News @ M-Media

Blog

  • ဂါဇာပြည်သူများအတွက် ရာဖယ်နယ်ခြားကို အီဂျစ်က ၅ ရက်ကြာ ဖွင့်ပေး

    ဂါဇာပြည်သူများအတွက် ရာဖယ်နယ်ခြားကို အီဂျစ်က ၅ ရက်ကြာ ဖွင့်ပေး

    နိုဝင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    gaza

    – အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်နှင့် ထိစပ်နေသော ရာဖာနယ်ခြားအား အီဂျစ်က တနင်္လာနေ့မှစ၍ ၅
    ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူများ၊ နယ်စပ်နှစ်ဖက်စလုံးတွင် ပိတ်မိနေသူများအား ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်သည်။

    အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီ၏ အမိန့်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်ပတွင် ပညာသင်ယူနေသည့် ကျောင်းသားများ၊ လူနာများ၊ ဗီဇာကိုင်ဆောင်သူများအပါအ၀င် ဂါဇာပြည်သူ ရာပေါင်းများစွာမှာ နယ်စပ်ဖြတ်ကျော်ရန် စုဝေးခဲ့ကြသည်ဟု WAFA သတင်းဌာနက ဖော်ပြခဲ့သည်။

    ရာဖာနယ်ခြားကို တစ်နှစ်ပတ်လုံးနီးနီး အီဂျစ်က ပိတ်ဆို့ထားလေ့ရှိပြီး ၂ လ သို့မဟုတ် ၃ လတွင် တစ်ကြိမ်လောက်သာ ဖွင့်ပေးကာ ရက်အနည်းငယ် ကြာမြင့်လေ့ရှိသည်။ အီဂျစ်ကမူ ထိုကဲ့သို့ နယ်စပ်ကို ပိတ်ထားရခြင်းမှာ ဆိုင်းနိုင်းကျွန်းဆွယ်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပြဿနာများကြောင့် ဖြစ်သည်ဟု ဆိုသည်။

    ရာဖာနယ်စပ်သည် ဂါဇာကမ်းမြောင်မှ ပြင်ပကမ္ဘာသို့ ထွက်ခွင့်ရမည့် အဓိက၀င်ပေါက်ဖြစ်သည်။ အခြားထွက်ပေါက်များမှာ အစ္စရေးတွင် တည်ရှိနေပြီး အစ္စရေးစစ်တပ်က အထူးကိစ္စများအတွက်သာလျှင် နယ်စပ်ဖြတ်ကျော်ခွင့်ပေးသည်။

    Ref : IINA

  • မူဆိုးလ်တွင် စာသင်ကျောင်းမှတစ်ဆင့် ကလေး ၄ သိန်းကို IS က မှိုင်းတိုက်ထား

    မူဆိုးလ်တွင် စာသင်ကျောင်းမှတစ်ဆင့် ကလေး ၄ သိန်းကို IS က မှိုင်းတိုက်ထား

    နိုဝင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    mosul

    – ISIS အကြမ်းဖက်အဖွဲ့သည် ၎င်းတို့ခြေကုပ်ယူထားသည့် အီရတ်နိုင်ငံ မိုဆူးလ်မြို့တွင် လွန်ခဲ့သည့် ၂ နှစ်အတွင်း ကလေးငယ်ထောင်ပေါင်းများစွာကို မှိုင်းတိုက်သိမ်းသွင်းခဲ့သည်ဟု အီရတ်လူ့အခွင့်အရေးကော်မရှင်က ပြောကြားလိုက်သည်။

    ၎င်းတို့ အုပ်စိုးခဲ့သည့် ၂ နှစ်တာ ကာလပတ်လုံး ကလေးငယ်များအား ဦးနှောက်ဆေးရန်၊ မုန်းတီးမှု ရိုက်သွင်းရန်၊ အိုင်အက်စ်အပေါ် နာခံစေရန် စာသင်ကျောင်း သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ကျောင်းသား ၄၀၀,၀၀၀ ကျော်၏ ဦးနှောက်ထဲသို့ ၎င်းတို့၏၀ါဒကို ရိုက်သွင်းခဲ့ခြင်းဖြစ်သည်။

