News @ M-Media

Blog

  • ယခုနှစ် အွမ္မရာဟ်တွင် အီဂျစ်နှင့် ပါကစ္စတန်တို့ အများဆုံး လာရောက်

    ယခုနှစ် အွမ္မရာဟ်တွင် အီဂျစ်နှင့် ပါကစ္စတန်တို့ အများဆုံး လာရောက်

    နိုဝင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    ummrah

    – ယခုနှစ် အွမ္မရာဟ်ကျင့်စဉ်အတွက် လာရောက်ကြသူများတွင် အီဂျစ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ အများဆုံးဖြစ်သည်ဟု ဆော်ဒီအာရေဗျ ဟဂ်ျနှင့် အွမ္မရာဟ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    အီဂျစ်နိုင်ငံမှ ၁.၁၅ သန်း၊ ပါကစ္စတန်က ၇၆၁၃၃၀ လာရောက်ခဲ့ကြခြင်း ဖစ်ပြီး အင်ဒိုနီးရှားကမူ တတိယနေရာတွင် ရပ်တည်နေကာ ၆၃၅၉၉၀ ရှိနေသည်။

    လွန်ခဲ့သည့် ၁၄ နှစ်က စတင်ခဲ့သည့် အွမ္မရာခရီးစဉ် စီစစ်မှု မှတ်တမ်းများအရ စုစုပေါင်း လာရောက်သူအရေအတွက်မှာ ၅၄ သန်း ရှိနေပြီဟု ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    အွမ္မရာဟ်ဝန်ဆောင်မှုပေးသည့် လိုင်စင်ရ ကုမ္ပဏီအရေအတွက်မှာ ၄၈ ခုရှိပြီး နိုင်ငံခြားအေဂျင်စီအရေအတွက်မှာ ၃၅၀၀ ရှိသည်ဟုလည်း ဆိုသည်။

    Ref: Alarabiya

  • မလေးရှားက ဂျပန်ဟာလာလ်လုပ်ငန်းအတွက် အကြံပေးရန်း ကမ်းလှမ်း

    မလေးရှားက ဂျပန်ဟာလာလ်လုပ်ငန်းအတွက် အကြံပေးရန်း ကမ်းလှမ်း

    နိုဝင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    – လာမည့်နှစ်အနည်းငယ်အတွင်း ဟလာလ်ထုတ်ကုန်ကဏ္ဍတွင် အောင်မြင်မည့် အလားအလာရှိနေသည့် ဂျပန်နိုင်ငံ၏ ဟလာလ်လုပ်ငန်းများအတွက် အကြံပေးအဖြစ် ဆောင်ရွက်ရန် မလေးရှားက ကမ်းလှမ်းလိုက်သည်ဟု သိရသည်။

    မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က နိုင်ငံတွင်း ဟလာလ်ထုတ်ကုန်များဝယ်လိုအား တိုးတက်လာမည်ဟု ခန့်မှန်းရပြီး အထူးသဖြင့် လာမည့် ၂၀၂၀ တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲတွင် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အစ္စလာမ်နိုင်ငံတွေက အားကစားသမားတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေက ၂၀၂၀ တိုကျိုအိုလံပစ်အားကစားပွဲတော်အတွင်း ဟလာလ်အစားအစာနဲ့ ထုတ်ကုန်တွေ လိုအပ်မှာ ဖြစ်ပါတယ်” ဟု ဂျပန်သို့ ၃ ရက်တာ အလည်အပတ်သွားရောက်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့က ပြန်ရောက်စဉ်အတွင်း ၀န်ကြီးချုပ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

    တိုကျိုတွင် ၂၀၂၀ ခုနှစ် သြဂုတ်လ၌ နွေရာသီအိုလံပစ်ပွဲတော်များပြုလုပ်ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအကြိမ် ကျင်းပခဲ့မှုမှာ ၁၉၆၄ ခုနှစ်တွင် ဖြစ်သည်။

