News @ M-Media

Blog

  • ကမ္ဘာတစ်ဝှမ်း ဆော်ဒီ၏ လှူဒါန်းထောက်ပံ့မှု ကမ္ဘာ့အဆင့် ၄ နေရာတွင် ရှိနေ

    ကမ္ဘာတစ်ဝှမ်း ဆော်ဒီ၏ လှူဒါန်းထောက်ပံ့မှု ကမ္ဘာ့အဆင့် ၄ နေရာတွင် ရှိနေ

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    KSRELIEF အဖွဲ့မှ ယီမင်သို့ပို့မည့် ကူညီထောက်ပံ့ရေး ထရပ်ကားတစ်စီး

    – ဆော်ဒီအာရေဗျနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအတွက် ၁၀ စုနှစ် ၄ ခုအတွင်း စုစုပေါင်း ကန်ဒေါ်လာ ဘီလီယံ ၁၄၀ လှူဒါန်းခဲ့သည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP မှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

    ကုလက ဆော်ဒီအနေဖြင့် ၀င်ငွေ၏ စုစုပေါင်း ၀.၇ ရာခိုင်နှုန်းကို လှူဒါန်းရန် သတ်မှတ်ထားသော်လည်း ဆော်ဒီ၏ ယခုလှူဒါန်းငွေမှာ သတ်မှတ်ချက်ထက် ကျော်လွန်ကာ ၁.၉ ရာခိုင်နှုန်း ရှိနေသည်။ ကမ္ဘာ့အဆင့်တွင်မူ ဆော်ဒီမှာ စတုတ္ထမြောက် ကူညီထောက်ပံမှုအပြုဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။

    နှစ်ပေါင်း ၄၀ အတွင်း ဆော်ဒီ၏ လှူဒါန်းငွေမှာ ကန်ဒေါ်လာ ၁၃၉ ဘီလီယံ ရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၉၅ နိုင်ငံက အကျိုးကျေးဇူး ခံစားခဲ့ရသည်။

    ထို့အပြင် ဘုရင်ဆလ်မန် ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ KSRELIEF ကလည်း နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နသည်။ စားနပ်ရိက္ခာ၊ လုံခြုံရေး၊ နေရာထိုင်ခင်းပေးရေး စသည်တို့အပါအ၀င် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းပေါင်း ၅၂ ခုအတွက် KSRELIEF မှာ ကန်ဒေါ်လာ သန်း ၆၀၀ သုံးစွဲထားပြီး လူပေါင်း ၂၂ သန်း အကျိုးကျေးဇူးများ ခံစားနေရသည်။

    Ref: Alarabiya

  • လာမည့်နှစ် ကုလက လိုအပ်မည့်ရန်ပုံငွေ စံချိန်တင်

    လာမည့်နှစ် ကုလက လိုအပ်မည့်ရန်ပုံငွေ စံချိန်တင်

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    un

    – လာမည့်နှစ်အတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ လူ ၉၃ သန်းအတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးအပ်ရန် စံချိန်တင် ရန်ပုံငွေ ကန်ဒေါ်လာ ၂၂.၂ ဘီလီယံ လိုအပ်မည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ စတီဖင် အိုဘရိုင်ယန်က ပြောကြားလိုက်သည်။

    “ဒါဟာ ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်း မမြင်ခဲ့ရတဲ့ ကမ္ဘာပေါ်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်ကို ရောင်ပြန်ဟပ်နေပါတယ်” ဟု ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် အိုဘရိုင်ယန်က ထည့်သွင်းပြောဆိုခဲ့ပြီး လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းမှာ ဆီးရီးယား၊ အီရတ်၊ ယီမင်၊ နိုက်ဂျီးရီယားနှင့် တောင်ဆူဒန်နိုင်ငံတို့ကဲ့သို့ လူသားများ ပြုလုပ်သည့် ပဋိပက္ခများကြောင့် ဖြစ်သည်ဟု ဆိုသည်။

    ကုလ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စောင့်ကြည့်လေ့လာနေသည့် Financial Trancing Service (FTS) အဖွဲ့ကမူ ၂၀၁၆ ခုနှစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတောင်းခံမှုအတွက် နိုဝင်ဘာ ၃၀ ရက်နေ့အထိ ၅၁.၄ ရခိုင်နှုန်းသာ ရရှိသည်ဟု ဆိုသည်။

