News @ M-Media

Blog

  • အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချပြီး စစ်တပ်က အာဏာပြန်သိမ်းမှုဖြစ်

    အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချပြီး စစ်တပ်က အာဏာပြန်သိမ်းမှုဖြစ်

    အောက်တိုဘာ ၁၊ ၂၀၂၂
    M-Media

    ဗိုလ်ကြီး ထရာအိုယေးက အာဏာသိမ်းကြောင်း ကြေငြာနေစဥ်

    -အနောက်အာဖရိက ဘာကီနာဖာဆိုမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချတဲ့ စစ်အာဏာသိမ်းမှုတစ်ခု မနေ့က ဖြစ်ပွားခဲ့ပါတယ်။

    ကြည်းတပ်ဗိုလ်ကြီး အီဗရာဟင် ထရာအိုယေးဟာ စစ်ခေါင်းဆောင် ပေါလ် ဟင်နရီ ဒမ်ဘီဘာကို ဖြုတ်ချခဲ့သလို အစိုးရအဖွဲ့နဲ့ အခြေခံဥပဒေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

    ဒါဟာ ဘာကီနာဖာဆိုမှာ ၈ လအတွင်း စစ်တပ်က ဒုတိယမြောက် အာဏာသိမ်းမှု ဖြစ်ပါတယ်။

    ထရာအိုယေးက ဒမ်ဘီဘာဟာ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုတွေကို မထိန်းသိမ်းနိုင်တဲ့အတွက် အခုလို အာဏာသိမ်းရတာလို့ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဇန်န၀ါရီလ သမ္မတ ရော့ချ် ကာဘိုရီကို ဖြုတ်ချအာဏာသိမ်းစဥ်က စစ်ခေါင်းဆောင် ဒမ်ဘီဘာ ပြောကြားခဲ့တဲ့ စွပ်စွဲမှုကိုပဲ ထရာအိုယေးက ပြန်သုံးတာ ဖြစ်ပါတယ်။

    ဘာကီနာဖာဆိုဟာ IS အကြမ်းဖက်အဖွဲ့ အပါအ၀င် လက်နက်ကိုင် တော်တော်များများ ကြီးစိုးတဲ့တိုင်းပြည်ဖြစ်ပြီး နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကိုသာ ဗဟိုအစိုးရက ထိန်းချုပ်ထားနိုင်ပါတယ်။

    Ref: Reuters

  • ကဘူးလ်ရှိ အမျိုးသမီး ပုဂ္ဂလိကကောလိပ်တစ်ခု ဗုံးခွဲတိုက်ခိုက်ခံရ

    ကဘူးလ်ရှိ အမျိုးသမီး ပုဂ္ဂလိကကောလိပ်တစ်ခု ဗုံးခွဲတိုက်ခိုက်ခံရ

    အောက်တိုဘာ ၁၊ ၂၀၂၂
    M-Media

    -အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်က ပုဂ္ဂလိက ကောလိပ်တစ်ခုမှာ မနေ့က အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

    Kaaj လိုခေါ်တဲ့ အဲဒီကျောင်းဟာ ကဘူးလ်မြို့အနောက်ခြမ်းမှာရှိပြီး ကျောင်းသား ၆၀၀ ကျော်လောက်ရှိပါတယ်။ အများစုက အမျိုးသမီးတွေပါ။ ကျောင်းသားတွေဟာ တက္ကသိုလ်စာမေးပွဲအတွက် စာကျက်နေစဥ် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ ၃၀ လောက်ရှိပါတယ်။ ဘယ်အဖွဲ့ကလုပ်လဲဆိုတာ မသိရသေးပါဘူး။ ဒီကျောင်းမှာ တက်ရောက်သူအများစုဟာ ‘ဟာဇရာ’ လူမျိုးတွေ ဖြစ်ပါတယ်။

    ဟာဇရာတွေဟာ အာဖဂန်နစ္စတန်က လူနည်းစုတွေဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့ရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို အမြဲတမ်းလိုလို ခံနေရသူတွေ ဖြစ်ပါတယ်။

    သေဆုံးသူ ၁၉ ဦးရှိတယ်လို့ အစောပိုင်းမှာ ထုတ်ပြန်ထားပေမယ့် အမှန်တကယ်အရေအတွက်ဟာ ဒီထက်ပိုပြီးများမယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

    အသေခံဗုံးခွဲသမားဟာ ကောလိပ်ရှေ့မှာ စောင့်နေတဲ့ အစောင့်ကို သေနတ်နဲ့ပစ်သတ်ပြီးတဲ့နောက် အထဲ၀င်ပြီး အသေခံဗုံးခွဲခဲ့တာ ဖြစ်ပါတယ်။

