News @ M-Media

Blog

  • ဧည့်စာရင်း ပယ်ဖျက်ပြီးနောက်.. ခရီးသွားတိုင်း လ.ဝ.က ကို အကြောင်းကြားပြီးမှ သွားရတော့မှာလား?

    ဧည့်စာရင်း ပယ်ဖျက်ပြီးနောက်.. ခရီးသွားတိုင်း လ.ဝ.က ကို အကြောင်းကြားပြီးမှ သွားရတော့မှာလား?

    ဒီဇင်ဘာ ၃ ၊ ၂၀၁၆
    M-Media
    ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ) ရေးသည်။

    အမှန်တကယ်တော့ ဧည့်စာရင်းပြဌာန်းချက်ကို ရုပ်သိမ်းတော့မည့်အခြေအနေပေါ်လာတဲ့ အခါကတည်းက ဧည့်စာရင်းမတိုင်ကြားလျှင် အရေးယူသကဲ့သို့ အရေးယူနိုင်တဲ့ ဥပဒေများကို ကျင့်သုံးလာတာကိုတွေ့ရှိရပါတယ်။ ယခင်က ခရီးသွားလာတဲ့အခါ နိုင်ငံသား စိစစ်ရေးကတ်ပြား မလျှောက်ထားရသေးသူများ၊ လျှောက်ထားဆဲများ၊ ပျောက်ဆုံးများ၊ ယာယီသက်သေခံကတ်ပြား အသစ် မထုတ်ရသေးသူများ၊ ယာယီသက်သေခံ ကတ်ပြားတစ်ခုခု မရှိသူများအား ရပ်/ကျေး ထောက်ခံချက်များဖြင့် ခရီးသွားလာကြပါတယ်။ ရပ်/ကျေးထောက်ခံချက်များကို ပြသသော်လည်း အဆိုပါပုဂ္ဂိုလ်များကို ယခုတလော အရေးယူလာတာ တွေ့ရှိရပါတယ်။ နိုင်ကတ် ကိုင်ဆောင် ထားသူများကိုလည်း အရေးယူကြောင်းသိရှိရပါတယ်။

    ဥပဒေအသစ်ဖြင့် အစားထိုးခြင်းတော့ မဟုတ်ပါ။ ၁၉၄၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံတွင်း နေထိုင်သူများမှတ်ပုံတင်ရေး ဥပဒေနဲ့ အရေးယူနေတာ ဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအ တွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ ပုဒ်မ- ၂၅၊ ၂၆၊၂၈ တို့ကို ဖောက်ဖျက်ရင် ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး ဥပဒေ ပုဒ်မ – ၆ (၂) ၆ (၃) အရ အရေးယူပြီး ပြစ်ဒဏ် ၂ နှစ် အထိ/ ငွေဒဏ်ချမှတ်နိုင်ပါတယ်။

    အမှန်တကယ်တော့ အဲ့ဒီဥပဒေ၊ နည်းဥပဒေတွေဟာ ၁၉၄၉ ခုနှစ်၊ ၁၉၅၁ ခုနှစ်မှာ ပြဌာန်းခဲ့တာဖြစ်လို့ အမျိုးသားမှတ်ပုံတင်ကတ်ပြား ကိစ္စနဲ့ ပတ်သက်တာထင်ရှားပါတယ်။ အဲ့ဒီဥပဒေ၊ နည်းဥပဒေများကို လေ့လာကြည့်ရင်ပေါ်လွင်ပါတယ်။ နည်းဥပဒေ ၂၅ ရဲ့ ဆိုလိုရင်းက မိမိမှတ်ပုံတင်ထားတဲ့လိပ်စာက ထွက်ခွာရင်သက်ဆိုင်ရာ လ.ဝ.က ကိုအကြောင်းကြားရမယ်။

    နည်းဥပဒေ ၂၆ ရဲ့ဆိုလိုရင်းက မိမိ မှတ်ပုံတင်ထားတဲ့လိပ်စာ ပြောင်းရင်းလည်း သက်ဆိုင်ရာ လဝက ကိုအကြောင်းကြားရမယ်။ နည်းဥပဒေ ၂၈ အရ သက်သေခံကတ်ပြားတစ်ခုခု မရှိရင် လည်း သက်ဆိုင်ရာ လဝက ကို အကြောင်းကြားရမယ်လို့ ဖော်ပြထားပါတယ်။

