News @ M-Media
Blog
  • မန်စီးတီးနဲ့ ဘာကာတို့ နောက်တစ်ဆင့်တက်ခဲ့တဲ့ ချန်ပီယံလိဂ် ဗုဒ္ဓဟူးနေ့မနက် ပွဲများ
    မန်စီးတီးနဲ့ ဘာကာတို့ နောက်တစ်ဆင့်တက်ခဲ့တဲ့ ချန်ပီယံလိဂ် ဗုဒ္ဓဟူးနေ့မနက် ပွဲများ
    နိုဝင်ဘာ ၂၄၊ ၂၀၁၆
    M-Media
    – ဒီနေ့မနက် ချန်ပီယံလိဂ် ပွဲစဉ် ၅ မှာတော့ ဘာကာနဲ့ မန်းစီးတီးတို့ ၁၆ သင်းအဆင့် တက်နိုင်ခဲ့ပြီး အုပ်စု B မှာ ၃ သင်းက နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် အခွင့်အရေး ရှိနေပါသေးတယ်။
    cham-1
    အုပ်စု A
    ———-
    အာဆင်နယ် ၂-၂ ပီအက်စ်ဂျီ
    လူဒိုဂိုးရက် ၀-၀ ဘေဆယ်
    ၂ သင်စလုံး နောက်တစ်ဆင့်ကို တက်ရောက်သွားပြီဖြစ်ပေမယ့် အီမရိတ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့ ဂုဏ်သိက္ခာအတွက် ကြိုးစားခဲ့ကြပြီး အပြန်အလှန် ဦးဆောင်ဂိုးတွေ သွင်းကာ ၂ ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ကာဗာနီရဲ့ ဦးဆောင်ဂိုးကို ဂျရူးက ပင်နယ်တီနဲ့ ချေပနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဗာရက်တီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကိုတော့ လူးကက်စ်က ခေါင်းတိုက်ကာ ချေပနိုင်ခဲ့ပါတယ်။
    ဘေဆယ်တို့ ဂိုးသွင်းခွင့် တော်တော်များများ ရခဲ့ပေမယ့် ၀င်အောင်မသွင်းနိုင်တာကြောင့် ဂိုးမရှိသရေကျခဲ့တာဖြစ်ပြီး ယူရိုပါဝင်ခွင့်ရရေး တတိယနေရာအတွက် ဒီနှစ်သင်းဟာ နောက်ဆုံးပွဲစဉ်အထိ ကြိုးစားခွင့် ရှိနေပါတယ်။
    အုပ်စု B
    ———
    ဘက်ခီတက်စ် ၃-၃ ဘင်ဖီကာ
    နာပိုလီ ၀-၀ ဒိုင်နမိုကိဗ်
    ဒီနေ့မနက် ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးအသင်းကို ပြပါဆိုရင် ဘက်ခီတက်စ်အသင်းကို ပြရပါလိမ့်မယ်။ ပထမပိုင်း ၃၁ မိနစ်အတွင်းမှာပဲ ၃ ဂိုးပေးလိုက်ရတဲ့ အိမ်ရှင်တို့ ဒုတိယပိုင်း ၅၈၊ ၈၃ နဲ့ ၈၉ မိနစ်တွေမှာ ချေပဂိုးတွေပြန်သွင်းပြီး နောက်တစ်ဆင့်တက်နိုင်ရေး မျှော်လင့်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။
    နာပိုလီတို့ အိမ်ကွင်းမှာ ဒိုင်နမိုကိဗ်အပေါ် အသာရခဲ့ပေမယ့် အနိုင်မကစားနိုင်တာကြောင့် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ့် အခြေအနေမျိုး ရောက်ခဲ့ပါတယ်။ လက်ရှိမှာ နာပိုလီဟာ ၈ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားနိုင်ပေမယ့် အမှတ်တူနေတဲ့ ဘင်ဖီကာနဲ့ နောက်ဆုံးပွဲ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ၇ မှတ်ရထားတဲ့ ဘက်ခီတက်စ်က ဒိုင်နမိုကိဗ်နဲ့ ယှဉ်ပြိုင်ရမှာကြောင့် နာပိုလီ၊ ဘင်ဖီကာနဲ့ ဘက်ခီတက်စ်တို့ ၃ သင်းမှာ ဘယ် ၂ သင်းက နောက်တစ်ဆင့်တက်မလဲဆိုတာ ရင်ခုန်စွာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