    အာဖဂန်နစ္စတန်မှာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပြီး တာလီဘန်အစိုးရကတော့ IS အကြမ်းဖက်အဖွဲ့ လက်ချက်လို့ ထုတ်ပြန်ပါတယ်။

    Ref: BBC

  • ယူကရိန်းမှ ဒေသ ၄ ခုကို ရုရှားက ပိုင်နက်ထဲသွတ်သွင်းမည်

    ယူကရိန်းမှ ဒေသ ၄ ခုကို ရုရှားက ပိုင်နက်ထဲသွတ်သွင်းမည်

    စက်တင်ဘာ ၂၉၊ ၂၀၂၂
    M-Media

    -ရုရှားက သိမ်းပိုက်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းက ဒေသ ၄ ခုမှာ ရုရှားနိုင်ငံထဲ ၀င်ရောက်ရေး ပြည်သူဆန္ဒခံယူပွဲ ပြီးဆုံးသွားပြီဖြစ်ပါတယ်။

    ၅ ရက်တာ ကြာမြင့်ခဲ့တဲ့ အဲဒီပြည်သူ့ဆန္ဒခံယူပွဲမှာ စစ်သားတွေက တစ်အိမ်တက်ဆင်း မဲဆန္ဒ လိုက်လံကောက်ခံခဲ့တာပါ။

    ယူကရိန်းပိုက်နက်ရဲ့ ၁၅ ရာခိုင်နှုန်းလောက်ရှိတဲ့ ဒေသလေးခုအတွင်း ရုရှားနဲ့ ပူးပေါင်းလိုတဲ့ မဲဆန္ဒရှင်အရေအတွက်ဟာ ၈၇ ရာခိုင်နှုန်းကနေ ၉၉ ရာခိုင်နှုန်းအထိ ရှိတယ်လို ရုရှားက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

    ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက ဒီပြည်သူ့ဆန္ဒခံယူပွဲဟာ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတဲ့ တရားမ၀င်တဲ့ ဟန်ပြလုပ်ရပ်သာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုထားပါတယ်။

    ဆန္ဒခံယူပွဲလုပ်ခဲ့တဲ့ဒေသတွေက ရုရှားလိုလားသူ ခေါင်းဆောင်တွေဟာ သူတို့ဒေသကို ရုရှားပိုင်နက်အဖြစ် ကြေငြာပေးဖို့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်ကို တောင်းဆိုထားပြီး မကြာခင်မှာ မော်စကိုသွားကာ အပြီးသတ်ကိစ္စတွေ ဆောင်ရွက်ဖို့ ရှိနေပါတယ်။

    သမ္မတပူတင်ရဲ့ အကြံပေး မီခေလို ပိုလ်ဒိုယက်က မိမိတို့ရဲ့ပိုင်နက်ကို စစ်ရေးနည်းလမ်းနဲ့ လွတ်မြောက်စေလိုက်တာလို့ ကင်ပွန်းတပ်ပါတယ်။

    ရုရှားထိပ်တန်းခေါင်းဆောင်တွေက ယူကရိန်းအရှေ့ခြိမ်းဒေသတွေ ရုရှားပိုင်နက်ထဲရောက်လာရင် ကာကွယ်နိုင်ရေး နျူလက်နက်အသုံးပြုဖို့ ၀န်လေးနေမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားထားပါတယ်။

    Ref: Reuters

  • ဖြုတ်ချခံလိုက်ရသည်ဟု သတင်းထွက်နေသည့် ရှီကျင့်ဖျင် ပြန်ပေါ်လာ

    ဖြုတ်ချခံလိုက်ရသည်ဟု သတင်းထွက်နေသည့် ရှီကျင့်ဖျင် ပြန်ပေါ်လာ

    စက်တင်ဘာ ၂၇၊ ၂၀၂၂
    M-Media

    -လက်အောက်ငယ်သားတွေရဲ့ ဖြုတ်ချဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထွက်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဒီကနေ့ နိုင်ငံပိုင် ရုပ်သံမှာ ပြန်ပေါ်လာပါတယ်။

    ဘေဂျင်းက ပြပွဲတစ်ခုကို ရှီကျင့်ဖျင်တစ်ယောက် သူ့တပည့် ၀န်ကြီးချုပ် လီကီကျန်နဲ့အတူ သွားရောက်ကြည့်ရှုခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်ထွန်းကားမှုကို ရှီက ဒီပြပွဲမှာ ချီးကျူးခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် ဥဇဘက်ကစ္စတန်က ပြန်လာပြီးနောက်ပိုင်း ရှီကို ပထမဆုံး လူမြင်ကွင်းမှာ မြင်ရတာဖြစ်ပါတယ်။

