News @ M-Media

Blog

  • ဘောလုံးပြိုင်ပွဲတွင် ၄ ဦးလူစားလဲမှုကို ဂျာမနီရှုံးထွက်ဖလား၌ စမ်းသပ်မည်

    ဘောလုံးပြိုင်ပွဲတွင် ၄ ဦးလူစားလဲမှုကို ဂျာမနီရှုံးထွက်ဖလား၌ စမ်းသပ်မည်

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    germany

    – ဂျာမနီ ပြည်တွင်းရှုံးထွက်ဖလားတစ်ခုဖြစ်သည့် DFB Pokal ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်မှစ၍ လူစားဝင်ကစားသမား ၄ ဦးအထိ ခွင့်ပြုသွားမည်ဖြစ်ကာ၊ လာမည့်နှစ်တွင် ပွဲစဉ်တစ်လျှောက်လုံး၌ အသုံးပြုသွားမည်ဟု သိရသည်။

    DFB ပြိုင်ပွဲကျင်းပသူများက နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ IFAB သို့ တင်ပြခဲ့ပြီးနောက် ထိုစနစ်သစ်ကို အသုံးပြုရန် ခွင့်ပြုချက် ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကစားမည့် DFB Pokal ကွာတားဖိုင်နယ်ပွဲများတွင် အချိန်ပိုရောက်ရှိပါက စတုတ္ထမြောက် လူစားဝင်ကစားသမားတစ်ဦးကို အသုံးပြုခွင့်ရမည်ဖြစ်သည်။

    DFB ၏ ဒုဥက္ကဌဖြစ်သူ ပီတာ ဖရိုင်းမက်ကမူ မိမိတို့အနေဖြင့် ထိုကဲ့သို့ စမ်းသပ်အသုံးပြုခွင့်ရသည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသည်ဟု ပြောကြားခဲ့သည်။

    “ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးတွေကို ကလပ်အသင်းတွေအားလုံး တွေ့မြင်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်ပါတယ်။ ပြီးတော့ ပြိုင်မှာ ဒီလို ပြောင်းလဲမှုလုပ်ဖို့လည်း ကျွန်တော်တို့ သဘောတူညီခဲ့ပါတယ်။ ဒီရှေ့ပြေးစီမံကိန်းမှာ ပါဝင်တာဟာ ဒီ စတုတ္ထလူစားလဲမှုအတွက် သုံးသပ်ခွင့် ရစေမှာဖြစ်ပြီး၊ အကျိုးကျေးဇူးတွေကိုလည်း မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲအပေါ် သက်ရောက်နိုင်တဲ့ ဆိုးကျိုးတွေကိုလည်း တွက်ချက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဖရိုင်းမက်က ပြောကြားခဲ့သည်။

    အဆိုပါ ၄ ယောက်လူစားဝင်မှုစနစ်ကို ဘရာဇီးလ်အိုလံပစ်နှင့် ကမ္ဘာအသင်းများ ကမ္ဘာ့ဖလားပွဲတွင်လည်း စမ်းသပ် အသုံးပြုခဲ့ပြီဖြစ်သည်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကလည်း ယခုနှစ် FA ဖလား ကွာတားဖိုင်နယ်အဆင့်မှစ၍ ထိုစနစ်ကို စမ်းသပ် အသုံးပြုသွားမည်ဟု ကြေငြာထားသည်။

    Ref: Goal

  • McDonald က မလေးနှင့် စင်ကာပူ လက်ခွဲလုပ်ပိုင်ခွင့်ကို ဆော်ဒီကုမ္ပဏီသို့ ရောင်းချ

    McDonald က မလေးနှင့် စင်ကာပူ လက်ခွဲလုပ်ပိုင်ခွင့်ကို ဆော်ဒီကုမ္ပဏီသို့ ရောင်းချ

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    mc

    – အသင့်စား အစားအသောက်များ ရောင်းချသည့် နာမည်ကျော် McDonald လုပ်ငန်းက မလေးရှာနှင့် စင်ကာပူတို့ရှိ ၎င်း၏ ဆိုင်များအတွက် လက်ခွဲလုပ်ပိုင်ခွင့်ကို ဆော်ဒီအခြေစိုက် Lionhorn Pte Ltd ကုမ္ပဏီသို့ ရောင်းချလိုက်ပြီး အာရှတွင် တိုက်ရိုက်ပိုင်ဆိုင်မှု လျှော့ချရေး အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

    ထို့ကြောင့် မိခင်ကုမ္ပဏီက ၈၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်သည့် ဆိုင်ခွဲပေါင်း ၃၉၀ အတွက် လုပ်ပိုင်ခွင့်ကို ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ Lionhorn က ရရှိမည် ဖြစ်သည်။

