News @ M-Media

Blog

  • မောင်တောအရေး သက်သေမရှိမချင်း မည်သူ့ကိုမျှ အပြစ်မတင်လိုကြောင်း ဒေါ်စုပြော

    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။

    35c705a2-1d75-4d04-afbf-b8a26b9b0ef5_cx0_cy8_cw0_w987_r1_s_r1
    ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဂျပန်ဧကရာဇ် အကီဟီတို နဲ့ မိဖုရားတို့ကို ဂျပန်နန်းတော်မှာ သွားရောက်တွေ့ဆုံ။

    မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေပေါ် မြန်မာစစ်တပ်က အကြမ်းဖက် ကိုင်တွယ် နှိမ်နင်းနေတယ်ဆိုတဲ့ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းနဲ့ပတ်သက်လို့ လုံလောက်တဲ့ သက်သေအထောက်အထား မရှိဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန် နိုင်ငံ တိုကျို မြို့ သတင်းထောက်များအသင်းမှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ရခိုင်ဒေသအရေးနဲ့ပတ်သက်လို့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်မှု ထွက်ပေါ်နေချိန်မှာ အခုလိုပြောဆိုလိုက်တာပါ။ ကိုဉာဏ်ဝင်းအောင်က ဆက်လက် တင်ပြပါမယ်။

    နိုဝင်ဘာ ၁ရက်နေ့က ဂျပန်နိုင်ငံ ချစ်ကြည်ရေးခရီးကို စခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုဝင်ဘာ ၄ရက် သောကြာနေ့ ညနေပိုင်းမှာတော့ တိုကျိုမြို့ Chiyoda-ku မှာရှိတဲ့ ဂျပန်သတင်းထောက်များအသင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး၊ ရခိုင်ဒေသအရေးကို ရှင်းလင်းပြောဆို သွားတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ ဖြစ်ခဲ့တဲ့ ရခိုင်အကြမ်းဖက်တိုက်ခိုက်ခံရမှုနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒေသခံ မူဆလင် တွေပေါ် အကြမ်းဖက်နှိမ်နင်းနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ လုံလောက်တဲ့ အထောက်အထား မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

    “ကျမတို့အနေနဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်မိဖို့ သိပ်ကို ဂရုတစိုက် လုပ်နေရပါတယ်။ အထူးသဖြင့် ဘယ်ကိစ္စအတွက် ဘယ်သူ့မှာ တာဝန်ရှိ တယ်ဆိုတာကို ခိုင်မာပြည့်စုံတဲ့ အထောက်အထား မတွေ့မချင်း သတိထားနေရပါတယ်။ နောက် သိကြတဲ့အတိုင်း မနေ့ကဘဲ ရှေ့တန်းက ရဲစခန်းတခု တိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ တိုက်ခိုက်မှုတွေ စကတည်းက မူဆလင်တွေ သေဆုံးတာလည်း ရှိပါတယ် ”

    တရားဥပဒေနဲ့အညီ သက်သေအထောက်အထားတွေု သေချာစုံစမ်းစစ်ဆေးပြီးတာနဲ့ အာဏာပိုင်တွေဘက်က အရေးယူဆောင်ရွက် သွားမှာ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    “ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမတို့ဘာမှဖုံးကွယ်ဖို့ မကြိုးစားပါဘူး။ ကျမတို့ ပြန်ကြားရေးဌာနမှာ အချက်အလက်တွေ အားလုံးရှိပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ခြေခြေမြစ်မြစ် သိရအောင်ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဘယ်သူတွေ အပြစ်ရှိတယ်လို့ သက်သေမပြ နိုင်ခင်မှာတော့ အားလုံးဟာ အပြစ်မဲ့သူတွေလို့ သဘောထားပြီး တရားဥပဒေအတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ် ”

    ဒေသခံမူဆလင်တွေအပေါ် သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ နေအိမ်တွေ မီးရှို့တာတွေကို မြန်မာစစ်တပ်ဘက်က ကျူးလွန်ခဲ့တယ်ဆိုပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေကြောင့်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံတကာရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ၊ မြန်မာစစ်တပ်ဆီမှာ အာဏာတစုံတရာရှိနေတာကြောင့်၊ အခုဖြစ်ရပ်အတွက် မြန်မာ အစိုးရက ဒီပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတဲ့အပေါ် မေးခွန်းထုတ်နေကြတာပါ။ ရခိုင်အရေးပြသနာပေါ် ဂျပန်အစိုးရရဲ့အမြင် နဲ့ပတ်သက်လို့ ဂျပန်သတင်းစာဆရာ ဦးရွှေဘ(ခေါ်) Hisao Tanabe က ခုလိုရှင်းပြပါတယ်။

    “ ဂျပန်အစိုးရ အနေနဲ့တော့ ဒါကိုအဓိကအားဖြင့် လူ့အခွင့်အရေးကိစ္စအနေနဲ့ ရှုမြင်သုံးသပ်နေပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ် မြောက်ဖက်ပိုင်း မောင်တော ဘူးသီးတောင်မှာ လူသတ်မှုတို့ဘာတို့ ဖြစ်ခဲ့တယ်ဆိုတာကို ဂျပန်အစိုးရ သိထားပါတယ်။ ဒါပေမယ့် ဒီလူမျိုးရေး ကိစ္စ ဒါမှမဟုတ် ဘာသာရေးနဲ့ ဆိုင်တဲ့ကိစ္စနဲ့ ပတ်သက်ရင်တော့ ဒါဟာ ကာယကံရှင် မြန်မာအစိုးရ ကသာ ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်၊ ဒါပေမယ့် ဥပမာ ဒီတိမ်းရှောင်ရေးစခန်းကို ရောက်လာသူတွေရဲ့ အစားအစာ မလုံလောက်တဲ့သူတွေရယ် ဆေးဝါးပစ္စည်း မရတဲ့သူတွေအတွက် အဲဒီလို လူသားချင်း စာနာထောက်ထားတဲ့ ရှုထောင့်ကနေပြီး ဂျပန်အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးဖို့ အသင့် ရှိတယ်လို့ ဂျပန်အစိုးရ ပြောနေပါတယ် ခင်ဗျ”

    ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဂျပန်ဧကရာဇ် အကီဟီတို နဲ့ မိဖုရားတို့ကို တိုကျို ဂျပန်နန်းတော်မှာ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ တကယ်တော့ ဒီကနေ့ဟာ ဂျပန်ဧကရာဇ်ရဲ့ ဦးလေးတော်အိမ်ရှေ့မင်းသား Mikasa ရဲ့ ဈာပနအခမ်းအနား ကျင်းပတဲ့နေ့ဖြစ်ပြီး ဒီလိုအခြေအနေတွေကြား မှာ ဒေါ်အောင်ဆန်းစုကြည် ကို လက်ခံတွေ့ဆုံခဲ့တာပါ။ ဒီလိုတွေ့ဆုံချိန်မှာ ဂျပန်ဧကရာဇ်ရဲ့ ပြောဆိုမှုနဲ့ပတ်သက်လို့ ဂျပန်သတင်းစာဆရာ ဦးရွှေဘက ခုလိုပြောပါတယ်။

    “ ဂျပန့်ဘုရင်က ဒေါ်စုနဲ့ တွေ့တယ်ဆိုတာ ထူးဆန်းတယ်၊ ပြီးတော့ ဂျပန်ဘုရင်ကြီး ဘာပြောသလဲဆိုရင် စစ်တွင်းခေတ်မှာတဲ့ ဂျပန်စစ်သား တွေက ခင်ဗျားတို့နိုင်ငံကို ၀င်ရောက်ပြီးတော့ အနှောက်အယှက်ပေးတာ အများကြီးရှိတယ် ကြားရပါတယ်တဲ့ …ဒါတောင် မြန်မာတွေက ဂျပန့်စစ်သားတွေကို ကူညီပေးတာမျိုးတွေ ရှိတယ်ကြားရပါတယ်တဲ့ .. အရမ်းကို ဝမ်းသာပါတယ်တဲ့၊ အဲလိုမျိုး ဂျပန်ဘုရင်ကြီးက ဒေါ်စုကို ပြောတယ်တဲ့ ..”

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံချစ်ကြည်ရေးခရီးစဉ် မနက်ဖြန် စနေနေ့မှာ အဆုံးသတ်မှာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

    http://burmese.voanews.com/a/3580570.html

  • ဖန်ထည် ထုတ်လုပ်မှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၀)

    ဖန်ထည် ထုတ်လုပ်မှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၀)

    နိုဝင်ဘာ ၄၊ ၂၀၁၆

    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    ware

    – အတိတ်မှာ ဖန်ထည်၊ မှန်ထည်တွေကို ဘယ်လိုထုတ်လုပ်လဲဆိုတာနဲ့ပတ်သက်ပြီး ယနေ့ ကျွန်တော်တို့ သိရှိမှုဟာ သမိုင်းဆိုင်ရာနေရာတွေ တူးဖော်မှု၊ တစ်ခေတ်တစ်ခါက ခရီးသွားတွေ မှတ်တမ်းတင်ထားမှုတွေကနေတစ်ဆင့် ဖြစ်ပါတယ်။ ဒီရင်းမြစ်တွေကို ကြည့်ရင် ၁၃ ရာစုနဲ့ ၁၄ ရာစုတွေမှာ ဆီးရီးယားဟာ ကမ္ဘာ့ ဖန်ထည်၊ မှန်ထည်ထုတ်လုပ်မှုရဲ့ အချက်အခြာနေရာဖြစ်တယ်ဆိုတာကို တွေ့ရပြီး အထူးသဖြင့် အဲလစ်ပို (Aleppo) နဲ့ ဒမတ်စကတ် (Damascus) မြို့တွေဖြစ်ပါတယ်။ သမိုင်းပညာရှင်ဖြစ်ပြီး ခရီးသွားတစ်ဦးလည်းဖြစ်တဲ့ အစ်ဗနေ့ဘက်တူတာ (Ibn Battuta) ကတော့ ၁၃၀၀ ပြည့်နှစ်တွေမှာ သူဖြတ်သွားတဲ့အချိန် ဒမတ်စကတ်ဟာ မှန်ထည်ထုတ်လုပ်မှုမှာ အချက်အခြာနေရာဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆီးရီးယားတင်မကဘဲ အီဂျစ်၊ အီရတ်နဲ့ စပိန်က အန်ဒါလူစီယာဒေသတွေဟာ ၈ ရာစုကနေစလို့ မှန်သွေးတဲ့နည်းစနစ် ဒါမှမဟုတ် ပုံစံခွက် (မို) ကိုအသုံးပြုတဲ့ နည်းစနစ် စတာတွေနဲ့ ဖန်ထည်မှန်ထည်တွေကို အမြောက်အများ ထုတ်လုပ်ခဲ့ကြပါတယ်။

    မွတ်စလင်တွေဟာ ရောမတွေရဲ့ ဖန်ချက်လုပ်ငန်းကို အမွေဆက်ခံခဲ့ပြီး ဆီးရီးယားနဲ့ အီဂျစ်တို့မှာ အခြေစိုက်ကာ ‘နှစ်ထပ်တံဆိပ်ရိုက်နည်း’ (ဖန်ထည်များ ပူနေသည့်အချိန် လှပသော ဒီဇိုင်းများ ရိုက်ခြင်း) ‘ဖန်မျှင်ဖြင့် အလှဆင်နည်း’ (ရောမနှင့် ဘိုင်ဇန်တိုင်းတို့၏နည်းလမ်းကို ဆက်လက်အသုံးပြုခြင်း) နဲ့ ‘ပုံကြမ်းဖော်နည်း’ (အသင့်ပြင်ဆင်ထားသည့် ပုံကြမ်း (မို) ထဲသို့ ဖန်ရည်လောင်းထည်ခြင်း) စတဲ့ နည်းလမ်းတွေကိုလည်း ဖော်ထုတ်အသုံးပြုခဲ့ပါတယ်။ ပြီးတော့ ဖန်ထည်တွေပေါ်မှာ စာလုံးထွင်းတာ၊ မှန်သွေးတာတွေကို လက်နဲ့၊ ဒါမှမဟုတ် ဘီးလုံးအသုံးပြုပြီး ဆောင်ရွက်တဲ့ နည်းလမ်းကိုလည်း မွတ်စလင်တွေကပဲ ဖွံ့ဖြိုးစေခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ဖန်ထည်ပစ္စည်းအလှဆင်မှုကို ပြီးပြည့်စုံအောင် ဆောင်ရွက်ခဲ့ပြီး၊ ပုလင်း၊ ဓာတ်ဘူး၊ ပန်းအိုးနဲ့ သောက်ရေခွက်တွေ အပါအ၀င် ထုတ်ကုန်မြောက်များစွာကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။

