၃)

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    ကျွန်မရဲ့ဟိဂျာ့ဗ်ဟာ မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးဖြစ်နေခြင်းရဲ့ ၀ိသေသ

    4
    လွန်ခဲ့သည့် ၅ နှစ်က အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာသည့် ဥရုဂွေးနိုင်ငံသူ စိတ်ပညာရှင် အဇီဇာပေါ်လာဒီဘယ်လို

    – လွန်ခဲ့တဲ့ ငါးနှစ်မှာ အစ္စလာမ်ထဲ ကူးပြောင်းသက်ဝင်လာတဲ့ ဥရုဂွေးနိုင်ငံသူ အဇီဇာပေါ်လာဒီဘယ်လို က Giulia Iacolutti ထံ ပြောပြချက်ဖြစ်ပါတယ်။

    ဟိဂျာ့ဗ်ဝတ်ဆင်ထားတဲ့အမျိုးသမီးကို ကျွန်မ ပထမဆုံးမြင်ဖူးချိန်က အသက် ၂၃ နှစ်အရွယ်မှာပါ။ ကျွန်မရဲ့နှလုံးသား ရုတ်တရက် ရပ်ဆိုင်းသလိုဖြစ်သွားပြီး အဲ့ဒီအရာရဲ့အနှစ်သာရကို တမဟုတ်ချင်း နားလည်သိမြင်လိုက်ပါတယ်။ သူမဟာ အရာရာကို အံတုမယ့် ဘုရင်မတစ်ပါးပါပဲ။ အများစုနောက်လိုက်ယောင်ခြင်းမရှိဘဲ သူမက ဖက်ရှင်တွေရဲ့လွှမ်းမိုးမှုကနေ ကင်းလွတ်နေပါတယ်။ အဲ့ဒီပုံရိပ်ဟာ ကျွန်မဆီ နှစ်အတန်ကြာ စွဲကပ်နေခဲ့တယ်။

    ဆယ်နှစ်လွန်မြောက်တဲ့အခါ ကျွန်မ အစ္စလာမ်ကို သက်ဝင်လက်ခံခဲ့တယ်။

    ဟိဂျာ့ဗ်ကို စတင်ဆင်ယင်လိုက်တဲ့ ပထမဆုံးအချိန်မှာပဲ ထူးခြားမှုကို စတင်ခံစားထိတွေ့မိပါတယ်။ ဟိဂျာ့ဗ်ဆင်ယင်ခြင်းဟာ ဆံနွယ်တွေကို ဖုံးကာရုံသက်သက်မဟုတ်ပါဘူး၊ ဟီရိသြတ္တပတရားသဘောလည်း ပါဝင်နေပါတယ်။

    လက်တွေ့ဝတ်ဆင်ပြီးနောက် များမကြာမီမှာပဲ ဟိဂျာ့ဗ်ဟာ ကျွန်မကို မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးရဲ့ဝိသေသလက္ခဏာ၊ ကိုင်းရှိုင်းခြင်းနဲ့ လေးစားခံရခြင်းကို ပေးအပ်လိုက်ကြောင်း သိမြင်လာပါတယ်။ အမျိုးသားတွေရဲ့ အကြည့်အရှုတွေကို ကာကွယ်ပေးတဲ့အပြင် ကျွန်မရဲ့(ရူပကာယပေါ် အခြေမခံဘဲ) အရည်အချင်း၊ ပညာ၊ နှလုံးသားကို အခြေခံပြီး တန်ဖိုးထားသူများကိုလည်း တွေ့လာစေပါတယ်။

    ဟိဂျာ့ဗ်ဟာ ကျွန်မကို ဖန်ဆင်းရှင်ထံ နာခံစေနိုင်တဲ့ အဆင့်အတန်းထိ မြှင့်တင်ပေးပါတယ်။ နာခံရမှာ၊ ဒူးထောက်ခစားရမှာ အရှင့်ရဲ့ ဖန်ဆင်းခံတွေ မဟုတ်ပါဘူး။ ကျွန်မအဖို့တော့ ဟိဂျာ့ဗ်က သွေးသားဆန္ဒ၀ါဒ တော်လှန်ရေးတစ်ခုဖြစ်တယ်၊ ဒါ့အပြင် သူတစ်ပါးအကြိုက် လိုက်လျောဖြည့်ဆည်းပေးနေခြင်းက လွတ်မြောက်စေပါတယ်။

