News @ M-Media

Blog

  • LEGO ရဲ့ ဒေါ်လာ ၁ ဘီဘီယံတန် စက်ရုံ ဗီယက်နမ်မှာ စဆောက်

    LEGO ရဲ့ ဒေါ်လာ ၁ ဘီဘီယံတန် စက်ရုံ ဗီယက်နမ်မှာ စဆောက်

    နို၀င်ဘာ ၄၊ ၂၀၂၂

    M-Media 

    Khởi công xây dựng nhà máy LEGO 1,3 tỷ USD tại Bình Dương


    -ဒိန်းမတ်နိုင်ငံက နာမည်ကျော် ကလေးကစားစရာကုမ္ပဏီတစ်ခုဖြစ်တဲ့ LEGO ရဲ့ ကန်ဒေါ်လာ ၁ ဘီဘီယံ တန်ဖိုးရှိ စက်ရုံကို ဗီယက်နမ်နိုင်ငံမှာ စတင်ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။ 

    နိုင်ငံတောင်ပိုင်း Binh Duong ပြည်နယ်က စင်ကာပူနဲ့ ဖက်စက်တည်ဆောက်ထားတဲ့ စက်မှုဇုန်မှာ စက်ရုံတည်ရှိမှာပါ။ ဒီစက်ရုံဟာ LEGO ရဲ့ ကမ္ဘာတစ်၀ှမ်း ၆ ခုမြောက်စက်ရုံ ဖြစ်ပါတယ်။ အာရှမှာတော့ ဒုတိမြောက်ပါ။  

    မနေ့ကလုပ်တဲ့ စက်ရုံအုတ်မြစ်ချပွဲ အခမ်းအနားကို ဗီယက်နမ် ဒုတိယ၀န်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ 

    ဗီယက်နမ်အစိုးရရဲ့ ရေရှည်တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကတိက၀တ်တွေ၊ နိုင်ငံတကာကုန်သွယ်ရေးမှာ ဗီယက်နမ်ရဲ့ ပုံရိပ်ကောင်းမွန်မှု၊ လိုအပ်တဲ့ လူစွမ်းအားအရင်းအမြစ် တည်ရှိမှု စတာတွေကြောင့် စက်ရုံတည်ဆောက်ဖို့ ဗီယက်နမ်ကို ရွေးချယ်ရတာလို့ LEGO လုပ်ငန်းစု စီအီးအို Niels B Christiansen က ပြောကြားခဲ့ပါတယ်။ 

    ၂၀၂၄ ခုနှစ်မှာ စက်ရုံလည်ပတ်နိုင်ဖို့ ရည်ရွယ်ထားပြီး နောက်ထပ် ၁၅ နှစ်အတွင်း အလုပ်အကိုင် ၄၀၀၀ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ 

    Ref:The Star

  • အပြစ်တင်ချင်ရင် စစ်ကောင်စီကိုသာ အပြစ်တင်ပါ

    အပြစ်တင်ချင်ရင် စစ်ကောင်စီကိုသာ အပြစ်တင်ပါ

    “အာဆီယံကို ၀ေဖန်တာမျိုးထက် စစ်ကောင်စီကိုသာ ၀ေဖန်ရမှာပါ။ အပြစ်တင်ကြေး၊ မအောင်မြင်တာကို ပြောကြေးဆိုရင် ကျွန်မတို့ကို၊ အာဆီယံကို လက်ညှိုးထိုးရမှာ မဟုတ်ဘူး။ ကျွန်မတို့ဖက်က လုပ်ရမှာအားလုံး လုပ်ခဲ့တယ်။ နိုင်ငံရေးပြဿနာကနေ မြန်မာနိုင်ငံကို ဆွဲထုတ်နိုင်ဖို့ နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးမှုတွေ ကျွန်မတို့ လုပ်ပေးတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာကို မြန်မာပြည်သူတွေကလွဲပြီး အပြင်လူတွေ မဖြေရှင်းနိုင်ဘူးဆိုတာ ကျွန်မတို့ သိပါတယ်”

    (ရက်တနို မာဆူဒီ – အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး)

  • သီရိလင်္ကာအစိုးရသစ်ကို လူထုက မကြိုက်သေး

    သီရိလင်္ကာအစိုးရသစ်ကို လူထုက မကြိုက်သေး

    နို၀င်ဘာ ၃၊ ၂၀၂၂

    M-Media 

    -သီရိလင်္ကာနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြမှုတွေ တစ်ကျော့ပြန် ဖြစ်လာပါတယ်။ 

