News @ M-Media

Blog

  • တောင်ကိုရီးယားဟောလို၀င်းပွဲ လူအုပ်ပိမှု သေဆုံးသူ ၁၅၀ နီးပါးရှိ

    တောင်ကိုရီးယားဟောလို၀င်းပွဲ လူအုပ်ပိမှု သေဆုံးသူ ၁၅၀ နီးပါးရှိ

    အောက်တိုဘာ ၃၀၊ ၂၀၂၂

    M-Media 

    -တောင်ကိုရီးယားနိုင်ငံမှာ မနေ့က ဟောလိုး၀င်းပွဲကျင်းပစဥ် လူတွေ စုံပြုံတိုး၀ှေ့မှုကြောင့် သေဆုံး ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။

    မြို့တော် ဆိုးလ်က ညဘက်စည်ကားတဲ့ Itaewon ရပ်ကွက်မှာ ပြုလုပ်တဲ့ ဟောလိုး၀င်းပွဲကို လူပေါင်းသိန်းချီ တက်ရောက်ခဲ့ကြတာပါ။ 

    လမ်းကျဥ်းလေးတစ်ခုမှာ သူ့ထက်ငါတိုးထွက်ကြရင်း လူပိမိပြီး အသက်ရှုကြပ်ကာ သေဆုံးကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ သေဆုံးသူ ၁၅၁ ဦးရှိပြီး နိုင်ငံခြားသား ၁၉ ဦး ပါ၀င်ပါတယ်။ သေဆုံးသူအများစုဟာ အမျိုးသမီးတွေနဲ့ လူငယ်တွေဖြစ်ပါတယ်။

    တောင်ကိုရီးယားသမ္မတ Yoon Suk-yeol က ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးပေါ်အစည်းအ၀ေးပြုလုပ်ကာ စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။ 

    ကျန်းမာရေးဆိုင်ရာ တာ၀န်ရှိသူတွေက ဒဏ်ရာရသူတွေ အများအပြားရှိနေပြီး သေဆုံးသူ ထပ်မံမြင့်တက်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ၀ူဟန်နှင့် တရုတ်မြို့တစ်ချို့ကို လော့ဒေါင်းပြန်ချ

    ၀ူဟန်နှင့် တရုတ်မြို့တစ်ချို့ကို လော့ဒေါင်းပြန်ချ

    အောက်တိုဘာ ၂၉၊ ၂၀၂၂

    M-Media

    -ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်နှံ့ရာ ၀ူဟန်အပါအ၀င် မြို့အချို့ကို တရုတ်က လော့ဒေါင်းပြန်ချလိုက်ပါတယ်။ 

    တစ်ရက်ကို ကိုဗစ်ကူးစက်မှု တစ်ထောင်ကျော် ၃ ရက်ဆက်တိုက် တွေ့ရပြီးနောက်ပိုင်း တရုတ်အာဏာပိုင်တွေက အခုလို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာတာ ဖြစ်ပါတယ်။   

    ကမ္ဘာ့အကြီးဆုံး အိုင်ဖုန်းထုတ်ရာမြို့ဖြစ်တဲ့ ကျန်ကျိုးမြို့လည်း လော့ဒေါင်းစာရင်းမှာ ပါ၀င်လာပါတယ်။

    တရုတ်သမ္မတ ရှီကျင့်ဖျင်က ကိုဗစ်ထိန်းချုပ်ရေး စည်းမျဥ်းစည်းကမ်းတွေကို လျှော့ချမှာမဟုတ်ဘဲ တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားမယ်လို့ အခုလအတွင်း ပြုလုပ်တဲ့ ကွန်မြူနစ်ပါတီ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

    လက်ရှိအချိန်ထိ တရုတ်နိုင်ငံအတွင်း ကိုဗစ်လော့ဒေါင်း ချထားတဲ့ မြို့ ၂၈ မြို့ရှိပြီး စုစုပေါင်း လူဦးရေ ၂၀၇ သန်းလောက်ရှိပါတယ်။ 

    Ref: BBC

  • Twitter ကို ရရချင်း ဆောက်နဲ့ထွင်းလိုက်တဲ့ အီလွန်မက်စ်

    Twitter ကို ရရချင်း ဆောက်နဲ့ထွင်းလိုက်တဲ့ အီလွန်မက်စ်

    အောက်တိုဘာ ၂၈၊ ၂၀၂၂

    M-Media 

    -ထိပ်တန်း ဆိုရှယ်မီဒီယာကုမ္ပဏီ Twitter ကို ၀ယ်ယူပြီးပြီးချင်းမှာပဲ အီလွန်မက်စ်ဟာ စီအီးအို ပရဂ် အဂ်ရာ၀ါလ်နဲ့ အခြား အမှုဆောင်အရာရှိ နှစ်ဦးကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ 

    Twitter ကို ၀ယ်ဖို့ ဧပြီလမှာ အီလွန်မက်စ်က ကမ်းလှမ်းခဲ့ပြီး ကနဦး ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီအရောင်းအ၀ယ် ပျက်သွားပြီဆိုတဲ့ သတင်းမျိုး ထွက်ပေါ်လာခဲ့ပြီး Twitter ဘက်က တရားစွဲဆိုမှုတွေတောင် လုပ်ခဲ့ပါတယ်။

