News @ M-Media

Blog

  • မွတ်စလင်များကို ပိတ်ပင်ရန် ထရမ့်၏ပြောကြားချက် ၎င်း၏ ၀ဘ်ဆိုက်မှ ပျောက်ကွယ်

    မွတ်စလင်များကို ပိတ်ပင်ရန် ထရမ့်၏ပြောကြားချက် ၎င်း၏ ၀ဘ်ဆိုက်မှ ပျောက်ကွယ်

    နိုဝင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    – မွတ်စလင်တွေ အမေရိကန်ထဲ ၀င်ရောက်လာမှုကို လုံးဝပိတ်ပစ်မယ်လို့ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်ကို မဲဆွယ်ရေးအဖွဲ့က သူတို့ရဲ့ ၀ဘ်ဆိုက်ကနေ ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

    ၂၀၁၅ ခုနှစ် ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ ထရမ့်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး မွတ်စလင်တွေကို အမေရိကန်ထဲဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီးရင် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ပြောကြားခဲ့တာပါ။

    ဒီလိုပြောကြားမှုအတွက်လည်း ထရမ့်ဟာ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံခဲ့ရတာကြောင့် နောက်ပိုင်းမှာ သူနဲ့သူ့အဖွဲ့က မွတ်စလင်အားလုံးကို ဆိုလိုတာမဟုတ်ဘဲ အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံကလူတွေကိုပဲ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

    ထရမ့်မဲဆွယ်ရေးဝဘ်ဆိုက်မှာ တင်ထားတဲ့ အဲဒီသတင်းဟာ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ မနက်ပိုင်းအထိ ရှိနေသေးတယ်လို့ အွန်လိုင်း cache တွေအရ သိရပြီး ညပိုင်းမှာတော့ ၀င်ရောက်ကြည့်ရှုလို့မရတော့ဘဲ ဒီသတင်းခေါင်းစဉ်ကို နှိပ်လိုက်တာနဲ့ မဲဆွယ်ပွဲအတွက် ငွေလှူဒါန်းဖို့ တိုက်တွန်းတဲ့ စာမျက်နှာကို ရောက်ရှိသွားတာဖြစ်ပါတယ်။

    ဘယ်အချိန်မှာ ဒီလိုဖယ်ရှားလိုက်တယ်ဆိုတာ အတိအကျမသိနိုင်ပေမယ့် နိုဝင်ဘာ ၈ ရက်နေ့ မနက်ပိုင်းနဲ့ ညပိုင်း ကြားကာလအတွင်းသာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

    ဒီလို ၀င်ရောက်ကြည့်ရှုလို့မရတော့တာနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့ကတော့ ဘယ်လိုထုတ်ပြန်ချက်မှ မပြုလုပ်သေးပါဘူး။

    ထရမ့်ရဲ့ ၀ဘ်ဆိုက်မှာ ဒီလို သတင်းဖယ်ရှားတာမျိုးဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူ့ရဲ့ ဇနီးဖြစ်သူ မီလာနီယာ ထရမ့်ဟာ တက္ကသိုလ်က ဘွဲ့မရဘူးဆိုတဲ့ သတင်း ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ ၀ဘ်ဆိုက်မှာ တင်ထားတဲ့ သူမရဲ့ ကိုယ်ရေးရာဇ၀တ်ကို ဖြုတ်ချခဲ့ဖူးပါတယ်။

    Ref: independent

  • အမေရိကန်ရွေးကောက်ပွဲမှာ သမိုင်းသစ်ရေးထိုးခဲ့တဲ့ မွတ်စလင်အမျိုးသမီး

    အမေရိကန်ရွေးကောက်ပွဲမှာ သမိုင်းသစ်ရေးထိုးခဲ့တဲ့ မွတ်စလင်အမျိုးသမီး

    နိုဝင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    us-mus

    – အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ အသက် ၃၄ နှစ်အရွယ် ဆိုမာလီနွယ်ဖွာ မွတ်စလင်အမျိုးသမီး အစ်လ်ဟမ် အိုမာရ်ဟာ လွှတ်တော်အမတ်တစ်ယောက်ဖြစ်လာခဲ့ပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။

