News @ M-Media

Blog

  • ရော်ဒရီဂက်စ်မှာ အသင်းအတွက် အရေးပါဆဲဟု ဇီဒိန်းပြော

    ရော်ဒရီဂက်စ်မှာ အသင်းအတွက် အရေးပါဆဲဟု ဇီဒိန်းပြော

    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media

    ror

    – တိုက်စစ်မှူး ဂျိမ်းစ် ရော်ဒရီဂက်စ်က ပိုမိုကစားခွင့်ပေးရန် တောင်းဆိုမှုကို အသိအမှတ်ပြုပြီး ၎င်းကို အသင်းအတွက် အရေးပါသောကစားသမားအဖြစ် မိမိက မှတ်ယူထားဆဲဖြစ်သည်ဟု ရီးယဲလ်နည်းပြ ဇီနဒင်း ဇီဒိန်းက ပြောကြားလိုက်သည်။

    မိုနာကို တိုက်စစ်မှူးဟောင်း ရော်ဒရီဂက်စ်မှာ ယခုနှစ်တွင် လာလီဂါတွင် ၄ ပွဲသာ ကစားရသေးပြီး ၎င်းကမူ အသင်းတွင် ပါဝင်ခွင့်မရသည့်အတွက် စိတ်ပျက်မိသည်ဟုဆိုကာ မိမိအနေဖြင့် ပွဲထွက်လူစာရင်းနှင့် ပို၍ ထိုက်တန်သည်ဟု ပြောကြားခဲ့သည်။

    ဇီဒိန်းကမူ မိမိအနေဖြင့်လည်း ရော်ဒရီဂက်စ် ပုံမှန်ကစားခွင့်ရမှုကို မြင်စေချင်သည်ဟု ပြောကြားခဲ့သည်။

    “ဒါက ထူးခြားတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ကစားသမားတိုင်းဟာ တစ်နည်းနည်းနဲ့တော့ ကောင်းကြတာပါပဲ။ ကျွန်တော် ကြိုးစားဆေင်ရွက်နေတာကာ အသင်းတစ်ခုဟာလည်း တစ်ယောက်ချင်းစီလိုပဲ အရေးကြီးတာကို ပြသဖို့ ဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော် ဖြေနိုင်တာက ဂျိမ်းစ်ဟာ အခြားကစားသမားတွေလောက် မကစားရဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားပါ။ ကျွန်တော်တို့အတွက် အထောက်အကူဖြစ်သူတစ်ယောက်ပါ” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    ထို့ပြင် ရော်ဒရီဂက်စ်အနေဖြင့် ပွဲများများ ကစားလိုသည်ကို မိမိက သိရှိကြောင်း၊ မိအနေဖြင့် ပွဲတစ်ပွဲချင်းစီအတွက် အသင်းတစ်ခုကို ကြိုးစားတည်ဆောက်နေရပြီး မည်သူကိုမှ လေးစားမှု မလျော့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • တောင်ကိုရီယားပြည်သူများ သမ္မတနှုတ်ထွက်ရန် ဆန္ဒထပ်ပြ

    တောင်ကိုရီယားပြည်သူများ သမ္မတနှုတ်ထွက်ရန် ဆန္ဒထပ်ပြ

    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media

    south

    – မိတ်ဆွေဖြစ်သူကို နိုင်ငံ့ရေးရာများတွင် ၀င်ရောက်စွက်ဖက်ခွင့် ပေးမှုအတွက် တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးမှာ ယမန်နေ့က တိုင်းပြည်အား တောင်းပန်ခဲ့သော်လည်း ပြည်သူလူထုကမူ ယနေ့တွင် ၎င်းနှုတ်ထွက်ပေးရန် ထပ်မံ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    မြို့တော်ဆိုးလ်တွင်ပြုလုပ်သည့် အဆိုပါဆန္ဒပြပွဲတွင် လူပေါင်း ၄ သောင်းကျော်ပါဝင်ခဲ့ပြီး ပတ်ဂျုံဟေး၏ တောင်းပန်မှုကို လက်မခံကြောင်း ဟစ်ကြွေးခဲ့ကြကာ ရာထူးမှ နှုတ်ထွက်ရန်လည်း တောင်းဆိုခဲ့သည်။ အဓိက အတိုက်အခံပါတီကလည်း ထိုကိစ္စအတွက် နိုင်ငံရေးသမားများ၊ လွတ်လပ်သော အဖွဲ့တစ်ခုနှင့်အတူ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

