News @ M-Media

Blog

  • အသုံးစားရိတ်လျှော့ချရေး ဗြိတိန်စစ်တပ်က တပ်ပိုင်မြေများ ထုတ်ရောင်းမည်

    အသုံးစားရိတ်လျှော့ချရေး ဗြိတိန်စစ်တပ်က တပ်ပိုင်မြေများ ထုတ်ရောင်းမည်

    နိုဝင်ဘာ ၉၊ ၂၀၁၆
    M-Media

    uk
    ဗြိတိသျှကာကွယ်ရေးဝန်ကြီး မိုက်ကယ် ဖော်လန်

    – စစ်တပ်၏ အသုံးစားရိတ်ကို လျှော့ချရန်နှင့် အိမ်ယာများ ဆောက်လုပ်နိုင်ရေး မြေများ ပိုထွက်လာစေရန်အတွက် တပ်ပိုင်မြေ ၅၆ နေရာကို ရောင်းချသွားမည်ဟု ဗြိတိသျှကာကွယ်ရေးဝန်ကြီး မိုက်ကယ် ဖော်လန်က ပြောကြားခဲ့သည်။

    ယမန်နေ့က လွှတ်တော်တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ တပ်ပိုင်မြေများကို ရောင်းချမှုများမှာ ကာကွယ်ရေးဌာန၏ အသုံးစားရိတ် စီမံခန့်ခွဲမှုကောင်းမွန်လာစေမည့် ပိုင်ဆိုင်မှု ပြည်လည်သုံးသပ်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    “(ရတဲ့ငွေတွေကို) လိုအပ်တဲ့နေရာတွေမှာ သုံးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ပိုမိုကောင်းမွန်တဲ့လက်နက်ကိရိယာ အဆောင်အယောင်တွေ ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး သူတို့ရဲ့ မိသားစုဝင်တွေအတွက်လည်း ပိုကောင်းတဲ့ အစီအမံတွေ စီစဉ်ပေးနိုင်မှာဖြစ်ပါတယ်”

    ဗြိတိန်အစိုးရသည် ယခင်ကလည်း တပ်ပိုင်မြေ ၃၅ နေရာကို ရောင်းချခဲ့ပြီးဖြစ်သည်။ ယခုအစီအစဉ်သစ်တွင် တပ်ပိုင်မြေဧကပေါင်း ၂၃၀၀၀ ခန့်ကို လက်လွှတ်မည်ဖြစ်ပြီး ထိန်းသိမ်းစားရိတ် ပေါင် သန်း ၄၀ သက်သာစေမည်ဖြစ်သည်။ အဆိုပါအကျယ်အ၀န်းသည် လာမည့် ၁၀ နှစ်အတွင်း အိမ်ခြေ ၅၅၀၀၀ ဆောက်လုပ်ရန် လုံလောက်သည့် အကျယ်အ၀န်းဖြစ်သည်ဟု ဖော်လန်က ပြောကြားခဲ့သည်။

    ယင်းမြေနေရာများအနက် ၈ ခုမှာ စကော့တလန်တွင် ဖြစ်ပြီး သုံးခုမှာ ဝေးလ်စ်နှင့် အိုင်ယာလန်မြောက်ပိုင်းတို့တွင် ဖြစ်သည်။ ကျန်မြေနေရာများသည် အင်္ဂလန်တွင် တည်ရှိသည်။

    Ref : Press TV

  • မလေးရှားက မွတ်စလင်အမျိုးသမီးများ လက်ထပ်ရန် အနိမ့်ဆုံးအသက်ကို ၁၈ နှစ်သို့ တိုးမြှင့်မည်

    မလေးရှားက မွတ်စလင်အမျိုးသမီးများ လက်ထပ်ရန် အနိမ့်ဆုံးအသက်ကို ၁၈ နှစ်သို့ တိုးမြှင့်မည်

