News @ M-Media

Blog

  • ဂွါဒီယိုလာ၏ စွမ်းဆောင်ရည်ကို လေးစားသည်ဟု ကွန်တီပြော

    ဂွါဒီယိုလာ၏ စွမ်းဆောင်ရည်ကို လေးစားသည်ဟု ကွန်တီပြော

    ဒီဇင်ဘာ ၃၊ ၂၀၁၆
    M-Media

    conte-2

    – ပက်ဂွါဒီယိုလာအနေဖြင့် မန်စီးတီးအသင်းတွင် ၎င်း၏ ဒဿနကို အလျင်အမြန် အကောင်အထည်ဖော်နိုင်သည့်အတွက် မိမိအနေဖြင့် ချီးကျူးမိပြီး ၎င်းနှင့် တွေ့ဆုံရန်လည်း စိတ်လှုပ်ရှားနေသည်ဟု ချယ်ဆီးနည်းပြ ကွန်တီက ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ်ဇယားအား ရမှတ် ၃၁ မှတ်ဖြင့် ဦးဆောင်ထားနိုင်သည့် ချယ်ဆီးအသင်းမှာ တစ်မှတ်အကွာဖြင့် ဒုတိယနေရာတွင် ရှိနေသည့် မန်စီးတီးအသင်းကို ယနေ့တွင် အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။ ကွန်တီနှင့် ဂွါဒီယိုလာတို့မှာ ယခုနှစ်တွင်မှ ချယ်ဆီးနှင့် မန်စီးတီးတို့ကို ကိုင်တွယ်ခဲ့ခြင်း ဖြစ်သော်လည်း အကောင်းဆုံး ပုံစံများရအောင် စွမ်းဆောင်ထားနိုင်သည်။

    ကွန်တီကမူ ဂွါဒီယိုလာနှင့် ရင်ဆိုင်ရန်အတွက် စိတ်လှုပ်ရှားနေသည်ဟု ဆိုသည်။

    “ပက်က ဘောလုံးမှာ လေ့လာသင်ယူရတာ ကြိုက်သလို၊ အမြဲတမ်း အဖြေအသစ်တွေ ရှာဖွေရတာ၊ အသင်းမှာ အယူအဆသစ်တွေ ထည့်ပေးရတာကို နှစ်သက်တာကြောင့် ကျွန်တော် သူ့ကို တအား လေးစားပါတယ်။ ပွဲနည်းနည်းနဲ့ ကိုယ့်ရဲ့အယူအဆကို အောင်မြင်အောင် ထည့်ပေးဖို့ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ လက်ဖျားခါလောက်တဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး၊ မန်စီးတီးနဲ့လည်း အံ့သြစရာတွေကို လုပ်ဆောင်နေပါတယ်။ သူ့အသင်းကိုကြည့်တာနဲ့ သူ့ရဲ့ အယူအဆကို တွေ့ရမှာပါ” ဟု ကွန်တီက ပြောကြားခဲ့သည်။

    မန်စီးမှာ လက်ရှိတွင် ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးကာ ကစားနေပြီး ကွန်တီကမူ မိမိအနေဖြင့် ထိုအခြေအနေအတွက် စိုးရိမ်းမှုမရှိဘဲ ဂိုးရှေ့သို့ လျင်လျင်မြန်မြန်နှင့် တိုက်ရိုက်ရောက်ရှိစေသည့်နည်းဖြင့် ရင်ဆိုင်သွားမည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref: Goal

  • အစ္စလာမ်၏ အိနြေ္ဒသိက္ခာရှိမှု စံနှုန်းအပေါ် မွတ်စလင်အမျိုးသမီးတို့၏ အမြင်များ (၁)

    အစ္စလာမ်၏ အိနြေ္ဒသိက္ခာရှိမှု စံနှုန်းအပေါ် မွတ်စလင်အမျိုးသမီးတို့၏ အမြင်များ (၁)