    ပြီးတော့ အမျိုးသားများနဲ့ အမျိုးသမီးများအကြားက ကရုဏာလုပ်ရပ်တစ်မျိုးလည်း ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိမ်းမြားမှု၊ မိသားစု၊ လူ့အဖွဲ့အစည်းကို ထိခိုက်စေမယ့်အရာတွေ၊ အပေါ်ယံသဘာဝတွေကနေ လွဲဖယ်သွားစေလို့ပါ။ ဒါကြောင့် ဟိဂျာ့ဗ်ရဲ့ကောင်းကျိုးများက လူမှုအသိုင်းအ၀ိုင်းပေါ်လည်း သက်ရောက်တယ်လို့ ဆိုချင်ပါတယ်။ ကျွန်မရဲ့ဟိဂျာ့ဗ်က ကျွန်မနဲ့ ဆုံတွေ့ပြောဆိုသူတိုင်း ကျွန်မ ဘာလဲဆိုတာကို သတိထားမိစေပါတယ်ရှင်။

    ×××××××××××

    (မူရင်း – What the hijab means to me : From Nigeria to Uruguay, women share their thoughts and feelings about the hijab. Al Jazeera)

    ပြန်ဆိုသူ – သြရသ ရေချမ်း

    (ဖော်ပြခဲ့ပြီးသော အပိုင်းများကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်)

  • ဗီဇာတစ်စောင်ကို ဒေါ်လာ ၆၀၀၀ နဲ့ ရောင်းစားတဲ့ ဂါနာက အမေရိကန်သံရုံးအတု

    ဗီဇာတစ်စောင်ကို ဒေါ်လာ ၆၀၀၀ နဲ့ ရောင်းစားတဲ့ ဂါနာက အမေရိကန်သံရုံးအတု

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    embassy-2
    ရာဇ၀တ်ဂိုဏ်းကဖွင့်လှစ်ခဲ့သည့် သံရုံးအတု

    – ရာဇ၀တ်ဂိုဏ်းတစ်ခုက ၁၀ စုနှစ်တစ်ခုကြာ ဖွင့်လှစ်ခဲ့ပြီး တရားမ၀င်ရရှိတဲ့ ဗီဇာအစစ်တွေကို ထုတ်ပေးခဲ့တဲ့ မြို့တော်အက္ကရာက အမေရိကန်သံရုံးအတုကို ဂါနာအာဏာပိုင်တွေက ဖြိုခွင်းလိုက်ပါတယ်။

    သွတ်မိုးထားပြီး စုတ်ပြတ်နေတဲ့ ပန်းရောင် ၂ ထပ်အဆောက်အဦးမှာ ဖွင့်လှစ်ထားတဲ့ အဲဒီသံရုံးအတုရဲ့ အပြင်ဘက်မှာ အမေရိကန်အလံတစ်ခုကို လွှင့်ထူထားပြီး၊ အတွင်းဘက်မှာတော့ သမ္မတအိုဘားမားရဲ့ ဓာတ်ပုံကြီးကို ခန့်ခန့်ထည်ထည် ချိတ်ဆွဲထားပါတယ်။ အဲဒီ သံရုံးကို ဒီနှစ် နွေရာသီကမှ ဖြိုခွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

    “ဒါဟာ အမေရိကန်အစိုးရက ဖွင့်လှစ်ထားတာ မဟုတ်ပါဘူး။ ဂါနာနဲ့ တူရကီတို့က ဒုစရိုက်ဂိုဏ်း ကြီးကြီးမာစတာတွေနဲ့ လူဝင်မှုကြီးကြပ်ရေး၊ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေတွေကို ကြေညက်နေတဲ့ ဂါနာ ရှေ့နေတစ်ယောက်တို့ ပေါင်းပြီး ဖွင့်ထားတာဖြစ်ပါတယ်” လို့ သောကြာနေ့ညပိုင်းက ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ အမေရိကန်အစိုးရက ပြောကြားခဲ့ပါတယ်။