    cham-2
    အုပ်စု C
    ———
    ဆဲလ်တစ် ၀-၂ ဘာစီလိုနာ
    မိုချန်ဂလာဘက်ခ်ျ ၁-၁ မန်စီးတီး
    အဝေးကွင်းမှာ မက်ဆီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဘာကာတို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
    မန်စီးတီးက ထုံးစံအတိုင်း ခြေအသာ ဂိုးသွင်းခွင့်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဆေးလ်ဗားရဲ့ ပထမပိုင်း နာကျင်အချိန်ပို သွင်းဂိုးကြောင့် ၁ မှတ် ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရှုံးထွက်အဆင့်ကိုတော့ တက်နိုင်ခဲ့ပါတယ်။
    အုပ်စု D
    ——–
    အက်သလက်တီကို ၂-၀ ပီအက်စ်ဗီ
    ရိုစတော့ဗ် ၃-၂ ဘိုင်ယန်မြူးနစ်
    နောက်တစ်ဆင့်တက်သွားပြီဖြစ်ပေမယ့် အက်သလက်တီကိုက ရာနှုန်းပြည့်အနိုင်ကို ဆက်ထိန်းနိုင်ခဲ့ပြီး ဂါမီရို၊ ဂရီဇ်မန်းတို့ရဲ့ ဂိုးတွေကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။
    ဘိုင်ယန်ရဲ့ ဒီအံ့သြဖွယ်ရာအရှုံးဟာ နောက်ဆုံး ၂ ပွဲဆက်အရှုံးလည်း ဖြစ်ခဲ့ပြီး ဂိုးသွင်းခွင့်အနည်းငယ်ကို အကောင်းဆုံး အသုံးချနိုင်ခဲ့တဲ့ အိမ်ရှင်တို့ကို ချီးကျူးရမှာ ဖြစ်ပါတယ်။
  • တိုက်စစ်အစွမ်းပြပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားတဲ့ မြန်မာ
    တိုက်စစ်အစွမ်းပြပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားတဲ့ မြန်မာ
    နိုဝင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    suzuki
    – အရှေ့တောင်အာရှရဲ့ အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်တဲ့ ၂၀၁၆ ဆူဇူကီး ဖလား အုပ်စု B ရဲ့ ဒုတိယ ပွဲစဉ်တွေကို ယနေ့မှာ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ပထမဆုံးနိုင်ပွဲ ရရှိခဲ့ပါတယ်။
    နောက်တစ်ဆင့်တက်ရေး မဖြစ်မနေအနိုင်ရဖို့ လိုနေတဲ့ မြန်မာတို့ ပွဲအစကတည်းက ဖိကစားခဲ့ပေမယ့် ဦးဆောင်ဂိုး စရသွားတာကတော့ ကမ္ဘောဒီယားဖြစ်ပြီး ၁၄ မိနစ်မှာ ဆော့စ် ဆူဟာနာက သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် မြန်မာကပဲ ဆက်လက်ဖိကစားနိုင်ပြီး ပထမပိုင်းအတွင်းမှာ ဇော်မင်းထွန်းက ချေပဂိုးနဲ့ အနိုင်ဂိုး ၁ ဂိုးကို ၄ မိနစ်ခြားကာ ခေါင်းတိုက် သွင်းယူပေးနိုင်ခဲ့ပါတယ်။