    ဒီဇင်ဘာ ၃၊ ၂၀၁၆
    M-Media
    ကျွန်မအတွက် ဟိဂျာ့ဗ်ခေါင်းဆောင်းပုဝါဟာ အနှောင်အဖွဲ့ မဟုတ်

    hijab-2
    မိမိရဲ့ ကိုယ်ပိုင်ဝိသေသ တစ်မျိုးလို့ပြောတဲ့ အီဖတ်ဂါဇီယာ

    အီဖတ်ဂါဇီယာဟာ ကက်ရှ်မီးယားနယ်ကဖြစ်ပြီး လန်ဒန်တက္ကသိုလ်ကနေ မကြာသေးခင်ကမှ ပညာသင်ပြီးသူတစ်ဦးဖြစ်ပါတယ်။ ရှောင်ကတ်ရှဖီးကို သူမက ဒီလိုပြောပြခဲ့ပါတယ်။

    ၂၀၁၅ နိုဝင်ဘာ ပါရီတိုက်ခိုက်မှုပြီးတဲ့နောက် လန်ဒန်မြို့ အော့စ်ဖို့ဒ်လမ်းမပေါ်မှာ ကိုယ်ထိလက်ရောက်စော်ကားချက်တစ်ရပ်ကို ကျွန်မ ရင်ဆိုင်ခဲ့ရပါတယ်။ ယောက်ျားလေးရေား မိန်းကလေးများပါ ပါဝင်တဲ့ အုပ်စုတစ်စုက ကျွန်မကို မြေပေါ်တွန်းလှဲချပြီး ဆဲရေးတိုင်းတွာ ပြောဆိုကြတယ်။ သူတို့ ဘာတွေပြောနေကြမှန်း ကျွန်မ မသိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ထိတ်လန့်တုန်လှုပ်နေသလို သူတို့ပြောဆိုနေတာကလည်း အင်္ဂလိပ်စကား မဟုတ်လို့ပါပဲ။

    ကျွန်မက ဒီမြို့မှာ လူသစ်တစ်ဦးပါ။ ကျွန်မ ဆင်ယင်ထားတဲ့ ဟိဂျာ့ဗ်က ကျွန်မကို မွတ်စ်လင်မ်တစ်ဦးဖြစ်မှန်း သိသာပေါ်လွင်နေစေပါတယ်။ အဲ့ဒီနေ့ရက်ကာလများအတွင်း ဥရောပနိုင်ငံများမှာ တစ်ဖက်သတ်အစ္စလာမ်ကြောက်မုန်းရောဂါရဲ့ ဂယက်က လှိုင်းလုံးကြီးတစ်ခုလို ရိုက်ခတ်နေခဲ့တယ်လေ။ ရုန့်ရင်းကြမ်းတမ်းစွာ ဆက်ဆံခံရသူများစွာအနက် ကျွန်မလည်း အပါအ၀င် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မက တစ်ရပ်တစ်ပါးကို ပြောင်းရွှေ့နေထိုင်တာမျိုး လုံးဝ မလုပ်ခဲ့ပါဘူး။ ယူကေဟာ တကယ့်ကို သဟဇာတဖြစ်တဲ့ တိုင်းပြည်တစ်ခုဆိုတာ သံသယ၀င်စရာ မလိုပါဘူး။ ခုဆို လန်ဒန်မှာပင်လျှင် မြို့တော်ဝန်က မွတ်စ်လင်မ်တစ်ဦး ဖြစ်နေပါပြီ။

    ဒီလိုဖြစ်ပြီး နောက်တစ်နှစ်လွန်သည်အထိ ယူကေအနှံ့မှာ ကျွန်မ ဟိဂျာ့ဗ်ကို ဆင်ယင်ထားဆဲပါပဲ။ အဲ့ဒီအပေါ် စိတ်မသက်သာဖြစ်မှုကို ဘယ်တုန်းကမှ မခံစားရပါဘူး။ အမှန်ပြောရရင် ကျွန်မရဲ့မွေးရပ်မြေ ကက်ရှ်မီးယားကလွဲပြီး ဘယ်နေရာမှာဖြစ်ဖြစ် ဒီလို ၀မ်းမြောက်ယုံကြည်မှုမျိုးကို မခံစားခဲ့ဖူးပါဘူး။