    ဆိုမာလီမှာမွေးဖွားပြီး အမေရိကန်မှာ ဒုက္ခသည်အဖြစ် ခိုလှုံခဲ့တဲ့ အစ်လ်ဟမ်ဟာ မင်နီဆိုတာပြည်နယ်လွှတ်တော်မှာ အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ဒါဟာ အမေရိကန်ရောက် ဆိုမာလီနွယ်ဖွားတွေ နိုင်ငံရေးမှာ အမြင့်ဆုံးအဆင့်ကို ရရှိလိုက်တာလည်း ဖြစ်ပြီး အစ်လ်ဟမ်ဟာ ဆိုမာလီနွယ်ဖွားတွေထဲမှာ ပထမဆုံး လွှတ်တော်အမတ် ဖြစ်လာသူလည်း ဖြစ်ပါတယ်။

    မင်နီဆိုတာက ဆိုမာလီပြောင်းရွှေ့အခြေချသူတွေဟာ ‘အစွန်းရောက်အယူအဆတွေကို ဖြန့်ဖြူးနေတယ်’ လို့ သမ္မဖြစ်လာတဲ့ ထရမ့် ပြောကြားပြီး ရက်ပိုင်းအတွင်းမှာပဲ ဒီလို သမိုင်းဝင်းရွေးချယ်မှုကို ခံခဲ့ရတာပါ။

    မင်နီဆိုတာပြည်နယ်ဟာ အမေရိကန်နိုင်ငံမှာ ဆိုမာလီလူ့အဖွဲ့အစည်း အများစုရှိရာဒေသဖြစ်ပြီး လူဦးရေ ၅ သောင်းလောက် ရှိပါတယ်။

    ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးတဲ့နောက် အစ်လ်ဟမ်က မိမိအနေနဲ့ ပြည်နယ်လွှတ်တော်မှာ ‘ဘေးဖယ်ခံထားရသူတွေအတွက် အသံထုတ်သွားမယ်’ လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မဟာ လူငယ်တွေရဲ့ အသံတွေကို ထုတ်မယ်လို့ စဉ်းစားထားတယ်။ အရှေ့အာဖရိက လူ့အဖွဲ့အစည်းက အမျိုးသမီးတွေရဲ့အသံကိုလည်း ကျွန်မ ထုတ်သွားမယ်။ မွတ်စလင်တွေရဲ့ အသံကိုလည်း ထုတ်သွားမှာပါ။ အခွင့်အလမ်းတွေကို ရှာဖွေနေတဲ့ လူငယ်မိခင်တွေရဲ့ အသံကိုလည်း ထုတ်သွားမှာ ဖြစ်ပါတယ်” လို့ အစ်လ်ဟမ်က မင်နီဆိုတာ ပြည်သူ့ရေဒီယိုကို ပြောကြးခဲ့ပါတယ်။

    အစ်လ်ဟမ်ဟာ ဆိုမာလီမှာ ပြည်တွင်းစစ် စတဲ့အချိန် အသက် ၈ နှစ်လောက်မှာ မိသားစုနဲ့အတူ ထွက်ပြေးလာခဲ့တာပါ။

    သူတို့တွေဟာ ကင်ညာက ဒုက္ခသည်စခန်းမှာ ၄ နှစ်လောက် နေခဲ့ရပြီး နောက်ပိုင်းမှာတော့ အမေရိကန်ကို ပြောင်းရွှေ့လာကာ မင်နီဆိုတာက ဆိုမာလီ-အမေရိကန်ရပ်ကွက်မှာ အခြေချနေထိုင်ခဲ့ပါတယ်။

    ဟီဂျဘ်ကို ဂုဏ်ယူသည်

    ဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ DFL ညွန့်ပေါင်းပါတီ ကိုယ်စားပြုသူ အစ်လ်ဟမ်ဟာ ရီပက်ဘလစ်ကန်ပါတီက အမတ်လောင်းတစ်ဦးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အဲဒီပြိုင်ဘက်က မိသားစုကိစ္စကြောင့် ရွေးကောက်ပွဲကနေ ထွက်သွားခဲ့ပါတယ်။

    သြဂုတ်လက ပြုလုပ်ခဲ့တဲ့ ပါတီအတွင်း ယှဉ်ပြိုင်မှုမှာလည်း အစ်လ်ဟမ်ဟာ မင်နီဆိုတာပြည်နယ်ရဲ့ သက်တမ်းအရင့်ဆုံး အမတ်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။