    အင်္ဂလိပ်နဲ့ ဒက်ခ်ျဘာသာစကားကို ပြောဆိုတတ်တဲ့ တူရကီနိုင်ငံသားတွေက သံရုံးအရာရှိတွေ၊ ၀န်ထမ်းတွေအဖြစ် ဟန်ဆောင်ခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုအတွင်းမှာ ဟော်လန်သံရုံးအတုကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    ဒီသံရုံးအတုဟာ မသမာတဲ့နည်းလမ်းနဲ့ ရရှိခဲ့တဲ့ ဗီဇာအစစ်တွေ၊ မွေးစာရင်းအပါအ၀င် အထောက်အထားအတုတွေကို တစ်စုံ ဒေါ်လာ ၆၀၀၀ နဲ့ ရောင်းစားတာ ဖြစ်ပါတယ်။

    စီနင်းမှုအတွင်းမှာ လူတွေအပြင် အိန္ဒိယ၊ တောင်အာဖရိက၊ ရှန်ဇန်းဇုန်တို့နဲ့ပတ်သက်တဲ့ ဗီဇာအစစ်တွေ၊ အတုတွေ၊ နိုင်ငံ ၁၀ နိုင်ငံက နိုင်ငံကူးလက်မှတ် ၁၅၀၊ လက်တော့တစ်လုံးနဲ့ စမတ်ဖုံးတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

    အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ကြေငြာချက်မှာ သူတို့တွေဟာ ဗီဇာအစစ်တွေကို ဘယ်လိုရရှိလဲဆိုတာကို ဖော်ပြမထားသလို၊ ဒီရာဇ၀တ်အဖွဲ့က ထုတ်ပေးတဲ့ဗီဇာနဲ့ အမေရိကန်၊ အခြားတိုင်းပြည်တွေကို လူဘယ်လောက်များများ ၀င်ရောက်ခဲ့သလဲဆိုတာကိုလည်း ဖော်ပြမထားပါဘူး။ ဒီသံရုံးအတုဟာ အနှောက်အယှက်ကင်းစေဖို့အတွက် ဂါနာအာဏာပိုင်အသီးသီးကို လာဘ်ထိုးထားတာ ဖြစ်ပါတယ်။

    ဂါနာ ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။

    embassy
    အက္ကရာမြို့မှ အမေရိကန်သံရုံးအစစ်

    အနောက်နိုင်ငံတွေက ဗီဇာတွေဟာ အာဖရိကမှာ ၀ယ်လိုအားကောင်းပြီး၊ ဒီဈေးကွက်က ကျကျနနလုပ်တတ်တဲ့ ရာဇ၀တ်ဂိုဏ်းတွေအတွက် ပစ်မှတ်ကြီးတစ်ခု ဖြစ်နေတယ်လို့ သံရုံးတွေက ဆိုပါတယ်။

    အက္ကရာကာ အမေရိကန်သံရုံးအစစ်ဟာ ထင်ရှားပြီး မြို့ရဲ့ ဈေးအကြီးဆုံးရပ်ကွက်က အင်မတန် သားနားတဲ့ အဆောက်အဦးဖြစ်ပါတယ်။ ဗီဇာလာလျှောက်တဲ့သူတွေ၊ သံရုံးဆိုင်ရာ ကိစ္စနဲ့ လာရောက်သူတွေကို အဲဒီသံရုံးအစစ်မှာ နေ့စဉ်မပြတ် တွေ့ရပါတယ်။