    ၁၃ ရာစုအရောက်မှာတော့ အရည်အသွေးကောင်းမွန်တဲ့ ဆီးရီးယားက ဖန်ထည်တွေဟာ ကမ္ဘာတစ်ဝှမ်းက ကုန်သည်တွေ၊ ပြည်သူတွေရဲ့ ကြိုက်နှစ်သက်မှုကို ခံခဲ့ရပြီး၊ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ တူးဖော်မှုတွေအရ ဆွီဒင်၊ ရုရှားတောင်ပိုင်းနဲ့ တရုတ်ပြည်အထိမှာပါ သက်တမ်း ၇၀၀ လောက်ရှိတဲ့ ကြွေရည်သုတ်ဖန်ထည်တွေကို တွေ့ရှိခဲ့ရပါတယ်။

    အီရတ်နိုင်ငံ ဆာမာရာ (Samara) မြို့ကလည်း ဖန်ထည်ထုတ်လုပ်မှုမှာ ကျော်ကြားပါတယ်။ ဖန်ထည်မှန်ထည်နဲ့ပတ်သက်ပြီး တူးဖော်တွေ့ရှိရမူမှာ ရင်သပ်ရှုမောစရာ အကောင်းဆုံးကတော့ ‘မီလီဖီအိုရီ’ (millefiori) လို့ခေါ်တဲ့ တောက်ပတဲ့ အပြောက်အမွှမ်းဒီဇိုင်း ဖန်ထည်တွေဖြစ်ပြီး ဒီ ဒီဇိုင်းဟာ စောစောပိုင်းတုန်းက ရှိခဲ့တဲ့ ထူးခြားတဲ့အရောင်အသွေးတွေ၊ ဒီဇိုင်းတွေထက် သာလွန်တဲ့ ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတဲ့ တွေ့ရှိမှုတစ်ခုကတော့ ဆာမာရာမြို့က ၉ ရာစုမှာ ထုတ်လုပ်ခဲ့တဲ့ တစ်ဖြောင့်တည်းဖြစ်နေတဲ့ ပန်းကန်လုံးဖြစ်ပါတယ်။

    ဆာမာရာက ဖန်ချက်သူတွေဟာ ရေမွှေးတို့လို အရာတွေထည့်ဖို့အတွက် ဖန်ပုလင်း သေးသေးလေးတွေ ထုတ်လုပ်နိုင်မှုကြောင့်လည်း နာမည်ကျော်ပါတယ်။ တစ်ချို့ပုလင်းလေးတွေဟာ အနားလေးဖက်ရှိပြီး ထိပ်ပိုင်း အပေါက်မှာ စလင်ဒါပုံဖြစ်နေတဲ့ အပြာရောင်၊ အစိမ်းရောင် စတဲ့ သစ်တော်သီး ပုံစံလေးတွေ ဖြစ်ပါတယ်။ အဲဒီပုလင်းငယ်လေးတွေဟာ အချိန်စီးပြီး မှန်သွေးတဲ့နည်းလမ်းကို အသုံးပြုကာ လှပအောင် ပြုလုပ်လေ့ရှိပါတယ်။ ဆာမာရာဒေသမှာ မှန်သွေးတဲ့နည်းလမ်းနဲ့ စတိုင်ကျကျ ချယ်သပုံဖော်ထားပြီး တော်တော်လေး လှပတဲ့ ၉ ရာစု ဖန်ထည်အပိုင်းအစတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

    အေဒီ ၆၄၀ ပြည့်နှစ်တွေက တည်ထောင်ခဲ့တဲ့ ‘ကိုင်ရိုမြို့ဟောင်း’ အလ်-ဖွတ်စ်တက် (Al-Fustat) မှာ တူးဖော်မှုတွေကနေ တွေ့ရှိရတဲ့ ဖန်ထည်အပိုင်းအစတွေက ဒီဒေသဟာ ၈ ရာစုကနေ အလယ်ခေတ်လျှောက်လုံးမှာ ဖန်ထည်မှန်ထည်ထုတ်လုပ်မှု အချက်အချာဖြစ်ရမယ်ဆိုတာကို ပြသနေပါတယ်။ အဲဒီမှာ တွေ့ရတဲ့ ရှေးအကျဆုံးပစ္စည်းကတော့ သက္ကရာဇ် ၇၀၈ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ ငွေအကြွေစေ့လို့ ဖန်ထည်မျိုးဖြစ်ပြီး ဘုရင် ဒါမှမဟုတ် အစိုးရအကြီးအကဲတွေရဲ့ နာမည်တွေကို ရိုက်နှိပ် ထားပါတယ်။ အဲဒီဖန်ထည်တွေဟာ အရောင်အသွေးလည်း စုံလင်လှပြီး အစိမ်းရင့်ရောင်၊ အစိမ်းနုရောင်နဲ့ စိမ်းပြာရေင်တွေကနေ အဖြူရောင်၊ ခရမ်းရောင်တွေအထိ ပါဝင်ပါတယ်။  ကိုင်ရိုမြို့ဟောင်းက ဖန်ထည် လက်ရာတွေထဲမှာ အဆန်းပြားဆုံးကတော့ ဖန်ထည်ရဲ့ မျက်နှာပြင်မှာ ကော့ပါး ဒါမှမဟုတ် ဆေးလ်ဗားအောက်ဆိုက် (silver oxide) တွေနဲ့ ဖန်တီးလေ့ရှိတဲ့ ဖိတ်ဖိတ်တောက် အပြောက်အမွှမ်းတွေ ချယ်သထားတာပဲ ဖြစ်ပါတယ်။ ဒီလို ဖန်ထည်မျိုးရဖို့အတွက် အပူချိန် ၆၀၀ ဒီဂရီဆဲလ်စီးယက်စ်လောက် ပေးရတာပါ။