    Lionhorn ကုမ္ပဏီမှာ ဆော်ဒီအနောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် McDonald လက်ခွဲလုပ်ပိုင်ခွင့်ကို ရရှိထားသော ရှိခ် ဖဟ်ဒ်နှင့် အဘ်ဒူလ်ရဟ်မန် အလီရီဇာတို့ ဦးဆောင်သည့် ကုမ္ပဏီဖြစ်သည်။ သို့သော်လည်း ယခု ရောင်းချမှုအတွက် ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက်များကို McDonald က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

    Reuters သတင်းဌာနကမူ McDonald မှာ ဆော်ဒီ အနောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ၎င်းလက်ခွဲပေးထားသော Reza လုပ်ငန်းစုနှင့် ကန်ဒေါ်လာ သန်း ၄၀၀ တန် လက်ခွဲလုပ်ပိုင်ခွင့် သဘောတူညီချက် ရရှိရန် နီးစပ်နေသည်ဟု အောက်တိုဘာလက ဖော်ပြခဲ့သည်။

    McDonald မှာ အာရှရှိ လက်ခွဲများအား ဗဟိုမှပိုင်ဆိုင်မှု လျှော့ချရန် အစီအစဉ်ရှိနေပြီး Lionhorn နှင့် ရရှိခဲ့သည့် သေဘာတူညီချက်မှာ ထိုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

    Ref: Channelnewsasia

  • ကော်စတာမှာ အတိတ်ဆိုးမှ လွန်မြောက်ပြီဟု ကွန်တီပြော

    ကော်စတာမှာ အတိတ်ဆိုးမှ လွန်မြောက်ပြီဟု ကွန်တီပြော

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    conte

    – တိုက်စစ်မှူးဒီယေဂိုကော်စတာ ပြောင်းလဲသွားသည့်အတွက် မိမိအနေဖြင့် ကျေနပ်မိပြီး ၎င်း၏ အတိတ်ဆိုးများမှာလည်း လွန်မြောက်သွားခဲ့ပြီဟု ချယ်ဆီးနည်းပြ ကွန်တီက ပြောကြားလိုက်သည်။

    ကွန်တီမှာ ရာသီအစက စည်းကမ်းလိုက်နာမှုအားနည်းသည့် ဒီယေဂိုကော်စတာကို ပြုပြင်ရန် သတိပေးခဲ့ပြီး၊ လက်ရှိတွင် ကော်စတာမှာ ပြိုင်ပွဲအားလုံး၌ အ၀ါကဒ် မပြခံရသည်မှာ ၈ ပွဲအထိ ရှိလာပြီဖြစ်သည်။ ထို့ပြင် ခြေစွမ်းပိုင်းကလည်း ပိုမိုကောင်းမွန်လာခဲ့ပြီး သွင်းဂိုး ၁၀ ဂိုးဖြင့် ပရီးမီးယား ဂိုးသွင်းဇယားကို အဂူရိုနှင့်အတူ ဦးဆောင်ထားသည်။

    ကွန်တီကမူ ကော်စတာ၏ လက်ရှိပုံစံအတွင် ကျေနပ်သည်ဟု ဆိုသည်။

    “ဒီယေဂိုအတွက် ကျွန်တော် ကျေနပ်ပါတယ်။ သူဟာ လေးစားလောက်စရာ ဖြစ်လာခဲ့ပြီး၊ ဒီပွဲတွေအတွင်း လမ်းကြောင်းမှန်မှာလည်း ရှိနေပါတယ်။ ဒါဟာ သူ့အတွက်၊ ကျွန်တော့်အတွက်၊ အသင်းသားတွေအတွက်၊ အသင်းအတွက် အားလုံး အတွက် ကောင်းပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။

    ထို့ပြင် ကော်စတာကို ဆိုးရွားသည့်အခြေအနေမျိုးဖြင့် မဟုတ်ဘဲ ကောင်းမွန်သည့် အခြေအနမျိုးဖြင့် မြင်ရသည်မှာ ကောင်းမွန်ကြောင်း၊ ၎င်း၏ ဖြစ်ရပ်ဆိုးများမှာ အတိတ်တွင် ကျနေခဲ့ပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် ရှုံးနိမ့်မှုကို ဂမ်ဘီယာအာဏာရှင် လက်ခံ

    ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် ရှုံးနိမ့်မှုကို ဂမ်ဘီယာအာဏာရှင် လက်ခံ