    ယီမင်တွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFT) ကလည်း သန်းနှင့်ချီသော လူများမှာ အငတ်ဘေးနှင့် ရင်ဆိုင်ရမည့် အခြေအနေ ရှိနေသည်ဟု ပြောကြာခဲ့သည်။ ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် ရှည်ကြာနေသည့် စစ်ပွဲများက သန်းပေါင်းများစွာသော ဒုက္ခသည်ပြဿနာနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေရသည့် ပြဿနာမျိုး ဦးတည်စေသည်။

    ကုလ၏ ရန်ပုံငွေနည်းပါးခြင်းကြောင့် UNHCR နှင့် UNICEF အနေဖြင့် အကြမ်းဖက်မှုများ၏ နောက်ဆက်တွဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် မိသားစုများအတွက် လိုအပ်ချက်များကို ပြည့်မီအောင် ဆောင်ရွက်ရန်အတွက် ရုန်းကန်နေရသည်။

    Ref: Aljazeera

  • ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာဒုက္ခသည်များ တန်ဖိုးနည်းအိမ်ယာ ၀ယ်ယူနိုင်မည်

    ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာဒုက္ခသည်များ တန်ဖိုးနည်းအိမ်ယာ ၀ယ်ယူနိုင်မည်

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    2012_thailand_burmarefugees
    ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များ

    – ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများ ရန်ကုန်ရှိ တန်ဖိုးနည်းအိမ်ယာ ၀ယ်ယူနိုင်ရေး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ သဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။

    လက်ရှိတွင် အတည်မပြုရသေးသော အဆိုပါ အဆိုပြုချက်မှာ ဒုက္ခသည်မိသားစုများအနေဖြင့် လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဘန်း အိမ်ယာမှ ကျပ် ၁၀ သိန်းတန် တိုက်ခန်းများ ၀ယ်ယူနိုင်ရေးဖြစ်သည်ဟု ၀န်ကြီးဦးမြင့်အေးက ပြောကြားခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ပြန်ရောက်လာသည့် ဒုက္ခသည် ၁၇ ဦးအား ရေရှည်နေထိုင်နိုင်မည့် နေရာထိုင်ခင်မျိုး စီစဉ်ပေးရန် မိမိက ညွှန်ကြားထားသည်ဟု ဆိုသည်။

    ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့ရသည့် ဒုက္ခသည် ၆၀ မှာ ပြီးခဲ့သည့်လတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး နှစ်နိုင်ငံ အစိုးရများမှ စီစဉ်ဆောင်ရွက်ပေးသည့် ပထမဆုံး နေရပ်ပြန်ပို့မှုလည်း ဖြစ်သည်။ အများစုမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်သွားရောက်ခဲ့သော်လည်း အောက်တိုဘာ ၂၇ ရက်နေ့က ရန်ကုန်သို့ ရောက်ရှိလာခဲ့သည့် ဒုက္ခသည် ၁၇ ဦးမှာ နေစရာ နေရာမရှိပေ။

    လက်ရှိတွင် ၀န်ကြီးဌာနပိုင်ဆိုင်သော မရမ်းကုန်ရှိနေရာတစ်ခုတွင် ခေတ္တ နေထိုင်ခွင့်ပေးထားပြီး ၎င်းတို့နေစရာရရေး စီစဉ်နေသည့်အချိန်အတွင်း တစ်ယောက်လျှင် ကျပ် ၃၀၀၀ ထောက်ပံ့ကြေးအဖြစ် ပေးခဲ့သည်။

    အဆိုပါ ဒုက္ခသည်များ ပြန်လာသည့်အချိန်တွင် ထိုင်းအစိုးရက လူကြီးတစ်ဦးလျှင် ကန်ဒေါ်လာ ၂၄၀ တန်ဖိုးရှိ ထိုင်းဘတ်ငွေ၊ ကလေးတစ်ဦးလျှင် ကန်ဒ်ါလာ ၁၈၂ ဒေါ်လာတန်ဖိုးရှိ ထိုင်းဘတ်ငွေတို့ကို ပေးအပ်ခဲ့ပြီး မြန်မာအစိုးရကလည်း တစ်မိသားစုလျှင် ကျပ် ၃ သိန်း ပေးအပ်ခဲ့သည်။