    မနေ့က ရာနဲ့ချီတဲ့လူတွေဟာ မြို့တော်ကိုလံဘိုမှာ စု၀ေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ အစိုးရက အခွန်မြှင့်ဖို့ စီစဥ်နေတာ၊ ငွေကြေးဖောင်းပွမှု မြင့်လာတာ၊ လူထုအပေါ် ဖိနှိပ်မှု တိုးလုပ်လာတာတွေကို ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

    ဆန္ဒပြပွဲကို အတိုက်အခံနိုင်ငံရေးသမားတွက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး အရပ်ဖက်အဖွဲ့တွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ ပြည်သူတွေ ပါ၀င်ခဲ့ကြပါတယ်။ 

    အစိုးရရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ပိတ်ဆို့လူစုခွဲမှု ပြုလုပ်ခဲ့ပါတယ်။ 

    နိုင်ငံရေးကို ဆယ်စုနှစ်ချီ ကြီးစိုးထားတဲ့ ရာဂျာပက်ဆာ မိသားစုကြောင့် သီရိလင်္ကာဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းကို ပြီးခဲ့တဲ့နှစ်ကစပြီး ကြုံတွေ့ခဲ့ရပါတယ်။ လူထုဆန္ဒပြမှုကြောင့် ရာဂျာပက်ဆာမိသားစုလည်း ဇူလိုင်လမှာ ထွက်ပြေးခဲ့ရပါတယ်။ 

    အဲ့ဒီနောက်ပိုင်း ၀န်ကြီးချုပ်ဟောင်း ရာနီလ် ၀စ်ကရီမီဆင်ဟီက သမ္မတဖြစ်လာပေမယ့် အစိုးရဟောင်းရဲ့ ပေါ်လစီအတိုင်းသာ ဆက်သွားနေတဲ့အတွက် လူထုက မကျေမနပ် ဖြစ်လာတာပါ။ 

    နို၀င်ဘာ ၁၄ ရက်နေ့မှာ သီရိလင်္ကာအစိုးရက လာမယ့်နှစ်အတွက် ဘက်ဂျက်ထုတ်ပြန်ဖို့ရှိနေပြီး လူထုကတော့ ဒါကို စောင့်ကြည့်နေပါတယ်။

    Ref: Reuters

  • အီရန်က ဆော်ဒီကို အလစ်အငိုက်၀င်တိုက်ရန် စီစဥ်နေဟု သတင်းထွက်

    အီရန်က ဆော်ဒီကို အလစ်အငိုက်၀င်တိုက်ရန် စီစဥ်နေဟု သတင်းထွက်


    နို၀င်ဘာ ၃၊ ၂၀၂၂

    M-Media

     

    -အီရန်က မကြာခင်မှာ အလစ်အငိုက်၀င်တိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဆော်ဒီထောက်လှမ်းရေး အစီရင်ခံစာမှာဖော်ပြထားပြီး အီရန်ဖက်ကတော့ ဒီသတင်းကို ငြင်းဆိုပါတယ်။ 

    အင်္ဂါနေ့မှာ ဆော်ဒီက ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင်ကို အမေရိကန်ထံ ပေးပို့ မျှ၀ေခဲ့တာ ဖြစ်ပါတယ်။ 

    အမေရိကန်ဖက်ကတော့ ဒီလိုခြိမ်းခြောက်မှုအတွက် စိုးရိမ်မိပြီး ဆော်ဒီစစ်တပ်နဲ့ ပုံမှန်ဆက်သွယ်ပြောဆိုမှုတွေရှိကြောင်း၊ ဒေသတွင်း မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ရေး နောက်တွန့်နေမှာ မဟုတ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

    အီရန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဆီရ် ကာနာနီက ဆော်ဒီရဲ့ စွပ်စွဲချက်ကို ငြင်းပါတယ်။ ဒါဟာ အခြေအမြစ်မရှိတဲ့ ပြောကြားချက်သာ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ အီရန်ရဲ့ ဆက်ဆံရေး ပျက်ပြားအောင် ရည်ရွယ်လုပ်ဆောင်တာလို့ တုန့်ပြန်ခဲ့ပါတယ်။ 

    အီရန်မှာ လတ်တလော ဖြစ်ပွားနေတဲ့ လူထုဆန္ဒပြမှုတွေရဲ့ နောက်ကွယ်မှာ အနောက်နိုင်ငံတွေ၊ ဆော်ဒီနဲ့ သူ့ရဲ့ မဟာမိတ်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ရှိကြောင်း အီရန်က စွပ်စွဲထားတာပါ။ 