    မင်နီယာပိုလစ်ထုတ် Star Tribune သတင်းစာကတော့ အစ်လ်ဟမ်ကို ‘ဟီဂျဘ်ကို ဂုဏ်ယူစွာဝတ်ဆင်သည့် အမေရိကန်မွတ်စလင်’ လို့ ကင်ပွန်းတပ်ခဲ့ပြီး ‘သမိုင်းတွင် မကြုံစဖူး နုပျိုသစ်လွင်ကာ၊ မြို့ပြဆန်ပြီး လူမျိုးရေး၊ ဘာသာရေး မျှတသည့် DFL ညွှန့်ပေါင်းပါတီ၏ ခေါင်းဆောင်ပိုင်းသို့ တိုးဝင်လာသူတစ်ဦး’ လို့ အမွှမ်းတင်ခဲ့ပါတယ်။

    Ref: BBC

  • အမေရိကန်ရွေးကောက်ပွဲမှာ အစ္စလာမ်ဘာသာဝင် လွှတ်တော်အမတ် (၂) ဦးအနိုင်ရ

    အမေရိကန်ရွေးကောက်ပွဲမှာ အစ္စလာမ်ဘာသာဝင် လွှတ်တော်အမတ် (၂) ဦးအနိုင်ရ

    နိုဝင်ဘာ ၁၀ ၊ ၂၀၁၆
    M-Media

    နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အပါအဝင် ရီပါပလစ်ကန် ပါတီဘက်က အများစု အနိုင်ရရှိခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီဝင်တွေဟာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တွေမှာ အမတ်ဦးရေအနည်းငယ်သာရရှိခဲ့ကြပါတယ်။ အနိုင်ရရှိတဲ့ ဒီမိုကရက်တစ်အမတ်တွေအနက် အစ္စလာမ် ဘာသာဝင် လွှတ်တော်အမတ် (၂) ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

    ဒီ (၂) ဦးကတော့ အခြားသူတွေမဟုတ်ပါဘူး။ မီနီဆိုးတားပြည်နယ်က ကီးသ် အက်လီဆမ် (Keith Ellison) နဲ့ အင်ဒီယားနားပြည်နယ်က အန်ဒရီ ခါဆမ် (André D. Carson) တို့ ပဲဖြစ်ပါတယ်။ သူတို့ (၂) ဦးဟာ လက်ရှိ အောက်လွှတ်အမတ်တွေဖြစ်ကြပြီး နောက် သက်တမ်း (၂) နှစ်အတွက် ထပ်မံ အနိုင်ရလိုက်ကြတာဖြစ်ပါတယ်။ ကီးသ် ဟာ မီနီယားပို့လစ်မြို့ပါဝင်တဲ့ မီနီဆိုးတားပြည်နယ်ရဲ့ မဲဆန္ဒနယ် (၅)မှ အနိုင်ရတာဖြစ်ပြီး၊ အန်ဒရီ ကတော့ အင်ဒီယားနားပို့လစ်မြို့ပါဝင်တဲ့ အင်းဒီယားနားပြည်နယ်ရဲ့ မဲဆန္ဒနယ် (၇)မှ အနိုင်ရတာဖြစ်ပါတယ်။

    keith-ellison
    ကီးသ် အက်လီဆမ် (Keith Ellison)

    အသက် (၅၃) နှစ်အရွယ်ရှိတဲ့ ကီးသ် အက်လီဆမ်ဟာ နိုဝင်ဘာလ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲကအနိုင်ရရှိခဲ့ပြီး ပထမဆုံး အစ္စလာမ်ဘာသာဝင် လွှတ်တော်အမတ်ဖြစ်လာခဲ့သူပါ။ သူဟာ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလမှာ သမ္မတဟောင်း သောမက် ဂျက်ဖဆင် ပိုင်ဆိုင်တဲ့ အင်္ဂလိပ်ဘာသာပြန် ကိုရ်အာန်ကျမ်းကို ကိုင်တွယ်ပြီး လွှတ်တော်မှာ တာဝန်ယူဖို့ ကျမ်းကျိန်ခဲ့သူဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ  ပြည်နယ်လွှတ်တော်မှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဘောဂဗေဒဘွဲ့နဲ့ ရှေ့နေဘွဲ့တွေကို ဆွတ်ခူးရရှိထားသူဖြစ်ပါတယ်။

    andre_carson
    အန်ဒရီ ခါဆမ် (André D. Carson)