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    gambia

    – သမ္မတရာထူးဖြင့် ဂမ်ဘီယာနိုင်ငံအား အာဏာရှင်ဆန်ဆန် ၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ယာယာ ဂျမ်မေဟ်မှာ အထွေထွေရွေးကောက်ပွဲတွင် အံ့သြဖွယ်ရှုံးနိမ့်သွားခဲ့ပြီး ၎င်းကလည်း ထိုရှုံးနိမ့်မှုကို လက်ခံခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များကို ရေတွက်ရာတွင် ၎င်း၏ ပြိုင်ဘက် အိမ်ခြံမြေလုပ်ငန်းရှင် အဒါမာ ဘာရိုးက ၄၅ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ၁၉၉၄ ခုနှစ်က အာဏာသိမ်းကာ တောက်လျှောက် အုပ်စိုးလာခဲ့သည့် ယာယာကမူ ၃၆.၇ ရာခိုင်နှုန်းရရှိခဲ့ပြီး ၎င်းက ထိုအရှုံးကို လက်ခံခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ အလီယူ မိုမာ နီဂျီက ပြောကြားခဲ့သည်။

    အာဖရိက နိုင်ငံတစ်ခုဖြစ်သည့် ဂမ်ဘီယာမှာ ၁၉၆၅ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ချောမွေ့သော အာဏာလွှဲပြောင်းမှုမျိုး မရှိခဲ့ပေ။ ယခုရွေးကောက်ပွဲတွင်လည်း အာဏာရှင် ယာယာ ဂျမ်မေဟ်သာ အနိုင်ရမည်ဟု ထင်ထားခဲ့ကြသည်။ ဘာရိုးကမူ မိမိအနေဖြင့် တိုင်းပြည်၏ စီးပွားရေး ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်ပေးမည်ဟု မဲဆွယ်စဉ်က ကတိပေးခဲ့သည်။

    Ref: BBC

  • အားကစားသမိုင်းမှ မေ့၍မရသော လေကြောင်း ဖြစ်ရပ်ဆိုးများ

    အားကစားသမိုင်းမှ မေ့၍မရသော လေကြောင်း ဖြစ်ရပ်ဆိုးများ

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    man-u
    ၁၉၅၈ ခုနှစ် မြူးနစ်လေယာဉ် ပျက်ကျမှုအတွင်း သေဆုံးခဲ့သည့် မန်ယူအသင်းသားများ၏ ရုပ်အလောင်းများကို ယူဆောင်လာမှု မြင်ကွင်း

    – ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဘရာဇီးလ်ပထမတန်းက Chapecoens ဘောလုံးအသင်းရဲ့ ကစားသမား ၂၂ ဦးအပါအ၀င် လူပေါင်း ၈၁ ဦး တင်ဆောင်လာခဲ့တဲ့ စင်လုံးငှားလေယာဉ်တစ်စင်းဟာ ကိုလံဘီယာနိုင်ငံ မက်ဒဲလင်မြို့မှာ ပျက်ကျခဲ့ပါတယ်။

    အဲဒီအထဲမှာ ၇၅ ဦးက ပွဲချင်းပြီး သေဆုံးခဲ့ကာ ၆ ဦး အသက်ရှင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အသက်ရှင်တဲ့သူတွေထဲက ၃ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ လေယာဉ်မှူးတွေက မြေပြင်ထိန်းချုပ်စခန်းနဲ့ ဆက်သွယ်ပြောဆိုမှုတွေအရ လေယာဉ်ပျက်ကျမှုဟာ ဆီကုန်သွားတာကြောင့် ဖြစ်နိုင်ချေရှိနေပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေကိုတော့ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

    တောင်အမေရိကဖလားကို ပထမဆုံးရယူနိုင်မယ့် အခြေအနေမျိုးရှိနေတဲ့ Chapecoens ရဲ့ ဒီအဖြစ်အပျက်ဟာ အားကစားလောကမှာ ပထမဆုံး လေကြောင်း မတော်တဆမှုမျိုး မဟုတ်ပါဘူး။ ယခင်ကလည်း အခုလို ၀မ်းနည်းကြေကွဲဖွယ် လေယာဉ်ပျက်ကျမှုတွေ အားကစားလောကမှာ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

    ၁။ မန်ယူအသင်း လေယာဉ်ပျက်ကျမှု (၁၉၅၈)