    ပတ်ဂျုံဟေး၏ မိတ်ဆွေဖြစ်သူ ချိုဆွန်ဆီလ်မှာ သာမန်နိုင်ငံသားတစ်ယောက်သာ ဖြစ်သော်လည်း သမ္မတ၏ နိုင်ငံရေးဆိုင်ရာ ခန့်အပ်မှုများနှင့် ပေါ်လစီချမှတ်မှုများတွင် ကူညီပေးခဲ့ပြီး သမ္မတနှင့် သိကျွမ်းမှုကို အလွဲသုံးစားလုပ်ခဲ့သည်ဟု ပြီးခဲ့သည့် ရက်များတွင် သတင်းများထွက်ပေါ်လာမှုကြောင့် ပြည်သူလူထု၏ ပတ်ဂျုံဟေးအပေါ် မကျေနပ်မှု မြင့်တက်လာခဲ့ပြီး ဆန္ဒပြမှုများ နေ့စဉ်လိုလို ဖြစ်လာခဲ့ခြင်းဖြစ်သည်။

    လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ချိုဆွန်ဆီလ်က မိမိအနေဖြင့် မှားယွင်းကြောင်း ၀န်ခံခဲ့ပြီး၊ ပတ်ဂျုံဟေးကလည်း ယမန်နေ့တွင် တောင်းပန်ခဲ့သည်။

    Ref: Aljazeera

  • နံပါတ် ၉ ဂျာစီ မ၀တ်ရသည့်အတွက် မာရှယ် စိတ်ထိခိုက်ခဲ့

    နံပါတ် ၉ ဂျာစီ မ၀တ်ရသည့်အတွက် မာရှယ် စိတ်ထိခိုက်ခဲ့

    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media

    martial

    – မန်ယူက တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို နံပါတ် ၉ ဂျာစီ ပေးလိုက်သည့်အတွက် မာရှယ်အနေဖြင့် ထိခိုက်နာကျင်ခဲ့ရသည်ဟု အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။

    မာရှယ်မှာ ၂၀၁၅ ခုနှစ်က မိုနာကိုမှ မန်ယူသို့ ရောက်ရှိလာပြီးနောက်ပိုင်း နံပါတ် ၉ ဂျာစီကို ၀တ်ဆင်ခွင့်ရခဲ့သော်လည်း အီဗရာဟီမိုဗစ်ရောက်လာပြီးနောက် နံပါတ် ၁၁ ဂျာစီကို ပြောင်းဝတ်ခဲ့ရသည်။ အေးဂျင့်ဖြစ်သူ ဖီးလစ် လမ်ဘိုလေးကမူ ၎င်း၏ကစားသမားမှာ ထိုအပြောင်းအလဲကြောင့် စိတ်ထိခိုက်ခဲ့သည်ဟု ဆိုသည်။

    “အမှန်ပြောရရင် မန်ယူက နံပါတ် ၉ ဂျာစီကို ပေးမ၀တ်တော့တာက သူ့ကို နာကျင်စေခဲ့ပါတယ်။ ဒီအတွက်လည်း သူက အံ့သြခဲ့ပြီး ရက်အနည်းငယ်လောက် စိတ်ဓာတ်ကျခဲ့ပါတယ်။ ဒါပေမယ့် သူက ပရော်ဖက်ရှင်နယ် ကစားသမားယောက်ဖြစ်ပြီး ဒီနေရာအတွက် ပြန်လည် တိုက်ပွဲဝင်ရမယ်ဆိုတာ သိပါတယ်” ဟု အေးဂျင့်က ဆိုသည်။