    ဟိဂျာ့ဗ်ဟာ ကျွန်မရဲ့ ကိုယ်ကျင့်တရား၊ ဥာဏ်ပညာ၊ ခေတ်နောက်ပြန်ဆွဲမှု သို့မဟုတ် ခေတ်အကြိုက်လိုက်မှုအပေါ် ကိုယ်စားပြုလို့ ကျွန်မ ဆင်ယင်ထားတာ မဟုတ်ပါဘူး။ မိမိရဲ့ ကိုယ်ပိုင်ရွေးချယ်မှုသာ ဖြစ်ပါတယ်။ ဒါက ကျွန်မရဲ့ မွတ်စ်လင်မ်ဖြစ်ခြင်းရဲ့ဂုဏ်ကို ဆောင်ထားပြီး ကျွန်မရဲ့သာသနာ့တာဝန်တွေ ဖြည့်ဆည်းဖို့ တစ်နည်းအားဖြင့် တွန်းအားပေးရာလည်း ရောက်စေပါတယ်။ ဒါပေမယ့်လည်း ဟိဂျာ့ဗ် မဆင်ယင်သူတွေနဲ့ပတ်သက်ပြီး ကျွန်မ ဝေဖန်တာမျိုး လုပ်မှာမဟုတ်ပါဘူးရှင်။

    ကျွန်မအဖို့ ဟိဂျာ့ဗ်ဝတ်ဆင်သူဟာ မ၀တ်ဆင်သူထက် သာလွန်ကောင်းမြတ်တဲ့ မွတ်စ်လင်မ်ဖြစ်တယ်လို့ မယူဆနိုင်ပါဘူး။ ဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ၊ ကျွန်မရဲ့ကိုယ်ပိုင်အနေအထားသာဖြစ်ပါတယ်။ အလုပ်ရှာဖွေနေစဉ်မှာတော့ ဒါဟာ သတ်မှတ်ချက်များအကြား စိန်ခေါ်မှုတစ်ရပ်အဖြစ် ထင်ရှားစွာ တွေ့နေရပါတယ်။

    ဒါပေမယ့် ဒီအ၀တ်ပိုင်းလေးကိုပဲ ကျွန်မ ရွေးချယ်ပါတယ်။ ဒီရွေးချယ်မှုက တာဝန်ဝတ္တရားအရ မဟုတ်သလို ချုပ်နှောင်ခံရခြင်းရဲ့ လက္ခဏာတစ်ရပ်လည်း မဟုတ်ပါဘူး။ ကျွန်မအတွက် ဟိဂျာ့ဗ်ဟာ အနှောင်အဖွဲ့တစ်ခု ဖြစ်မနေလို့ပါပဲရှင်။

    (မူရင်း – What the hijab means to me : From Nigeria to Uruguay, women share their thoughts and feelings about the hijab. Al Jazeera)
    ပြန်ဆိုသူ – သြရသ ရေချမ်း

  • ရခိုင်ပြဿနာကို ပိုကောင်းအောင် ဖြေရှင်းချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

    ရခိုင်ပြဿနာကို ပိုကောင်းအောင် ဖြေရှင်းချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

    ဒီဇင်ဘာ ၃၊ ၂၀၁၆
    M-Media

    daw-su

    – ရခိုင်ပြည်နယ်က မွတ်စလင်တွေအပေါ်မှာ မြန်မာအစိုးရစစ်တပ်က ဖိနှိပ်ငြှင်းပမ်းမှုတွေ ရှိနေတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက စွပ်စွဲထားချိန်မှာ စင်ကာပူကို ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မိမိအနေနဲ့ အခြေအနေကို ပိုကောင်းအောင်လုပ်ချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

