News @ M-Media

လုံခြုံရေးအတွက် အီရန်က ရေတပ်စခန်းသစ် ၃ ခု ဆောက်လုပ်နေ

နိုဝင်ဘာ ၂၃၊ ၂၀၁၆
M-Media

iran-2

– ကုန်သွယ်ရေး၊ လုံခြုံရေးတို့ကို ကာကွယ်ရန်နှင့် နိုင်ငံ၏ ရေတပ်အင်အားကို တိုးမြှင့်ရန်အတွက် အီရန်မှာ ပါရှန်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့တို့တွင် ရေတပ်စစ်အခြေစိုက်စခန်း ၃ ခု စတင်ဆောက်လုပ်နေသည်ဟု သိရသည်။

“ကျွန်တော်တို့ မက္ကရန်ကမ်းရိုးတန်းပေါ်မှာ ရေတပ်ဇုန်နှစ်ခုနဲ့ ရေတပ်စခန်းသုံးခု တည်ဆောက်နေပါတယ်၊ ဒီဆောင်ရွက်ချက်တွေဟာ ကျွန်တော်တို့ရဲ့ ပင်လယ်ပြင်ဆိုင်ရာမူဝါဒတွေနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ရေတပ်ဗိုလ်ချုပ် ဟာဘီဘိုလာ ဆေယာရီက တနင်္လာနေ့က တီဟီရန်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မက္ကရန်ကမ်းရိုးတန်းပေါ်တွင် ရေတပ်အင်အားတိုးချဲ့ခြင်းသည် အီရန်အဓိပတိ အယာတိုလာခါမေနီက ဒေသတွင်းလုံခြုံစေရေး ဆောင်ရွက်ရန် ၂၀၁၄ ခုနှစ်က တိုက်တွန်းခဲ့ပြီးနောက် ဆောင်ရွက်လာခဲ့သည့် အီရန်၏ ထိပ်တန်းဦးစားပေး လုပ်ငန်းများအနက်မှ တစ်ခုလည်းဖြစ်သည်။

ယခုဆောင်ရွက်သည့် ရေကြောင်းလုံခြုံရေးလုပ်ငန်းများမှာ ကုန်သင်္ဘောများကို ပင်လယ်ဓားပြများလက်မှ ပိုမိုလုံခြုံအောင် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ဆိုမာလီပင်လယ်ဓားပြအုပ်စုမှာ ယီမင်သို့ပို့မည့် အီရန်ကုန်သင်္ဘောတစ်စင်းကို ပြန်ပေးဆွဲခဲ့သည်။

ဆေယာရီကမူ ယခုနှစ်အတွင်း အီရန်ရေတပ်မှာ ကုန်တင်သင်္ဘောနှင့် ဆီတင်သင်္ဘော စုစုပေါင်း ၃၈၄၄ စင်းကို ပင်လယ်ဓားပြများရန်မှ ကာကွယ်စောင့်ရှောက်ပေးခဲ့ကြောင်း၊ ယခုရေတပ်စခန်းများက လုံခြုံရေးကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် အီရန်ရေတပ်သင်္ဘောများမှာ ဧရိယာ ၂,၁၀၀,၀၀၀ စကွဲယားမီတာကို ဖြန့်ကျက်စိုးမိုးထားပြီး အိုမန်ပင်လယ်ကွေ့၊ ကက်စပီယံပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတို့တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သင်္ဘောအုပ်စုမှာ ၄၄ စု ရှိနေသည်။

Ref : RT