    လူမှုဝန်ထမ်းကယ်ဆယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးကိုကိုနိုင်ကမူ အဆိုပါ ပြန်ရောက်လာသူများအနေဖြင့် ထိုင်းနှင့် မြန်မာအစိုးရတို့မှ ရရှိသည့် ထောက်ပံ့ကြေးများကြောင့် ကျပ် ၁၀ သိန်းတန် တိုက်ခန်းများကို ၀ယ်ယူနိုင်မည်ဟု ပြောကြားခဲ့သည်။

    Ref : mmtimes

  • လေယာဉ်ပျက်ကျခဲ့သည့် Chapecoense အသင်းကို ဆုဖလားချီးမြှင့်

    လေယာဉ်ပျက်ကျခဲ့သည့် Chapecoense အသင်းကို ဆုဖလားချီးမြှင့်

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    brazil-1
    လောယာဉ်ပျက်ကျကာ တစ်သင်းလုံးနီးပါး သေဆုံးခဲ့သည့် Chapecoense အသင်း

    – ပြီးခဲ့သည့်တစ်ပတ်က လေယာဉ်ပျက်ကျကာ တစ်သင်းလုံးနီးပါး သေဆုံးသွားခဲ့သည့် ဘရာဇီးလ်ကလပ် Chapecoense အသင်းကို တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် CONMEBOL က Copa Sudamericana ဆုဖလား ချီးမြှင့်လိုက်သည်ဟု သိရသည်။

    Chapecoense အသင်းမှာ အဆိုပါ ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲပထမကျော့ ယှဉ်ပြိုင်ရန် ကိုလံဘီယာသို့ သွားရောက်စဉ် ထိုကဲ့သို့ ကံကြမ္မာဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး အသင်းသားများ၊ နည်းပြများနှင့် အသင်းဝန်ထမ်း စုစုပေါင်း ၅၀ ကျော် သေဆုံးခဲ့သည်။

    တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်မှ ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ Chapecoense ကလပ်အသင်းအား ဆုဖလား၊ ဆုဖလားနှင့်ပါဝင်မည့် ဆုကြေး၊ အကျိုခံစားခွင့်များ အားလုံးကို ပေးအပ်သွားမည်ဟု ဖော်ပြထားသည်။

    ထို့ကြောင့် အသင်းမှာ ဆုကြေး ကန်ဒေါ်လာ ၂ သန်းကို ရရှိမည်ဖြစ်ပြီး တောင်အမေရိက ကလပ်အသင်းလောကတွင် ဒုတိယအဆင့်အမြင့်ဆုံး Copa Sudamericana ပြိုင်ပွဲကို နောက်နှစ်တွင် အလိုအလျောက် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

    Chapecoense နှင့် ဗိုလ်လုပွဲကစားရမည့် ကိုလံဘီယာကလပ်အသင်းကလည်း ဆုဖလားအား Chapecoense အသင်းကိုသာ ပေးအပ်ရန် စောစောပိုင်းက တောင်းဆိုခဲ့သည်။

    တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်၏ အဆိုပါဆုံးဖြတ်ချက်ကို ဘောလုံးလောကမှ ကြိုဆိုခဲ့ကြပြီး ကလပ်အသင်းများကလည်း Chapecoense သို့ ဂုဏ်ပြုလွှာများ ပေးပို့ခဲ့ကြသည်။

    Ref: Fuison.net

  • ပဋိပက္ခဖြေရှင်းနိုင်ရေး ရခိုင်ဘက် ပူးပေါင်းဆောင်ရွက်မှု အားနည်း ကော်မရှင်ထောက်ပြ

    ပဋိပက္ခဖြေရှင်းနိုင်ရေး ရခိုင်ဘက် ပူးပေါင်းဆောင်ရွက်မှု အားနည်း ကော်မရှင်ထောက်ပြ

    h-53148367-small-1
    ကိုဖီအာနန် မှ သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံစဉ်

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ရခိုင်ပြည်ခရီးစဉ်မှာ ဒေသခံ ရခိုင်တွေ ရဲ့ ပူးပေါင်း ဆောင်ရွက်မှု အားနည်းခဲ့တဲ့အတွက် သူတို့ရင်ဆိုင်နေရတဲ့ အခြေ အနေတွေတိတိကျကျသိရဖို့ အခက်အခဲတွေရှိခဲ့ကြောင်း ရခိုင်အကြံပေးကော် မရှင်က ပြောဆိုခဲ့တယ်လို့ မနေ့က တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တဦး ကပြောပါတယ်။