    “ISIS သင်ရိုးညွှန်းတမ်းတွေမှာ ကလေးတွေကို အသေခံဗုံးခွဲခါးပတ်တွေ ဘယ်လိုလုပ်ရမလဲ၊ အမျိုးသမီးဓားစာခံတွေကို ဘယ်လိုအသုံးချမလဲဆိုတာနဲ့ ထောင်ချောက်တွေ ဘယ်လိုထောင်ရမလဲဆိုတာတွေ ပါဝင်ပါတယ်” ဟု ကော်မရှင်၏ မီဒီယာဒါရိုက်တာ ဂျာဝဒ် အလ်-ရှမ်ရီက ပြောကြားခဲ့သည်။

    အကယ်၍ ထိုကလေးငယ်များကို စောင့်ရှောက်ကုသမှုများ အမြန်ဆုံးမလုပ်ပါက IS ၏ ၀ါဒများမှာ ၎င်းတို့၏ စိတ်ထဲတွင် စွဲမြဲသွားမည်ဟု အလ်-ရှမ်ရီက သတိပေးခဲ့ပြီး၊ ကုလအနေဖြင့် ထိုလူငယ်များကို ပြန်လည်ထူထောင်ရေး လုပ်ပေးရန်လည်း တိုက်တွန်းခဲ့သည်။

    IS မှာ ကလေးငယ်များကို တိုက်ခိုက်ရေးသင်တန်းများ ပေးသည်ဆိုသည့် သတင်းများမှာ ပြီးခဲ့သည် နှစ်အနည်းငယ်ကတည်းက ထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။

    Ref : RT

  • အမေရိကန်တွင် ပြဿနာကြုံနိုင်သည့် နိုင်ငံသားများကို ကူညီရန် မက္ကဆီကို စီစဉ်

    အမေရိကန်တွင် ပြဿနာကြုံနိုင်သည့် နိုင်ငံသားများကို ကူညီရန် မက္ကဆီကို စီစဉ်

    နိုဝင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    maxico

    – နိုဝင်ဘာ ၈ ရက် သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရခဲ့ပြီးနောက် ဖြစ်လာနိုင်သည့် ပြဿနာများမှ ကာကွယ်ပေးရန် လုပ်ငန်းစဉ်များကို မက္ကဆီကိုနိုင်ငံက ကြေငြာခဲ့ပြီး အဆိုပါအစီအစဉ်တွင် ဖုန်းဖြင့် အကူအညီတောင်းခံနိုင်မှုလည်း ပါဝင်သည်။

    ရွေးကောက်ပွဲ မဲဆွယ်မှုတွင် ထရမ့်မှာ မက္ကဆီကိုများအား လူမျိုးရေး ခွဲခြားစော်ကားမှုများ ရှိခဲ့ပြီး အမေရိကန် မက္ကဆီကို နယ်စပ်တွင် မက္ကဆီကို၏ ကုန်ကျမှုဖြင့် တံတိုင်းတစ်ခု တည်ဆောက်ရမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်းရှိ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများကိုလည်း နှိမ်နှင်းသွားမည်ဟု ဆိုသည်။

    မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အမေရိကန်ရှိ မက္ကဆီကိုနိုင်ငံသားများ စော်ကားမှု၊ လိမ်လည်မှုများကို ရှောင်ရှားနိုင်စေရန်အတွက် မိမိတို့၏ တယ်လီဖုန်းဖြင့်အကြံပြုမှုကို ရွှေ့ပြောင်းအခြေချ လူ့အဖွဲ့အစည်းအထိ ရောက်ရှိအောင် ချဲ့ထွင်သွားမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ၀န်ဆောင်မှုများအတွက် ဖုန်းလိုင်းကိုလည်း ၂၄ နာရီ ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး ရွှေ့ပြောင်းအခြေချသူများ နိုင်ငံကူလက်မှတ်၊ မွေးစာရင်း၊ သံရုံးအသိအမှတ်ပြုကဒ်များ ရရှိရန်အတွက် ၀န်ထမ်းများ ထပ်တိုး ခန့်ထားမည်ဟုလည်း ဆိုသည်။