    အီရန်နဲ့ ဆော်ဒီတို့ဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ ရန်ဖက်နိုင်ငံတွေ ဖြစ်ကြပြီး အခုနှစ်ပိုင်းအတွင်းမှာ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ဥရောပမှ အိမ်သုံး အီလက်ထရောနစ်ပစ္စည်းများကို ရုရှားက လက်နက်ထုတ်လုပ်မှုတွင် အသုံးပြုနေ

    ဥရောပမှ အိမ်သုံး အီလက်ထရောနစ်ပစ္စည်းများကို ရုရှားက လက်နက်ထုတ်လုပ်မှုတွင် အသုံးပြုနေ

    အောက်တိုဘာ ၃၀၊ ၂၀၂၂

    M-Media 

    – ရုရှားရဲ့မဟာမိတ် အိမ်နီးချင်းနိုင်ငံတွေ ဥရောပက အီလက်ထရောနစ် ပစ္စည်း မှာယူတင်သွင်းမှု မြင့်တက်လာတဲ့ နောက်ကွယ်မှာ ရုရှားက အကြီးအကျယ် ပါ၀င်ပတ်သက်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။  

    အာမေနီးယားနဲ့ ကာဇက်တန်နိုင်ငံတို့ဟာ အ၀တ်လျှော်စက်တွေ၊ ရေခဲသေတ္တာတွေ၊ ကလေးအတွက် မိခင်တွေ နို့ညှစ်ရာမှာ အသုံးပြုတဲ့ စက်တွေကို ဥရောပကနေ တင်သွင်းမှုဟာ  ပြီးခဲ့တဲ့ ၈ လအတွင်းမှာ အလွန်အမင်း မြင့်တက်လာတာ ဖြစ်ပါတယ်။ 

    ဒီပစ္စည်းတွေကို ရုရှားနိုင်ငံကို ပြန်လည်တင်ပို့တာကိုလည်း တွေ့ရပါတယ်။

    ယူကရိန်းမှာ ရုရှားက အသုံးပြုတဲ့ တင့်ကားတွေမှာ ရေခဲသေတ္တာနဲ့ အ၀တ်လျှော်စက်က အစိတ်အပိုင်းတွေ တပ်ဆင်အသုံးပြုတာကို တွေ့ရှိရကြောင်း ဥရောပ တာ၀န်ရှိသူတွေက အရင်က ပြောကြားဖူးပါတယ်။ 

    ရုရှားဟာ စက်လက်နက်ပစ္စည်းမှာ အသုံးပြုရတဲ့ အခြေခံအီလက်ထရောနစ်ပစ္စည်းတွေကို နိုင်ငံရပ်ခြားက တင်သွင်းရတာပါ။ 

    ယူကရိန်းကျူးကျော်စစ်နောက်ပိုင်း ကမ္ဘာက ရုရှားအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် အခြေခံ အီလက်ထရောနစ်ပစ္စည်းတွေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။ 

    အိမ်သုံးပစ္စည်းတွေမှာ ပါ၀င်တဲ့ အီလက်ထရောနစ် ပစ္စည်းတွေဟာ စစ်လက်နက်တွေမှာ တပ်ဆင်အသုံးပြုဖို့ အဆင့်မမီပါဘူး။ 

    ရုရှားကတော့ အဆင်ပြေသလို ဖြေရှင်းနေပါတယ်။

    “ရုရှားရဲ့ အဆင့်မြင့် လက်နက်တွေမှာတောင်မှ အိမ်သုံးပစ္စည်း  လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းတွေကို တွေ့လာရပါတယ်။ ရုရှားရဲ့ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ အိမ်သုံးပစ္စည်းတွေ တင်သွင်းပြီး ဖြုတ်ထုတ်အသုံးပြုနေတာဆိုတာ တော်တော်လေး ဖြစ်နိုင်ပါတယ်” လို့ ယူကေ စစ်လက်နက်လေ့လာရေးအဖွဲ့ Royal United Services Institute က ပညာရှင် ဂျိမ်းစ် ဘီရ်နီက ပြောပါတယ်။ 

    ရုရှားဖက်က ဒီကိစ္စအတွက် တုန့်ပြန်ပြောကြားခြင်း မရှိသလို သွင်းကုန်ထုတ်ကုန်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ယူကရိန်းကျူးကျော်စစ်နောက်ပိုင်း လူသိရှင်ကြား ထုတ်ပြန်မှု မပြုတော့ပါဘူး။

    Ref:Times