    နိုဝင်ဘာ ၉၊ ၂၀၁၆
    M-Media

    malay

    – ဆယ်ကျော်သက် မိန်းကလေးများ ကိုယ်ဝန်ဆောင်မှုနှုန်းကို လျှော့ချရန်နှင့် ကလေးငယ်များအား ကာကွယ်စောင့်ရှောက်မှု အားကောင်းစေရန် ကြိုးပမ်းမှုအဖြစ် မလေးရှားက မွတ်စလင်အမျိုးသမီးငယ်များ အိမ်ထောင်ပြုနိုင်မည့် အနိမ့်ဆုံးအသက်ကို ၁၈ နှစ်သို့ တိုးမြှင့်ရန် အဆိုပြုလိုက်သည်ဟု သိရသည်။

    လက်ရှိအသုံးပြုနေသော လက်ထက်ထိမ်းမြားမှုနှင့် ကွာရှင်းမှုဆိုင်ရာအက်ဥပဒေကို ပြင်ဆင်ရရမည့် အဆိုပါ အဆိုပြုချက်နှင့်ပတ်သက်၍ မလေးရှား၏ အမျိုးသမီး၊ မိသားစုနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက နိုင်ငံတော် ဘာသာရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း ၀န်ကြီး ရိုဟာနီ အဘ်ဒူလ် ကရင်မ်က ပြောကြားခဲ့သည်။

    မလေးရှားတွင် အသက် ၁၆ နှစ်အောက် မွတ်စလင်မိန်းကလေးငယ်များ လက်ထပ်လိုပါက အစ္စလာမ့်တရားရုံး၏ ခွင့်ပြုချက်ကို တောင်းခံရသည်။ သို့သော်လည်း ကလေးအခွင့်အရေးလှုပ်ရှားသူများကမူ တရားရုံးများမှာ ထိုခွင့်ပြုချက်များကို အလွယ်တကူ ထုတ်ပေးလေ့ရှိသည်ဟု ဆိုသည်။

    အချို့သော မုဒိမ်းကောင်များမှာ ၎င်းတို့ ထောင်ဒဏ်ကျခံရမည်ကို ရှောင်ရှားရန်အတွက် ထိုစနစ်ကို အလွဲသုံးစားပြု၍ အသက် ၁၃ နှစ်အရွယ်ကဲ့သို့ ငယ်ရွယ်သော ကလေးငယ်များ အတင်းအဓမ္မ လက်ထပ်ခိုင်းကြသည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

    ကွာလာလမ်ပူတွင် ယူနီဆက်ဖ်က ဦးဆောင်ပြုလုပ်သည့် ကလေးအခွင့်အရေးဖိုရမ်တွင် ၀န်ကြီးက မိမိတို့အနေဖြင့် အဆိုပါ လက်ထပ်ထိမ်းမြားမှုဥပဒေပြင်ဆင်ရေးအတွက် စောင့်ကြည့်သွားရန် လုပ်ငန်းအဖွဲ့တစ်ခုကို ဥပဒေရေးရာဝန်ကြီး ဦးဆောင်ကာ ဖွဲ့စည်းထားသည်ဟုလည်း ပြောကြားခဲ့သည်။

    “အခုက မိန်းကလေးအတွက် ၁၆ နှစ်၊ ယောက်ျားလေးအတွက် ၁၈ နှစ်ပါ။ ဒါနဲ့ပတ်သက်လို့ ကျွန်မတို့ သိပ်ကျေနပ်တာတော့ မဟုတ်ပါဘူး။ မိန်းကလေးတွေအတွက် အသက် ၁၈ နှစ်အထိ တိုးမြှင့်ချင်ပါတယ်။ ဒီလိုတိုးမြှင့်ဖို့ကို ကျွန်မတို့က အသိပညာတိုးမြှင့်ရေး လှုပ်ရှားမှုတွေကနေတစ်ဆင့် ပြုလုပ်သွားမှာပါ” ဟု ၀န်ကြီး ရိုဟာနီက ပြောကြားခဲ့သည်။