    မက္ကဆီအနေဖြင့် မိမိတို့၏ နိုင်ငံသားများကို ကာကွယ်ရန်အတွက် အမေရိကန်ရှိ ဖက်ဒရယ်နှင့် ဒေသတွင်း အာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်မှုကို အားကောင်းအောင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ မက္ကဆီကန် ရွှေ့ပြောင်းအခြေချသူများအနေဖြင့် အမေရိကန်ရှိ မည်သည့် ပဋိက္ခအခြေအနေမျိုး၊ ဥပေဒေချိုးဖောက်မှုမျိုးတွင်မှ မပါဝင်ရန်လည်း ၀န်ကြီးဌာနက တိုက်တွန်းခဲ့သည်။

    လက်တင်အမေရိကန်မှ ဆင်းရဲသော ဟွန်ဒူးရပ်စ်၊ ဂွာတီမာလာနှင့် အလ်ဆာဗေဒိုး နိုင်ငံများကလည်း အမေရိကန်ရှိ ၎င်းတို့နိုင်ငံသားများအား ကူညီနိုင်ရေး ပူးပေါင်းမဟာဗျူဟာ ချမှတ်ရန်အတွက် မက္ကဆီကို၏ ပံ့ပိုးမှုရရန် ကြိုးစားနေသည်ဟု ယမန်နေ့တွင် အလ်ဆာဗေဒိုး နိုင်ငံခြားရေးဝန်ကြီးအား ပြောကြားခဲ့သည်။

    Ref: Aljazeera

  • လူဖြူအစွန်းရောက် အကောင့်များစွာကို Twitter ပိတ်ပစ်

    လူဖြူအစွန်းရောက် အကောင့်များစွာကို Twitter ပိတ်ပစ်

    နိုဝင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    twiteer

    – လူဖြူအမျိုးသားရေးဝါဒကျင့်သုံးပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ထောက်ခံကြောင်း ဖော်ပြသည့် လက်ယာစွန်းရောက် လှုပ်ရှားမှုတစ်ခုဖြစ်သော alt-right movement နှင့်ပတ်သက်သူများ၏ အကောင့်များစွာကို Twitter က ပိတ်ပစ်ခဲ့သည်ဟု သိရသည်။

    အမေရိကန်ရှိ အာဖရိကန်-အမေရိကန်များ၊ အာရှသားများ၊ စပိန်နွယ်ဖွားများ၊ ဂျူးနှင့် မွတ်စလင်များကို မောင်းထုတ်ရန် ၀ါဒဖြန့်နေသည့် လူဖြူအမျိုးသားရေးအစွန်းရောက်အဖွဲ့ National Policy Institute ၏ ခေါင်းဆောင်ဖြစ်သူ ရစ်ချက် စပန်ဆာက ၎င်း၏ Twitter အကောင့်၊ အဖွဲ့အကောင့်နှင့် မဂ္ဂဇင်းအကောင့်တို့မှာ ယခုသီတင်းပတ်အတွင်း မည်သည့် အသိပေးမှုမှ မရှိဘဲ ပိတ်သွားခဲ့သည်ဟု ပြောကြားခဲ့သည်။

    alt-right ဟူသော အသုံးအနှုန်းကို တီထွင်ခဲ့သည့် စပန်ဆာက ထိုကဲ့သို့ အကောင့်များအား ပိတ်ပင်လိုက်ခြင်းမှာ ခြားနားသည့် အမြင်ရှိသူများအပေါ် ရည်ရွယ်ပြုလုပ်သည့် တိုက်ခိုက်မှုဖြစ်သည်ဟု သမုတ်ခဲ့သည်။