    ကမ္ဘာ့နာမည်အကြီးဆုံး မန်ယူအသင်း လိုက်ပါသွားတဲ့ လေယာဉ်ဟာ ဂျာမနီနိုင်ငံ မြူးနစ်မြို့လေယာဉ်ကွင်းကအတက်မှာ ပျက်ကျခဲ့တာဖြစ်ပြီး နှစ်စဉ် ဖေဖော်ဝါရီလ ၆ ရက်နေ့ ရောက်တိုင်း မန်ယူပရိတ်သတ်တွေဟာ အိုးထရက်ဖို့မှာ ဒီဖြစ်ရပ်ဆိုးအတွက် ၀မ်းနည်းဖွယ် အခမ်းအနားကို အခုအချိန်အထိ ကျင်းပကြဆဲ ဖြစ်ပါတယ်။

    ဥရောပဖလားပြိုင်ပွဲအဖြစ် ရက်စတာဘဲလ်ဂရိတ်အသင်းနဲ့ကစားပြီး ပြန်အလာ မြူးနစ်မှာ ဆီဖြည့်ပြီးနောက် ပြန်အထွက်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ ရာသီဥတုဆိုးရွားနေတဲ့အချိန် အင်ဂျင်ပြဿနာကြောင့် လေယာဉ်မှူးတွေက ပျံသန်းမယ့် အစီအစဉ်ကို ၂ ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ပေမယ့် ပြည်တွင်းပွဲအမှီ ပြန်ရမှာဖြစ်တဲ့အတွက် တတိယအကြိမ် ပျံတက်ဖို့ ကြိုးစားရာမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

    အဲဒီဖြစ်ရပ်ဆိုးမှာ အဲဒီအချိန်က မန်ယူနည်းပြ မတ် ဘက်စ်ဘီရဲ့ Busby Babes လို့အမည်ပေးထားတဲ့ မန်ယူအသင်းက ကစားသမား ၈ ဦး အပါအ၀င် စုစုပေါင်း ၂၃ ဦး သေဆုံးခဲ့ပါတယ်။

    ၂။ မာရှယ်တက္ကသိုလ် အမေရိကန်ဘောလုံးအသင်း (၁၉၇၀)

    အမေရိကန် Southern Airways လေကြောင်းလိုင်းက လေယာဉ်အမှတ် ၉၃၂ ပျက်ကျမှုအတွင်း Marshall University Thundering Herd အမေရိကန်ဘောလုံးအသင်းရဲ့ ကစားသမား ၃၇ ဦး၊ နည်းပြ ၉ ဦး၊ ပရိတ်သတ် ၂၅ ဦး၊ လေယာဉ်အမှုထမ်း ၄ ဦး စုစုပေါင်း လေယာဉ်ပေါ်လိုက်ပါလာသူ ၇၅ ဦးစလုံး သေဆုံးခဲ့ပါတယ်။

    Marshall University Thundering Herd အသင်းဟာ အရှေ့ကယ်ရိုလိုင်းနား တက္ကသိုလ်အသင်းနဲ့ ကစားပြီး ပြန်အလာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ အနောက်ဗာဂျီးနီးယားပြည်နယ် ကီနိုဗာမြို့က ထရိုင်စတိတ်လေဆိပ်နီး တောင်ပေါ်မှာ ပျက်ကျခဲ့တာပါ။ သစ်ပင်တစ်ပင်ရဲ့ အကိုင်းနဲ့ ငြိမိပြီး ဟန်ချက်ပျက်ကာ တောင်စောင်းကို ၀င်စောင့်ခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ အမေရိကန်သမိုင်းမှာ အားကစားနဲ့ပတ်သက်ပြီး အဆိုးဝါးဆုံး အဖြစ်အပျက်တစ်ခုလည်း ဖြစ်ပါတယ်။

    ၃။ ဥရုဂွေး ရပ်ဘီအသင်း (၁၉၇၂)

    ဥရုဂွေးအခြေစိုက် Old Christians Club ရပ်ဘီအသင်းသားတွေ၊ အသင်းကိုအားပေးသူတွေ၊ ဆွေမျိုးတွေ လိုက်ပါလာတဲ့ လေယာဉ်ဟာ အန်းဒီးစ်တောင်တန်းအပေါ်မှာ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်လိုက်ပါသူ ၄၅ ဦးမှာ ၃ ပုံတစ်ပုံလောက် သေဆုံးခဲ့ပါတယ်။

    အောက်တိုဘာ ၁၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ လေယာဉ်ပျက်ကျပြီးနောက်ပိုင်း အသက်ရှင်သူ ၂၇ ဦး ရှိခဲ့ပေမယ့်၊ အေးခဲတဲ့ဒဏ်၊ တောင်ပေါ်က လျှောဆင်းလာတဲ့ ရေခဲတုံးတွေ ပိမိတဲ့ဒဏ်ကြောင့် ၈ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