    စင်ကာပူက နာမည်ကြီးမီဒီယာတစ်ခုဖြစ်တဲ့ CNA နဲ့ ဒီဇင်ဘာ ၂ ရက်နေ့ အင်တာဗျူးမှာ ဒီလို ပြောကြားလိုက်တာပါ။ ရခိုင်ကိစ္စဟာ ကိုင်ရတွယ်ရခက်တဲ့ ပြဿနာဖြစ်နေလားလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က မဟုတ်ဘူးလို့ ဆိုပါတယ်။

    “ကျွန်မတို့ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့တယ်။ တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အမြဲတမ်း မကျေမချမ်းမှုတွေ မြင့်တက်လာစေမယ့် တောင်းဆိုမှု လုပ်တာမျိုးမဟုတ်ဘဲ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းထားဖို့၊ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပိုကောင်းတဲ့ဆက်ဆံရေး တည်ဆောက်ရာမှာ တိုးတက်စေဖို့ ကူညီမယ်ဆိုရင်တော့ ကျွန်မ ကျေးဇူးတင်မိမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

    နောက်ပြီး မိမိတို့ကို နားလည်မှုပေးဖို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုခဲ့ပြီး၊ ဒီပြဿနာဟာ အထိမခံတဲ့၊ သိမ်မွေ့တဲ့ ကိစ္စတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    “မွတ်စလင်တွေပဲ စိုးရိမ်နေတာ၊ သောကရောက်နေတာ မဟုတ်ပါဘူး။ ရခိုင်တွေလည်း စိုရိမ်နေကြပါတယ်။ သူတို့ရဲ့ လူဦးရေရာခိုင်နှုန်း ကျုံ့သွားတာမျိုးလို အခြေအနေကို သူတို့ စိုးရိမ်နေတာပါ။ ဒီလူ့အဖွဲ့အစည်းနှစ်ခုအကြား ဆက်ဆံရေး မကောင်းတာကိုလည်း ကျွန်မတို့ လစ်လျူရှုထားလို့ မရပါဘူး။ ဒါကို ပိုကောင်းအောင် ကျွန်မတို့ ကြိုးစားချင်ပါတယ်”

    “အောက်တိုဘာ ၉ ရက်နေ့ကတည်းကစပြီး ရဲကန်းစခန်းတွေကို တိုက်ခိုက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အခြေအနေမျိုး ရှိနေရဲ့သားနဲ့ ဒီပြဿနာကို အနှုတ်လက္ခဏာဆောင်တဲ့ဘက်ကပဲ အာရုံစိုက်နေမယ်ဆိုရင်တော့ ကူညီရာရောက်မှာ မဟုတ်ပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အဲဒီ နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရမှုအတွက် အစိုးရက RSO အဖွဲ့ကို အပြစ်တင်ခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာ ရိုဟင်ဂျာအများစုနေထိုင်ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို တပ်တွေ စေလွှတ်ခဲ့ပါတယ်။

    သံသယရှိသူတွေကိုရှာဖွေတဲ့ စစ်တပ်ရဲ့ ဒီစစ်ဆင်ရေးအတွင်းမှာ အဲဒီဒေသက လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ စစ်တပ်ဟာ အရပ်သားတွေကို သတ်ဖြတ်မှု၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုနဲ့ နေအိမ်မီးရှို့မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲချက်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အစိုးရစစ်တပ်ကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုထားပါတယ်။

    ဒီပြဿနာရဲ့ ဇစ်မြစ်က နိုင်ငံတကာ အ၀ိုင်းအ၀ိုင်းတစ်ခုတည်းရဲ့အပေါ်မှာ မူတည်နေတာမဟုတ်ဘူးလို့ အင်တာဗျူးသူက ပြောတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က