    ဒုတိယပိုင်းမှာတော့ မြန်မာက ဂိုးကန်သွင်းခွင့် ပိုရခဲ့ပြီး ကောင်းဆက်နိုင်၊ အောင်သူတို့ရဲ့ အပိုင်ကန်သွင်းချက်တွေကို ကမ္ဘောဒီယား ဂိုးသမား ကာကွယ်သွားနိုင်တာကြောင့် ဂိုးမရခဲ့တာ ဖြစ်ပါတယ်။
    ဒါပေမယ့် ၅၆ မိနစ်မှာတော့ အောင်သူက ကျွံထွက်လာတဲ့ဘောလုံးကို အကောင်းဆုံး အဆုံးသတ်ပြီး အိမ်ရှင်မြန်မာအသင်းရဲ့အနိုင်ကို သေချာစေခဲ့ပါတယ်။
    ဒီပွဲအနိုင်ကြောင့် မြန်မာအသင်းဟာ ၂ ပွဲကစား ၁ ပွဲရှုံး၊ ၁ ပွဲနိုင်နဲ့ ၃ မှတ်ရထားပြီး သန်ဘက်ခါကစားမယ့် နောက်ဆုံးပွဲမှာ အမှတ်တူနေတဲ့ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ သရေရင်တောင် ဂိုးကွာခြားချက်နဲ့ နောက်ဆင့်တက်နိုင်မှာ ဖြစ်ပါတယ်။
    ဗီယက်နမ်ကတော့ ဒီနေ့မှာလည်း မလေးရှားကို အနိုင်ရခဲ့ပြီး ၂ ပွဲနိုင် ၆ မှတ်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါပြီ။
    (Photo credit – Facebook Page of AFF Suzuki Cup 2016)
    suzuki-2
  • အစ္စရေး-ပါလက်စတိုင်းကိစ္စအတွက် ထရမ့် လေသံပြောင်း
    အစ္စရေး-ပါလက်စတိုင်းကိစ္စအတွက် ထရမ့် လေသံပြောင်း
    နိုဝင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    turmp-2
    အမေရိကန်ရှိ ထရမ့်၏နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့သည့် အစ္စရေးဝန်ကြီးချု ပ် ဘင်ဂျမင် နေတန်ယာဟု
    – မိမိအနေဖြင့် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရန် ဆောင်ရွက်ရေးကို နှစ်သက်ပြီး မိမိ၏ သားမက်ဖြစ်သူကို အရှေ့အလယ်ပိုင်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ကာ ထိုအရေး ဆောင်ရွက်ခိုင်းမည်ဟု ပြောကြားခဲ့သည်။
    နယူးယောက်တိုင်းမ်စ်နှင့် ယမန်နေ့အင်တာဗျူးတွင် ပြောကြာခဲ့ခြင်းဖြစ်ပြီး လက်ခံနိုင်လောက်သည့် သဘောတူညီချက် ရရှိရန်အတွက် ဆွေးနွေးညှိနှိုင်းမှုတွင် နှစ်ဖက်စလုံးက တစ်ခုခုကို စွန့်လွှတ်ရမည်ဟု ဆိုသည်။ ထို့ပြင် လုံခြုံရေးကောင်စီတွင် အမေရိကန်၏ ဗီတိုအာဏာကိုလည်း ၁၀၀ ရာခိုင်နှုန်း အသုံးပြုသွားမည်ဟု ကတိပြုခဲ့သည်။
    “အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ဖို့ ကျွန်တော် နှစ်သက်ပါတယ်။ ဒါဟာ ကြီးကျယ်တဲ့အောင်မြင်မှု ဖြစ်မှာပါ။ လူတော်တော်များများ၊ ကြီးကြီးမာစတာတွေကပါ ဒါဟာ မဖြစ်နိုင်ဘူးလို့ ကျွန်တော့်ကို ပြောကြပါတယ်။ ခင်ဗျား မလုပ်နိုင်ဘူးပေါ့။ ဒါပမယ့် ကျွန်တော် လက်မခံပါဘူး။ ငြိမ်းချမ်းရေးရအောင် လုပ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