    ထို့ပြင် မုဒိမ်းကောင်များအနေဖြင့် ၎င်းတို့ ကျူးလွန်သူများကို လက်ထပ်ရန် ကြိုးစားမှုအား ပိတ်ပင်သည့် ဥပဒေကို ပြဌာန်းသွားမည်လားဟု မေးမြန်းရာတွင် ၀န်ကြီးက

    “ဒါကလည်း ဒီအစီအစဉ်မှာ ပါဝင်ပါတယ်။ အဓမ္မပြုကျင့်မှု၊ အဓမ္မပြုကျင့်မှုပုံစံအားလုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် အတိမ်အနက်ကို ကျွန်မတို့ သုံးသပ်နေပြီး ဒီဥပဒေတွေကို ပိုပိုတင်းကျပ်စေဖို့ ရည်ရွယ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    တက်ကြွလှုပ်ရှားသူများကမူ ဥပဒေကြောင်းအရ အကာအကွယ်ပေးမှုမှာ အရေးကြီးပြီး ပြည်သူများ၏ ယူဆချက်များကို ပြောင်းလဲခြင်း၊ ကိုယ်ဝန်ဆောင်နှင့်သက်ဆိုင်သည့် ထောက်ပံ့မှုများကို ပေးအပ်ခြင်းတို့ မရှိပါက ကလေးငယ်များ လက်ထပ်မှုကို အဆုံးသတ်ရန် အစိုးရ၏ကြိုးပမ်းမှုတွင် အခက်အခဲနှင့် ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သည်။

    ၂၀၁၅ ခုနှစ်အတွင်း မလေးရှားတွင် ကလေးငယ်များ ကိုယ်ဝန်ဆောင်မှု ၁၃၈၀၀ ရှိခဲ့ပြီး ဆာဘားနှင့် ဆာရာဝက်ပြည်နယ်များတွင် ထိုအရေအတွက်မှာ အမြင့်ဆုံးဖြစ်သေည်။ သို့သော်လည်း ၂၀၁၄၊ နှစ် ၂၀၁၃ တို့ထက်ယှဉ်လျှင် ကျဆင်းခဲ့သည်။

    Ref: Channelnewsasisa

  • အေကို အဘ်ဒူလ်ရဟ်မန် (သို့မဟုတ်) အီရတ်၏ ခေတ်သစ် ကာ့ဒ်သူရဲကောင်း

    အေကို အဘ်ဒူလ်ရဟ်မန် (သို့မဟုတ်) အီရတ်၏ ခေတ်သစ် ကာ့ဒ်သူရဲကောင်း

    နိုဝင်ဘာ ၉၊ ၂၀၁၆
    M-Media

    iraq
    ၎င်းကယ်တင်ပေးခဲ့သူများနှင့်အတူ တွေ့ရသည့်အဘ်ဒူလ် ရဟ်မန် (လယ်)

    – အေကို အဘ်ဒူလ်ရဟ်မန်တစ်ယောက် ကီရ်ကွတ်မြို့ဝန်းကျင်ကို ၀ိုင်းလာသည့် IS စစ်သွေးကြွများ၏ တိုက်ခိုက်မှုကို ခံရသည့်အခါ ၎င်းအနေဖြင့် အကာအကွယ်ရှာရတော့မည်ဆိုသည်ကို သဘောပေါက်ခဲ့သည်။

    ကာ့ဒ်တပ်ဖွဲ့ဖြစ်သည့် Kurdish Peshmerga အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ၎င်းက ကျည်ကာကားတစ်စီး မဖြစ်မနေ၀ယ်ယူရန် ဆုံးဖြတ်ခဲ့သည်။ သို့သ်ာလည်း ၎င်း၏ ထိုကားက ဒါဇင်နှင့်ချီသော လူများကို ကယ်တင်နိုင်လိမ့်မည်ဆိုသည့်အတွေးမျိုး ၎င်းတွင် အနည်းငယ်မှပင်မရှိခဲ့။