    နာဂျစ်ကမူ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်တွေ့ဆုံစဉ် ဟာလာလ်ကဏ္ဍအတွက် အကြံပေးအဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ဖြစ်ဖြစ်ပြီး မလေးရှားအပါအ၀င် ကမ္ဘာလှည့်ခရီးသည် အမြောက်အများမှာ ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားမှုများ ရှိနေပြီး ထိုအခြေအနေက ဟာလာလ်အစားအသောက်နှင့် ထုတ်ကုန်များ တောင်းဆိုမှုကို မြင့်တက်စေနိုင်ကြောင်း ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။

    ထို့ပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO နှင့် ကုလသမဂ္ဂ၏ အသိအမှတ်ပြုထားသည့် အစ္စလာမ့်ဖွံ့ဖြိုးတိုးတက်ရေးဌာန (Jakim) ကို ဟာလာလ်စားသောက်မှုနှင့်ပတ်သက်၍ ယုံကြည်စိတ်ချမှု ထားနိုင်ကြောင်းလည်း ၎င်းက ထောက်ပြ ပြောဆိုခဲ့သည်။

    “တကယ်လို့ မလေးရှားကို ဂျပန်ရဲ့ ဟာလလာလ်လုပ်ငန်းမှာ အကြံပေးအဖြစ် ထားမယ်ဆိုရင် အဲဒီက ထွက်ကုန်တွေဟာ ဈေးကွက်ရဲ့ အလွယ်တကူလက်ခံမှုကို ရရှိမှာဖြစ်ပါတယ်”

    Jakim မှ ဟာလာအသိအမှတ်ပြုလက်မှတ်ရယူထားသည့် အဖွဲ့များမှာ နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် ၅၄ ဖွဲ့နှင့် အိုအိုင်စီနိုင်ငံများမှ အာဏာပိုင်အဖွဲ့ ၄ ဖွဲ့တို့ ပါဝင်သည်။

    Ref : IINA

  • HIV ပိုးကို ၉၈ ရာခိုင်နှုန်း အားနည်းသွားစေမည့် ဆေးသစ်တစ်မျိုး တွေ့ရှိ

    HIV ပိုးကို ၉၈ ရာခိုင်နှုန်း အားနည်းသွားစေမည့် ဆေးသစ်တစ်မျိုး တွေ့ရှိ

    နိုဝင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    hiv

    – ခုခံအားကျဆင်းမှုရောဂါ အေအိုင်ဒီအက်စ်ကို ဖြစ်စေသည့် HIV ရောဂါပိုး၏ ပြင်းအားကို ၉၈ ရာခိုင်နှုန်း ချေဖျက်နိုင်မည့် ပဋိဇီဝဆေးတစ်မျိုးကို အမေရိကန် အမျိုးသားကျန်းမာရေးဌာနက ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

    N6 ဟု အမည်ပေးထားသည့် အဆိုပါဆေးဝါး၏ ပြင်းအားနှင့် အစွမ်းတို့က HIV ရောဂါပိုး ကူးစက်နေသည့် လူနာကို ကုသရေးနှင့် ရောဂါပိုး တားဆီးကာကွယ်ရေးအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

    သုတေသန အဖွဲ့ကမူ အဆိုပါ N6 ဆေးဝါးသည် အခြားဆေးဝါးအမျိုးမျိုးကို ယဉ်ပါးနေပြီဖြစ်သည့် ပိုးအမျိုးအစား ၂၀ အနက် ၁၆ ခုကို ချေဖျက်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ယခုတွေ့ရှိမှုမှာ ဆယ်စုနှစ်ပေါင်းများစွာ မအောင်မြင်ခဲ့သည့် HIV ပိုးတိုက်ဖျက်ရေး ကြိုးပမ်းမှုအတွက် အထူးခြားဆုံး တွေ့ရှိမှုလည်းဖြစ်သည်။

    HIV သုတေသီများ အထိရောက်ဆုံးတီထွင်နိုင်ခဲ့သည့် နောက်ဆုံးအကြိမ်မှာ ၂၀၁၀ ခုနှစ်တွင်ဖြစ်ပြီး VRC01 ပဋိဇီဝဆေးဟု အမည်ပေးခဲ့ကာ HIV ပိုးများ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကို ထိခိုက်ခြင်းမှ ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးသော ပစ္စည်းဖြစ်သည်။

