News @ M-Media
Blog
  • လိုအပ်ချက်များ မဖြည့်ဆည်းပေးသဖြင့် ဂါဇာကမ်းမြှောင်မှ ကုလ၀န်ထမ်းများ ဆန္ဒပြ
    လိုအပ်ချက်များ မဖြည့်ဆည်းပေးသဖြင့် ဂါဇာကမ်းမြှောင်မှ ကုလ၀န်ထမ်းများ ဆန္ဒပြ
    နိုဝင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    unrwa
    – ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ကူညီရေးအဖွဲ့ UNRWA မှ ၀န်ထမ်းရာပေါင်းများစွာသည် ၎င်းတို့၏ တောင်းဆိုချက်များကို ကုလသမဂ္ဂက ဖြည့်ဆည်းပေးခြင်းမရှိသည့်အတွက် အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်တွင် တနင်္လာနေ့က ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ဆန္ဒထုတ်ဖော်သူများက “ကျွန်ုပ်တို့မှာ လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်ခွင့်ရှိသည်” “အလုပ်ခွင်လုံခြုံရေးဘယ်မှာလဲ” “အကူအညီဖြတ်တောက်ခြင်းဟာ ဒုက္ခသည်ပြဿနာဖြစ်အောင် ဇာတ်လမ်းထွင်မှု ဖြစ်သည်” အစရှိသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
    UNRWA ၏ ၀န်ထမ်းများသမဂ္ဂအဖွဲ့မှ ခေါင်းဆောင် ဆူဟေးလ် အလ်-ဟင်ဒီက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းကို အကူအညီဖြတ်တောက်ခြင်းကဲ့သို့ ပြဿနာများ၏ နောက်ကွယ်မှ အကြောင်းများ၊ ဂါဇာနှင့် အနောက်ဖက်ကမ်းရှိ ဒုက္ခသည်များနှင့် ၀န်ထမ်းများ၏ လူနေမှုအခြေအနေ ဆိုးရွားမှုများအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။
    ထို့ပြင် မိမိတို့အဖွဲ့အနေနှင့် ကုလသမဂ္ဂ အုပ်ချုပ်ရေးပိုင်းအပေါ် ဆက်လက်ဆန္ဒပြသွားမည်ဟု သတိပေးပြောဆိုခဲ့သည်။
    UNRWA ၀န်ထမ်းများမှာ ဆန္ဒပြမှုအပြင် တစ်ရက်တာ သပိတ်မှောက်မှုလည်း ပြုလုပ်ခဲ့ပြီး၊ စာသင်ကျောင်းများ၊ ဆေးခန်းများ၊ စီမံကိန်းစင်တာများ၊ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ဂါဇာအခြေစိုက် ဒေသဆိုင်ရာ ရုံးခန်းမှ ၀န် ထမ်းများ ပါဝင်ခဲ့သည်။
    Ref; IINA
  • ဂျပန်လူမျိုးတစ်ဦးကို သတ်ဖြတ်ခဲ့သည့် လူ ခုနှစ်ဦးကို ဘင်္ဂလားဒေ့ရှ် တရားစွဲ
    ဂျပန်လူမျိုးတစ်ဦးကို သတ်ဖြတ်ခဲ့သည့် လူ ခုနှစ်ဦးကို ဘင်္ဂလားဒေ့ရှ် တရားစွဲ
    နိုဝင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    bnag-2
    – ယမန်နှစ်က မတရားသင်းကြေညာထားသည့် စစ်သွေးကြွအဖွဲ့မှ အဖွဲ့ဝင်ခုနှစ်ဦးကို ဂျပန်အမျိုးသားတစ်ဦးအား သတ်ဖြစ်မှုအတွက် ဘင်္ဂလားဒေ့ရှ်တရားရုံးက တရားစွဲဆိုလိုက်သည်ဟု သိရသည်။