    မာရှယ်မှာ မော်ရင်ဟိုလက်အောက်တွင် အကောင်းဆုံးပုံစံရရန် ရုန်းကန်နေရပြီး၊ အသင်းတွင် မပျော်ရွှင်တော့ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

    သို့သော်လည်း လမ်ဘိုလေးကမူ ၎င်း၏ ကစားသမားမှာ အိုးထရက်ဖို့ဒ်တွင် ပျော်ရွှင်နေကြောင်း၊ မောင်ရင်ဟိုနှင့် ဆက်ဆံရေးဆိုးရွားနေသည်ဆိုသည့် သတင်းများမှာ မမှန်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • လူနည်းစုကို စောင့်ရှောက်ကာ လူများစု၏ တာဝန်ကို ကျေပွန်ကြသည့် အလ်ဘေးနီးယားမွတ်စလင်များ

    လူနည်းစုကို စောင့်ရှောက်ကာ လူများစု၏ တာဝန်ကို ကျေပွန်ကြသည့် အလ်ဘေးနီးယားမွတ်စလင်များ

    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media

    al
    မွတ်စလင်များ တည်ဆောက်ပေးခဲ့သည့် စိန့်နီကိုလက်စ် ဘုရားကျောင်း

    –  ဥရောပ နိုင်ငံငယ်လေးဖြစ်သည့် အလ်ဘေးနီးယားတောင်တန်းတစ်ခုပေါ်တွင် ထီးထီးကြီးတည်ရှိနေသည့် စိန့်နီကိုလက်စ် ခရစ်ယာန်ဘုရားကျောင်းကို ကွန်မြူနစ်ဝါဒ ကျဆုံးသွားပြီးနောက် ပြို ကျပျက်ဆီးသွားသည့်အနေအထားမှ ဒေသခံမွတ်စလင်များ၏ အကူအညီဖြင့် ပြန်လည်တည်ဆောက်ခဲ့သည်။ နိုင်ငံ၏ ဘာသာရေးသည်းခံမှု ပြယုဂ်ဖြစ်သည့် အဆိုပါ ခရစ်ယာန်ဘုရားကျောင်းသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၂၀၁၄ ခုနှစ်တွင် သွားရောက်လည်ပတ်ခဲ့သည်။

    မွတ်စလင်အများစုရှိပြီး ကက်သလစ်နှင့် အော်သိုဒေါ့စ်ခရစ်ယာန်အနည်းစုရှိသည့် အလ်ဘေးနီးယားကို ၁၉၆၇ ခုနှစ်တွင် အကြင်နာမဲ့သည့် အာဏာရှင် အန်ဗာရ် ဟော့စ်ဟာက ကမ္ဘာ့ပထမဆုံး ဘာသာမဲ့နိုင်ငံအဖြစ် ကြေငြာခဲ့သည်။

    ထိုကာလအတွင်း မရေမတွက်နိုင်သော ဗလီဝတ်ကျောင်းတော်များ၊ ခရစ်ယာန်ဘုရားကျောင်းများ ဖျက်ဆီးခံခဲ့ရပြီး ဗာတီကန်ကတော့ ဖျက်ဆီးခံခဲ့ရသည့် ကက်သလစ်နှင့် အော်သိုဒေါ့စ်ဘုရားကျောင်းပေါင်း ၁၈၂၀ ရှိခဲ့သည်ဟု ဆိုသည်။ အသတ်ခံရသူ၊ ထိန်းသိမ်းခံရစဉ်အတွင်း သေဆုံးသူ ခရစ်ယာန်ဘုန်းတော်ကြီးများလည်း အများအပြားရှိခဲ့သည်။

    တီရာနာမြို့မြောက်ဖက် ကီလိုမီတာ ၆၀ အကွာရှိ မာလ်ဘာ့ဒ်မွတ်စလင်ရွာတွင် မည်သူကမှ စိန့်နီကိုလက်စ်ဘုရားကျောင်းမှာ မည်သည့်အချိန်တွင် မည်သူကဆောက်လုပ်ခဲ့သည်ကို မသိရှိကြ။ ကွန်မြူနစ်များအာဏာရချိန်တွင် ဆင်းရဲသည့်တိုင်းပြည် ဖြစ်နေခဲ့သည့် အလ်ဘေးနီးယားမှ အဆိုပါ ဘုရားကျောင်းမှာ ပြုပြင်ထိန်းသိမ်းသူမရှိ ပျက်ဆီးသည့်ဘ၀ ရောက်ခဲ့ရသည်။