    “အခုအချိန်က သက္ကရာဇ် ၂၀၁၆ ပါ။ ကျွန်တော်တို့ဟာ ဒစ်ဂျစ်တယ်ကမ္ဘာကြီးထဲမှာ နေထိုင်နေတာပါ။ Twitter ကို သမ္မတတွေက သတင်းစာရှင်းလင်းပွဲလိုမျိုး ထုတ်ပြန်ရာမှာ သုံးသလို၊ မိန်းကလေးတွေကလည်း ဂျက်စတင်ဘီဘာအကြောင်း ပြောတဲ့အခါတွေမှာ သုံးကြပါတယ်။ Twitter က တစ်ချို့ဝဘ်ဆိုက်တွေလိုမျိုး မဟုတ်ပါဘူး။ အများပြည်သူအသုံးပြုတဲ့ နေရာတစ်ခုဖြစ်ပြီး ကျွန်တော်တို့လည်း ဒီလိုနည်းလမ်းနဲ့ သုံးရမှာပါ” ဟု စပန်ဆာ၏ ပြောကြားမှုကို AP သတင်းဌာနက ဖော်ပြခဲ့သည်။

    Twitter ပေါ်တွင် စော်ကားသည့်မှတ်ချက်များ ရေးသားခဲ့မှုကြောင့် ၂၀၁၃ ခုနှစ်တွင် Business Insider ၀ဘ်ဆိုက်၏ နည်းပညာအရာရှိအဖြစ်မှ ထုတ်ပယ်ခံလိုက်ရသည့် ပက် ဒစ်ကင်ဆန်က ၎င်း၏အကောင့်မှာလည်း ပိတ်ခံလိုက်ရပြီး Twitter က မည်သည့် အကြောင်းကြားမှုမှ မပြုလုပ်ခဲ့ကြောင်း၊ မိမိက မေးခွန်းပြန်ထုတ်ထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။

    သို့သော်လည်း ၀ဘ်ဆိုက်ဒါရိုက်တာ ဂျို့စ်ဝှီဒန်ကို လိင်တူချစ်သူ စော်ကားသည့် စာတစ်ခု ပိုခဲ့မိသည့်အတွက် ယခုကဲ့သို့ အပိတ်ခံရခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

    လူဖြူအစွန်းရောက်ဝါဒတွင် နာမည်ကြီးများဖြစ်သော ပေါလ်တောင်း၊ ရစ်ကီ ဗူဂန်နှင့် ဂျွန်ရစ်ဗားတို့၏ အကောင့်များမှာလည်း ယမန်နေ့က အပိတ်ခံခဲ့ရသည်။

    Twitter ကမူ ထိုကိစ္စအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး မိမိတို့၏ ပေါ်လစီတွင် အကြမ်းဖက်ခြိမ်းခြောက်မှု၊ အမုန်းစကားပြောကြားမှု၊ စော်ကားမှုတို့ကို တားမြစ်ထားပြီး ချိုးဖောက်သူများကို အရေးယူသွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • သမာသမတ်မကျဟုဆိုကာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှ ရုရှားထွက်ပြီ

    သမာသမတ်မကျဟုဆိုကာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှ ရုရှားထွက်ပြီ

    နိုဝင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    icc

    – စစ်ရာဇ၀တ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ကိုင်တွယ်ဆုံးဖြတ်သည့် နိုင်ငံတကာရာဇ၀တ်ခုံရုံး ICC မှ ရုရှားနိုင်ငံက နှုတ်ထွက်သည့်အမိန့်ကို သမ္မတပူတင်က လက်မှတ်ရေးထိုးလိုက်သည်ဟု သိရသည်။