    သမ္မတသက်တမ်း ၂ ကြိမ်သာ လုပ်ရမယ်ဆိုတဲ့ အခြေခံဥပဒေက ကန့်သတ်ချက်ကို ရှီကျင့်ဖျင်က ပယ်ဖျက်ထားပါတယ်။

    လာမယ့် အောက်တိုဘာ ၁၆ ရက်နေ့မှာ ၅ နှစ်တစ်ကြိမ် ပြုလုပ်နေကျ တရုတ်ကွန်မြူနစ်ပါတီ ညီလာခံကို ကျင်းပမှာဖြစ်ပြီး၊ ရှီကျင့်ဖျင်ဟာ ပါတီခေါင်းဆောင်အဖြစ် ဆက်လက် ခန့်အပ်ခံရဖို့ ရှိနေပါတယ်။

    ဒါဟာ သမ္မတနေရာကို ၃ ကြိမ်ဆက် ဆက်လက်ရယူသွားမယ်ဆိုတဲ့ သဘောပါ။ ရှီဟာ ဆယ်စုနှစ်များစွာအတွင်း တရုတ်နိုင်ငံရဲ့ သြဇာအကြီးဆုံး ခေါင်းဆောင်တစ်ယောက်အဖြစ် မှတ်ယူခံထားရသူလည်း ဖြစ်ပါတယ်။

    အခြေခံဥပဒေကို ပြောင်းလဲပြီး ရာသက်ပန် သမ္မတလုပ်ချင်နေတဲ့ ရှီကျင့်ဖျင်ကို လက်အောက်ငယ်သားတွေက ဖမ်းဆီးဖြုတ်ချလိုက်ပြီဆိုတဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ကောလဟာလတွေဟာ ရှီကျင့်ဖျင် ပြန်လည်ထွက်ပေါ်လာမှုနဲ့အတူ ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။

    Ref: AP

  • စာလုံးပေါင်းမှား၍ ရိုက်နှက်ခံရသည့် ဇာတ်နိမ့်ကျောင်းသားတစ်ဦး သေဆုံး

    စာလုံးပေါင်းမှား၍ ရိုက်နှက်ခံရသည့် ဇာတ်နိမ့်ကျောင်းသားတစ်ဦး သေဆုံး

    စက်တင်ဘာ ၂၇၊ ၂၀၂၂
    M-Media

    -စာလုံးပေါင်းမှားတဲ့ ဒါလစ် ဇာတ်နိမ့်ကျောင်းသားတစ်ဦးကို ဆရာက ရိုက်နှက်သတ်ဖြတ်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။

    ဒီအဖြစ်အပျက်ဟာ နိုင်ငံမြောပ်ပိုင်း အူတာ ပရာဒက်ရှ်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။

    အသက် ၁၅ နှစ်အရွယ် နီခီလ်ဒိုရီဟာ အခုလအစောပိုင်းက ပြုလုပ်တဲ့ စာမေးပွဲမှာ စာလုံးပေါင်းတစ်လုံး မှားခဲ့ပြီး အဲဒီအတွက် အတန်းပိုင်ဆရာက တုတ်နဲ့ ရိုက်နှက် ကန်ကျောက်ခဲ့ပါတယ်။ အခင်းဖြစ်ချိန်မှာ ဒိုရီတစ်ယောက် သတိလစ်မေ့မြောသွားခဲ့ပြီး အဲဒီဒဏ်ရာနဲ့ပဲ အခုတစ်ပတ် တနင်္လာနေ့မှာ သေဆုံးသွားပါတယ်။

    ကျူးလွန်သူဟာ လက်ရှိမှာ ထွက်ပြေးနေပြီး မကြာခင် ဖမ်းမိလိမ့်မယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    မိသားစုက ဒီအဖြစ်အပျက်ဟာ ဇာတ်နိမ့်တွေအပေါ် မုန်းတီးမှုကို အခြေခံ ဖြစ်ပွားတဲ့ အမုန်းရာဇ၀တ်မှု ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။ အခင်းဖြစ်ပွားတဲ့ အော်ရိုင်ယာခရိုင်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေပြီး ကျူးလွန်သူကို အမြန်ဆုံး အရေးယူဖို့နဲ့ ဒါလစ်လူ့အဖွဲ့အစည်းကို ကာကွယ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

    အိန္ဒိယရဲ့ အခြေခံဥပဒေမှာ ဇာတ်ခွဲခြားမှုစနစ်ကို ပယ်ဖျက်ထားပေမယ့် မြေပြင်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ ဇာတ်နိမ့်တွေအပေါ် ဇာတ်မြင့်တွေရဲ့ တိုက်ခိုက်မှုဟာ ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရတဲ့ ၂၀၁၄ ခုနှစ်ကတည်းက သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

    Ref: Aljazeera

    https://www.aljazeera.com/news/2022/9/27/india-teacher-allegedly-kills-dalit-student-over-spelling-mistake