    ကားဝယ်ရန် လှည့်ပတ်ကြည့်ရှုခဲ့ပြီးနောက် အဘ်ဒူလ်ရဟ်မန်မှာ ၁၉၉၀ပြည့်နှစ်မော်ဒယ် BMW ကျည်ကာကားတစ်စီးကို ဒေါ်လာ ၁၀၀၀၀ ဖြင့် လေလံတစ်ခုတွင် ၀ယ်ယူခဲ့သည်။

    “ကျွန်တော် ကျည်ကာကားကို ၀ယ်လိုက်တော့ ကျွန်တော့်မိတ်ဆွေတွေက အရမ်းပျော်ရွှင်ခဲ့ကြပါတယ်။ ကီရ်ကွတ်က ရှေ့တန်းစစ်မျက်နှာကို ကျွန်တော်တို့ အဲဒီကားနဲ့မောင်းသွာတယ်။ IS ရဲ့ ကားနဲ့လိုက်ပစ်တာ၊ လမ်းဘေးဗုံးထောင်ထားတာတွေကို မကြောက်ခဲ့ပါဘူး” ဟု ၎င်းက ဖွင့်ဟခဲ့သည်။

    အသက် ၃၂ နှစ်အရွယ် အဘ်ဒူလ်ရဟ်မန်မှာ ဇနီး၊ ကလေး ၄ ယောက်နှင့် အတူ ကီရ်ကွတ်မြို့တောင်ဖက် ၂၃ ကီလိုမီတာအကွာ တာဇာ ခူမာတူဆိုသည့် မြို့လေးတွင် နေုထိုင်သူဖြစ်သည်။

    အောက်တိုဘာ ၂၁ ရက်နေ့က IS စစ်သွေးကြွများမှာ ရေနံကြွယ်ဝသည့် ကီရ်ကွတ်မြို့အား ကြိုတင်ပြင်ဆင်တိုက်ခိုက်ခဲ့ပြီး မြို့တစ်ဝိုက်ရှိ လုံခြုံရေးတပ်ဖွဲ့များနှင့် အရပ်သားများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုအတွင်း ၆၄ ဦး သေဆုံးခဲ့ပြီး IS စစ်သွေးကြွများဖက်မှ ၈၆ ဦး သေဆုံးခဲ့သည်။

    အရပ်သားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော်မှာလည်း ဒဏ်ရာရခဲ့ပြီး အများစုမှာ IS အကြမ်းဖက်သမားများ၏ ထင်ရာမြင်ရာ ပစ်ခတ်မှုများကြောင့် သောင်တင်နေကြကာ၊ တိုက်ခေါင်မိုးပေါ်များမှ ပစ်ခတ်သည့် IS ၏ စနိုက်ပါများကြောင့် ပိတ်မိနေသူများလည်း ရှိခဲ့သည်။

    စနိုက်ပါလက်ချက်

    iraq-2
    IS ၏ စနိုက်ပါလက်ချက်များ ထိထားသည့် အဘ်ဒူလ်ရဟ်မန်၏ BMW ကား

    ထိုအချိန်တွင် ဘဒ်ဒူလ်ရဟ်မန်တစ်ယောက် ဘာလုပ်ရမလဲဆိုသည်ကို သိခဲ့သည်။

    “ပြည်သူတွေကိုကူညီဖို့ အချိန်ကျနေပြီပဲ လို့ ကျွန်တော် ရေရွတ်ခဲ့တယ်။ အဲဒီအချိန်ဟာ ဒါမျိုးလုပ်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ ကျွန်တော် တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်တယ်။ နောက်ပြီး ကျည်ကာကားတစ်စီးလည်း ကျွန်တော့်မှာရှိတယ်။ ကျွန်တော် မကူညီဘူးဆိုရင်တော့ တော်တော် ရှက်စရာကောင်းမှာပါ”

    အဘ်ဒူလ်ရဟ်မန်မှာ ၎င်း၏ BMW ကားဖြင့် မြို့တစ်ဝိုက်ရှိ ဒဏ်ရာရသူများကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်။ IS သေနတ်သမားများကတော့ ၎င်း၏ ကားကို ရစရာမရှိအောင် ပစ်ကြသည်။