    မွတ်စလင်ကမ္ဘာဟာ ဖန်ထည်၊ မှန်ထည်လုပ်ငန်းဟာ အရှေ့ပိုင်းမှာပဲ တန့်နေတာ မဟုတ်ပါဘူး။ အလ်-အန်ဒါလုစ်က ဖန်ထည်မှန်ထည်တွေကလည်း ဒီဒေသကထွက်တဲ့ မြေထည်တွေလို ၀ယ်လိုအား ကောင်းမွန်ပါတယ်။ လက်ကိုင် ၂ ခု၊ ၄ ခုကနေ ၈ ခုအထိပါဝင်တဲ့ ခရားတွေ၊ လက်ကိုင်နဲ့ အမြှေင်းတွပါတဲ့ ပန်းကန်လုံးတွေကိုလည်း တွေ့ရပါတယ်။ အလ်-အန်ဒါလုစ်က ဖန်ထည်၊ မှန်ထည်တွေ အဓိက ဖန်တီးရာ နေရာတွေကတော့ အလ်မာရီယာ (Almeria)၊ မူရ်စီယာ (Murcia) နဲ့ မာလာဂါ (Malaga) တို့ဖြစ်ကြပြီး အလ်မာရီယာကထွက်တဲ့ ဖန်ထည်၊ မှန်ထည်တွေကတော့ ကမ္ဘာကျော်ပါတယ်။ ဒီမြို့ ၃ မြို့ကထွက်ပြီး အရှေ့တိုင်းလက်ရာတွေကို တုပ ဖန်တီးထားတဲ့ လက်ကိုင်မပါတဲ့ ဖောင်းကြွ မတ်ခွက်တွေဟာ ၉ ရာစု လီယွန် (Leon) ဘုရင့်နိုင်ငံက ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေရဲ့ စားပွဲဝိုင်းတွေမှာ မပါမဖြစ် ပစ္စည်းတွေပါပဲ။

    ခရစ္စတယ်သွေးတဲ့ နည်းစနစ်ကို ၉ ရာစုမှာ အလ်-အန်ဒါလုစ် ကော်ဒိုဘာမြို့က အဘတ်စ် အစ်ဗနေ့ ဖီရ်နက်စ် (Abbas ibn Firnas) က စတင်ဖော်ထုတ်ခဲ့တယ်လို့ ပြောစမှတ်ပြုကြပါတယ်။ သူဟာ အလ်-အန်ဒါလုစ်ပြည့်ရှင် အဘ်ဒဲလ်-ရဟ်မန် ၂ (Abd al-Rahman II) နဲ့ မိုဟာမက် ၁ (Muhammad) တို့ရဲ့ လက်ထက်မှာ နန်းတော်မှာ ခစားရတဲ့ ပညာရှင်နဲ့ တီထွင်ကြံဆသူတစ်ဦး ဖြစ်ပါတယ်။ ဖီရန်နက်စ်ဟာ ၀ှက်စာတွေဖော်ရာမှာ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ပြီး လူရဲ့လက်နှစ်ဖက်မှာ တောင်ပံတွေတက်ကာ အဆောက်အဦးပေါ်ကနေ ခုန်ချပြီး ပျံသန်းမှုကို ပထမဆုံး စမ်းသပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ဖန်ထည်မှန်ထည်နဲ့ ပတ်သက်လာရင်တော့ ဖီရ်နက်စ်ဟာ အဲဒီပစ္စည်းတွေရဲ့ သိပ္ပံနည်းကျ ဂုဏ်သတ္တိတွေကို ထဲထဲဝင်ဝင်သိရှိခဲ့ပြီး မှန်ဘီလူးတီထွင်ဖို့ ကနဦးစမ်းသပ်မှုတွေ လုပ်ခဲ့ကာ စာတွေကို ချဲ့ကြည့်နိုင်မယ့် အယူအဆကို ဖော်ထုတ်ခဲ့တာကလည်း သူပဲ ဖြစ်ပါတယ်။ နောက်ပြီး တွင်းထွက်ကျောက်တွေကို အခြေခံကာ အန်ဒါလူစီယာမှာ ခရစ္စတယ်လုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။

    ဒါဟာ ဖန်ထန်မှန်ထည်လုပ်ငန်းရဲ့ လှပတဲ့ သမိုင်းကြောင်းဖြစ်ပြီး ဆီးရီးယား၊ အီဂျစ်၊ အီရတ်၊ အန်ဒါလူစီယာက ဖန်ချက်စက်ရုံကြီးတွေကနေ ကမ္ဘာတစ်ဝှမ်းကို ပြန့်နှံသွားခဲ့တဲ့ ဒီလုပ်ငန်းကြောင့် လူသားတွေရဲ့ စားပွဲတွေ၊ အိမ်တွေမှာ အသုံးဝင်တဲ့၊ အလှအပဖြစ်စေမယ့် ပစ္စည်းတွေနဲ့ ဆင်ယင်ချယ်သနိုင်ခဲ့ကြပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

     

  • စစ်အာဏာရှင်အမွေဆိုးကြောင့် နိုင်ငံမဲ့ဘ၀ရောက်ရတော့မည့် မြန်မာနိုင်ငံမှ လူနည်းစုများ

    စစ်အာဏာရှင်အမွေဆိုးကြောင့် နိုင်ငံမဲ့ဘ၀ရောက်ရတော့မည့် မြန်မာနိုင်ငံမှ လူနည်းစုများ