    သို့သော်လည်း ၁၉၉၂ ခုနှစ် ကွန်မြူနစ်အာဏာရှင် ကျဆုံးပြီးနောက်ပိုင်း မာလ်ဘာ့ဒ်မှ မွတ်စလင်များမှာ ၎င်းတို့၏ ကက်သလစ်ညီအစ်ကိုများနှင့်အတူ ခရစ်ယာန် သာသနာပိုင်များထံသို့ ချဉ်းကပ်ကာ ယခင်အုတ်မြစ်နေရာတွင် ဘုရားကျောင်းသစ်တစ်ခု ဆောက်လုပ်ရန် ခွင့်တောင်းခဲ့သည်။

    “ကျွန်တော်တို့ တစ်ကယ်လုပ်လိမ့်မယ်လို့ သူတို့မထင်ဘူးဗျ။ လူမြင်ကောင်းအောင် ကြိုးစားတယ်လို့ သူတို့ ထင်ခဲ့တာ။ ဒါပေမယ့် ကျွန်တော်တို့က ဒီဘုရားကျောင်းတည်ဆောက်ဖိုအတွက် ကုန်ကျစားရိတ်အားလုံးကို တာဝန်ယူချင်တာပါ” ဟု အသက် ၇၇ နှစ်အတွယ် မွတ်စလင်အဘိုးအိုတစ်ဦးဖြစ်သူ ဟဂ်ျဒါ လီကာက တက်ကြွစွာ ပြောကြားခဲ့သည်။

    လူနည်းစုများအပေါ် မွတ်စလင်များ၏ ကာကွယ်မှု

    ထိုဘုရားကျောင်းသို့ ရောက်ရှိရန်အတွက် ကားတစ်တန်၊ မြည်းတစ်တန်ဖြင့်သွားရသလို၊ မတ်ဆောက်သည့် တောင်ပေါ်ရွာလမ်းကိုလည်း ဘုရားဖူးများက ခက်ခက်ခဲခဲ တက်ကြရသည်။

    မွတ်စလင်ပတ်ဝန်းကျင်တွင်နေထိုင်သည့် အသက် ၆၀ အရွယ် ကက်သလစ်ခရစ်ယာန် နီကိုလ် ဂဂျီနီက ၀က်သစ်ချပင်များ ထူထဲစွာ ဖုံးအုပ်နေသည့် ဘုရားကျောင်းသစ်ကြီးဆီသို့ ဂုဏ်ယူဝင့်ကြွားစွာ ညွှန်ပြသည်။

    “ဆောက်လုပ်ရေးပစ္စည်းအကူအညီ၊ လုပ်အားအကူအညီတွေသာ သူတို့ (မွတ်စလင်တွေရဲ့) မပေးရင် ဒီဘုရားကျောင်းကြီးကို ကျွန်တော်တို့ ဘယ်တော့မှ ပြန်ဆောက်နိုင်မှာမဟုတ်ပါဘူး” ဟု ဂဂျီနီက ပြောကြားခဲ့သည်။ ၎င်းမှာ ဓာတု စက်ရုံ အလုပ်သမားတစ်ဦးလည်းဖြစ်သည်။

    အဆိုပါ ဘုရားကျောင်းငယ်လေးတွင် ဘုန်းတော်ကြီးများက ခရစ္စမတ်နှင့် အီစတာပွဲတော်တို့ကဲ့သို့ အခါကြီးရက်ကြီးများကိုသာ ဆင်နွှဲကြသော်လည်း လူနည်းစုခရစ်ယာန်လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် အရေးပါသည့် ‘မြင့်မြတ်ရာနေရာ’ ဖြစ်လေသည်။

