News @ M-Media

Blog

  • အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်း အိန္ဒိယတွင် စတင်မိတ်ဆက်မည်

    အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်း အိန္ဒိယတွင် စတင်မိတ်ဆက်မည်

    နိုဝင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    bank-2
    လန်ဒန်ရှိ အစ္စလာမ့်ဘဏ်တစ်ခု

    – နိုင်ငံအတွင်း ရရှီအာနည်းကျ ဘဏ်လုပ်ငန်းကို တဖြည်းဖြည်း စတင်မိတ်ဆက်နိုင်ရန်အတွက် ဘဏ်များတွင် ‘အစ္စလာမ့် ဘဏ္ဍာရေးဝန်ဆောင်မှုကောင်တာ’ ထားပေးရန် အိန္ဒိယဗဟိုဘဏ် (RBI) က အမိန့်ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    ဘာသာရေးတားမြစ်ချက်ကြောင့် လက်ရှိ ဘဏ်လုပ်ငန်းတွင် မပါဝင်နိုင်သည့် နိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်း တစ်ချို့အတွက် ဘဏ္ဍာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းကို မိတ်ဆက်ပေးနိုင်ရန် အိန္ဒိယမှာ ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများကို ရှာဖွေခဲ့ပြီးနောက် ယခုကဲ့သို့ စတင်ကျင့်သုံးခြင်းလည်းဖြစ်သည်။

    “ကျွန်တော်တို့ စဉ်းစားထားတဲ့ သဘောတရားက- အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းရဲ့ နက်နဲမှု၊ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာနဲ့ ကြီးကြပ်ရေးဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေပြီး အိန္ဒိယဘဏ်တွေကလည်း ဒီနယ်ပယ်မှာ အတွေ့အကြုံမရှိတာကြောင့် အိန္ဒိယမှာ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းကို ဖြည်းဖြည်းခြင်း ကျင့်သုံးသွားမှာပါ” ဟု RBI က ဘဏ္ဍာရေးဝန်ကြီးထံသို့ ပေးပို့ခဲ့သည့် စာတွင် ဖော်ပြထားသည်။

    ကနဦးအနေဖြင့် သာမန်ဘဏ်လုပ်ငန်းစဉ်များနှင့် ဆင်တူသည့် အစ္စလာမ့်ဘဏ်လုပ်ငန်းစဉ်များကို ‘အစ္စလာမ့်ဘဏ္ဍရေး ၀န်ဆောင်မှုကောင်တာ’ မှတစ်ဆင့် မိတ်ဆက်သွားမည်ဖြစ်ပြီး၊ အချိန်အတိုင်းအတာတစ်ခုကြာသည့်အခါတွင် အစ္စလာမ့်ဘဏ်လုပ်ငန်းကို အပြည့်အ၀ လည်ပတ်နိုင်အောင် ပြုလုပ်သွားမည်ဟုလည်း ထိုစာတွင် ဖော်ပြထားသည်။

    အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်း သို့မဟုတ် ရှရီအာဘဏ်လုပ်ငန်းမှာ အတိုးမယူ၊ မပေးသည့် စည်းကမ်းအပေါ် အခြခံသည်။ အတိုးစားခြင်းကို အစ္စလာမ်က တားမြစ်ထားသည်။

    အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း စတင်ကျင့်သုံးရန်အတွက် ဗဟိုဘဏ်၏ ထိုအဆိုပြုချက်မှာ ဥပဒေကြောင်းအရ၊ နည်းစနစ်ပိုင်းအရနှင့် စည်းမျဉ်းစည်းကမ်းပိုင်းအရ လေ့လာဆန်းစစ်မှုကို အခြေခံထားခြင်ဖြစ်းဖြစ်သည်။

    RBI မှာ နည်းစနစ်ပိုင်းဆိုင်ရာ ဆန်းစစ်မှု အစီရင်ခံစာတစ်စောင်ကိုလည်း ရေးသားခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည်။