    နိုဝင်ဘာ ၄၊ ၂၀၁၆
    M-Media

    hindu

    – အသက် ၂၄ နှစ်အရွယ် ကိုကျော်မင်းထွန်းတစ်ယောက် ဘ၀တစ်လျှောက်လုံး မြန်မာနိုင်ငံမှာပင် နေထိုင်ကြီးပြင်းခဲ့သည်။ ၎င်း၏ မိခင်ဘာသာစကားက မြန်မာစကားဖြစ်သည်။ မိဘများ၊ နှစ်ဖက်ဘိုးဘွားများကလည်း မြန်မာနိုင်ငံမှာပင် မွေးဖွားခဲ့သူများဖြစ်သည်။ သို့သော်လည်း ၎င်းက ဇာတိမြေဟု ယူဆထားသည့်နိုင်ငံ၏ တရားဝင်နိုင်ငံသားမဖြစ်သေး။ မည်သည့်အချိန်တွင် ဖြစ်မည်ဆိုသည်မှာလည်း ရေရေရာရာမရှိ။

    ပြဿနာက တိုင်းပြည်၏ နားလည်ရန်ခက်ခဲသော နိုင်ငံသားဥပဒေနှင့် ကိုက်ညီမှုမရှိသည့် တမီလ်ဟိန္ဒူလူမျိုးတစ်ယောက် ဖြစ်နေသောကြောင့်ဖြစ်သည်။ ထိုဥပဒေအရ နိုင်ငံသားဆိုသည်ကို ၁၈၂၃ ခု ဗြိတိသျှတို့ ၀င်ရောက်မလာမီအချိန် တိုင်းပြည်၏ နယ်နမိတ်အတွင်း နေထိုင်သူများဟု ယူဆသော တိုင်းရင်းသား ၁၃၅ မျိုးဟု ခေါ်တွင်သည့် လူမျိုးစာရင်းတွင် ပါဝင်မှု ရှိ၊ မရှိအပေါ် အခြေခံသည်။ အဆိုပါဥပဒေကို ၁၉၈၂ ခုနှစ်တွင် စစ်အာဏာရှင်က ဖန်တီးရေးဆွဲခဲ့ပြီး ထိုတိုင်းရင်းသားစာရင်းတွင် မပါဝင်သောသူများအား ပြည့်ဝသော နိုင်ငံသားဖြစ်ခွင့်မပေးဘဲ တစ်ဆင့်နိမ့်ပြီး အခွင့်အရေးနည်းနည်းသာရသည့် နိုင်ငံသားအမျိုးစားနှစ်ခုကိုသာ လျှောက်ထားခွင့်ပြုသည်။

    တိုင်းရင်းသားဖြစ်မှုအပေါ် အလွန်အမင်း အမှီပြုထားမှုကြောင့် လူ့အခွင့်အရေးအဖွဲ့များက ခွဲခြားသည့်ဥပဒေဟု သမုတ်သည်။ ထိုဥပဒေကိုလည်း လိုသလိုရွေးချယ်ကျင့်သုံးပြီး ဌာနများ ဖောင်းပွနေခြင်း၊ ပုံမှန်လိုဖြစ်နေသည့် လာဘ်စားခြင်းတို့ကလည်း အခြေအနေကို ရှုပ်ထွေးစေသည်။ ထို့ပြင် နှစ်ပေါင်းများစွာ သီးခြားနေထိုင်ခွင့်၊ နိုင်ငံသားဖြစ်မှုဆိုင်ရာ စာရွက်စာတမ်းမျိုးစုံကိုလည်း ထုတ်ပေးခဲ့ပြန်သည်။

    နောက်ဆက်တွဲရလဒ်ကတော့ တရုတ်နွယ်ဖွား၊ အိန္ဒိယနွယ်ဖွား၊ နီပေါနွယ်ဖွားနှင့် မွတ်စလင်အများစု၊ နိုင်ငံခြားသားမိဘ သို့မဟုတ် ဘိုဘွားရှိသောသူများ အပါအ၀င် တိုင်းရင်းသားစာရင်းတွင် မပါဝင်သူများက နိုင်ငံသားလျှောက်ထားရာတွင် နှစ်ချီစောင့်ရခြင်းပင် ဖြစ်လေသည်။

    “နိုင်ငံသားစီစစ်ရေးလုပ်ငန်းကလည်း မြန်မာနိုင်ငံရဲ့ အခြား အစိုးရဌာနတွေလိုပဲ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးကတည်းက ကိုးယို့ကားယား ဖြစ်ခဲ့တာပါ” ဟု မဲလ်ဘုန်းရှိ Deakin တက္ကသိုလ်မှ နိုင်ငံရေး အကြံပေးနှင့် ပါရဂူဘွဲ့တက်ရောက်နေသူ ရိုနန် လီက ပြောကြားခဲ့သည်။

    ဒုတိယတန်းစားနိုင်ငံသား

    အောင်ကျော်မင်းထွန်းတို့ မိသားစုက အဆိုပါ နိုင်ငံသားပြဿနာ၏ နမူနာဖြစ်သည်။

    ဖခင်ဖြစ်သူက နိုင်ငံသားစီစစ်ရေးကဒ် ကိုင်ထားပြီး ၁၉၈၂ နိုင်ငံသားဥပဒေ မပြဌာန်းခင်က ရရှိခဲ့ခြင်းဖြစ်သည်။ အစ်ကိုဖြစ်သူကတော့ ၂၀၀၀ ပြည့်နှစ်များတွင် အဆိုပါ စီစစ်ရေးကဒ်ရရှိရန် ၃ သိန်းဝန်းကျင် ပေးခဲ့ရသည်။ မိခင်နှင့် အစ်မဖြစ်သူတို့က နေထိုင်ခွင့်လက်မှတ်သာ ရရှိထားသည်။ ၎င်းနှင့် ညီမဖြစ်သူတို့က မည်သည့်အထောက်အထားမှ မရသေး။ လုပ်ထုံးလုပ်နည်းအရ ၎င်းတို့မှာ ဒုတိယတန်းစားဖြစ်သော ‘နိုင်ငံသားပြုခွင့်ရသူ’ ဖြစ်ခွင့်ရှိသော်လည်း ရုံးပေါင်းစွာကို နှစ်ပေါင်းများစွာ သွားခဲ့ရပြီး မည်သည့်ရလဒ်မှ မထွက်ခဲ့။