    “ကျွန်မသိပါတယ်။ ကျွန်မကလည်း အခက်အခဲတွေမရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် လူတွေအနေနဲ့ တကယ်ဖြစ်နေတာထက် ပိုဆိုးသယောင်ယောင် ချဲ့ကားပြောဆိုတာထက် အခက်အခဲကို နားလည်ပြီး အဲဒီအခက်အခဲတွေကို ဖြေရှင်းရာမှာ ပိုပြီး အာရုံစိုက်တာကသာ အကူအညီပေးရာ ရောက်မှာပါ” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

    Ref: Channelnewsasia

  • တရုတ်နိုင်ငံတွင် အာရဘီသင်ကြားရေး အစိုးရအသိအမှတ်ပြု သင်ရိုးညွှန်းတမ်း ပြဌာန်း

    တရုတ်နိုင်ငံတွင် အာရဘီသင်ကြားရေး အစိုးရအသိအမှတ်ပြု သင်ရိုးညွှန်းတမ်း ပြဌာန်း

    ဒီဇင်ဘာ ၃၊ ၂၀၁၆
    M-Media

    china
    ၂၀၁၄ ခုနှစ်တွင် ငလျင်ဒဏ်သင့် ယူနန်ပြည်နယ်မှ ဗလီဝတ်ကျောင်းတော်တွင် ၀တ်ပြုနေသည့် တရုတ်မွတ်စလင်တစ်ဦး

    – တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုချင်း ပေါင်းကူးရန် ကြိုးစားနေသည့် ဆော်ဒီ စာရေးဆရာမနှင့် တက်ကြွလှုပ်ရှားသူ နက်စ်ရင်းမ် ကာဝက်စ်က မိမိတို့အနေဖြင့် တရုတ်နိုင်ငံတွင် ပထမဆုံး အစိုးရအသိအမှတ်ပြု သင်ရိုးညွှန်းတမ်းဖြင့် အာရဘီဘာသာစကားသင်ကြားမှုကို စတင်နေပြီဟု ပြောကြားခဲ့သည်။

    ပညာရေးဆိုင်ရာ အာဏာပိုင်များက ပြဌာန်းပေးထားသော အဆိုပါသင်ရိုးညွှန်းတမ်းတွင် သင်ကြားမှုအဆင့်များ ခွဲထားပြီး၊ စာအုပ်၊ စီဒီတို့နှင့် ပြည့်စုံသော သင်ရိုးညွှန်းတမ်းတစ်ခုဖြစ်ကာ နားထောင်မှု စွမ်းရည်၊ စကားပြောစွမ်းရည် တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်သည်။

    ယဉ်ကျေးမှုများအကြား ပေါင်းကူးရန် ရည်ရွယ်သည့် အဆိုပါ သင်ရိုးညွှန်းတမ်း မပြဌာန်းခင် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ နိုင်ငံတာ ဖောင်ဒေးရှင်း (OSAS International Foundation for Culture and Creativity) က သုတေသနနှင့် လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ကာဝက်စ်က ဆိုသည်။

    ကာဝက်စ်မှာ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုကို ပညာသင်ရေးဆိုင်ရာ ရှုထောင့်မှ ၇ နှစ်ကြာ လေ့လာခြင်း၊ သုတေသနပြုခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် ပညာရေးဆိုင်ရာ စာအုပ်များ ပေါ်ပေါက်လာရေးတွင် ထည့်သွင်းစဉ်စားရမည့် အချက်များ၊ သင်ကြားမှု၊ သင်ယူမှု ပုံစံအမျိုးမျိုးနှင့်အတူ အထူးသင်ရိုးညွှန်းတမ်းတစ်ခု ရှိရမည်ဟု ကောက်ချက်ချခဲ့သည်။