    လူဦးရေ ၂၅၀၀ ရှိသော အဆိုပါ မာလ်ဘာ့ဒ်ရွာတွင် ၉၀ ရာခိုင်နှုန်းက မွတ်စလင်များဖြစ်ကြပြီး ကျန် ၁၀ ရာခိုင်နှုန်းက ခရစ်ယာန်ကက်သလစ်ဘာသာဝင်များဖြစ်သည်။

    နိုင်ငံ၏ လူဦးရေ ၃ သန်းတွင် ၅၆ ရာခိုင်နှုန်းက မွတ်စလင်များဖြစ်ပြီး ခရစ်ယာန်ကက်သလစ်က ၁၅ ရာခိုင်နှုန်း၊ ခရစ်ယာန်အော်သိုဒေါ့စ်က ၁၁ ရာခိုင်နှုန်းရှိသည်။

    ဥရောပ၏ ပထမဆုံး ခရီးစဉ်အဖြစ် ၂၀၁၄ ခုနှစ်က ပုပ်ရဟန်းမင်းကြီးမှာ အလ်ဘေးနီးယားသို့ ၁ ရက်တာ အလည်အပတ်လာရောက်ခဲ့ပြီး နိုင်ငံအတွင်းရှိ မွတ်စလင်၊ အော်သိုဒေါ့စ်နှင့် ကက်သလစ်တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ဂုဏ်ပြုသောအားဖြင့် အလ်ဘေးနီးယားသို့ ဦးစွာ လာရောက်ခဲ့ခြင်းဖြစ်သည်။ ‘ညီညွတ်သော အမျိုးသားအစိုးရ’ တွင်လည်း မွတ်စလင်၊ ကက်သလစ်နှင့် အောfသိုဒေါ့စ်တို့က အာဏာများကို ခွဲဝေယူထားကြသည်။

    “ပုပ်ရဟန်းမင်းကြီး လာရောက်လည်ပတ်မှုဟာ အလ်ဘေးနီးယားက ဘာသာစုံလူမျိုးစုံ ပြည်သူအားလုံးအတွက် ဂုဏ်ယူစရာအကြောင်းအရင်း တစ်ရပ်ပါပဲ။ ကက်သလစ်ဘာသာဝင်နည်းနည်းလေးနဲ့ သေးငယ်တဲ့နိုင်ငံတစ်ခု ဖြစ်ပေမယ့် ပုပ်ရဟန်းမင်းကြီးက ဥရောပရဲ့ ပထမဆုံးခြေချရာအဖြစ် ရွေးချယ်ခဲ့တဲ့အတွက် ကျွန်တော်တို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်” ဟု အသက် ၄၂ နှစ်အရွယ် မြို့တော်ဝန် အေဂျင် လီကာက ပြောကြားခဲ့သည်။

    မာလ်ဘာ့ဒ်မှ ဒေသခံများမှာ ၎င်းတို့ဒေသမှ ကွဲပြားခြားနားသော လူ့အဖွဲ့အစည်းများ ညီညွတ်ရေးအတွက် ယခင်ကတည်းက အားတက်သရော ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ မွတ်စလင်လူများစုက ခရစ်ယာန်လူနည်းစုကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိနေသည်ဟုလည် မှတ်ယူထားကြသည်။

    “ကျွန်တော်တို့ရွာမှာ တစ်ယောက်ယောက်လက်ထက်မယ်ဆိုရင် ဘာသာတရားနှစ်ခုစလုံးက သက်သေအဖြစ် ဆောင်ရွက်ပေးရတဲ့ ဓလေ့တစ်ခု ရှိပါတယ်” ဟု မီးရထားလုပ်သားဟောင်းတစ်ဦးဖြစ်သူ ဟဂ်ျဒါက ပြောကြားခဲ့သည်။

    မာလ်ဘာ့ဒ်ရွာနှင့် ကီလိုမီတာ ၂၀ ခန့်ဝေးကွာသည့် ဒါဗန်ရွာလေးတွေလည်း ၁၉၆၇ ခုနှစ် ကွန်မြူနစ်လက်ထက် ဖျက်ဆီးခံခဲ့ရသည့် ကက်သလစ်ခရစ်ယာန်များ၏ ဘုန်းကြီးကျောင်းကို မွတ်စလင်များကပင် ပြန်လည်တည်ဆောက်ပေးခဲ့သည်။