    “ကျွန်တော့်ပြည်သူတွေ ဒုက္ခရောက်နေတယ်။ သူတို့ ကျွန်တော့်ကိုလိုအပ်တယ်။ ကျွန်တော့်မြို့လည်း အန္တရာယ်ကျရောက်နေတယ်။ ကျွန်တော်ကာကွယ်ဖို့လိုတယ် ဆိုပြီး အဆက်မပြတ် ရေရွတ်နေခဲ့ပါတယ်” ဟု အဘ်ဒူလ် ရဟ်မန်က ပြောကြားခဲ့သည်။

    “တိုက်ပွဲဖြစ်တဲ့နေရာကို ရောက်တဲ့အခါ လူတော်တော်များများ မြေပြင်ပေါ်မှာ လဲနေကြပါတယ်။ IS ရဲ့ စနိုက်ပါ၊ တွေ့ကရာပစ်နေတာတွေကြောင့် ပြည်သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျွန်တော့်အနားကို မလာရဲကြဘူး”

    အဘ်ဒူလ်ရဟ်မန်မှာ ၎င်း၏ကားဖြင့် ဒဏ်ရာရသူ ၇၀ ကျော်ကို ဘေးအန္တရာယ်ကင်းရာနေရာသို့ ပို့ဆောင်နိုင်ခဲ့ပြီး၊ သေဆုံးသွားသည့် အလောင်းများကိုလည်း နောက်တန်းသို့ သယ်ဆောင်ပေးခဲ့သည်။

    “ကျွန်တော့်ကားနဲ့ ဆွန်နီ၊ ရှီယိုက်၊ ကာ့ဒ်၊ တာ့က်နဲ့ ခရစ်ယာန် လူမျိုးပေါင်းစုံကို သယ်ခဲ့တာပါ။ ကျွန်တော်ဟာ စစ်မှန်တဲ့ အီရတ်နိုင်ငံသားတစ်ယောက်ဖြစ်တယ်လို့ ခံစားရပြီး လူတိုင်းက ဒီလို ဖြစ်သင့်တာပါ။ ကျွန်တော့်ကားကို ကျည်ဆံပေါင်း ၅၀ ကျော်လောက်မှန်ခဲ့ပါတယ်။ IS တွေက တရစပ်ပစ်နေပြီး ကျည်ဆံက ကားကိုဖောက်ကာ ကျွန်တော်နဲ့ ဒဏ်ရာရတဲ့သူတွေ သေမယ်လို့ ထင်နေတာပေါ့လေ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အသိအမှတ်ပြုခံရ

    iraq-3
    အဘ်ဒူလ်ရဟ်မန်အား ကီရ်ကွတ် အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်နေစဉ်

    ကီရ်ကွတ်မြို့ အုပ်ချုပ်ရေးမှူး ဒေါက်တာ နဂ်ျမာလ်ဒင် ကရင်မ်မှာ အုပ်ချုပ်ရေးမှူးရုံးခန်း၌ လက်ခံတွေ့ဆုံစဉ် အဘ်ဒူလ်ရဟ်မန်၏ ထို စွန့်လွှတ်စွန့်စားမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ဆုကြေးအဖြစ် အီရတ် ဒီနာ ၅ သိန်း (ကန်ဒေါ်လာ ၃၈၅ ဒေါ်လာ) ကို ချီးမြှင့်ခဲ့သည်။

    အဘ်ဒူလ်ရဟ်မန်ကမူ ဂုဏ်ပြုပွဲအခမ်းအနားပြီးနောက် ပြန်သည့်အချိန်တွင် စာအိတ်ဖြင့် ပိုက်ဆံထည့်ပေးလိုက်သည်ကို သတိမထားမိခဲ့ဟု ဆိုသည်။

    “အုပ်ချုပ်ရေးမှူးကပေးတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာအတွက် ကျွန်တော် တော်တော်လေး ပျော်ပါတယ်။ ဒါပေမယ့် အီရတ်နိုင်ငံသားတိုင်း လုပ်ရမယ့် အလုပ်တစ်ခုအတွက် ငွေကြေးပေးတာကတော့ စော်ကားမှုလို့ပဲ ကျွန်တော် ထင်ပါတယ်”