    ၎င်းကမူ တရုတ်နိုင်ငံ ပညာရေးအတွက် စာအုပ်ကောင်းများရှိနေသောကြောင့် ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ သုတေသနနှင့် ခိုင်မာသည့် သုံးသပ်ချက်များကို အခြေခံကာ သင်ရိုးညွှန်းတမ်းတွင် ပါဝင်မည့် လေ့ကျင့်ခန်းများ၊ ဇာတ်လမ်းများနှင့် ဖျော်ဖြေရေးကဏ္ဍတို့တွင် ထူးထူးခြားခြား အကူအညီဖြစ်စေနိုင်မည့် အရေးပါသော ဇာတ်ကောင်းများ၊ လိုအပ်သည်များကို စဉ်းစားကာ အာရဘီ ဘာသာစကားဆိုင်ရာ စာအုပ်များကို ရေးသားပြုစုခဲ့ပြီး အာရဘီဘာသာစကား သင်ယူရေးအတွက် သင်ရိုးညွှန်းတမ်းတစ်ခုကိုလည်း ရေးဆွဲခဲ့သည်ဟု ဆိုသည်။

    ကာဝက်စ်မှာ တရုတ်နိုင်ငံတွင် နေထိုင်သည့် ၇ နှစ်တာကလအတွင်း ပြုလုပ်ခဲ့သော သုတေသနနှင့် လေ့လာမှုများကို အခြေခံကာ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း နိုင်ငံတကာ ဆက်ဆံရေး စာအုပ်ပေါင်း ၅ အုပ် ရေးသားထုတ်ဝေခဲ့သည်။ သူမ၏ သုတေသနပြုမှု၊ လေ့လာမှုများအတွက် ၂၀၁၆ ခုနှစ်တွင် တရုတ်သံအမတ်၏ ဂုဏ်ပြုမှုကိုလည်း ခံခဲ့ရသည်။

    Ref : Arabnews

  • ဧည့်စာရင်း ပယ်ဖျက်ပြီးနောက်.. ခရီးသွားတိုင်း လ.ဝ.က ကို အကြောင်းကြားပြီးမှ သွားရတော့မှာလား?

    ဧည့်စာရင်း ပယ်ဖျက်ပြီးနောက်.. ခရီးသွားတိုင်း လ.ဝ.က ကို အကြောင်းကြားပြီးမှ သွားရတော့မှာလား?

    ဒီဇင်ဘာ ၃ ၊ ၂၀၁၆
    M-Media
    ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ) ရေးသည်။

    အမှန်တကယ်တော့ ဧည့်စာရင်းပြဌာန်းချက်ကို ရုပ်သိမ်းတော့မည့်အခြေအနေပေါ်လာတဲ့ အခါကတည်းက ဧည့်စာရင်းမတိုင်ကြားလျှင် အရေးယူသကဲ့သို့ အရေးယူနိုင်တဲ့ ဥပဒေများကို ကျင့်သုံးလာတာကိုတွေ့ရှိရပါတယ်။ ယခင်က ခရီးသွားလာတဲ့အခါ နိုင်ငံသား စိစစ်ရေးကတ်ပြား မလျှောက်ထားရသေးသူများ၊ လျှောက်ထားဆဲများ၊ ပျောက်ဆုံးများ၊ ယာယီသက်သေခံကတ်ပြား အသစ် မထုတ်ရသေးသူများ၊ ယာယီသက်သေခံ ကတ်ပြားတစ်ခုခု မရှိသူများအား ရပ်/ကျေး ထောက်ခံချက်များဖြင့် ခရီးသွားလာကြပါတယ်။ ရပ်/ကျေးထောက်ခံချက်များကို ပြသသော်လည်း အဆိုပါပုဂ္ဂိုလ်များကို ယခုတလော အရေးယူလာတာ တွေ့ရှိရပါတယ်။ နိုင်ကတ် ကိုင်ဆောင် ထားသူများကိုလည်း အရေးယူကြောင်းသိရှိရပါတယ်။

    ဥပဒေအသစ်ဖြင့် အစားထိုးခြင်းတော့ မဟုတ်ပါ။ ၁၉၄၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံတွင်း နေထိုင်သူများမှတ်ပုံတင်ရေး ဥပဒေနဲ့ အရေးယူနေတာ ဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအ တွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ ပုဒ်မ- ၂၅၊ ၂၆၊၂၈ တို့ကို ဖောက်ဖျက်ရင် ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး ဥပဒေ ပုဒ်မ – ၆ (၂) ၆ (၃) အရ အရေးယူပြီး ပြစ်ဒဏ် ၂ နှစ် အထိ/ ငွေဒဏ်ချမှတ်နိုင်ပါတယ်။