    အစ္စရေးက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် တရားမ၀င်အိမ်ယာများ တိုးချဲ့တည်ဆောက်နေခြင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အဓိကအဟန့်အတားဖြစ်သည်ဟု ပါလက်စတိုင်းက ပြောကြားထားပြီး ကုလအနေဖြင့် ထိုပြဿ နာကို ၀င်ရောက်ဖြေရှင်းရန် အကြိမ်ကြိမ်အခါခါ တောင်းဆိုခဲ့သည်။
    အမေရိကန်မှာ အစ္စရေး-ပါလက်စတိုင်းပြဿနာတွင် အလယ်လူအဖြစ် ကြားဝင်ဆောင်ရွက်ပေးသော်လည်း အစ္စရေးကို စစ်ရေးအထောက်အပံ့များ ပေးနေခြင်း၊ ထောက်လှမ်းရေးသတင်းအချက်အလက်များ မျှဝေနေခြင်းတို့က သစ္စာမဲ့ရာရောက်နေသည်ဟု စောင့်ကြည်သူများက ဝေဖန်ထားသည်။
    ထရမ့်ကမူ ပါလက်စတိုင်းအနေဖြင့် အစ္စရေးနှင့် အမေရိကန်တို့အကြား ဆက်ဆံမှုမှာ လုံးဝ ပျက်ပြယ်မည်မဟုတ်သည့် ဆက်ဆံမှုမျိုးဖြစ်သည်ကို သိရှိကာ စားပွဲဝိုင်းသို့ လာရောက်ရမည်ဟုလည်း ပြောကြားခဲ့ဖူးသည်။
    ထရမ့်၏ ရွေးကောက်ကောက်ပွဲ အောင်နိုင်မှုအတွက် အစ္စရေးရှိ လက်ယာစွန်းရောက်ခေါင်းဆောင်များက အောင်ပွဲခံခဲ့ပြီး အစ္စရေးပညာရေးဝန်ကြီး နက်ဖ်တာလီ ဘန်းနက်ကမူ ‘ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးခေတ်မှာ ကုန်ဆုံးသွားခဲ့ပြီ’ ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ရူပီးများ ဖျက်သိမ်းမှုကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်ပြီး၊ မြန်မာကုန်သည်များ ဒုက္ခရောက်
    ရူပီးများ ဖျက်သိမ်းမှုကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်ပြီး၊ မြန်မာကုန်သည်များ ဒုက္ခရောက်
    နိုဝင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    rupee
    – အိန္ဒိယအစိုးရက ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန်များကို တရားမ၀င်ဟု ကြေငြာခဲ့ပြီးနောက် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်သွားခဲ့ပြီး ထိုငွေကို ကိုင်ထားသည့် ကုန်သည်များကလည်း လက်မဲ့ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။
    အိန္ဒိယအစိုးရ၏ ထိုငွေကြေးတရားမ၀င်ကြေငြာမှုမှာ နိုင်ငံအတွင်း ခြစားမှုနှင့် ပိုက်ဆံအတုများကို တိုက်ဖျက်ရန် ရည်ရွယ်ခဲ့သော်လည်း ထိုငွေများကို ဘဏ်များနှင့် အခြား သတ်မှတ်နေရာများတွင် ပြည်သူများက သွားရောက်လဲလှယ်ရာ၌ အဆင်မပြေမှုများ ရှိသောကြောင့် ဝေဖန်မှုများလည်း မြင့်တက်ခဲ့သည်။