    အသက် (၄၂) နှစ်အရွယ်ရှိတဲ့ အန်ဒရီ ခါဆမ်ကတော့ ရဲအရာရှိ ဘဝကနေ မြို့နယ်လွှတ်တော်ထဲရောက်ရှိလာပြီး ၂၀၀၈ ခုနှစ်မှာ ဒုတိယမြောက် အစ္စလာမ်ဘာသာဝင် လွှတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။ အင်ဒီယားနားပို့လစ်မြို့ရဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့ပါသေးတယ်။ အန်ဒရီဟာ ၁၉၃၈ခုနှစ် ကနေ ၂၀၀၇ခုနှစ် အထိ လွှတ်တော် ကိုယ်စားလှယ် ဂျူလီယာ ခါဆမ် ရဲ့မြေးဖြစ်ပြီး သူ့အဖိုး ကိုယ်စားပြုခဲ့တဲ့ မဲဆန္ဒနယ်မြေကို ဆက်လက်ကိုယ်စားပြုနေသူဖြစ်ပါတယ်။

    ကီးသ် နဲ့ အန်ဒရီ နှစ်ဦးလုံးဟာ အာဖရိကန်-အမေရိကန် လူမျိုးတွေဖြစ်ကြပြီး ခရစ္စယာန် မိဘတွေကနေ မွေးဖွားကြီးပြင်းလာသူတွေဖြစ်ကြပါတယ်။ ငယ်ရွယ်စဉ်မှာပဲ အစ္စလာမ်ဘာသာကို လေ့လာခွင့်ရခဲ့ပြီး အစ္စလာမ်ဘာသာရဲ့ သွန်သင်ဆုံးမမှုတွေကို လက်ခံလာခဲ့ကြသူတွေဖြစ်ပါတယ်။

    သူတို့နှစ်ဦးရဲ့ ပညာရေး၊ ပြည်သူ့လုံခြုံရေးနဲ့ စီးပွားရေးအမြင်တွေကြောင့် လူအများရဲ့ ထောက်ခံမှုကို ရရှိကြတာဖြစ်တယ်လို့ သိရပါတယ်။

  • အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မြင့်တက်လာသည့်အတွက် ဥရောပအမျိုးသမီးများ ဆန္ဒပြ

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မြင့်တက်လာသည့်အတွက် ဥရောပအမျိုးသမီးများ ဆန္ဒပြ

    နိုဝင်ဘာ ၉၊ ၂၀၁၆
    M-Media

    europe

    – လူ့အခွင့်အရေးစံပြဖြစ်သော ဥရောပတွင် လိင်အပေါ်အခြေခံ၍ လုပ်ခလစာ ခွဲခြားခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းတို့ ဖြစ်နေမှုကို ဆန့်ကျင်သည့်အနေဖြင့် စပိန်နှင့် ပြင်သစ်တို့မှ အမျိုးသမီးများမှာ တနင်္လာနေ့က လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    တက်ကြွလှုပ်ရှားသူများက ကျား၊ မ လုပ်ခလစာ ခြားနားနေမှုကို ဆန့်ကျင်သည့်အနေဖြင့် တနင်္လာနေ့ညနေတွင် အလုပ်နား၍ ဆန္ဒပြကြရန် တောင်းဆိုခဲ့ပြီးနောက် ပြင်သစ်အမျိုးသမီးများမှာ ပဲရစ်ရှိ Place de la Republique ရင်ပြင်တွင် စုရုံး ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

    ဥရောပသမဂ္ဂ၏ စာရင်းဇယားဆိုင်ရာအဖွဲ့ Eurostat က ထုတ်ပြန်သည့် နောက်ဆုံးရ အချက်အလက်များအရ ပြင်သစ်တွင် အလုပ်ချင်းတူ၊ အချိန်ချင်းတူသည့်အလုပ်မျိုး၌ပင် အမျိုးသမီးများ၏လုပ်အားခသည် အမျိုးသားများထက် ၁၅.၁ ရာခိုင်နှုန်း ပိုနည်းကြောင်း တွေ့ရှိရသည်။

    ယခုကဲ့သို့ လုပ်ခလစာတွင် ခွဲခြားဆက်ဆံမှုသည် အမျိုးသမီးများက စေတနာ့ဝန်ထမ်းသာသာ အခမဲ့ လုပ်ကိုင်ပေးနေရသည်နှင့် တူကြောင်း ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် Les Glorieuses (The Glorious Women) အဖွဲ့က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြခဲ့သည်။