    အဲဒီဥပဒေ၊ နည်းဥပဒေတွေကို ၁၉၄၉ခုနှစ်၊ ၁၉၅၁ ခုနှစ်များမှာ ပြဌာန်းခဲ့သော်လည်း ကျွန်တော်တို့ ငယ်စဉ်ကတည်းက ခရီးသွားရင် မှတ်ပုံတင်ကတ်ပြားများနဲ့ သွားလာခဲ့ကြတာ ပဲ။ လဝက ကိုအကြောင်းကြားခဲ့ရတာမျိုးမရှိခဲ့ပါဘူး။

    အချုပ်အားဖြင့်တင်ပြရရင်တော့ ခရီးသွားရင် မှတ်ပုံတင် ကတ်ပြား တစ်ခုခုပြသနိုင်ရုံနဲ့ မရတော့ပါဘူး။ သက်ဆိုင်ရာ လဝက များကို အကြောင်းကြားပြီးမှ ခရီးသွားလို့ ရမယ်လို့ ဖြစ်လာပါပြီ။ ကုန်ကုန်ပြောရရင် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ ခရီးသွားရင်တောင် သက်ဆိုင်ရာ လဝက ကို အကြောင်းကြား ခွင့်ပြုချက်ယူပြီးမှ ခရီးသွားလို့ရမယ် လို့ အဲဒီဥပဒေ၊ နည်းဥပဒေတွေကို ကိုးကားပြီး လ.ဝ.က မှ တာဝန်ရှိသူတွေ ပြောနေပါပြီ။

    အဲဒီတော့ ဧည့်စာရင်းတိုင်ကြားခြင်း ကိစ္စကို ပယ်ဖျက်လိုက်တော့ ၁၉၄၉ခုနှစ်  မြန်မာနိုင်ငံအတွင်းနေထိုင်သူများ ဥပဒေနဲ့ အရေးယူနေပြီပေါ့။ ဧည့်စာရင်း တိုင်ကြားခြင်း ဥပဒေ တစ်မျိုးဖြစ်နေပြီလား။ သတိပြုကြပါကုန်။

  • ဘောလုံးပြိုင်ပွဲတွင် ၄ ဦးလူစားလဲမှုကို ဂျာမနီရှုံးထွက်ဖလား၌ စမ်းသပ်မည်

    ဘောလုံးပြိုင်ပွဲတွင် ၄ ဦးလူစားလဲမှုကို ဂျာမနီရှုံးထွက်ဖလား၌ စမ်းသပ်မည်

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    germany

    – ဂျာမနီ ပြည်တွင်းရှုံးထွက်ဖလားတစ်ခုဖြစ်သည့် DFB Pokal ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်မှစ၍ လူစားဝင်ကစားသမား ၄ ဦးအထိ ခွင့်ပြုသွားမည်ဖြစ်ကာ၊ လာမည့်နှစ်တွင် ပွဲစဉ်တစ်လျှောက်လုံး၌ အသုံးပြုသွားမည်ဟု သိရသည်။

    DFB ပြိုင်ပွဲကျင်းပသူများက နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ IFAB သို့ တင်ပြခဲ့ပြီးနောက် ထိုစနစ်သစ်ကို အသုံးပြုရန် ခွင့်ပြုချက် ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကစားမည့် DFB Pokal ကွာတားဖိုင်နယ်ပွဲများတွင် အချိန်ပိုရောက်ရှိပါက စတုတ္ထမြောက် လူစားဝင်ကစားသမားတစ်ဦးကို အသုံးပြုခွင့်ရမည်ဖြစ်သည်။

    DFB ၏ ဒုဥက္ကဌဖြစ်သူ ပီတာ ဖရိုင်းမက်ကမူ မိမိတို့အနေဖြင့် ထိုကဲ့သို့ စမ်းသပ်အသုံးပြုခွင့်ရသည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသည်ဟု ပြောကြားခဲ့သည်။

    “ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးတွေကို ကလပ်အသင်းတွေအားလုံး တွေ့မြင်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်ပါတယ်။ ပြီးတော့ ပြိုင်မှာ ဒီလို ပြောင်းလဲမှုလုပ်ဖို့လည်း ကျွန်တော်တို့ သဘောတူညီခဲ့ပါတယ်။ ဒီရှေ့ပြေးစီမံကိန်းမှာ ပါဝင်တာဟာ ဒီ စတုတ္ထလူစားလဲမှုအတွက် သုံးသပ်ခွင့် ရစေမှာဖြစ်ပြီး၊ အကျိုးကျေးဇူးတွေကိုလည်း မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲအပေါ် သက်ရောက်နိုင်တဲ့ ဆိုးကျိုးတွေကိုလည်း တွက်ချက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဖရိုင်းမက်က ပြောကြားခဲ့သည်။

