နိုဝင်ဘာ ၂၃၊ ၂၀၁၆
M-Media
– အခြားလူမျိုးများ၊ ဘာသာတရားများအပေါ် ‘မလိုမုန်းထားသည့် ကပ်ရောဂါ’ လူ့အဖွဲ့အစည်းကို ထိခိုက်စေသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်ပြီး၊ လူပြိန်းကြိုက် အမျိုးသားရေးဝါဒ မြင့်တက်လာမှုကိုလည်း သတိပေးခဲ့သည်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လူမျိုးရေးခွဲခြားစော်ကားမှုများ ပြုလုပ်ခဲ့သည့် ဒေါ်နယ်ထရမ့် အနိုင်ရကာ၊ ဥရောပနှင့် အခြားနေရာများတွင် ရွှေ့ပြောင်းအခြေချမှုဆန့်ကျင်သည့် ပါတီများ ခေါင်းထောင်လာပြီး ပုပ်ရဟန်းမင်းကြီးကမူ မိမိတို့အကြား လူစိမ်းဟု သတ်မှတ်ခံရသည့် ပြောင်းရွှေ့အခြေချသူတစ်ယောက်၊ ဒုက္ခသည်တစ်ယောက်မှာ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာကာ ရန်သူဟု သတ်မှတ်ခံရမှု လျင်လျင်မြန်မြန် ဖြစ်လာနေသည်ဟုလည်း ဆိုသည်။
“တစ်ခြားတိုင်းပြည်ကလာလို့ ဒါမှမဟုတ် မတူညီတဲ့ယဉ်ကျေးမှုရှိလို့ ရန်သူအဖြစ်သတ်မှတ်တာ။ အသားအရောင်ကြောင့်၊ ဘာသာစကားကြောင့်၊ အဆင့်အတန်းကြောင့် ရန်သူတစ်ယောက်လို့ သဘောထားတာ။ စဉ်းစားတွေးခေါ်ပုံခြင်း မတူလို့ ဒါမှမဟုတ် ဘာသာတရားမတူလို့ ရန်သူလို့ သဘောထားတာမျိုးပါ” ဟု ပုပ်ရဟန်းမင်းကြီးက ကာဒီနယ်အသစ်များ ခန့်အပ်မှု အခမ်းအနားတွင် ပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီးမှာ နိုင်ငံအမည်တပ်၍ ပြောကြားခဲ့ခြင်းမရှိသော်လည်း ရွေးကောက်ပွဲပြီးနောက်ပိုင်း အမရိကန်တွင် မြင်လာရသည့် ရွှေ့ပြောင်းအခြေချသူဆန့်ကျင်ရေး၊ မွတ်စလင်ဆန့်ကျင်ရေး လုပ်ရပ်များကို ရည်ညွှန်းဟန် ရှိနေသည်။
အမေရိကန်တရားရေးဌာနကမူ ရွေးကောက်ပွဲပြီးကတည်းက စာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် အခြားနေရာများတွင် ရန်စခြင်းများ၊ အရှက်ရစေခြင်းများ ပြုလုပ်သည်ဟု တိုင်ကြားမှုများကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
ကာဒီနယ်အသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် ချီကာဂို ဂိုဏ်းအုပ်ဘုန်းတော်ကြီးကလည်း ပုပ်ရဟန်းမင်းကြီးမှာ ‘အဆိုပါ မလိုမုန်းထားမှုကို ဆန်းစစ်ဟန့်ထားခြင်း မပြုလုပ်ပါက အလွန်ကူးစက်လွယ်ကာ တောမီးကဲ့သို့ အလျင်အမြန် ပြန့်နှံ့သွားမည်ကို သိရှိနေသည်’ ဟု ပြောကြားခဲ့သည်။
ကက်သလစ်အသင်းတော် အတွင်းမှာပင် ‘ခွဲခြားမှုနှင့် မလိုမုန်ထားမှုများ’ ကင်းစင်ခြင်းမရှိသေးသည်ဟု ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောကြားခဲ့သည်။
Ref : huffingtonpost