    အခုတော့ ကန်ဒေါ်လာ ၄၄ ဘီလီယံနဲ့ ၀ယ်ယူပြီးသွားပြီလို့ ဒီကိစ္စကို သိရှိသူတွေက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

    မနေ့က စီအီးအို အဂ်ရာ၀ါလ်နဲ့အတူ အထုတ်ခံလိုက်ရသူ နှစ်ဦးက ကုမ္ပဏီ ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲ နဒ်ဆီဂါလ်နဲ့ မူ၀ါဒရေးရာ အကြီးအကဲ ဗီဂျာယာ ဂဒ်ဒီတို့ ဖြစ်ပါတယ်။ 

    လွတ်လပ်စွာပြောဆိုခွင့်ကို မြှင့်တင်နိုင်ဖို့အတွက် Twitter ရဲ့ ပို့စ်တင်မှုဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို ပြန်လည်သုံးသပ်မယ်လို့ အီလွန်မက်စ်က ပြောကြားဖူးပါတယ်။ 

    ကုမ္ပဏီကို ပိုင်ဆိုင်ပြီးပြီးချင်းမှာ အရေးပါသူတွေကို ထုတ်ပယ်လိုက်မှုကြောင့် အီလွန်မက်စ်ရဲ့ Twitter နဲ့ပတ်သက်တဲ့ မူ၀ါဒတွေကို ကျွမ်းကျင်သူတွေက စောင့်ကြည့်လာကြပါတယ်။ 

    Ref: CNN

  • အိန္ဒိယတွင် လူမျိုးစုပြတိုက်ဖွင့်သူများ အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခံရ

    အိန္ဒိယတွင် လူမျိုးစုပြတိုက်ဖွင့်သူများ အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခံရ

    အောက်တိုဘာ ၂၈၊ ၂၀၂၂

    M-Media


    – အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ လူမျိုးစုပြတိုက် ဖွင့်လှစ်ခဲ့ လူ ၃ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးကာ အကြမ်းဖက်မှုစွဲချက်တွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။ 

    အမ် မိုဟာ အလီဆိုသူ လူတစ်ဦးက ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်ကာ ဘင်္ဂါလီလူမျိုးစု၀င်ဖြစ်တဲ့  ‘မီယာ’ လူမျိုး (Miya) ရဲ့ ရိုးရာယဥ်ကျေးမှု ပြတိုက်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ သူ့အိမ်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

    မီယာလူမျိုးစုတွေဟာ အာသံပြည်နယ်က ခွဲခြားဆက်ဆံမှုခံရတဲ့ လူမျိုးစု၀င်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ပြည်နယ်ကို အုပ်စိုးထားတဲ့ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP တာ၀န်ရှိသူတွေက ပြတိုက်ဖွင့်တာဟာ လူ့အဖွဲ့အစည်းအတွင်း သွေးကွဲအောင်တာလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ BJP အဖွဲ့၀င်တွေဟာ မီယာလူမျိုးစုကို အမြဲလိုလို အမုန်းစကားတွေနဲ့ တိုက်ခိုက်ပြောဆိုလေ့ရှိပါတယ်။ 

    ပြည်နယ်၀န်ကြီးချုပ် ဟီမန်သာ ဘစ္စ၀ါ ဆာရ်မာက ‘မီယာလူမျိုးစုရှိလို့လား’ ဆိုပြီး သတင်းထောက်တွေကို ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။

    ပြတိုက်ဖွင့်တဲ့ အလီရဲ့အိမ်ကို အာဏာပိုင်တွေက အင်္ဂါနေ့မှာ ချိတ်ပိတ်ခဲ့ပါတယ်။ အလီဟာ အာသံပြည်နယ် မီယာလူမျိုးစုအဖွဲ့ ဥက္ကဌဖြစ်ပြီး သူနဲ့ အဖွဲ့ အတွင်းရေးမှူး အဘ်ဒူလ် ဘာတန် ရှိခ်၊ ပြတိုက်ဖွင့်ပွဲမှာ ပါ၀င်ခဲ့တဲ့ တာနူဒါဒူမီယာတို့ကို ဖမ်းဆီးကာ အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ 

    ပြတိုက်မှာ မီယာလူမျိုးတွေရဲ့ ရိုးရာယဥ်ကျေးမှုဆိုင်ရာ ပစ္စည်း တော်တော်များများကို ပြသထားတာဖြစ်ပါတယ်။ 

    အလီက ပြတိုက်ဖွင့်တာဟာ မီယာလူမျိုးတွေရဲ့ အမှတ်သညာကို ထိန်းသိမ်းဖို့ဖြစ်ပြီး ဒါဟာ အာသံလူ့အဖွဲ့အစည်း ခိုင်မာအားကောင်းလာဖို့ တစ်စိတ်တစ်ပိုင်း ကူညီရာရောက်တယ်လို့ အဖမ်းမခံရခင်က ပြောကြားခဲ့ပါတယ်။ 