    အသတ်ခံရသူမှာ အသက် ၆၅ နှစ်အရွယ် ကူနီအို ဟိုရှီဖြစ်ပြီး နိုင်ငံမြောက်ပိုင်း ရန်ပူးရ်ခရိုင်ရှိ စိုက်ခင်းစီမံကိန်းတစ်ခုသို့ သွားနေစဉ် ဆိုင်ကယ်ပေါ်မှ သေနတ်သမားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထိုအဖြစ်အပျက်မှာ ဒါကာမြို့ သံတမန်ရပ်ကွက်တွင် အီတလီ ပရဟီတသမားတစ်ဦး ထိုနည်းအတိုင်း အသတ်ခံခဲ့ရပြီးနောက် တစ်ပတ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    အဆိုပါ သေနတ်သမားများမှာ ဘင်္ဂလားဒေ့ရှ် ဂျမာအာသွလ်မူဂျာဟစ်ဒင်အဖွဲ့မှဖြစ်ပြီး လူသတ်မှုဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုခံရသူများအနက်ငါးဦးက ၎င်းတို့၌ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပြီး နောက်ထပ်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။
    ဂျမာအာသွလ် မူဂျာဟစ်ဒင်အဖွဲ့မှာ IS အကြမ်းဖက်အဖွဲ့အား သစ္စာခံသည့်အဖွဲ့ဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့က ဒါကာရှိ သံတမန်ရပ်ကွက်မှ ကော်ဖီဆိုင်ကို တိုက်ခိုက်မှုကိုလည်း ၎င်းတို့က ပြုလုပ်သည်ဟု ရဲတပ်ဖွဲ့က ယူဆနေသည်။ ထိုတိုက်ခိုက်မှုတွင် နိုင်ငံခြားသား အများစုအပါအ၀င် ၂၂ ဦး သေဆုံးခဲ့ပြီး ၁၂ နာရီကြာ စီးနင်းမှုကို လုံခြုံရးတပ်ဖွဲ့က ဖြိုခွင်းနိုင်ခဲ့ကာ သေနတ်သမား ၅ ဦး သေဆုံးခဲ့သည်။
    Ref : CNA
  • လာဘ်စားသည့် စီးပွာကူးသန်းဝန်ကြီး ရုရှား တရားစွဲ
    လာဘ်စားသည့် စီးပွာကူးသန်းဝန်ကြီး ရုရှား တရားစွဲ
    နိုဝင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    russia
    – ရုရှားစီးပွားရေးဝန်ကြီး အလက်စ်ကီ ယူကာယက်ဗ်ကို လာဘ်စားမှုနှင့် ခြိမ်းခြောက်ငွေတောင်းခံမှုတို့ဖြင့် တရားဝင်ရုံးတင် တရားစွဲဆိုလိုက်သည်ဟု ရုရှားစုံစမ်းရေးကော်မတီက ပြောကြားလိုက်သည်။
    ရုရှား၏ ထိပ်တန်းရေနံကုမ္ပဏီ Rosneft ၏ ထုတ်ကုန်ပစ္စည်များအပေါ် ဘဏ္ဍာရေးဆိုင်ရာ အကဲဖြတ်ချက်များနှင့် ကောင်းမွန်သည် ထောက်ခံချက် ပေးရန်အတွက် ဒေါ်လာ ၂ သန်း လာဘ်ငွေတောင်းခံခဲ့ခြင်းဖြစ်ပြီး လာဘ်ငွေရယူသည့်အချိန်တွင် လက်ရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
    စုံစမ်းရေးကော်မတီ၏ ထုတ်ပြန်ချက်အရ ယူကာယက်ဗ်သည် ၎င်းအနေနှင့် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ၀န်ကြီးရာထူး အရှိန်အ၀ါကို အသုံးပြု၍ အနှောင့်အယှက်ပေးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဆိုသည်။ Rosneft ကုမ္ပဏီမှ တာဝန်ရှိသူများကမူ ယူကာယက်ဗ်၏ ထိုလုပ်ရပ်ကို စုံစမ်းစစ်ဆေးရေးကော်မတီသို့ သတင်းပေးပိုခဲ့သည်။
    ကော်မတီ၏ တာဝန်ရှိသူများက ယူကာယက်ဗ်အား နေအိမ်အကျယ်ချုပ်ချထားရန် တရာရုံးတွင် လျှောက်ထားခဲ့သည်။
    အပြစ်ရှိကြောင်း တွေ့ရှိရပါက ယူကာယက်ဗ်မှာ အမြင့်ဆုံးပြစ်ဓာဒ်အဖြစ် လာဘ်ယူထားသည့် ပမာဏ၏ အဆ ၈၀ မှ အဆ ၁၀၀ ရှိသည့် တန်ဖိုးကို ပေးလျော်ရမည်ဖြစ်ပြီး အစိုးရတာဝန်များကို ထမ်းဆောင်ခြင်းမှ ၁၅ နှစ် ရပ်ဆိုင်းခံရမည်ဖြစ်သည်။