    အကြံပေးကော်မရှင်ရဲ့ ဥက္ကဖြစ်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေတွေဟာ စိုးရိမ်စရာကောင်းနေကြောင်း သူရဲ့ရခိုင်ခရီးစဉ် အတွင်းမှာ ပြောကြားခဲ့ပါတယ်။

    မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။

    သုံးရက်ကြာ ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေကို သွားရောက် ကြည့်ရှုခဲ့တဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အ ကြံပေးကော် မရှင်အဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ ခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် မှာဖြစ်ပါတယ်။

    မနေ့က နေပြည်တော်မှာ သမ္မတ ဦးထင်ကျော်နဲ့ ကိုဖီအာနန်တို့တွေ့ ဆုံခဲ့သ လို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့လည်း သီးသန့် တွေ့ဆုံ ခဲ့ပါ တယ်။ အထူးသဖြင့် နေပြည်တော် ရောက်နေတဲ့ ရခိုင်လွှတ်တော်အမတ်တွေ နဲ့ တွေ့ဆုံဖို့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဘက်က ဖိတ်ကြားခဲ့ပေမဲ့ ရခိုင်အမျိုး သားပါတီရဲ့ လွှတ်တော်အမတ် ဒေါ်ထုမေ တဦးသာ တက်ရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် (၄)ဦး စုစုပေါင်း (၅)ဦးနဲ့ ဆွေးနွေး ပြောဆို ခဲ့ကြပါတယ်။

    ဒေသခံ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ မိမိတို့ ရင်ဆိုင်နေတဲ့ အခက်အခဲ အကြပ်အတည်းတွေကို နိုင်ငံတကာသိစေဖို့ဆိုရင် လာရောက်လေ့လာတဲ့ အဖွဲ့အစည်းအသီးသီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ် နေကြောင်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ NLD အမျိုးသားလွှတ်တော်အမတ် ဦးစိုးဝင်းက သတင်းထောက်တွေကို အခုလိုပြောပါတယ်။

    “သူတို့အခုဆိုရင် ၃ ခေါက်ရှိပြီ ရခိုင်ကိုလာတာ။ ၃ ခေါက်ရှိတဲ့နေရာမှာ အခု ဒါသူတို့ ပြန်လာပြီးတော့ ပြောတာပေါ့နော် ပြောတဲ့အခါမှာ ရခိုင်ဘက်က ပူးပေါင်းဆောင်ရွက်မှု ပါဝင်မှု အားနည်းတယ်။ မွတ်စလင်တွေဘက်ကတော့ တကယ် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်တယ် ဆိုပြီးတော့ သူတို့အတွေ့ အကြုံကို သူတို့ပြောတာပေါ့။ သူတို့ ဖြစ်စေချင်တဲ့ ပုံစံကတော့ ဒီဘက်က ရခိုင်တိုင်း ရင်းသားတွေရော၊ ဟိုဘက်က မွတ်စလင်တွေရော ၊ ဥပမာ – ရခိုင်တိုင်း ရင်းသားတွေ ကလည်း မိမိတို့ အခက်အခဲ အကျပ်အတည်း ခံစားချက်တွေ ကို ဒါတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြဖို့ လိုမယ်။ ဟိုဘက်က မွတ်စလင်တွေ ကလည်း ထိုနည်းလည်းကောင်းပေါ့နော်။ အဲဒီအပေါ်မှာ သူတို့ ကြားနာပြီးတော့ အကောင်းဆုံးအစီရင်ခံစာတွေပြုစုဖို့ပေါ့။ ဆိုတော့ အဲဒီလိုရှိတဲ့နေရာမှာ ဒီဘက်က မူဆလင်တွေ ဘက်က လိုက်လိုက်လဲလဲနဲ့ ပူးပေါင်းဆောင်ရွက်တယ်။ ကျနော်တို့ ရခိုင်ဘက်က ပူးပေါင်းပါဝင် ဆောင်ရွက်မှု အားနည်းတယ်ဆိုရင် ကျနော်တို့ဘက်က အချက်အလက်တွေ အားနည်းနေမှာပေါ့။ ဆိုရင် ဒီအားနည်းတဲ့အပေါ်မှာလည်း သူတို့အနေနဲ့ ဘ၀င်မကျဘူး။ ဒါကြောင့် ကျနော်တို့နဲ့ လာပြီးတော့ အကြံတွေပေးပါ ၊ ဒီရခိုင်ပြဿနာ ပြေလည်ရေးအတွက် ဘယ်လိုဆောင်ရွက်ရင်ကောင်းမလဲ ဆိုပြီးတော့ ကျနော်တို့နဲ့ လာတွေ့တာပါ။”