    BMW ရုံးကလည်း ၎င်း၏ ကျည်ဆံရာများဖြင့် ပြည့်နှက်နေသည့်ကားကို ဂျာမနီရှိ ၎င်းတို့၏ ဌာနချုပ်တွင် ပြသထားရန်အတွက် BMW ကားသစ်တစ်စီးနှင့် လဲလှယ်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း အဘ်ဒူလ်ရဟ်မန်က ထိုကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။

    ၎င်းကမူ ထိုကားအဟောင်းကို ပြင်၍ ပြန်လည်အသုံးပြုမည်ဟု ဆိုသည်။

    “ကျွန်တော် သူရဲကောင်းမဟုတ်ပါဘူး။ တိုင်းပြည်ကို ရာဇ၀တ်ကောင်တွေ၊ လူသတ်သမားတွေလက်ထဲက လွတ်မြောက်အောင်လုပ်ချင်တဲ့ သာမန် အီရတ်နိုင်ငံသား တစ်ဦးပါပဲ”

    Ref : CNN

  • ခြစားမှု၊ ငွေကြေးခ၀ါချမှုကို တိုက်ဖျက်ရန် ၅၀၀ တန်နှင့် ၁၀၀၀ တန်များကို တရားမ၀င်ကြောင်း အိန္ဒိယ ကြေငြာ

    ခြစားမှု၊ ငွေကြေးခ၀ါချမှုကို တိုက်ဖျက်ရန် ၅၀၀ တန်နှင့် ၁၀၀၀ တန်များကို တရားမ၀င်ကြောင်း အိန္ဒိယ ကြေငြာ

    နိုဝင်ဘာ ၉၊ ၂၀၁
    M-Media

    rupia
    တရားမ၀င်ကြောင်းကြေငြာခဲ့သည့် ၁၀၀၀ တန်နှင့် ၅၀၀ တန် ရူပီး

    – လက်ရှိအသုံးပြုနေသည့် ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန်များမှာ နိုဝင်ဘာ ၈ ရက်နေ့ သန်းခေါင်ယံအချိန်မှစ၍ တရားမ၀င်တော့ဟု အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ကြေငြာလိုက်သည်။

    ယမန်နေ့က ရုပ်သံမှတစ်ဆင့် တိုင်းပြည်သို့ပြောကြားသည့်မိန့်ခွန်းတွင် မိုဒီက ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး ထိုငွေများအစား ရူပီး ၂၀၀၀ တန်နှင့် ၅၀၀ တန်အသစ်တို့ကို ပြန်လည်ထုတ်ဝေသွားမည်ဟုဆိုသည်။

    ထိုမိန့်ခွန်းတွင် မိုဒီက မိမိတို့နိုင်ငံမှာ စီးပွားရေး အလျင်အမြန်တိုးတက်နေသည့်နိုင်ငံ ဖြစ်သော်လည်း ခြစားမှုတွင် ကမ္ဘာ့ထိပ်ဆုံး၌ ရှိနေကြောင်း၊ ငွေမဲများနှင့် ခြစားမှုမှာ တိုင်းပြည်တွင် အမြစ်တွယ်နေပြီး ဆင်းရဲမွဲတွေမှုလျှော့ချရန်အတွက် အကြီးမားဆုံး အဟန့်အတားများဖြစ်နေကြာင်း၊ အိန္ဒိယ၏ သာမန်နိုင်ငံသားများမှာ ရိုးသားစွာနေကြသော်လည်း ငွေမည်းနှင့် ခြစားမှုများက အတွင်းတွင် လှိုက်စားနေကြောင်း မိုဒီက ထည့်သွင်းပြောကြားခဲ့သည်။