    Ref: outlookindia

  • ဘောလုံး (၁)- မြန်မာ့ဂုဏ်ဆောင် မွတ်စလင်မ် အားစားသမား အကျော်အမော်များ

    ဘောလုံး (၁)- မြန်မာ့ဂုဏ်ဆောင် မွတ်စလင်မ် အားစားသမား အကျော်အမော်များ

    နိုဝင်ဘာ ၂၁ – ၂၀၁၆
    M-Media
    ကြည်သာမောင် ရှာဖွေတင်ဆက်သည်။
    2

    တချိန်တခါက မြန်မာလက်ရွေးစင် အားကစားသမားများဟာ ဘောလုံး၊ ဘောလီဘော၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ အလေးမ စတဲ့ အားကစားနည်များမှာ  အရှေ့တောင်အာရှတွင်သာမက အာရှအဆင့် ၌ပင် အောင်ပွဲအလီလီဆွတ်ခူးကာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ကြပါတယ်။ အဆိုပါ တိုင်းပြည်ဂုဏ်ဆောင် အားကစားသမားများထဲမှာ အစ္စလာမ်ဘာသာဝင် အားကစားသမားအကျော်အမော်တွေ အများအပြားပါဝင်ခဲ့ပါတယ်။

    အမ်မီဒီယာ အနေဖြင့် အဆိုပါ အားကစားသမား အကျော်အမော်တို့ အကြောင်း လက်လှမ်းမှီသလောက် ရှာဖွေ တင်ဆက်သွားပါမယ်။ စာဖတ်ပရိတ်သတ်  များအနေဖြင့်လည်း မိမိတို့မှာ ရှိတဲ့ တိုင်းပြည်ဂုဏ်ဆောင် မြန်မာမွတ်စလင်မ် အားကစားသမားများ အကြောင်း သတင်းအချက်အလက်များကို [email protected] သို့ဖြစ်စေ၊ M-Media Facebook Page မှ Message ပို့၍ ဖြစ်စေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

    မြန်မာလက်ရွေးစင် မွတ်စလင်မ် ဘောလုံး အားကစားသမားများ (၁)
    ————————————-

    ၁။ ဟာဂျီ ဦးရွှေသိန်း (ဝါ) (ဘူဒါး) (S.A.M.B ကုန်သွယ်ရေး ၁၉၄၉-၅၀)
    ၂။ M.E ဘရူးချား          (ဧရဝတီအသင်း Friend Union ၁၉၄၅-၅၀)
    ၃။ ဦးစိန်ဝင်း(ခ) ဝါဆေး    (တပ်မတော်ကြည်း    ၁၉၅၀-၅၁)
    ၄။ ဦးပီတာ         (တပ်မတော်ကြည်း    ၁၉၅၀-၅၁)
    ၅။ ဦးကျော်စိန်         (တပ်မတော်ကြည်း    ၁၉၅၂-၅၄)
    ၆။ ဦးကိုကိုကြီး        (အကောက်ခွန်    ၁၉၅၅-၆၀)
    ၇။ ဟာဂျီဦးအေးမြင့် (ခ) ဘီကြူး  (S.A.M.B ကုန်သွယ်ရေး ၁၉၆၀-၆၁)
    ၈။ဦးအောင်သိန်း (ခ) တန်ဘီ      (S.A.M.B ကုန်သွယ်ရေး ၁၉၅၉-၆၀)
    ၉။ ဦးတင်အောင်         (ပြည်သူ့ရဲ ၁၉၆၀)
    ၁၀။ ဦးခင်အောင်         (ကုန်သွယ်ရေး ၁၉၆၀)
    ၁၁။ ဥိးမျိုးမြင့်        (အကောက်ခွန်  ၁၉၅၉)
    ၁၂။ ဦးအေးဖေ         (S.A.M.B ကုန်သွယ်ရေး ၁၉၆၃-၆၄)
    ၁၃။ဦးတင်မောင်        (အကောက်ခွန်     ၁၉၆၆-၆၇)
    ၁၄။ ဦးတင်မောင် (ငှက်မြန်)    (တက္ကသိုလ်အသင်း  ၁၉၆၄)
    ၁၅။ ဦးစိုးမြင့်         (လေတပ်        ၁၉၆၆)
    ၁၆။ ဦးတင်ဦး        (စာတိုက်နှင့် ကြေးနန်း ၁၉၅၉-၁၉၆၃)
    ၁၇။ ဦးချစ်ညို        (ဆောက်လုပ်ရေး ၁၉၇၃)
    ၁၈။ ဦးမောင်မောင်မြင့်    (တပ်မတော်ကြည်း    ၁၉၆၅-၇၁)
    ၁၉။ဦးဝင်းမောင်        (တပ်မတော်ကြည်း    ၁၉၆၉-၇၁)
    ၂၀။ ဦးကျော်ညွှန့်        (လျှပ်စစ်        ၁၉၆၉-၇၁)
    ၂၁။ ဦးငွေတော်        (ရုပ်ရှင်လုပ်ငန်း     ၁၉၇၆)
    ၂၂။ ဦးမောင်မောင်         (စည်ပင်သာယာ    ၁၉၇၆)
    ၂၃။ ဦးမျိုးတင်         (စည်ပင်သာယာ    ၁၉၇၆)