    သို့မဟုတ်ပါက ထောင်ဒဏ် ၁၅ နှစ်နှင့် လာဘ်ငွေပမာဏ၏ အဆ ၇၀ ပေးလျော်ရနိုင်သည်။
    Ref : RT
  • အမှားပြင်ဆင်ခြင်းနှင့် M-Media ပရိတ်သတ်အား အသိပေးတောင်းပန်ခြင်း
    အမှားပြင်ဆင်ခြင်းနှင့် M-Media ပရိတ်သတ်အား အသိပေးတောင်းပန်ခြင်း
    နိုဝင်ဘာ ၁၆ ၊ ၂၀၁၆
    M-Media
    နိုဝင်ဘာ ၁၅ ရက်နေ့ (ယမန်နေ့) တွင် မိမိတို့ M-Media မှ ” ပြည်သူမကြိုက်သည့် တောင်ကိုရီးယားသမ္မတ ရာထူးမှ နှုတ်ထွက်ပြီ” သတင်းခေါင်းစဉ်ဖြင့် ဘာသာပြန် သတင်းတပုဒ်ကို တင်ဆက်ခဲ့ပါသည်။
    အဆိုပါပို့စ်မှာ CNN သတင်းဌာန အမည်ဖြင့် ဆင်တူယိုးမှား ဖြစ်အောင် ထုတ်လွှင့်ခဲ့သည့်   http://cnn-alive.com  တွင်ဖော်ပြထားသည်ကို အခြေခံ၍ ရေးသားထားခြင်းဖြစ်ပြီး ထိုသတင်းမှာ ခိုင်မာမှုမရှိဘဲ လုပ်ကြံဖန်တီးထားသည့် သတင်းဖြစ်ကြောင်း  နောက်ပိုင်းတွင် တွေ့ရှိခဲ့ရပါသည်။
    ယခုအခါ အဆိုပါ တောင်ကိုးရီးယား သမ္မတ နှုတ်ထွက်သည့် သတင်းကို M-Media  ၀ဘ်ဆိုက်နှင့် Facebook စာမျက်နှာ ၂ ခုစလုံးမှ ပြန်လည် ဖြုတ်ချခဲ့သည်ကို ပရိတ်သတ်များအား အသိပေးအပ်ပါသည်။ ထိုကဲ့သို့ မှားယွင်းဖော်ပြခဲ့မှုအတွက်လည်း M-Media စာဖတ် ပရိတ်သတ်ကို အနူးအညွတ်တောင်းပန်လိုပြီး၊ နောင်တွင် ထိုကဲ့သို့ မဖြစ်စေရန် ဂရုတစိုက် ဆောင်ရွက်သွားပါမည်။
  • ၀ါရှင်တန်မှ ကုရ်အာန်ပြပွဲတွင် သက်တမ်းရင့်လက်ရေးမူများ ပါဝင်
    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media
    quran
    – အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီတွင် ကုရ်အာန်ဆိုင်ရာ အနုပညာပြပွဲတစ်ခုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စတင်ခဲ့ပြီး သမိုင်းတစ်လျှောက် အဖိုးမဖြတ်နိုင်သည့် လက်ရေးမှုပေါင်း ၆၀ ကျော် ပါဝင်ခဲ့သည်ဟု သိရသည်။
    ပြပွဲတွင် ပြသထားသည့် အဆိုပါလက်ရာများမှာ မြောက်အာဖရိကမှ တူရကီ၊ အီရန်နှင့် အာဖဂန်နစ္စတန်တို့အထိ အစ္စလာမ်ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်ကျော်အရင်က ရေးသားခဲ့သည့် လက်ရာများဖြစ်သည်။
    The Art of the Quran ဟု အမည်ပေးထားသည့် အဆိုပါ ပြပွဲကို စာကြည့်တိုက်နှင့် သုတေသနလုပ်ငန်းများ လုပ်ဆောင်ရာတွင် နမည်ကျော်သော Smithsonian Institution အသင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် Arthur M. Sackler Gallery အနုပညာပြခန်းတွင် ပြလုပ်ခြင်းဖြစ်ကာ ပြခန်းတာဝန်ခံ မာဆူမာ ဖာဟဒ်က ကုရ်အာန်လက်ရာများကို စုဆောင်းရသည့် တာဝန်ကို ရယူထားသည်။