    သံရုံးအတုကတော့ တစ်ပတ်ကို ၃ ရက် မနက်ပိုင်းသာဖွင့်ပြီး ချက်ခြင်းလာရောက်သူတွေကို လက်မခံပါဘူး။ နောက်ပြီး ဒီရာဇ၀တ်ဂိုဏ်းဟာ ဂါနာ၊ တိုဂိုနဲ့ အိုက်ဗရီကို့စ်တို့မှာ ဘီလ်ဘုတ်တွေနဲ့ကို ကြေငြာပြီး အာဖရိကတစ်ဝှမ်းက ဖောက်သည်တွေကို ဆွဲဆောင်တာတွေလည်း ပြုလုပ်ပါတယ်။ အက္ကရာမြို့ကို လာရောက်တဲ့ တစ်ခြားအာဖရိကနိုင်ငံသားတွေအတွက် သံရုံးနဲ့နီးတဲ့ ဟိုတယ်မှာ အခန်းတွေတောင် ငှားပေးပါသတဲ့။

    အမေရိကန် အာဏာပိုင်တွေကတော့ ဒီရာဇ၀တ်ဂိုဏ်းကို ဖြိုခွင်းဖို့အတွက် ဂါနာထောက်လှမ်းရေးဗျူရို၊ ရဲတပ်ဖွဲ့၊ နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

    Ref: Independent

  • အိန္ဒိယ သံမဏိအမျိုးသမီး၏ ဈာပန ပြည်သူသိန်းချီ တက်ရောက်

    အိန္ဒိယ သံမဏိအမျိုးသမီး၏ ဈာပန ပြည်သူသိန်းချီ တက်ရောက်

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    j
    အိန္ဒိယ၏ သံမဏအမျိုးသမီး ဂျေ ဂျာယာလာလီသာ

    – အိန္ဒိယတွင် အကျော်ကြားဆုံး နိုင်ငံရေးသမားများထဲမှ တစ်ဦးဖြစ်ပြီး သံမဏိအမျိုးသမီးဟုလည်း အမည်တွင်သူ တမီလ်နာဒူးပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေ ဂျာယာလာလီသာ၏ ဈာပနကို ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လူသိန်းချီ ပါဝင်ခဲ့ကြသည်ဟု သိရသည်။

    အသက် ၆၈ နှစ်အရွယ်ရှိ ဂျေ ဂျာယာလာလီသာမှာ တနင်္ဂနွေညက ရုတ်တရတ် နှလုံးဖောက်မှုဝေဒနာကို ခံစားခဲ့ရပြီးနောက် တနင်္လာနေ့တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။ ယနေ့တွင်ပြုလုပ်သည့် သူမ၏ နိုင်ငံတော်ဈာပနကို ၀န်ကြီးချုပ် မိုဒီနှင့် သမ္မတ မူခါဂျီတို့လည်း တက်ရောက်ခဲ့သည်။

    သူမ၏ ရုပ်အလောင်းကို သူမ လေးစားအားကျသည့် နိုင်ငံရေးသမား အမ်ဂျီ ရာမာချန်ဒရန်၏ အုတ်ဂူဘေးတွင် မြှုပ်နှံခဲ့သည်။ ရာမာချန်ဒရန်မှာ ရုပ်ရှင်မင်းသားဘ၀မှ နိုင်ငံရေးသမား ဖြစ်လာခဲ့ခြင်းဖြစ်ပြီး ဂျာယာလာလီသာကိုလည်း နိုင်ငံရေး လောကထဲသို့ ဆွဲခေါ်ခဲ့သူဖြစ်သည်။

    nadu
    အများပြည်သူကို ပြသထားသည့် ဂျေ ဂျာယာလာလီသာ၏ ရုပ်ကလပ်

    ထိုကဲ့သို့ ဂူသွင်းမှုမှာ မီးသင်္ဂြီုဟ်သော သူမ၏ မျိုးနွယ်ဓလေ့နှင့် ဆန့်ကျင်နေသော်လည်း သူမ၏ ပါတီဝင်များကမူ ထိုကဲ့သို့ မြှုပ်နှံခြင်းက ပြည်သူများအနေဖြင့် သူမကို အမှတ်ရစေရန် အထိမ်းအမှတစ်ခု ပြုလုပ်ပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သူမကွယ်လွန်မှုအတွက် တမီလ်နာဒူးပြည်နယ်တွင် ၀မ်းနည်းဖွယ်နေ့ကို ၇ ရက်တာ ကြေငြာခဲ့ပြီး အိန္ဒိယအစိုးရကလည်း ဂျာယာလာလီသာအား ဂုဏ်ပြုသည့်အနေဖြင့် အင်္ဂါနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် ကြေငြာခဲ့သည်။