    ရန်ကုန်ရှိ ၎င်းတို့လူ့အဖွဲ့အစည်း၏ ၃ ပုံ ၂ ပုံမှာလည်း ထိုပြဿနာမျိုး ကြုံတွေ့ရမည်ဟု သူက ခန့်မှန်းသည်။ အများစုမှာ မြောက်များစွာပေးရသည့် လက်သိပ်ထိုးငွေကို မတတ်နိုင်ကြသော အလွန်ချို့တဲ့သူများ ဖြစ်သည်။ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားမရှိဘဲ သူနှင့်အခြားသူများမှာ နိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်၊ နိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်နှင့် အိမ်ယာဝယ်ယူခွင့် ရမည်မဟုတ်ဟု အောင်ကျော်မင်းထွန်းက ဆိုသည်။

    “တစ်ယောက်ယောက်က ကျွန်တော်တို့ကို မောင်းထုတ်ရင် သွားရမှာဗျ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့မှာ ဘာအထောက်အထားမှ မရှိဘူးလေ။ စိုးရိမ်စရာပါပဲ။ ကျွန်တော်ဒီမှာမွေးတယ်။ ဒီမှာပဲ သေမှာဖြစ်တဲ့အတွက် ပြစရာအထောက်အထားလေးတော့ ရှိသင့်တာပေါ့ဗျာ”

    ဇာတိမြေတွင် နိုင်ငံပျောက်သူများ

    မြန်မာနိုင်ငံ၏ နိုင်ငံသားကိစ္စအကြောင်းပြောလျှင် နိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နှင့် ကပ်နေသည့် ရခိုင်ပြည်နယ်တွင်နေထိုင်ပြီး လူဦးရေ ၁ သန်းဝန်းကျင်ရှိသည့် ရိုဟင်ဂျာများနှင့်စကာ ၎င်းတိုနှင့်ပင် ဆုံးကြသည်။

    ၎င်းတို့ကလည်း တိုင်းရင်းသား ၁၃၅ မျိုးစာရင်းတွင် မပါဝင်။ နိုင်ငံသားအခွင့်အရေးကို ခိုင်ခိုင်မာမာ တောင်းဆိုနိုင်စွမ်း မရှိသောကြောင့် ရန်လိုသောအစိုးရနှင့် တိုင်းရင်းသားစာရင်းတွင်ပါဝင်ပြီး တင်းပြည့်နိုင်ငံသားဖြစ်သည့် အိမ်နီးချင်းရခိုင်တိုင်းရင်းသားတို့၏ ပြုသမျှ နုကြရသည်။ ခြားနားချက်တစ်ခုက ရိုဟင်ဂျာများမှာ ခွဲခြားဆက်ဆံမှုကဲ့သို့ စနစ်တစ်ခုအောက်တွင်နေကြရပြီး အလုပ်အကိုင် သို့မဟုတ် အခြားသော အကြောင်းအရင်းများအတွက် သွားလာခွင့် ကန့်သတ်ခံထားရသည်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးတို့တွင်လည်း အလွန်အမင်း အကန့်အသတ်ရှိနေသည်။ လူမျိုးစုခြင်းဖြစ်ပွားသည့် အကြမ်းဖက်မှုသားကောင် အများစုမှာ ရိုဟင်ဂျာများဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ၎င်းတို့နေအိမ်များမှ မောင်းထုတ်ခံရပြီးနောက် လူဦးရေ ၁၂၀၀၀၀ နီးပါးမှာ ညစ်ညမ်းသော ဒုက္ခသည်စခန်များတွင် နေထို
    င်နေရသည်။

    ရိုဟင်ဂျာများ၏ ဒုက္ခသုက္ခများနှင့်ပတ်သက်၍ နိုင်ငံတကာက ရှုတ်ချခဲ့ကြပြီး နိုင်ငံသားဖြစ်မှုဥပဒေကို ဆန်းစစ်ပြင်ဆင်မှု မလုပ်ပါက ထိုအခြေအနေမှာ တိုးတက်မည့်ပုံမရှိ။ သို့ရာတွင် နိုင်ငံမဲ့မှုက မြန်မာနိုင်ငံတွင် ပိုမိုကြီးမားသောပြဿနာဖြစ်ပြီး အစိုးရကလည်း လက်ရှောင်သည့်သဘောရှိသည်။

    “ရခိုင်ကိုကွက်ကြည့်ရုံလောက်နဲ့ အခြေအနေကို ပြည့်ပြည့်စုံစုံ မမြင်နိုင်ဘူးရှင့်။ အဲဒီမှာ ထင်ထင်ရှားရှားတွေ့ရပေမယ့် နိုင်ငံအတွင်း အခြားအုပ်စုတွေလည်း နိုင်ငံသားဆိုင်ရာ အထောက်အထားရဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်” ဟု ရန်ကုန်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီမှ အကြီးတန်းတာဝန်ရှိသူ စီစီလီ ဖရာဒေါ့တ်က ပြောကြားခဲ့သည်။ သူမမှာ နိုင်ငံသားရေးရာ ကိစ္စများကို ကိုင်တွယ်ဆောင်ရွက်နေသူဖြစ်သည်။

    “အဲဒါနဲ့ပတ်သက်တဲ့ အကြီးမားဆုံး ပြဿနာကတော့ နိုင်ငံအတွင်း နိုင်ငံမဲ့ဖြစ်နေမှုအတွက် ပြည့်ဝတဲ့မူတစ်ခု မရှိတာပါပဲ။ ကျွန်မတို့မှာ ပြည်စုံပြီး၊ အသေးစိတ်တဲ့ အချက်အလက် မရှိပါဘူး”