    လွှတ်တော်အမတ်တွေဘက်ကလည်း ကော်မရှင်ရဲ့ လုပ်ငန်းတွေနဲ့ပတ်သက် လို့လည်း အကြံပြုဆွေးနွေးခဲ့ကြတယ်လို့ ဦးစိုးဝင်းကပြောပါတယ်။

    အခုလို ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို နေပြည်တော်မှာ ရခိုင်အမတ်တွေ ဘာကြောင့် မတွေ့ဆုံခဲ့သလဲဆိုတာကိုတော့ ရခိုင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က အခုလို ဗွီအိုအေကို ပြောပါတယ်။

    “ကိုဖီအာနန်ကော်မရှင်ကို ကျနော်တို့ ရခိုင်အမျိုးသားပါတီက အသိအမှတ်မပြုဘူး။ လက်မခံဘူးဆိုတဲ့ သဘောရှိတယ်။ နောက်တခါ ရခိုင်ပြည်နယ် လွှတ်တော်ဆိုတာ က ကျနော်တို့ ရခိုင်အမျိုးသားပါတီက အများဆုံးလွှတ်တော်ကိုယ်စားလှယ်တွေ အနိုင်ရတဲ့အပြင် ရခိုင်ပြည်နယ်လွှတ်တော်က ကိုဖီအာနန်ကော်မရှင်ကို အသိအမှတ်မပြုဘူးဆိုပြီး ဆုံးဖြတ်ထားတာရှိတယ်။ အဲတော့် ကျနော်တို့ပါတီနဲ့ ပြည်သူတွေက ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ လိုက်နာရမယ့် တာဝန်ရှိတဲ့အတွက်ကြောင့် ကျနော်တို့က ကိုဖီအာနန်အဖွဲ့ကို သွားမတွေ့တာပါ။”

    မေး။ ။ ကိုဖီအာနန်တို့ ရခိုင်အကြံပေးကော်မရှင် ကို ဒေါ်အောင်ဆန်း စုကြည်ဦးေ ဆာင်တဲ့ မြန်မာအစိုးရ ကိုယ်တိုင် သဘောတူ ဖွဲ့စည်းထား တာဖြစ် တယ်။ နောက် ပြီးတော့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ဒီ ရခိုင်အ ကြံပေးကော်မရှင်ကို အသိအမှတ်ပြုထားတဲ့အခါကျတော့ ရခိုင်အကြံပေးကော် မရှင်နဲ့ မတွေ့တဲ့အတွက် ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ အခက်အခဲတွေကို တိုက်ရိုက်ပြောပြခွင့်တွေ ဆုံးရှုံးသွားတာမျိုး ဖြစ်မနေဘူးလားရှင့်။

