News @ M-Media

Air Force One လေယာဉ် အသစ်မှာယူထားမှု ထရမ့် ဖျက်သိမ်းဖွယ်ရှိ

ဒီဇင်ဘာ ၇၊ ၂၀၁၆
M-Media

airforce-one

– အမေရိကန်သမ္မတ စီးနင်းရန်အတွက် ဘိုးအင်းလေယာဉ်ကုမ္ပဏီမှ Air Force One လေယာဉ် အသစ်စက်စက် မှာယူထားမှုကို ဖျက်သိမ်းရန် ထရမ့်က အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပြီး ထိုလေယာဉ်အတွက် ကုန်ကျမှုမှာ အလွန်များသည်ဟု ပြောကြားခဲ့သည်။

Air Force One လေယာဉ်မှာ အမေရိကန် သမ္မတရာထူး၏ ထင်ရှားသော အမှတ်သညာများထဲမှ တစ်ခုဖြစ်ပြီး ယခုအသုံးပြုနေသည့် လေယာဉ်မှာ ၁၉၄၃ ခုနှစ်ကတည်းက အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဘိုးအင်းကုမ္ပဏီ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ အသစ်မှာယူထားမှုကို ထရမ့်က အဘယ်ကြောင့် ကန့်ကွက်ရလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ၎င်း၏ အသွင်ကူးပြောင်းရေးအဖွဲ့ကမူ ထရမ့်မှာ ဇန်န၀ါရီ ၂၀ ရက်နေ့ အာဏာရယူပြီးနောက်ပိုင်းတွင် ပြည်သူများ၏ အခွန်ဘဏ္ဍာများကို ခြွေတာမည်ဆိုသည့် သတင်းစကားမျိုး ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ဘိုးအင်းက အနာဂတ်သမ္မတအတွက် 747 Air Force One လေယာဉ်အသစ်ကို တည်ဆောက်နေတယ်ဗျ။ ဒါပေမယ့် ဒေါ်လာ ၄ ဘီလီယံကျော်ဆိုတော့ ကုန်ကျစားရိတ်က သိပ်များပါတယ်” ဟု ထရမ့်က ယမန်နေ့တွင် Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

အမေရိကန်သမ္မတအတွက် သတ်မှတ်ပေးထားသည့် လေယာဉ်များကို စီမံနေသည့် အမေရိကန်လေတပ်က လက်ရှိ သမ္မတအသုံးပြုနေသော လေယာဉ် ၂ စင်းကို ဘိုးအင်း၏ 747-8 လေယာဉ်ဖြင့် အစားထိုးသွားမည်ဟု ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ကြေငြာခဲ့သည်။

အဆိုပါ လေယာဉ်အစားထိုးမှုအစီအစဉ်အတွက် ဘက်ဂျက်ကို ဒေါ်လာ ၂.၈၇ ဘီလီယံ သတ်မှတ်ထားပြီး ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်မှ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ ထုတ်နှုတ်သုံးစွဲရန် လျာထားခဲ့သည်။

Ref: Aljazeera