    မြန်မာနိုင်ငံတစ်ဝှမ်းရှိ နေရာအများစုတွင် အိန္ဒိယနှင့် စီးပွားရေးဆောင်ရွက်မှုများကို အမေရိကန်ဒေါ်လာနှင့် ဘဏ်များမှတစ်ဆင့် ဆောင်ရွက်ခြင်းဖြစ်သော်လည်း တမူးကဲ့သို့ နယ်စပ်မြို့များတွင်မူ အရောင်းအ၀ယ်များအားလုံးကို ရူပီးနှင့် ပြုလုပ်ရခြင်းဖြစ်သည်။
    ငွေကြေး တရားမ၀င်ကြေငြာမှုကြောင့် မြန်မာနယ်စပ်ကုန်သွယ်မှုတွင် အကျိုးသက်ရောက်မှု နှစ်ခုရှိခဲ့ပြီး တစ်ခုမှာ ရူပီးအဟောင်းကို အသစ်နှင့် မည်ကဲ့သို့လဲမည်ဆိုသည့် ပြဿနာ၊ ၊ အေတီအမ်များတွင် ငွေကြေးအကန့်အသတ်ဖြင့် ထုတ်ရသည့် ပြဿနာများဖြစ်ပြီး၊ အချို့သော အိန္ဒိယကုန်သည်များကလည်း မြန်မာကုန်သည်များကို ငွေကြေး မရှင်းရသေးသည့် ပြဿနာများလည်း ရှိနေသည်။
    တမူးနယ်စပ် ကုန်သည်များအသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးခင်မောင်တင်က အိန္ဒိယ၏ ထိုကြေငြာချက်မှာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို ရပ်တန့်သွားစေပြီး၊ ငွေကြေး အပေးအယူများက မပြတ်သေးဟု ပြောကြားခဲ့သည်။
    “(မြန်မာကုန်သည်တွေရမယ့်) အကြွေးတွေ ကျန်သေးတယ်။ ရူပီးနဲ့ပေးမယ့်နေရာမှာ ဘယ်လောက်ဆုံးရှုံးမှုရှိမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်”
    ဒုတိယပြဿနာက ရူပီးများကို စုဆာင်းထားသည့် မြန်မာကုန်သည်များ၏ ငွေလဲလှယ်ရေးဖြစ်သည်။
    “မြန်မာတွေက ရူပီးတော်တော်များများ ပိုက်မိနေတယ်ဗျ။ ဒီပိုက်တွေ ဆုံးမလား၊ မဆုံးဘူးလားဆိုတာကိုတော့ ကျွန်တော် မသိဘူး။ ရူပီးကိုင်ထားတဲ့သူတွေ ဘယ်လောက် လဲနိုင်မလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်” ဟု ဦးခင်မောင်တင်က ပြောကြားခဲ့သည်။
    ထို့ပြင် တမူးရှိ မြန်မာကုန်သည်များမှာ ရူပီး သန်း ၂၁၀ (ကန်ဒေါ်လာ ၃ သန်း) ခန့် ကိုင်ထားကြောင်း၊ အိန္ဒိယနှင့် နယ်စပ်ကုန်သွယ်ရေးကို ချင်းပြည်နယ် ရိဒ်ဒေသမှတစ်ဆင့် ဆောင်ရွက်မှုရှိသော်လည်း လက်ရှိအခြေအနေကို မသိရသေးကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    နယ်စပ်ရှိ ရူပီးကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများမှာလည်း ငွေကြေးလဲလှယ်ရေးအတွက် အခက်အခဲတွေ့နေပြီး တြမူနယ်စပ်ကုန်သည်များအသင်းကမူ ထိုကိစ္စကို ဖြေရှင်းပေးရန်အတွက် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဒေသဆိုင်ရာရုံးသို့ တင်ပြထားသည်ဟုဆိုသည်။
    Ref: Bangokpost
  • လူမျိုးဘာသာခြား မလိုမုန်းထားသည့်ကပ်ရောဂါကို ပုပ်ရဟန်းမင်းကြီး ရှုတ်ချ
    လူမျိုးဘာသာခြား မလိုမုန်းထားသည့်ကပ်ရောဂါကို ပုပ်ရဟန်းမင်းကြီး ရှုတ်ချ