    လူမျိုးပြောင်းနေ

    လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းမှုတည်ဆောက်ရေးအဖွဲ့တစ်ခုဖြစ်သော Seagull Foundation က မန္တလေးမြို့ရှိ ဘာသာရေးနှင့် တိုင်းရင်းသားလူနည်းစု ၁၀၀ ကျော်ကို မကြာသေးမီက စစ်တမ်းကောက်ယူမှုတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်းတို့ထဲမှ အားလုံးနီးပါးမှာ နိုင်ငံသား စီစစ်ရေးကဒ်ပြား ရရှိရေးတွင် ပြဿနာများ ကိုယ်စီရှိနေကြသည်ကို တွေ့ခဲ့ရသည်။ တမင်အချိန်ဆွဲထားပုံမျိုးဖြင့် တစ်မေ့တစ်မော စောင့်ရသည်ဟု ၎င်းတို့က ဆိုသည်။ အများစုက အထောက်အထားရရှိရေးအတွက် သတ်မှတ်ထားသည့်ဘောင်ဝင်စေရန် ဘာသာ သို့မဟုတ် လူမျိုးပြောင်းရန် ပြောခံရသည်ဟု ဖြေကြားခဲ့သည်။

    လာဘ်လာဘအဖြစ် ကျပ် ၅ သိန်းအထိ ပေးရသည်ဟု ဖြေကြားသူများ၊ ကျောင်းတွင် မှတ်ပုံတင်လုပ်ပေးသည့်အခါ မိမိတို့ကလေးငယ်များမှာ စနစ်တကျ ဖယ်ထုတ်ခံရသည်ဟု ဖြေကြားသူများလည်းရှိသည်။ လူအများစု အထူးသဖြင့် မွတ်စလင်များက အထောက်အထားရရှိလိုလျှင် တတိတန်းစား ‘ဧည့်နိုင်ငံသား’ ကဒ်များကိုသာ ယူကြရန် ဖိအားပေးခံနေရသည်ဟု ဆိုသည်။ ထိုကဒ်များကိုင်ဆောင်ပါက နိုင်ငံရေးတွင် ပါဝင်ခွင့်မရနိုင်သလို အခြားသော ကန့်သတ်ချက်များလည်း ရှိနေသည်။

    လူဝင်မှုကြီးကြပ်ရေးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ကတော့ အစိုးရအနေဖြင့် အဆိုပါခြစားမှုပြဿနာကို တိုက်ဖျက်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးဌာနကို ရှောင်တခင် ၀င်ရာက်စစ်ဆေးမှုပြုလုပ်ရန်၊ တိုင်ကြားမှုများအားလုံးကို အမြန်ဆုံး စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။ နိုင်ငံသားဥပဒေနှင့် ပတ်သက်၍ အခြားပြဿနာများအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

    သို့သော်လည်း Seagull Foundation အကြီးအကဲ ဟယ်ရီမျိုးလွင်ကတော့ အခြေခံမှစ၍ ပြုပြင်ပြောင်းလဲမှုလိုအပ်ပြီး ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။

    “မှတ်ပုံတင်မှာ ဘာသာ၊ လူမျိုးဆိုတာတွေ မထည့်သင့်ပါဘူး။ လူဝင်မှုကြီးကြပ်ရေးစနစ်မှာလည်း နိုင်ငံသား၊ နိုင်ငံခြားသား ၂ မျိုးသာ ရှိသင့်ပါတယ်”

    လှုပ်မရ

    ရခိုင်နှင့် အခြားနေရာများတွင် မတည်ငြိမ်မှုများ ဖြစ်နေခြင်း၊ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ နိုင်ငံတစ်ဝှမ်းတွင် ခေါင်းထောင်ထလာခြင်းတို့ကြောင့် မွတ်စလင်များက အဆိုပါ ခြစားမှုအခြေအနေတွင် ပါဝင်နေရခြင်းမှာ အံ့သြစရာတော့မဟုတ်။

    Deakin တက္ကသိုလ်မှ ပညာရှင်ဖြစ်သူ လီက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ သတ်မှတ်ချက်နှင့်ပြည့်မီသည့် မွတ်စလင်များပင်လျှင် ၎င်းတို့၏ နိုင်ငံသားအခွင့်အရေး တောင်းဆိုရာတွင် ပြဿနာများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

    “ရခိုင်ပြည်နယ်က ခရီးသွားလာမှု ကန့်သတ်တာဟာ ပြည်သူတွေ မှန်ကန်တဲ့အထောက်အထားရှိလားဆိုတဲ့ အပေါ်မှာထက် ဘာသာတရားနဲ့ အသားအရောက်ကို အခြေခံပြီး သတ်မှတ်ပုံရပါတယ်” ဟု သူက ပြောကြားခဲ့သည်။

    ထိုပြဿနာများ၏ သားကောင်များထဲတွင် ၂၀၁၂ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း စစ်တွေရှိ သက်ကယ်ပြင် ဒုက္ခသည်စခန်းတွင် နေထိုင်နေရသည့် အသက် ၂၆ နှစ်အရွယ် ကမန်အမျိုးသမီး ဖွေးဖွေးလည်း ပါဝင်သည်။ ကမန် မွတ်စလင်များက တိုင်းရင်းသားလူမျိုးစာရင်းတွင် ပါဝင်သော်လည်း ရိုဟင်ဂျာများကဲ့သို့ တိုက်ခိုက်မှုများ၊ ဆင်းရဲဒုက္ခများကို ခံစားနေရသည်။ ၂၀၁၂ မတိုင်ခင်က နိုင်ငံသားစီစစ်ရေးကဒ်ပြား လိုအပ်မည့် အဖြစ်အပျက်မျိုး သူမက မကြုံတွေ့ခဲ့။ သူမ၏ အခြေအနေက အာမခံချက်ရှိခဲ့ပြီး လွတ်လပ်စွာ ခရီးသွားလာနိုင်ခဲ့သည်။