    “ဘုန်းကြီးရဲ့ အဓိကတာဝန်ကတော့ အာဏာရှင်ဝါဒ၊ ဘုရားမဲ့ဝါဒကြောင့် စွန်းထင်းခဲ့တဲ့ အဆိပ်အတောက်တွေကို သန့်စင်ဖို့ပါပဲ” ဟု ဘုန်းတော်ကြီး ကာမိုင်း လူဇီက ယခင်ခုနှစ်များကို ပြန်ပြောင်းရည်ညွှန်း၍ ပြောကြားခဲ့သည်။

    အီတလီနိုင်ငံ ဘာရီမြို့မှ အလ်ဘေးနီးယားသို့ စေလွှတ်ထားသည့် အဆိုပါဘုန်းတော်ကြီးမှာ ဒါဗန်မြို့ရှိ ခရစ်ယာန်ကက်သလစ်မိသားစုဝင် ၅၀၀ ကျော်ကို လွန်ခဲ့သည့် ၁၈ နှစ်လုံးလုံး ကြည့်ရှုစောင့်ရှောက်နေသူလည်း ဖြစ်လေသည်။

    Ref: Yahoo.com

  • ဆော်ဒီရှိ မြို့တစ်မြို့ ကမ္ဘာ့အဆန်းပြားဆုံးမြို့အဖြစ် သတ်မှတ်ခံရ

    ဆော်ဒီရှိ မြို့တစ်မြို့ ကမ္ဘာ့အဆန်းပြားဆုံးမြို့အဖြစ် သတ်မှတ်ခံရ

    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media

    saudi

    – ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းရှိ အလ်-အဟ်ဆာမြို့ကို ကမ္ဘာ့အဆန်းပြားဆုံးမြို့အဖြစ် ကုလသမဂ္ဂက ရွေးချယ်ခဲ့သည်ဟု သိရသည်။

    ‘ကမ္ဘာ့မြို့တော်များနေ့’ (World Cities Day) အထိမ်းအမှတ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ကမ္ဘာ့မြို့တော်များနေ့ကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့က စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို သတိပြုမိစေရန်နှင့် တိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများ ပြည့်မီရေးအတွက် လိုအပ်ချက်များကို မီးမောင်းထိုးပြရန်ဖြစ်သည်။

    အလ်-အဟ်ဆာ မြို့မှာ စိမ်းလမ်းသော နေရာများ၊ ရေပန်းများနှင့် အိုအေစစ်ဒေသဖြစ်ပြီး၊ သဘာဝအလှတရားနှင့်လည်း ပြည့်စုံကာ၊ ပြည်သူများကလည်း ဖော်ရွေကြသည်။ အရှေ့ပိုင်းပြည်နယ်၏ အုပ်ချုပ်ရေးဆိုင်ရာ မြို့လည်းဖြစ်သည့် အလ်-အဟ်ဆာမှာ သမိုင်းဝင် လူ့အဖွဲ့အစည်းများ၏ အထိမ်းအမှတ်နေရာများ၊ ရှေးဟောင်း သမိုင်းဝင်နေရာများစွာလည်း ရှိနေသည်။ ထို့ပြင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာလည်းဖြစ်သည်။

    လက်ရှိ ကမ္ဘာ့လူဦးရေ၏ ၅၄ ရာခိုင်နှုန်မှာ မြို့ပြဒေသများတွင် နေထိုင်နေရပြီး ၂၀၅၀ ခုနှစ်တွင် ၆၆ ရာလိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်ထားသည်။ ၁၉၅၀ ခုနှစ်တွင် မြို့ပြနေဦးရေမှာ ၇၄၆ သန်း ရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၃.၉ ဘီလီယံအထိ ရှိလာခဲ့သည်။

    Ref: Saudigazette

    saudi-2