    ဖြေ။ ။ “ကျနော်တို့ ရခိုင်တမျိုးသားလုံး ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေက အများကြီးရှိ ပါတယ်။ ရခိုင်အမျိုးသားတွေရဲ့ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေကို ကိုဖီအာနန်ကော် မရှင်က ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ တကယ်လုပ်ပေးရ မှာက မြန်မာပြည် ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာ တဲ့ မြန်မာအစိုးရ ရဲ့တာဝန်ဖြစ်ပါတယ်။ ဒီကိစ္စဟာ ပြည်တွင်းရေးကိစ္စ၊ ပြည်တွင်းရေးကိစ္စကို အုပ်ချုပ်ခဲ့တဲ့ အစိုးရ အဆက် ဆက် ပြည်တွင်းရေးကိစ္စ ဆိုပြီးတော့ ဆက်တိုက်ဆက်တိုက် ပြောဆိုလာတယ်။ ဒါပေမယ့် ဒီ ကိစ္စတွေကိုဖြေရှင်းတဲ့အခါ ဆေးမြီးတိုနဲ့ပဲ ဖြေရှင်းတယ်။ တကယ်ဖြေ ရှင်းရ မယ့်အလုပ်တွေကို မလုပ်ဘူး။ အခုအချိန်မှာဆိုရင် ရခိုင်ပြည်သူတွေ ကိုယ်စားပြုထားတဲ့ ရခိုင်ပြည်နယ် လွှတ်တော် ရှိတယ်၊ နောက် ပြည်ထောင်စု လွှတ်တော်မှာဆိုရင်လည်း ရခိုင်လွှတ်တော်အမတ်တွေရှိတယ်။ ဒီပုဂ္ဂိုလ်တွေကို အသိအမှတ်မပြုပဲနဲ့ ထင်မိထင်ရာကို လုပ်နေတဲ့ သဘောလို့ မြင်တဲ့အတွက် ကျနော်တို့မှာ ဒီထက်ပိုပြီး အခွင့်အရေးဆုံးရှုံးစရာတွေ မရှိတော့ပါဘူး။ အဆုံးစွန်ဆုံးထိ ရခိုင်ပြည်သူတွေ နစ်နာဆုံးရှုံးခဲ့ရပြီးပါပြီ။”

    အောက်တိုဘာလ (၂)ရက်နေ့ကနေ (၄)ရက်နေ့ထိသွားခဲ့တဲ့ ရခိုင်ပြည် နယ် မြောက်ပိုင်းခရီး စဉ်အတွင်း သူ့အနေနဲ့ အခြေအနေတွေကို စိုးရိမ်မကင်းဖြစ် မိကြောင်း ကိုဖီအာနန်က စစ်တွေလေဆိပ်မှာ သတင်းထောက်တွေကို အခုလိုပြော ပါတယ်။

    “ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၊ အနောက်ဆုံး အခြေနေတွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ စိတ်ပူစရာ ကောင်းတာကတော့ သိသာပါတယ်။ အကြမ်းဖက်မှုတွေ မလိုအပ်ပါဘူး။ ဒါပေမယ့် ထပ်ဖြစ်နေတာက စိုးရိမ်စရာပါ။ ဒေသခံတွေ အနေနဲ့ သူတို့ရဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဘယ်လို ဖြေရှင်းရမယ် ဆိုတာကို အဖြေရှာဖို့ လိုပါတယ်။”

    ဒါအပြင် လုံခြုံရေးအခြေအနေကို နားလည်ပေမဲ့ လူသားချင်းစာနာမှု အကူညီတွေ လိုအပ်နေတဲ့သူတွေဆီ ပေးတဲ့အကူအညီတွေ မရောက်တာမျိုးကတော့ မဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့တယ်လို့ ကိုဖီအာနန်က ထောက်ပြပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံကို ဒီဇင်ဘာလ (၁)ရက်နေ့မှာ ရောက်ရှိလာတဲ့ ရခိုင်အကြံပေးကော် မရှင်ဥက္ကဌ ကိုဖီအာနန်ဟာ အဲဒီနေ့မှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်း ကိစ္စအပါအ၀င် ရှမ်းပြည် မြောက်ပိုင်း ပဋိပက္ခတွေနဲ့ပတ်သက်လို့ ကက်သလစ် ကာဒီနယ်လ် ရဟန်းအမတ် ချားလ်စ်ဘိုအပါအ၀င် ဘာသာပေါင်းစုံ ခေါင်းဆောင်တွေနဲ့ တနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ရခိုင်ပဋိပက္ခနဲ့ ရှမ်းပြည်မြောက်ပိုင်း စစ်ပွဲတွေမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးရရှိဖို့ ဘာသာေ ရးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍအရေးကြီးတဲ့ အကြောင်း ဆွေးနွေး ခဲ့တယ် လို့လည်း ရန်ကုန် ကက်သလစ်အသင်းတော်က သတင်းမီဒီယာ ကို ပြောခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်စလင်လူနည်းစုတွေအပေါ် မြန်မာတပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက စွပ်စွဲပြောဆိုနေတဲ့ အတော်အတွင်းမှာပဲ ရခိုင်အကြံပေးကော်မရှင်က သူတို့ စုံစမ်းတွေ့ရှိချက်တွေကို လာမယ့် ၂၀၁၇ခုနှစ်ဆန်းပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ဖို့ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

    VOA မှ ကူးယူဖော်ပြသည်။