    VRCO1 မှာ ယခုတွေ့ရှိသည့် N6 နှင့် သဘောတရားခြင်း တူညီသော်လည်း N6 က ပိုမိုထိရောင်ပြီး HIV တားဆီးရေးနှင့် ကုသရေး နည်းလမ်းများအတွက် အကျိုဖြစ်ထွန်းမည်ဖြစ်သည်။

    Ref : IINA

  • ထရမ့်၏ရေနံပေါ်လစီ ကောင်းကျိုးရှိမည်မဟုတ်ဟု ဆော်ဒီသတိပေး

    ထရမ့်၏ရေနံပေါ်လစီ ကောင်းကျိုးရှိမည်မဟုတ်ဟု ဆော်ဒီသတိပေး

    နိုဝင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    oil

    – မိမိတို့ဆီမှ ရေနံဝယ်ယူမှုကို လျှော့ချမည်ဆိုသည့် ပြောစကားအတွက် ဆော်ဒီအာရေဗျက ဒေါ်နယ်ထရမ့်ကို သတိပေးလိုက်ပြီး ကမ္ဘာစီးပွားရေးကို ကမောက်ကမဖြစ်စေမည်ဟု ပြောကြားလိုက်သည်။

    ထရမ့်က IS အဖွဲ့ကို မြေပြင်တပ်များဖြင့် တိုက်ခိုက်ခြင်း၊ အမေရိကန်က ထိုအဖွဲ့အား တိုက်ခိုက်မှုအတွက် ကုန်ကျစားရိတ်အား ပြန်ပေးခြင်းတို့ မပြုလုပ်ပါက ဆော်ဒီနှင့် အခြားသော အာရပ်နိုင်ငံများမှ ရေနံတင်သွင်းမှုကို ရပ်တန့်မည်ဟု ယခုနှစ်အစောပိုင်းက ပြောကြားခဲ့သည်။

    ထို့ပြင် နောက်ပိုင်း စွမ်းအင်နှင့်ပတ်သက်၍ ၎င်း၏ပေါ်လစီအား ပြောကြားရာတွင် အမေရိကန်အနေဖြင့် ရန်သူများနှင့် ရေနံအင်အားကြီးနိုင်ငံများမှ စွမ်းအင်ဆိုင်ရာ မီခိုနေရမှုကို လုံးဝ လွတ်လပ်အောင် ဆောင်ရွက်မည်ဟုလည်း ဆိုသည်။

    ဆော်ဒီစွမ်းအင်ဝန်ကြီး ခါလစ် အလ်-ဖာလီဟ်ကမူ ဆော်ဒီမှ ရေနံတင်သွင်းမှုကို ပိတ်ပင်ပါက ဆိုးရွားသည့်နောက်ဆက်တွဲနှင့် ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သည်။

    “သူကတော့ အကျိုးရှိမယ်လို့ ထင်မှာပေါ့လေ။ ဘယ်လိုရေနံထွက်ကုန်မျိုးမဆို ပိတ်ပင်တာက အခြေအနေကေင်းမှာ မဟုတ်ဘူးဆိုတာကို ရေနံလုပ်ငန်းက သူ့ကို သင်ပေးသွားမယ်လို့ ကျွန်တော် ထင်ပါတယ်”

    ထို့ပြင် အလ်-ဖာဟီလ်က စွမ်းအင်မှာ ကမ္ဘာ့စီးပွားရေး၏ အသက်သွေးကြောဖြစ်ပြီး ကမ္ဘာ့လွတ်လပ်စွာကုန်သွယ်မှုမှတစ်ဆင့် အမေရိကန်မှာ အားလုံးထက်ပို၍ အမြတ်ထွက်နေသည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

    ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခဖြစ်ပြီး အိုဘားမား၏ စွမ်းအင်ဆိုင်ရာ အကြံပေးဟောင်းဖြစ်သူ ဂျေဆန် ဘောဒေါ့ဖ်က ယနေ့ကဲ့သို့ ခွဲခြား၍မရတော့သည့် ကမ္ဘာ့ရေနံဈေးကွက်တွင် မည်သည့်နိုင်ငံမှမဆို အမေရိကန်သို့ ရေနံတင်သွင်းမှု ပိတ်ပင်ခြင်းမှာ လက်တွေ့မကျဟုဆိုပြီး၊ နိုင်ငံတစ်ခုကို သံတမန်ရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း အန္တရာယ်ဖြစ်အောင် ဆောင်ရွက်ခြင်းမှာ အမေရိကန်၏ လွတ်လပ်ပြီး ပွင့်လင်းသော စွမ်းအင်ဈေးကွက်ဖြစ်ရေး ကတိက၀တ်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း သတိပေးခဲ့သည်။