    နိုဝင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    – အခြားလူမျိုးများ၊ ဘာသာတရားများအပေါ် ‘မလိုမုန်းထားသည့် ကပ်ရောဂါ’ လူ့အဖွဲ့အစည်းကို ထိခိုက်စေသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်ပြီး၊ လူပြိန်းကြိုက် အမျိုးသားရေးဝါဒ မြင့်တက်လာမှုကိုလည်း သတိပေးခဲ့သည်။
    အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လူမျိုးရေးခွဲခြားစော်ကားမှုများ ပြုလုပ်ခဲ့သည့် ဒေါ်နယ်ထရမ့် အနိုင်ရကာ၊ ဥရောပနှင့် အခြားနေရာများတွင် ရွှေ့ပြောင်းအခြေချမှုဆန့်ကျင်သည့် ပါတီများ ခေါင်းထောင်လာပြီး ပုပ်ရဟန်းမင်းကြီးကမူ မိမိတို့အကြား လူစိမ်းဟု သတ်မှတ်ခံရသည့် ပြောင်းရွှေ့အခြေချသူတစ်ယောက်၊ ဒုက္ခသည်တစ်ယောက်မှာ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာကာ ရန်သူဟု သတ်မှတ်ခံရမှု လျင်လျင်မြန်မြန် ဖြစ်လာနေသည်ဟုလည်း ဆိုသည်။
    “တစ်ခြားတိုင်းပြည်ကလာလို့ ဒါမှမဟုတ် မတူညီတဲ့ယဉ်ကျေးမှုရှိလို့ ရန်သူအဖြစ်သတ်မှတ်တာ။ အသားအရောင်ကြောင့်၊ ဘာသာစကားကြောင့်၊ အဆင့်အတန်းကြောင့် ရန်သူတစ်ယောက်လို့ သဘောထားတာ။ စဉ်းစားတွေးခေါ်ပုံခြင်း မတူလို့ ဒါမှမဟုတ် ဘာသာတရားမတူလို့ ရန်သူလို့ သဘောထားတာမျိုးပါ” ဟု ပုပ်ရဟန်းမင်းကြီးက ကာဒီနယ်အသစ်များ ခန့်အပ်မှု အခမ်းအနားတွင် ပြောကြားခဲ့သည်။
    ပုပ်ရဟန်းမင်းကြီးမှာ နိုင်ငံအမည်တပ်၍ ပြောကြားခဲ့ခြင်းမရှိသော်လည်း ရွေးကောက်ပွဲပြီးနောက်ပိုင်း အမရိကန်တွင် မြင်လာရသည့် ရွှေ့ပြောင်းအခြေချသူဆန့်ကျင်ရေး၊ မွတ်စလင်ဆန့်ကျင်ရေး လုပ်ရပ်များကို ရည်ညွှန်းဟန် ရှိနေသည်။
    အမေရိကန်တရားရေးဌာနကမူ ရွေးကောက်ပွဲပြီးကတည်းက စာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် အခြားနေရာများတွင် ရန်စခြင်းများ၊ အရှက်ရစေခြင်းများ ပြုလုပ်သည်ဟု တိုင်ကြားမှုများကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
    ကာဒီနယ်အသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် ချီကာဂို ဂိုဏ်းအုပ်ဘုန်းတော်ကြီးကလည်း ပုပ်ရဟန်းမင်းကြီးမှာ ‘အဆိုပါ မလိုမုန်းထားမှုကို ဆန်းစစ်ဟန့်ထားခြင်း မပြုလုပ်ပါက အလွန်ကူးစက်လွယ်ကာ တောမီးကဲ့သို့ အလျင်အမြန် ပြန့်နှံ့သွားမည်ကို သိရှိနေသည်’ ဟု ပြောကြားခဲ့သည်။
    ကက်သလစ်အသင်းတော် အတွင်းမှာပင် ‘ခွဲခြားမှုနှင့် မလိုမုန်ထားမှုများ’ ကင်းစင်ခြင်းမရှိသေးသည်ဟု ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောကြားခဲ့သည်။
    Ref : huffingtonpost