    ပြခန်းသို့ လာရောက်သူများ ပထမဆုံး တွေ့မြင်ရန်အတွက် ချိတ်ဆွဲထားသည့် အရောင်အသွေးစုံလင်၍ ကြီးမားသော လက်ရေးမူ ကားချပ်နှင့်ပတ်သက်၍ သူမက “ဒါဟာ အကြီးဆုံးနဲ့ အလေးချိန်အစီးဆုံးပါ။ ဒီကားရဲ့ အလေးချိန်က ၆၀ ကီလိုလောက် ရှိပါတယ်။ အင်မတန် အံ့သြမှင်သက်လောက်စရာပါပဲ။ ဒီကားချပ်တွေဟာ အဓိကအားဖြင့် ခန့်ထည်အောင် ချိတ်ဆွဲဖို့ဖြစ်ပါတယ်။ အဲဒီကားတွေကို ဗလီတွေ၊ ဂူဗိမာန်တွေမှာ ချိတ်ဆွဲဖို့အတွက် လက်ဆောင်ပေးကြတာမျိုးပါ” ဟု ပြောကြားခဲ့သည်။
    ပြပွဲတွင် ခင်းကျင်းပြသထားသည့် လက်ရာအများစုမှာ အစ္စတန်ဘူလ်ရှိ တူရကီနှင့် အစ္စလာမ့်အနုပညာဆိုင်ရာ ပြတိုက်မှဖြစ်ပြီး အချို့လက်ရာများမှာ Smithsonian Institution အသင်း၏ ကိုယ်ပိုင်စုဆောင်းမှုဖြစ်သည်။
    သက်တမ်းအရင့်ဆုံး ကုရ်အာန်လက်ရေးမူမှာ ၇ ရာစုက ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တွင် ရေးသားခဲ့သည့် လက်ရေးမူဖြစ်ပြီး သက်တမ်းအနုဆုံးမှာ ၁၇ ရာစု အစ္စတန်ဘူလ်မှ လက်ရာဖြစ်သည်။
    အချို့သော လက်ရာများကမူ အော်တိုမန် ဆူလ်တန်ဘုရင်များ မြှုပ်နှံထားရှိရာ ဂူဗိမာန်များမှ ရရှိခြင်းဖြစ်သည်။
    ဖာဟဒ်က ပြခန်းတွင် ခင်းကျင်းပြသထားသည့် လက်ရေးမူတစ်ချို့တွင် ကျမ်းချက်များက အတူတူပင် ဖြစ်သော်လည်း ရေးဟန်မှာ ကွဲပြားကြောင်း၊ ပညာရှင်တိုင်းက ၎င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကုရ်အာန်ကျမ်းတော်မြတ်ကို အထူး အနုပညာလက်ရာများဖြင့် ရေးသားခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    “ဥပမာအားဖြင့် စာပန်းချီပညာရှင် ယာကွတ်ရဲ့ လက်ရာတစ်ခုပေါ့ရှင်။ သူက ၁၂ ရာစုနှောင်းပိုင်းနဲ့ ၁၃ ရာစု အစောပိုင်းတွေမှာ အစ္စလာမ်ကမ္ဘာရဲ့ အကြီးကျယ်ဆုံး စာပန်းချီပညာရှင်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်”
    အဆိုပါပြပွဲတွင် စာပန်းချီများ၏ လှပမှုနှင့် ကုရ်အာန်ကျမ်းတော်မြတ်၏ အသေးစိတ် အချက်အလက်များကို တွေ့မြင်ရမည်ဖြစ်ပြီး အချို့သော လက်ရေးမူများအတွက် ၎င်းတို့ကို ဖန်တီးသူများ၊ အစောပိုင်း ပိုင်ရှင်များအကြောင်းကိုလည်း ဖော်ပြထားသည်။
    “ဘယ်လို စိတ်ဝင်စားမှုမျိုးပဲ ရှိနေပါစေ။ လာရောက်လာပတ်သူတွေဟာ ဒီအကြောင်းအရာတွေထဲက အချို့ကို ရသွားမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ တစ်ချို့က စာပန်းချီကို စိတ်ဝင်စားမယ်။ တစ်ချို့ကလည်း စာပန်းချီပညာရှင် တစ်ဦးချင်းစီကို စိတ်ဝင်စားမယ်၊ ဒါမှမဟုတ် အရောင်တောက်တောက်လေး ရေးထားတဲ့ လက်ရာမျိုးကို သဘောကျကြမယ်။ ကျွန်မတို့ ပြသသထားတဲ့ ပုံစံမျိုးက လာရောက်သူတွေကို တစ်ခုခုပေးဖို့ မျှော်လင့်တာ ဖြစ်ပါတယ်” ဟု ဖာဟဒ်က ပြောကြားခဲ့သည်။
    Sackler Gallery တွင် ပြသထားသည့် အဆိုပါပြပွဲကို ၂၀၁၇ ခုနှစ် ဖော်ဝါရီ ၂၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။
    Ref: VOA