    အမေရိကန်မှာ ပြည်တွင်းရေနံထုတ်လုပ်မှု မြင့်တက်လာသော်လည်း နိုင်ငံ၏ ကြီးမားသော စီးပွားရေး အလျင်မီစေရန်အတွက် အိုပက်နိုင်ငံများမှ ရေနံတင်သွင်းမှုကို အဓိကထားနေရသည်။

    Ref: CNN

  • CO2 မှ အသုံးချ လောင်စာဆီထုတ်နိုင်မည့် နည်းသစ်တစ်ခု တွေ့ရှိ

    CO2 မှ အသုံးချ လောင်စာဆီထုတ်နိုင်မည့် နည်းသစ်တစ်ခု တွေ့ရှိ

    နိုဝင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    carbon

    – သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုအပေါ် ဆိုးဆိုးရွားရွား ထိုခိုက်စေသည့် ကာဘွန်ဒိုင်အောက်ဆိုက် (CO2) ဓာတ်ငွေ့မှ အသုံးဝင်သည့် အီသနောလောင်စာဆီ ထုတ်လုပ်မှုနည်းလမ်းကို သိပ္ပံပညာရှင်များက တွေ့ရှိခဲ့သည်ဟု သိရသည်။

    အမေရိကန်ပြည်ထောင်စု တန်နက်ဆီးပြည်နယ်ရှိ Oak Ridge National ဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်များက CO2 ကို အသုံးဝင်သည့် လောင်ဆာဆီအဖြစ် အသွင်ပြောင်းရန် ကြိုးပမ်းမှု မြောက်များစွာ ပြုလုပ်ခဲ့ပြီးနောက် အီသနော ထွက်ရှိနိုင်မည့် ဓာတုဓာတ်ပြုမှုတစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    အဆိုပါ နည်းပညာမှာ ဆီလီကွန်မျက်နှာပြင်ပေါ်ရှိ နာနိုဓာတ်ကူပစ္စည်းအတွင်း ကော့ပါးနှင့် ကာဘွန်ပေါင်းစပ်ခြင်း နည်းလမ်းဖြစ်ပြီး နာနို ဓာတ်ကူပစ္စည်းက အလွန်နည်းပါးသော ညစ်ညမ်းမှုကိုသာ ဖြစ်စေကာ ဓာတ်ပြုမှုကို တိကျစေသည်။

    “သာမန် ဒြပ်စင်တွေကိုသုံးပြီး နာနိုနည်းပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ဘေးထွက် ဓာတ်ပြုမှုတွေကို ကန်သန့်ကာ၊ နောက်ဆုံး ကျွန်တော်တို့လိုချင်တာ ဘယ်လို ရသလဲဆိုတာ ဖော်ထုတ်တွေ့ရှိပါတယ်” ဟု သုတေသနပညာရှင် ရွန်ဒီနုန်းက ပြောကြားခဲ့သည်။

    ယခု နည်းလမ်းမှာ CO2 မှာ လောင်ဆာဆီထုတ်လုပ်ရေး အခြားသောနည်းလမ်းများထက် ပိုမိုအကျိုးရှိပြီး အခန်းအတွင်း အပူချိန်မှာပင် သာမန်ဓာတ်အားအနည်းငယ်ဖြင့် ဓာတ်ပြုမှုကို အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အီသနောကိုမူ မီးစက်များနှင့် ကားများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။

    သုတေသနပညာရှင်များကမူ အဆိုပါ နည်းလမ်းနှင့်ပတ်သက်၍ ထပ်မံလေ့လာမှုများ ပြုလုပ်ကာ လုပ်ငန်းစဉ် ပိုမိုလွယ်ကူချော့မွေ့အောင် ဆောင်ရွက်ရန် ကြိုးစားနေသည်။

    Ref : popularmechanic