    မှတ်ချက် –
    အောက်ဖော်ပြပါ အချက်အလက်များဟာ ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေခဲ့သော အစ္စလာမ်ဓမ္မဗိမာန် (၇၅) နှစ်မြောက် စာစောင်တွင်  ဟာဂျီဦးအုန်းမြင့် (ဘတ်စကက်ဘော မြန်မာလက်ရွေးစင်ဟောင်းနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးဟောင်း)၏  စုစည်းတင်ပြချက်များဖြစ်ပါတယ်။
    ၁၉၇၆ ခုနှစ်အထိ မြန်မာလက်ရွေးစင် ဘောလုံးသမားများ၏ စာရင်းသာဖြစ်ပြီး နောက်ပိုင်းနှစ်များအတွက် ကျန်ရှိနေပါအုံး။ အမ်မီဒီယာအနေဖြင့် နောက်ထပ် အချက်အလက်များရရှိပါက ထပ်မံ၍ ဖော်ပြသွားပါမယ်။

    ဆက်စပ် အကြောင်းအရာ
    ၁၉၇၀ အာရှချန်ပီယံ နှင့် ဂိုးသွင်းဘုရင် မြန်မာ့လက်ရွေးစင် ဦးဝင်းမောင် (ဗိုလ်ကြီး-ငြိမ်း) ဖတ်ရန် Link

    1_myanmar-muslim-sport-player_the-islamic-centre-of-myanmar-ruby-jubilee-magazine-op-page-001 1_myanmar-muslim-sport-player_the-islamic-centre-of-myanmar-ruby-jubilee-magazine-op-page-002 1_myanmar-muslim-sport-player_the-islamic-centre-of-myanmar-ruby-jubilee-magazine-op-page-003 1_myanmar-muslim-sport-player_the-islamic-centre-of-myanmar-ruby-jubilee-magazine-op-page-004 1_myanmar-muslim-sport-player_the-islamic-centre-of-myanmar-ruby-jubilee-magazine-op-page-005 1_myanmar-muslim-sport-player_the-islamic-centre-of-myanmar-ruby-jubilee-magazine-op-page-006

  • လက်ရှိခြေစွမ်းနှင့် ဖလားမရနိုင်ဟု ဂွါဒီယိုလာ ၀န်ခံ

    လက်ရှိခြေစွမ်းနှင့် ဖလားမရနိုင်ဟု ဂွါဒီယိုလာ ၀န်ခံ

    နိုဝင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    gua

    – ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် စနေနေ့က ကစားခဲ့သည့်ပုံစံမျိုး ဆက်ကစားပါက မိမိတို့အနေဖြင့် ပရီးမီးယားလိဂ်ဖလား မရနိုင်ဟု မန်စီးတီးအသင်းနည်းပြ ပက် ဂွါဒီယိုလာက ပြောကြားလိုက်သည်။

    အဝေးကွင်းတွင် သွားရောက်ကစားခဲ့သည့် အဆိုပါပွဲတွင် မန်စီးတီးမှာ ယာယာတိုးယေး၏ ဂိုးများကြောင့် ၂ ဂိုး ၁ ဂိုဖြင့် အနိုင်ရခဲ့သော်လည်း ၁ ဂိုးစီသရေဖြစ်ခဲ့ပြီးနောက်မှ အနိုင်ရခဲ့ခြင်းဖြစ်သည်။ မန်စီးတီးမှာ ပြီးခဲ့သည့် အိမ်ကွင်း နောက်ဆုံး ၃ ပွဲစလုံးတွင် ၁ ဂိုးစီ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

    ဂွါဒီယိုလာကမူ အသင်း၏ စိတ်ဓာတ်ကို ချီးကျူးခဲ့သော်လည်း ထိုပုံစံအတိုင်း ဆက်ကစားနေပါက အမှတ်လျော့မည်ဟု သတိပေးခဲ့သည်။