    ပြည်သူများအနေဖြင့် တရားမ၀င်ကြောင်း ကြေငြာထားသည့် ၅၀၀ တန်နှင့် ၁၀၀၀ တန်များကို စာတိုက်များ၊ ဘဏ်များတွင် ရက် ၅၀ အတွင်း သွားရောက်လဲလှယ်နိုင်မည်ဖြစ်ပြီး ထိုရက်အတွင်း မလဲနိုင်ပါက ဗဟိုဘဏ်တွင် ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ လဲလှယ်နိုင်မည်ဖြစ်သည်။

    rupia-2
    အသစ်ထုတ်ဝေမည့် ၅၀၀ တန်နှင့်၊ ၂၀၀၀ တန် ရူပီး

    နိုင်ငံတစ်ဝှမ်းမှ အေတီအမ်စက် အများအပြားကို နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ပိတ်ထားမည်ဖြစ်ပြီး၊ အစိုးရ ဆေးရုံများ၊ အစိုးရက ဖွင့်လှစ်ထားသည့် စတိုးဆိုင်များ၊ သယ်ယူပို့ဆောင်ရေး လက်မှတ်ကောင်တာများတွင်မူ အဆိုပါ ငွေကြေးများကို နိုဝင်ဘာ ၁၁ ရက်နေ့ ည သန်းခေါင်ယံအချိန်အထိ သုံးစွဲနိုင်မည်ဖြစ်သည်။

    ထို့ပြင် ဘဏ်လုပ်ငန်းများအားလုံးကို နိုဝင်ဘာ ၉ ရက်နေ့တွင် ရပ်ဆိုင်းထားမည်ဖြစ်သည်။

    မိုဒီကမူ မိမိတို့အနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်ခြင်းမှာ ဆင်းရဲသားလူတန်းစားအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂ နှစ်ခွဲကြာ ကာလအတွင်း ငွေမည်း ၁.၂၅ ကုဋေ ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Hindustantimes

  • ကယ်လီဖိုးနီးယားတွင် သေနတ်ပစ်မှုကြောင့် မဲရုံတစ်ခု ပိတ်ပစ်ရ

    ကယ်လီဖိုးနီးယားတွင် သေနတ်ပစ်မှုကြောင့် မဲရုံတစ်ခု ပိတ်ပစ်ရ

    နိုဝင်ဘာ ၉၊ ၂၀၁၆
    M-Media

    poll

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အဇူဆာမြို့တွင် သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် အနီးနားရှိ မဲရုံတစ်ခုကို ပိတ်ပစ်ခဲ့ရသည်ဟု သိရသည်။

    ပစ်ခတ်မှုအတွင်း အနည်းဆုံ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အနီးရှိ မဲရုံအဖြစ်အသုံးပြုသော Memorial Park North Recreation Center ကိုပိတ်ပစ်ခဲ့ရခြင်းဖြစ်သည်။ အဇူဆာမြို့မှာ လော့စ်အိန်ဂျလိစ်မြို့မှ မိုင် ၃၀ အကွာတွင် တည်ရှိသည်။

    မဲပေးသူ အမျိုးသားတစ်ဦးကမူ သေနပတ်သံ အများအပြားကို ကြားခဲ့ရပြီး အပြင်ဘက်မှလူများက ထွက်ပြေးသည်ကို မြင်ရကြောင်း၊ တာဝန်ရှိသူများမှာ မဲရုံရှိ တံခါးအားလုံးကို ပိတ်ထားပြီး မိမိတို့ကိုလည်း မဲရုံအတွင်းမှာပင် ရှိနေရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

    မဲရုံထဲတွင် ကလေးငယ်များအပါအ၀င် အနည်းဆုံး လူ ၃၀ ခန့်ရှိနေသည်ဟု ဆိုသည်။

    ပစ်ခတ်မှု အသေးစိတ်အကြောင်းအရင်းကို သိရှိရခြင်းမရှိသေးဘဲ ရဲတပ်ဖွဲ့က သေနတ်သမားများကို တုန့်ပြန်နေကာ ဒဏ်ရာရသူ ၂ ဦးကိုလည်း ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်ဟု သိရသည်။

    Ref: CNN