    သည်ဟေ့ဂ်အခြေစိုက် အဆိုပါခုံရုံးကို စတင်တည်ထောင်နိုင်မည့် ရောမသဘောတူညီချက်ကို ရုရှားက ၂၀၀၀ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း တရားဝင်အသိအမှတ်ပြုခြင်း မရှိခဲ့ချေ။

    ယမန်နေ့က ရုရှားအစိုးရ၏ ၀ဘ်ဆိုက်တွင် ဖော်ပြခဲ့သော အဆိုပါအမိန့်မှာ ရုရှားက ခရိုင်းမီးယားကျွန်းဆွယ်အား ယာယီသိမ်းပိုက်ထားမှုကို ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက အတည်ပြုခဲ့ပြီး နောက်တစ်နေ့တွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

    ကုလ၏ ဆုံးဖြတ်ချက်တွင် ရုရှားအနေဖြင့် တာတာလူမျိုးများကဲ့သို့ ခရိုင်းမီးယားတွင် နေထိုင်သူအချို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ခွဲခြားဆက်ဆံမှုများ ရှိနေသည်ဟု အပြစ်တင်ထားသည်။

    သမ္မတပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ပက်စကော့ဗ်က ICC မှ နှုတ်ထွက်ရခြင်းမှာ အမျိုးသားအကျိုးစီးပွားကို အခြေခံခြင်းဖြစ်ပြီး အဆိုပါခုံရုံး ဖန်တီးကတည်းက မိမိတို့မှာ တရားဝင်အသိအမှတ်ပြုမှု မရှိခဲ့ဘဲ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည့် ထိုအမိန့်က တရားဝင်သဘောထားဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ICC က စွပ်စွဲသကဲ့သို့ ခရိုင်းမီးယားတွင် လက်နက်ကိုင်ပဋိပက္ခများ မဖြစ်ခဲ့ဘဲ ပြည်သူများ၏ မဲဆန္ဒဖြင့် ခရိုင်းမီးယားက ရုရှားပိုင်နက်အတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် မိမိတို့နိုင်ငံမှာ ဆိုးရွာေးသော နိုင်ငံတကာ ရာဇ၀တ်မှု ကျူးလွန်သူတိုင်းကို တရားဥပဒေအရ အရေးယူရန် အလိုရှိသော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း တရားရုံး၏ ဆောင်ရွက်မှုများကို မိမိတို့အနေဖြင့် စိတ်ပျက်ခဲ့ရကြောင်း ဖော်ပြထားသည်။

    “ဒီတရားရုံးဟာ မျှော်လင့်ထားတာတွေနဲ့ တစ်ခြားစီဖြစ်ခဲ့ပြီး နိုင်ငံတကာတရားရေးရာမှာ လွတ်လပ်တဲ့၊ လေးစားလောက်တဲ့ အဖွဲ့မျိုး မဖြစ်ခဲ့ပါဘူး” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ကာ တရားရုံး၏ ၁၄ နှစ်တာ ကာလအတွင်း ပြစ်ဒဏ်လေးကြိမ်သာ ချမှတ်နိုင်ခဲ့ပြီး ကုန်ကျစားရိတ်မှာ ကန်ဒေါ်လာ ၁ ဘီလီယံရှိသည်ဟုလည်း ထောက်ပြခဲ့သည်။

    ရုရှားက ထိုသို့ ကြေငြာပြီး နာရီအနည်းငယ်မှာပင် ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲက ICC နှင့်ပတ်သက်၍ ကာကွယ်ပြောကြားခဲ့ပြီး ရုရှားကို မထွက်ရန် မေတ္တာရပ်ခံခဲ့သည်။

    ခုံရုံးကို အာဖရိကနိုင်ငံများကလည်း ဝေဖန်မှုများပြုလုပ်ထားပြီး မိမိတို့ဒေသကိုသာ အာရုံစိုက် အရေးယူနေသည်ဟု ဆိုသည်။

    Ref : Aljazeera