    အမှန်တကယ်တော့ အဲ့ဒီဥပဒေ၊ နည်းဥပဒေတွေဟာ ၁၉၄၉ ခုနှစ်၊ ၁၉၅၁ ခုနှစ်မှာ ပြဌာန်းခဲ့တာဖြစ်လို့ အမျိုးသားမှတ်ပုံတင်ကတ်ပြား ကိစ္စနဲ့ ပတ်သက်တာထင်ရှားပါတယ်။ အဲ့ဒီဥပဒေ၊ နည်းဥပဒေများကို လေ့လာကြည့်ရင်ပေါ်လွင်ပါတယ်။ နည်းဥပဒေ ၂၅ ရဲ့ ဆိုလိုရင်းက မိမိမှတ်ပုံတင်ထားတဲ့လိပ်စာက ထွက်ခွာရင်သက်ဆိုင်ရာ လ.ဝ.က ကိုအကြောင်းကြားရမယ်။

    နည်းဥပဒေ ၂၆ ရဲ့ဆိုလိုရင်းက မိမိ မှတ်ပုံတင်ထားတဲ့လိပ်စာ ပြောင်းရင်းလည်း သက်ဆိုင်ရာ လဝက ကိုအကြောင်းကြားရမယ်။ နည်းဥပဒေ ၂၈ အရ သက်သေခံကတ်ပြားတစ်ခုခု မရှိရင် လည်း သက်ဆိုင်ရာ လဝက ကို အကြောင်းကြားရမယ်လို့ ဖော်ပြထားပါတယ်။

    အဲဒီဥပဒေ၊ နည်းဥပဒေတွေကို ၁၉၄၉ခုနှစ်၊ ၁၉၅၁ ခုနှစ်များမှာ ပြဌာန်းခဲ့သော်လည်း ကျွန်တော်တို့ ငယ်စဉ်ကတည်းက ခရီးသွားရင် မှတ်ပုံတင်ကတ်ပြားများနဲ့ သွားလာခဲ့ကြတာ ပဲ။ လဝက ကိုအကြောင်းကြားခဲ့ရတာမျိုးမရှိခဲ့ပါဘူး။

    အချုပ်အားဖြင့်တင်ပြရရင်တော့ ခရီးသွားရင် မှတ်ပုံတင် ကတ်ပြား တစ်ခုခုပြသနိုင်ရုံနဲ့ မရတော့ပါဘူး။ သက်ဆိုင်ရာ လဝက များကို အကြောင်းကြားပြီးမှ ခရီးသွားလို့ ရမယ်လို့ ဖြစ်လာပါပြီ။ ကုန်ကုန်ပြောရရင် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ ခရီးသွားရင်တောင် သက်ဆိုင်ရာ လဝက ကို အကြောင်းကြား ခွင့်ပြုချက်ယူပြီးမှ ခရီးသွားလို့ရမယ် လို့ အဲဒီဥပဒေ၊ နည်းဥပဒေတွေကို ကိုးကားပြီး လ.ဝ.က မှ တာဝန်ရှိသူတွေ ပြောနေပါပြီ။

    အဲဒီတော့ ဧည့်စာရင်းတိုင်ကြားခြင်း ကိစ္စကို ပယ်ဖျက်လိုက်တော့ ၁၉၄၉ခုနှစ်  မြန်မာနိုင်ငံအတွင်းနေထိုင်သူများ ဥပဒေနဲ့ အရေးယူနေပြီပေါ့။ ဧည့်စာရင်း တိုင်ကြားခြင်း ဥပဒေ တစ်မျိုးဖြစ်နေပြီလား။ သတိပြုကြပါကုန်။