    “နည်းပြတွေအတွက် စိတ်ပျက်ရတာက ပွဲရဲ့ လျှို့ဝှက်ချက်ကို တွေ့တဲ့အချိန်လို့ ကျွန်တော် ကစားသမားတွေကို ပြောထားပါတယ်။ အဲဗာတန်၊ ဆောက်သက်တမ်နဲ့ မစ်ဒယ်ဘရော့တို့ကို အိမ်ကွင်းမှာ ခြေအသာနဲ့ကစားနိုင်ပြီး အနိုင်မရဘူးဆိုတာမျိုး တွေ့ရတဲ့အခါမှာ တော်တော်လေး စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ အရိုးသားဆုံးပြောရရင် ဒီပုံစံမျိုးနဲ့ဆိုရင်တော့ မလွယ်ပါဘူး။ ဒီလို ကစားမယ်ဆိုရင် ကျွန်တော်တို့ ဖလားတွေ ရမှာမဟုတ်ပါဘူး” ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

    Ref: Goal

  • အာရပ်ကမ္ဘာ၏ အကြီးဆုံးစာကြည့်တိုက် ဒူဘိုင်းတွင်ဆောက်မည်

    အာရပ်ကမ္ဘာ၏ အကြီးဆုံးစာကြည့်တိုက် ဒူဘိုင်းတွင်ဆောက်မည်

    နိုဝင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    dubai
    ‘မိုဟာမက် ဘင် ရာရှစ် စာကြည့်တိုက်’ ပုံစံငယ်

    – အာရပ်ကမ္ဘာတွင် အကြီးဆုံးစာကြည့်တိုက် ဖြစ်လာမည့် စာကြည့်တိုက်တစ်ခုကို ဆောက်လုပ်ရန်အတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ၏ ဒုတိယသမ္မဖြစ်ပြီး ဒူဘိုင်းအုပ်ချုပ်ရေးမှူး ရှိခ် မိုဟာမက် ဘင် ရာရှစ်က အမိန့်ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    ‘မိုဟာမက် ဘင် ရာရှစ် စာကြည့်တိုက်’ ဟု အမည်ပေးမည့် အဆိုပါစာကြည့်တိုက်မှာ စုစုပေါင်း ဒီရ်ဟမ် ၁ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး စာအုပ်ပေါင်း ၁.၅ သန်း၊ အသံစာအုပ် (Audio book) ၁ သန်း၊ အီလက်ထရောနစ်စာအုပ် (e-book) ၂ သန်း ပါဝင်မည်ဖြစ်သည်။

    အဆိုပါ စာကြည့်တိုက်မှာ အာရပ်ကမ္ဘာတွင် အကြီးဆုံး စာကြည့်တိုက်နှင့် အကြီးဆုံး အီလက်ထရောနစ်စာအုပ်များရှိရာ နေရာ ဖြစ်လာမည်ဖြစ်သည်။

    “ဒီစာကြည့်တိုက်ကြီးက ပေးမယ့် အသိပညာတွေဟာ ကျမ်းပြုမှုတွေ၊ ဘာသာပြန်မှုတွေလုပ်ဖို့၊ နက်နက်နဲနဲ စဉ်းစားတွေးခေါ်ဖို့၊ မတူညီတဲ့ယဉ်ကျေးမှုတွေအကြား သည်းခံမှု၊ တစ်ဦးကိုတစ်ဦးလက်ခံမှုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန့်နှံ့စေဖို့၊ အသိပညာတွေဆောင်ကျဉ်းပေးဖို့ စတာတွေအတွက် တွန်းအားဖြစ်စေမှာ ဖြစ်ပါတယ်” ဟု ရှိခ် မိုဟာမက် ဘင် ရာရှစ်က ပြောကြားခဲ့သည်။

    အဆိုပါ စာကြည့်တိုက်ကို ဒူဘိုင်း၏ အလ် ဂျဒ်ဒက်ဖ်ဒေသရှိ မြေနေရာ ၉၂၀၀၀ စကွဲယားမီတာ အကျယ်အ၀န်းတွင် တည်ဆောက်သွားမည်ဖြစ်ပြီး အထပ်ပေါင်း ၇ ထပ် ပါဝင်မည်ဖြစ်သည်။ စာကြည့်တိုက်တွင် ကလေးကဏ္ဍ၊ အာရဘီကဏ္ဍ၊ နိုင်ငံတကာကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မီဒီကဏ္ဍ စသည့် ကဏ္ဍများခွဲ၍ စာအုပ်များ ထားရှိသွားမည်ဖြစ်သည်။