    ဂျယာလာလီသာမှာ နာမည်ကျော် ရုပ်ရှင်မင်းသမီးဟောင်းဖြစ်ပြီး ဇာတ်ကားပေါင်း ၁၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ကာ ၁၉၈၀ ပြည့်နှစ်များတွင် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်လာခဲ့သည်။

    ခြစားမှုရှိသည်ဆိုသော စွပ်စွဲချက်ဖြင့် ၂၀၁၄ ခုနှစ်တွင် ၂ ကြိမ်တိုင်တိုင် ထိန်းသိမ်းခံခဲ့ရသော်လည်း သူမ၏ နိုင်ငံရေးဘ၀မှာ အောင်မြင်ကာ ပြည်သူများ၏ ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့ပြိး အိန္ဒိယ၏ စီးပွားရေးအရ အရေးပါသည့် တမီလ်နာဒူးပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု မှတ်ယူကြသည်။

    Ref : BBC

  • လစာမတိုးပါက ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့ကို အာဆင်နယ် လက်လွှတ်ရဖွယ်ရှိ

    လစာမတိုးပါက ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့ကို အာဆင်နယ် လက်လွှတ်ရဖွယ်ရှိ

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    arsenal

    – တိုက်စစ်မှူး ဆန်းချက်ဇ်နှင့် ကွင်းလယ်လူ အိုဇေးလ်တို့၏ ကမ္ဘာအဆင့်ကို အသိအမှတ်ပြုကာ ဘဏ္ဍာရေး ခံစားခွင့်မျိုး မပေးပါက ၎င်းတို့နှစ်ဦးကို ဆုံးရှုံးမည့်အန္တရာယ် ရှိနေသည်ဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂျွန် ဟာ့တ်ဆန်က သတိပေးလိုက်သည်။

    ယခုနှစ်အတွင် အသင်း၌ အကောင်းဆုံးခြေစွမ်းများကို ပြသနေသည့် ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့၏ သက်တမ်းမှာ ၂၀၁၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး၊ လက်ရှိတွင် အသင်းက သက်တမ်းတိုးရန် ဆောင်ရွက်နေကာ ၎င်းတို့၏ လုပ်ခလစာကို အဆင့်တစ်ခုအထိရောက်အောင် တိုးပေးရမည့် အခြေအနေ ရှိနေသည်။

    ဟာ့တ်ဆန်က ထိုကစားသမားနှစ်ဦးကို ထိုကဲ့သို့ မက်လုံးပေးရမည်ဖြစ်ပြီး သို့မဟုတ်ပါက ဆုံးရှုံးမည်ဟု ဆိုသည်။

    “သူတို့ဟာ အကောင်းဆုံး အခြေအနေ ရှိနေပြီး အသင်းမှာလည်း ထိပ်တန်းနေရာ ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ အခြားကလပ်တွေက ထိပ်တန်းကစားသမားတွေ ရရှိနေတဲ့ ခံစားခွင့်မျိုးကို လိုချင်နေကြပါတယ်။ ဒါမှအလုပ်ဖြစ်မှာဗျ။ သူတို့လိုချင်တာမပေးရင်၊ အခြားရတဲ့နေရာကို သူတို့ သွားပြီး ယူကြလိမ့်မယ်။ သူတို့နဲ့ ထိုက်တန်တယ်လို့ ထင်တာမျိုး ပေးကိုပေးရမှာပါ” ဟု ဟာ့တ်ဆန်က ပြောကြားခဲ့သည်။

    မန်ယူကွင်းလယ်လူ ပေါ့ဘာမှာ တစ်ပတ်လုပ်ခ ပေါင် ၂၉၀၀၀၀ ရရှိနေပြီး ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့ကလည်း ထိုပမာဏအတိုင်း ရရှိချင်သည်ဟု အင်္ဂလန်သတင်းစာတစ်စောင်ဖြစ်သော Evening Standard က ဖော်ပြခဲ့သည်။

    Ref: Goal