    “အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ သမဂ္ဂတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ ကျွန်မတို့ရဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်ဖို့၊ လုပ်ခလစာ မညီမျှမှုကို အဓိကနိုင်ငံရေးပြဿနာ ဖြစ်လာရေး အခမ်းအနားတွေ၊ ဆန္ဒပြမှုတွေ လုပ်ကြဖို့ တိုက်တွန်းပါတယ်။ ဒီပြဿနာကို တုန့်ပြန်ခြင်းအားဖြင့် လုပ်ခလစာမတူညီမှုဟာ အမျိုးသမီးတွေရဲ့ ပြဿနာသာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ ပြသတာမျိုး ဖြစ်ပါတယ်” ဟု ကြေငြာချက်က ဆိုသည်။

    အကြမ်းဖက်မှုအတွက် ဆန္ဒပြ

    စပိန်နိုင်ငံတွင်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ဆန့်ကျင်သည့်အနေဖြင့် တနင်္လာနေ့က Museo del Prado ပြတိုက်ရှေ့တွင် အမျိုးသမီး ရာပေါင်းများစွာက ဆန္ဒပြခဲ့ကြသည်။

    နိုင်ငံအတွင်း ထိုကဲ့သို့ အကြမ်းဖက်မှုများ စိုးရိမ်ဖွယ် မြင့်တက်လာမှုကို ရှုတ်ချသည့်အနေဖြင့် ‘နိုဝင်ဘာ ၇’ (7-N) ဆန္ဒပြမှုကို ပြီးခဲ့သည့်နှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။

    ဆန္ဒပြမှု ပြုလုပ်ပြီးနောက် အမျိုးသမီးများမှာ လမ်းမများတစ်လျှောက် ချီတက်ခဲ့ကြပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မြင့်တက်လာခြင်းအပေါ် ဆန့်ကျင်သည့် ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။

    လူ့အခွင့်အရေးအဖွဲ့များ၏ အဆိုအရ ဥရောပတွင် အိမ်တွင်းအကြမ်းဖက်မှုများမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ဟု သိရသည်။

    Ref : Presstv

  • ရခိုင်ပြည်နယ်ကို နိုင်ငံတကာက ဖွံ့ဖြိုးရေးအကူအညီ ပြောင်းပေး မယ်

    denmark-ambassador-meet-cso-sittwe
    မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. Peter Lysholt Hansenနဲ့ စစ်တွေမြို့က အရပ်ဘက်လူမှုအဖွဲ့တွေ နိုဝင်ဘာလ ၈ ရက်နေ့က စစ်တွေမြို့ Strand Hotel မှာ တွေ့ဆုံနေစဉ် Photo: Than Tun

    ဒိန်းမတ်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာ ပေးနေတဲ့ လူသားချင်း စာနာမှုအကူ အညီတွေကိုလျှော့ချပြီး ဖွံ့ဖြိုးရေးအကူအညီတွေ ကို ပြောင်းလဲပေးဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးက ပြောပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. Peter Lysholt Hansen က စစ်တွေမြို့က အရပ်ဘက် လူမှုအဖွဲ့တွေ နဲ့ မနေ့ကတွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာလို့ သံအမတ်ကြီးနဲ့ တွေ့ဆုံရာမှာပါဝင်ခဲ့တဲ့ စစ်တွေမြို့ လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီ နာယကတစ်ဦးဖြစ်သူ ဦးသန်းထွန်း ကပြောပါတယ်။

    ဖွံ့ဖြိုးရေးအကူအညီတွေကို ရခိုင်ပြည်နယ်အတွင်းက လူ့အဖွဲ့အစည်း နှစ်ခုစလုံးကို ပေးဖို့ သံအမတ်ကြီးက ပြောဆို ခဲ့တယ်လို့ ဦးသန်းထွန်းကပြောပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. Peter Lysholt Hansen ဟာ ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာ အရပ်ဘက်အဖွဲ့တွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

    သံအမတ်ကြီးဟာ ရသေ့တောင်မြိ့နယ် အငူမော်နဲ့ မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့သလို မနက်ဖြန်မှာလည်း စစ်တွေ မြို့နယ်မှာရှိတဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး မွတ်ဆလင်ခေါင်းဆောင်အချို့နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။

    RFA မှကူးယူဖော်ပြပါသည်။