    ထို့ပြင် သမိုင်းဝင်လက်ရေးမှုများ ထိန်းသိမ်းစောင့်ရှောက်ရေးဌာန တစ်ခု၊ ယူအေအီး အုပ်ချုပ်သူမိသားစုမှ စုဆောင်ထားသည့် ရှားပါး အနုပညာလက်ရာများကို ပြသသော ပြတိုက်ငယ်တစ်ခုတို့လည်း ပါဝင်မည်ဖြစ်သည်။

    တစ်နှစ်လျှင် ထိုစာကြည့်တိုက်တွင် ယဉ်ကျေးမှုနှင့် အသိပညာဆိုင်ရာ အခမ်းအနားပေါင်း ၁၀၀ ကျော် ပြုလုပ်ရန်လည်း စီစဉ်ထားပြီး တစ်နှစ်လျှင် လူပေါင်း ၄၂ သန်း လာရောက်လည်ပတ်နိုင်မည်ဖြစ်သည်။

    အုပ်ချုပ်ရေးမှူး၏ အမိန့်တွင် အာရပ်ကမ္ဘာ၏ အကြီးဆုံး အသိပညာမျှဝေရာ ထိုစာကြည့်တိုက်အား လည်ပတ်ရန်၊ ဖွံ့ဖြိုးအောင်ဆောင်ရွက်ရန်အတွက် ‘MBR စာကြည့်တိုက် ဖောင်ဒေးရှင်း’ တည်ထောင်ရန်လည်း ပါဝင်သည်။

    ယူအေအီးသမ္မတ ရှိခ် ခါလီဖာက ‘စာဖတ်ခြင်းနှစ်’ အဖြစ် သတ်မှတ်ကြေငြာခဲ့သည့် ဖေဖော်ဝါရီလကတည်းက ရှိခ် မိုဟာမက် ဘင် ရာရှစ်မှာ ထိုစာကြည့်တိုက်ဆောက်လုပ်ရန် အစီအစဉ်ကို ဖွင့်ဟခဲ့ခြင်းဖြစ်သည်။ စာကြည့်တိုက်ကိုမူ လာမည့် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသည်။

    Ref: The National

  • လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်မှုအတွက် ရ၀မ်ဒါ ခရစ်ယာန်အသင်းတော် တောင်းပန်

    လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်မှုအတွက် ရ၀မ်ဒါ ခရစ်ယာန်အသင်းတော် တောင်းပန်

    နိုဝင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    rawamda

    – ၁၉၉၄ ခုနှစ် ရ၀ပ်ဒါနိုင်ငံ၌ ဖြစ်ပွားခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်ခဲ့မှုအတွက် ရ၀မ်ဒါ ခရစ်ယာန်ကက်သလစ်အသင်းတော်က တောင်းပန်လိုက်ပြီး အဆိုပါ သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူများ၏ လုပ်ရပ်များအတွက် အလွန် ကြေကွဲဝမ်းနည်းမိသည်ဟု ပြောကြားခဲ့သည်။

    ယမန်နေ့ကထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ထိုကဲ့သို့ တောင်းပန်လိုက်ခြင်းဖြစ်ပြီး တွတ်ဆီလူမျိုးနှင့် အလယ်အလတ်သဘောထားရှိသည့် ဟူတူလူမျိုးများကို အစွန်းရောက် ဟူလူလူမျိုးများက သတ်ဖြတ်မှုကြောင့် လူပေါင်း ၈ သိန်းကျော် သေဆုံးခဲ့သည့် ထိုအဖြစ်အပျက်တွင် အသင်းတော်အဖွဲ့ဝင်များအနေဖြင့် စီစဉ်ပေးခြင်း၊ အကူအညီပေးခြင်းနှင့် သတ်ဖြတ်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟုလည်း ၀န်ခံခဲ့သည်။

    “အသင်းတော်က ကျူးလွန်မိခဲ့တဲ့ မှားယွင်းမှုတွေအားလုံးအတွက် တောင်းပန်လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ပုံစံအမျိုးမျိုးနဲ့ ကျူးလွန်မှုအတွက်လည်း ခရစ်ယာန်အားလုံးကိုယ်စား တောင်းပန်ပါတယ်။ အသင်းတော်အဖွဲ့ဝင်တွေအနေနဲ့ ဘုရားသခင်ရဲ့ ပညတ်တော်တွေအပေါ် သစ္စာစောင့်သိမယ်ဆိုတဲ့ ကတိသစ္စာပြုထားမှုကို ချိုးဖောက်မိတဲ့အတွက်လည်း နောင်တရမိပါတယ်” ဟု နိုင်ငံတစ်ဝှမ်းရှိ ကက်သလစ်ဘုန်းတော်ကြီးများ တက်ရောက်ခဲ့သည့် ‘ကက်သလစ်ဘုန်းတော် ကြီးများ ညီလာခံ’ တွင် ထုတ်ပြန်သည့် အဆိုပါ ကြေငြာချက်၌ ဖော်ပြထားသည်။