    အဆိုပါ ၄ ယောက်လူစားဝင်မှုစနစ်ကို ဘရာဇီးလ်အိုလံပစ်နှင့် ကမ္ဘာအသင်းများ ကမ္ဘာ့ဖလားပွဲတွင်လည်း စမ်းသပ် အသုံးပြုခဲ့ပြီဖြစ်သည်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကလည်း ယခုနှစ် FA ဖလား ကွာတားဖိုင်နယ်အဆင့်မှစ၍ ထိုစနစ်ကို စမ်းသပ် အသုံးပြုသွားမည်ဟု ကြေငြာထားသည်။

    Ref: Goal

  • McDonald က မလေးနှင့် စင်ကာပူ လက်ခွဲလုပ်ပိုင်ခွင့်ကို ဆော်ဒီကုမ္ပဏီသို့ ရောင်းချ

    McDonald က မလေးနှင့် စင်ကာပူ လက်ခွဲလုပ်ပိုင်ခွင့်ကို ဆော်ဒီကုမ္ပဏီသို့ ရောင်းချ

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    mc

    – အသင့်စား အစားအသောက်များ ရောင်းချသည့် နာမည်ကျော် McDonald လုပ်ငန်းက မလေးရှာနှင့် စင်ကာပူတို့ရှိ ၎င်း၏ ဆိုင်များအတွက် လက်ခွဲလုပ်ပိုင်ခွင့်ကို ဆော်ဒီအခြေစိုက် Lionhorn Pte Ltd ကုမ္ပဏီသို့ ရောင်းချလိုက်ပြီး အာရှတွင် တိုက်ရိုက်ပိုင်ဆိုင်မှု လျှော့ချရေး အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

    ထို့ကြောင့် မိခင်ကုမ္ပဏီက ၈၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်သည့် ဆိုင်ခွဲပေါင်း ၃၉၀ အတွက် လုပ်ပိုင်ခွင့်ကို ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ Lionhorn က ရရှိမည် ဖြစ်သည်။

    Lionhorn ကုမ္ပဏီမှာ ဆော်ဒီအနောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် McDonald လက်ခွဲလုပ်ပိုင်ခွင့်ကို ရရှိထားသော ရှိခ် ဖဟ်ဒ်နှင့် အဘ်ဒူလ်ရဟ်မန် အလီရီဇာတို့ ဦးဆောင်သည့် ကုမ္ပဏီဖြစ်သည်။ သို့သော်လည်း ယခု ရောင်းချမှုအတွက် ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက်များကို McDonald က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

    Reuters သတင်းဌာနကမူ McDonald မှာ ဆော်ဒီ အနောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ၎င်းလက်ခွဲပေးထားသော Reza လုပ်ငန်းစုနှင့် ကန်ဒေါ်လာ သန်း ၄၀၀ တန် လက်ခွဲလုပ်ပိုင်ခွင့် သဘောတူညီချက် ရရှိရန် နီးစပ်နေသည်ဟု အောက်တိုဘာလက ဖော်ပြခဲ့သည်။

    McDonald မှာ အာရှရှိ လက်ခွဲများအား ဗဟိုမှပိုင်ဆိုင်မှု လျှော့ချရန် အစီအစဉ်ရှိနေပြီး Lionhorn နှင့် ရရှိခဲ့သည့် သေဘာတူညီချက်မှာ ထိုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

    Ref: Channelnewsasia

  • ကော်စတာမှာ အတိတ်ဆိုးမှ လွန်မြောက်ပြီဟု ကွန်တီပြော

    ကော်စတာမှာ အတိတ်ဆိုးမှ လွန်မြောက်ပြီဟု ကွန်တီပြော

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    conte

    – တိုက်စစ်မှူးဒီယေဂိုကော်စတာ ပြောင်းလဲသွားသည့်အတွက် မိမိအနေဖြင့် ကျေနပ်မိပြီး ၎င်း၏ အတိတ်ဆိုးများမှာလည်း လွန်မြောက်သွားခဲ့ပြီဟု ချယ်ဆီးနည်းပြ ကွန်တီက ပြောကြားလိုက်သည်။