    ရက်နည်းငယ်အကြာမှာ သူတို့ကို ရှာဖွေမှုကို အာဏာပိုင်တွေက ရပ်တန့်လိုက်ပြီးတဲ့နောက် အသက်ရှင်ကျန်ရစ်သူတွေဟာ အငတ်ဘေးနဲ့ ရင်ဆိုင်ခဲ့ရပြီး သေဆုံးသွားသူတွေရဲ့အသားကို ဖြတ်တောက်ကာ စားသုံးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ရက်ပေါင်း ၇၀ ကျော် ကြာတဲ့အခါမှာတော့ ချီလီနိုင်ငံသားတစ်ဦးက သူတို့အုပ်စုကို တွေ့ခဲ့ပြီး အာဏာပိုင်တွေကို အကြောင်းကြားခဲ့တာကြောင့် ဒီလေယာဉ်ပျက်မှုအတွင်းမှာ စုစုပေါင်း ၁၆ ဦး အသက်ဆက်ရှင်ခဲ့ပါတယ်။

    ၄။ ကျူဘားလက်ရွေးစဉ် ဓားသိုင်းအဖွဲ့ (၁၉၇၆)

    ဗင်နီဇွဲလားနိုင်ငံ ကရာကက်စ်မှာ ပြုလုပ်ခဲ့တဲ့ ၁၉၇၆ ခုနှစ် Pan American အားကစားပြိုင်ပွဲမှာ ဆုတံဆိပ်ဆွတ်ခူးခဲ့တဲ့ ကျူးဘားလက်ရွေးစဉ် ဓားသိုင်းအဖွဲ့ဟာ အောက်တိုဘာ ၆ ရက်နေ့ အိမ်အပြန်လမ်းမှာ ဒီလို ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဘာဘာဒို့စ်ကနေ ဂျမေကာကို ပျံသန်းနေစဉ်အတွင်းမှာ ချိန်ကိုက်ဗုံး ၂ လုံး ပေါက်ကွဲကာ ဘာဘာဒို့စ် ကမ်းရိုးတန်းမှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး လိုက်ပါသွားသူ ၇၃ ဦးစလုံး သေဆုံးခဲ့ပါတယ်။

    သေဆုံးသူတွေထဲမှာ ၂၄ ဦးက ဓားသိုင်းအဖွဲ့ဝင်တွေဖြစ်ပါတယ်။ နောက်ပိုင်း အမေရိကန်လျှို့ဝှက်မှတ်တမ်းတွေအရ အဲဒီအကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်တဲ့ လူးဝစ် ပိုဆာဒါ ကာရီလက်စ်ဟာ စီအိုင်အေအတွက် အလုပ်လုပ်နေသူဖြစ်တယ်လို့ သိရပါတယ်။

    ၅။ ဇမ်ဘီယာ လက်ရွေးစင်ဘောလုံးအသင်း (၁၉၉၃)

    အဲဒီအချိန်က အာဖရိက အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ဇမ်ဘီယာ လက်ရွေးစင်အသင်းကို တင်ဆောင်လာတဲ့ ဇမ်ဘီယာစစ်တပ်လေယာဉ်ဟာ ဆီနီဂေါမြို့တော် ဒါကာမှာ ဆီနီဂေါလက်ရွေးစဉ်အသင်းနဲ့ ၁၉၉၄ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားဖို့ သွားရောက်စဉ်အတွင်း အတ္တလန်တိတ် သမုဒ္ဒရာထဲကို ပျက်ကျခဲ့တာဖြစ်ပါတယ်။

    ဇမ်ဘီယာအတွက် ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်မှာ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် အလားအလာကောင်းနေချိန် ဖြစ်ပွားခဲ့တဲ့ ဒီကံကြမ္မာဆိုးကြောင့် လေယာဉ်ပေါ်လိုက်ပါသွားတဲ့ ဇမ်ဘီယာလက်ရွေးအသင်း တစ်ဖွဲ့လုံးနဲ့ လေယာဉ်အမှုထမ်း ၅ ဦးစလုံး သေဆုံးခဲ့ပါတယ်။

    စုံစမ်းစစ်ဆေးမှုတွေအရတော့ လေယာဉ်မှူးဟာ အင်ဂျင်မီးလောင်တာကြောင့် အင်ဂျင်ကို ပိတ်ပစ်ရာမှာ မီးမလောင်တဲ့အင်ဂျင်ကို မှားပိတ်မိတဲ့အတွက် လေယာဉ်ပျက်ကျရခြင်းဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    Ref : Time.com