    လွတ်မြောက်လာသူများကမူ ခရစ်ယာန်ဘုန်းကြီးများ၊ ဓမ္မဆရာများနှင့် သီလရှင်များ၏လက်အတွင်း သေဆုံးသွားသူ အမြောက်အများ ရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး ရ၀မ်ဒါအစိုးရကလည်း ဘုရားကျောင်းထဲတွင် ခိုလှုံနေသူများမှာ ထိုဘုရားကျောင်းအတွင်းမှာပင် အသတ်ခံရမှုလည်း ရှိခဲ့သည်ဟု ဆိုသည်။

    ဟူတူလူမျိုးတစ်ဦးဖြစ်သော ထိုစဉ်ကသမ္မတ၏ အငြင်းပွားဖွယ် လေယာဉ်ပျက်ကျမှုပြီးနောက် ဖြစ်ပေါ်လာခဲ့သည့် အဆိုပါ လူမျိုးတုန်းသတ်ဖြတ်မှုနောက်ပိုင်းတွင် အစိုးရနှင့် အသက်ရှင်လွတ်မြောက်လာကြသူများက ကက်သလစ်အသင်းတော်၏ ပါဝင်မှုကို ၀န်ခံရန် ပြောကြားခဲ့သော်လည်း ရ၀မ်ဒါ ကက်သလစ်အသင်းတော်ကမူ နှစ်ပေါင်းများစွာ ငြင်းဆိုခဲ့ပြီး ပါဝင်သူများမှာလည်း ၎င်းတို့တစ်ကိုယ်ရေ ပါဝင်ခဲ့ကြခြင်းဖြစ်သည်ဟု ကာကွယ်ခဲ့သည်။

    ယခုကဲ့သို့ ကက်သလစ်ဘုန်းတော်ကြီးများ၏ ကြေငြာချက်မှာ နိုင်ငံအတွင်း ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းမှုအတွက် အပြုသဘောဆောင်သည့်အချက် ဖြစ်လာမည်ဖြစ်သည်။

    “နိုင်ငံအတွင်းက အမုန်းကြောင့်ဖြစ်တဲ့ ရာဇ၀တ်မှုအတွက်၊ လူမျိုးမတူတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေကို မုန်းမိခဲ့တဲ့အတွက် ကျွန်တော်တို့ကို ခွင့်လွှတ်ကြပါ ကျွန်တော်တို့ဟာ မိသားစုတစ်ခုတည်းဆိုတာကို မပြသနိုင်ခဲ့ဘဲ တစ်ဦးနဲ့တစ်ဦး သတ်ဖြတ်ခဲ့ကြပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    ရ၀မ်ဒါ ကက်သလစ်အသင်းတော်၏ ပြောရေးဆိုခွင့်ရှိသူ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖိလစ် ရူကမ်ဘာကမူ အသင်းတော်အတွင်းနှင့် ကမ္ဘာကြီးတွင် ရင်ကြားစေ့မှုနှင့် သည်းခံခွင့်လွှတ်မှု ပိုမိုဖြစ်လာစေရေး တွန်းအားပေးရန်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတ်မှတ်ခဲ့သည့် Holy Year of Mercy လှုပ်ရှားမှု၏ နောက်ဆုံးနေ့ဖြစ်သော တနင်္ဂနွေနေ့နှင့် အချိန်ကိုက်ကာ မိမိတို့၏ ကြေငြာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှု သုတေသနပညာရှင် တွမ် နဒါဟီရိုကမူ ကက်သလစ်အသင်းတော်၏ ထို ထုတ်ပြန်ချက်က ရ၀မ်ဒါပြည်သူများအတွင်း စည်းလုံးညီညွတ်မှုအတွက် တွန်းအားဖြစ်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    “ဘုန်းတော်ကြီးတွေက လူမျိုးတုန်းသတ်ဖြတ်မှုကို မဟန့်တားနိုင်တဲ့အတွက် တောင်းပန်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားတာကိုတွေ့ရတာ ကျွန်တော့်အနေနဲ့ အလွန်ပဲ ပျော်ရွှင်မိပါတယ်”

    Ref: Aljazeera