    ကွန်တီမှာ ရာသီအစက စည်းကမ်းလိုက်နာမှုအားနည်းသည့် ဒီယေဂိုကော်စတာကို ပြုပြင်ရန် သတိပေးခဲ့ပြီး၊ လက်ရှိတွင် ကော်စတာမှာ ပြိုင်ပွဲအားလုံး၌ အ၀ါကဒ် မပြခံရသည်မှာ ၈ ပွဲအထိ ရှိလာပြီဖြစ်သည်။ ထို့ပြင် ခြေစွမ်းပိုင်းကလည်း ပိုမိုကောင်းမွန်လာခဲ့ပြီး သွင်းဂိုး ၁၀ ဂိုးဖြင့် ပရီးမီးယား ဂိုးသွင်းဇယားကို အဂူရိုနှင့်အတူ ဦးဆောင်ထားသည်။

    ကွန်တီကမူ ကော်စတာ၏ လက်ရှိပုံစံအတွင် ကျေနပ်သည်ဟု ဆိုသည်။

    “ဒီယေဂိုအတွက် ကျွန်တော် ကျေနပ်ပါတယ်။ သူဟာ လေးစားလောက်စရာ ဖြစ်လာခဲ့ပြီး၊ ဒီပွဲတွေအတွင်း လမ်းကြောင်းမှန်မှာလည်း ရှိနေပါတယ်။ ဒါဟာ သူ့အတွက်၊ ကျွန်တော့်အတွက်၊ အသင်းသားတွေအတွက်၊ အသင်းအတွက် အားလုံး အတွက် ကောင်းပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။

    ထို့ပြင် ကော်စတာကို ဆိုးရွားသည့်အခြေအနေမျိုးဖြင့် မဟုတ်ဘဲ ကောင်းမွန်သည့် အခြေအနမျိုးဖြင့် မြင်ရသည်မှာ ကောင်းမွန်ကြောင်း၊ ၎င်း၏ ဖြစ်ရပ်ဆိုးများမှာ အတိတ်တွင် ကျနေခဲ့ပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် ရှုံးနိမ့်မှုကို ဂမ်ဘီယာအာဏာရှင် လက်ခံ

    ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် ရှုံးနိမ့်မှုကို ဂမ်ဘီယာအာဏာရှင် လက်ခံ

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    gambia

    – သမ္မတရာထူးဖြင့် ဂမ်ဘီယာနိုင်ငံအား အာဏာရှင်ဆန်ဆန် ၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ယာယာ ဂျမ်မေဟ်မှာ အထွေထွေရွေးကောက်ပွဲတွင် အံ့သြဖွယ်ရှုံးနိမ့်သွားခဲ့ပြီး ၎င်းကလည်း ထိုရှုံးနိမ့်မှုကို လက်ခံခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များကို ရေတွက်ရာတွင် ၎င်း၏ ပြိုင်ဘက် အိမ်ခြံမြေလုပ်ငန်းရှင် အဒါမာ ဘာရိုးက ၄၅ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ၁၉၉၄ ခုနှစ်က အာဏာသိမ်းကာ တောက်လျှောက် အုပ်စိုးလာခဲ့သည့် ယာယာကမူ ၃၆.၇ ရာခိုင်နှုန်းရရှိခဲ့ပြီး ၎င်းက ထိုအရှုံးကို လက်ခံခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ အလီယူ မိုမာ နီဂျီက ပြောကြားခဲ့သည်။

    အာဖရိက နိုင်ငံတစ်ခုဖြစ်သည့် ဂမ်ဘီယာမှာ ၁၉၆၅ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ချောမွေ့သော အာဏာလွှဲပြောင်းမှုမျိုး မရှိခဲ့ပေ။ ယခုရွေးကောက်ပွဲတွင်လည်း အာဏာရှင် ယာယာ ဂျမ်မေဟ်သာ အနိုင်ရမည်ဟု ထင်ထားခဲ့ကြသည်။ ဘာရိုးကမူ မိမိအနေဖြင့် တိုင်းပြည်၏ စီးပွားရေး ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်ပေးမည်ဟု မဲဆွယ်စဉ်က ကတိပေးခဲ့သည်။

    Ref: BBC