    အစိုးရက ကမကထပြုကာ မီယာပြတိုက်ဖွင့်ဖို့ အာသံပြည်နယ်အတွင်း တိုက်တွန်းမှုတွေရှိခဲ့ပြီး ၂၀၂၀ ခုနှစ် ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးခဲ့ပေမယ့် ဟိန္ဒူအစွန်းရောက် BJP အမတ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။  

    မီယာလူမျိုးတွေဟာ ဘာရာမာပူထရာချိုင့်၀ှမ်းဒေသမှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။ လူဦးရေ ၁၀ သန်းကျော်ရှိပြီး အာသံပြည်နယ်လူဦးရေရဲ့ ၃၄ ရာခိုင်နှုန်း ရှိပါတယ်။  

    မီယာလူ့အဖွဲ့အစည်းအတွင်း ဆင်းရဲမွဲတေမှု၊ ပညာတတ်နည်းပါးမှု စတာတွေကြောင့် အိန္ဒိယ လွတ်လပ်ရေးရတဲ့ ၁၉၄၇ ခုနှစ်နောက်ပိုင်း အခြားလူမျိုးစုကြီးတွေရဲ့ ခွဲခြားဆက်ဆံမှုကို ခါးစည်းခံခဲ့ရပါတယ်။ 

    မီယာပညာတတ်တွေဟာ နောက်ပိုင်းမှာ လူ့အဖွဲ့အစည်းကို မြှင့်တင်ဖို့ ကြိုးစားလာကြပြီး အထူးသဖြင့် ကဗျာစာပေနဲ့ဖြစ်ပါတယ်။ မီယာကဗျာတွေဟာ အာသံပြည်နယ်မှာ ကျော်ကြားတဲ့ စာပေအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

    Ref: Scroll

  • သရဲမျက်နှာဖုံးဖြင့် ကလေးများကိုခြောက်သည့် ဆရာမများ ညှင်းပမ်းမှုဖြင့် တရားစွဲခံရ

    သရဲမျက်နှာဖုံးဖြင့် ကလေးများကိုခြောက်သည့် ဆရာမများ ညှင်းပမ်းမှုဖြင့် တရားစွဲခံရ

    အောက်တိုဘာ ၂၃၊ ၂၀၂၂

    M-Media 


    -အမေရိကန်ပြည်ထောင်စု မစ္စစီပီ နေ့ကလေးထိန်းကျောင်းက ဆရာမ ၅ ဦးဟာ ကလေးငယ်တွေအပေါ် ညှင်းပမ်းမှုနဲ့ တရားစွဲဆို ခံလိုက်ရပါတယ်။ 

    သရဲမျက်နှာဖုံးတွေ၀တ်ကာ ကလေးတွေကို ခြောက်လှန့်ပြီး ငြိမ်အောင် ထိန်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။ 

    Lil’ Blessings Child Care & Learning Center နေ့ကလေးထိန်းစင်တာက ဆရာမတွေ ဟောလို၀င်းပွဲက သရဲမျက်နှာဖုံး၀တ်ပြီး ကလေးတွေကို ခြောက်လှန့် ထိန်းကြောင်းနေတဲ့ ဗီဒီယို ၂ ခု စက်တင်ဘာလနဲ့ အခုလအစောပိုင်းမှာ ဆိုရှယ်မီဒီယာပေါ် ပြန့်နှံ့ခဲ့ပြီး ၀ေဖန်မှုတွေလည်း ရှိလာပါတယ်။ 

    အခင်းဖြစ်ပွားတဲ့ မွန်ရိုခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ကီဗင် ကရွတ်က ဆရာမ ၄ ဦးကို ကလေးငယ်တွေ ညှင်းပမ်းမှု စွဲချက် ၃ ခုနဲ့ တရားစွဲဆိုခဲ့ပြီး အခြားတစ်ဦးကို တိုင်ကြားဖို့ ပျက်ကွက်မှုနဲ့ တရားစွဲဆိုခဲ့တယ်လို့ ပြောပါတယ်။ 

    ဒီလို ခြောက်လှန့်မှုကြောင့် အသက် ၂ နှစ်အရွယ် သမီးဖြစ်သူမှာ စိတ်ဒဏ်ရာရနေပြီး ညဖက်တွေမှာ ကြောက်လန့်ကာ အိပ်မပျော်ဖြစ်နေတယ်လို့ မိခင်တစ်ဦးဖြစ်တဲ့ ကာတီလင် ဂျွန်ဆင်က ပြောပါတယ်။ 

    “မျက်နှာဖုံး၀တ်ထားထား မထားထား သူတို့ရဲ့ အပြုအမူက လက်ခံနိုင်စရာ မရှိပါဘူး။ ကျွန်မ သွေးတွေဘာတွေတောင်တိုးတယ်။ ကလေးအတွက်လည်း စိတ်မကောင်းဘူး။ ဒေါသထွက်ရပါတယ်”

    ရဲအရာရှိ ကရွတ်က အခုလို တရားစွဲဆိုမှုဟာ တစ်ခြားသူတွေ သင်ခန်းစာယူဖို့ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Washington Post