    အကြမ်းဖက်မှုတွင် သူမ၏အိမ် မီးရှို့ခံလိုက်ရပြီးနောက်ပိုင်း ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ရပြီး ထိုစခန်းမှ ထွက်၍ မရတော့။ အထောက်အထားရရန် ဆောင်ရွက်ခဲ့သော်လည်း စီစစ်မှုလုပ်ငန်းစဉ်၏ ရှုပ်ထွေးမှုကြောင့် ၂ နှစ်တာ ကြာမြင့်သွားခဲ့ပြီး၊ လာဘ်လာဘများလည်း ပေးရသည်ဟု သူမက ဆိုသည်။ ဒုက္ခသည်စခန်းမှ စစ်တွေမြို့လယ်ကောင်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးသို့ သွားလာရာတွင်လည်း အဆင်မပြေမှုများရှိပြီး ဆိုက်ကားနှင့် တက္ကဆီများဖြင့်သွားပါက ၂ နာရီခန့်ကြာသည်ဟု ဆိုသည်။

    “ကျွန်မရုံးသွားတိုင်း သူတို့က ပိုက်ဆံတောင်းတယ်။ တစ်ကြိမ်ကို ၂ သောင်း၊ ၃ သောင်းလောက်ပေါ့။ ၀န်ထမ်းတွေပြောင်းသွားရင် ထပ်ပြီး ညှိရပြန်ရာ။ ကျွန်မ ပိုက်ဆံတော်တော်လေး ကုန်ခဲ့ပါတယ်။ ပြီးတော့ ကျွန်မက ဒုက္ခသည်စခန်းမှာနေရတာပါ။ ဟိုသွားဒီသွားဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး”

    နောက်ဆုံး ၂၀၁၅ ခုနှစ်တွင် မှတ်ပုံတင်ရခဲ့သော်လည်း ကမန်လူမျိုး ခင်ပွန်းဖြစ်သူက မရသေးသည့်အတွက် ဒုက္ခသည်စခန်းမှ ထွက်၍ မရခဲ့။ ယခင်က စစ်တွေမြို့လည်ကောင်တွင် ဆိုင်ဖွင့်ခဲ့ဖူးသည့်အဆက်ကြောင့် ယခုအချိန်တွင် သူမက စခန်းတွင် လက်ချုပ်လိုက်နေပြီး လက်ခအဖြစ် ဆန်အနည်းငယ်သာရကာ ဆက်လက် စောင့်ဆိုင်းနေရလေသည်။

    အမည်ပြဿနာ

    ၁၉၈၂ ဥပဒေဒဏ် အများဆုံးခံရသည့် ရိုဟင်ဂျာများအတွက် ၎င်းတို့ဘ၀ ပုံမှန်ပြန်ဖြစ်ရေး ဆောင်ရွက်မှုများမှာ ရပ်တန့်နေသည်။ ဗုဒ္ဓဘာသာအမျိုးသားရေ၀ါဒီများ၏ ဆန့်ကျင်မှုကြောင့်သာမကဘဲ ရိုဟင်ဂျာများက အစိုးရကို မယုံကြည်မှု၊ နှစ်ပေါင်းများစွာရှိခဲ့သည့် ခွဲခြားဆက်ဆံမှု ပေါ်လစီများမှ ပေါက်ဖွားလာသော စည်းလုံးမှုလွန်ကဲမှုတို့ကြောင့် ဖြစ်သည်။

    ရိုဟင်ဂျာများ၏ ဘိုးဘေးအချို့မှာ ရခိုင်ဒေသတွင် ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်ဆိုသည့် အထောက်အထားရှိသော်လည်း မြန်မာနိုင်ငံမှ လူအများစုက ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသူများ ယူဆကြသည်။ အချို့သော ရိုဟင်ဂျာများက ၁၈၂၄ ခုနှစ်တွင် ဗြိတိသျှက မြန်မာနိုင်ငံကို သိမ်းပိုက်ကာ နယ်နမိတ်ရေးဆွဲခဲ့မှု မတိုင်ခင်နှင့် ရေးဆွဲခဲ့ပြီးနောက်ပိုင်းတွင် ထိုဒေသတစ်ဝိုက်သို့ ပြောင်းရွှေ့အခြေချလာသူများ ဖြစ်သည်။

    စစ်တပ်က ကျောထောက်နောက်ခံပြုထားသည့် ယခင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် နိုင်ငံသားစီစစ်ရေး ရှေ့ပြေးအစီအစဉ်တစ်ခုကို ဆောင်ရွက်ခဲ့ပြီး ရိုဟင်ဂျာများကို လူမျိုးနေရာတွင် ‘ဘင်္ဂါလီ’ ဟု အတင်းအဓမ္မ ရေးသွင်းစေခဲ့သောကြောင့် မအောင်မြင်ခဲ့။ ဘင်္ဂါလီဆိုသည့်စကားလုံးက ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသူများဟု သဘောသက်ရောက်သည်။ ယခုနှစ်အစောပိုင်းကလည်း နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရက ရိုဟင်ဂျာများကို ဘာသာလူမျိုးမထည့်ဘဲ စာရင်းကောက်၍ ထိုပြဿနာကိုဖြေရှင်းရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ထိုနည်းလမ်းက လူကြိုက်မများခဲ့။

    မော်သီညာ ဒုက္ခသည်စခန်းတွင်နေထိုင်သည့် ရိုဟင်ဂျာအမျိုးသား ရှမ်ရှူလ် အာလွန်က မြန်မာနိုင်ငံ၏ လူမှုရေးနှင့် နိုင်ငံရေးစနစ်တွင် လူမျိုးဆိုသည်က အလွန်ရေးပါပြီး မိမိအား ရိုဟင်ဂျာမွတ်စလင်ဟု မသတ်မှတ်လျင် သက်သေခံအထာက်အထားကို လက်ခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    “ဖုန်းတစ်ခုထဲမှာ ဆင်းကဒ်မထည့်ထားရင် ဖုန်းက အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ဆက်သွယ်လို့ ရမှာ မဟုတ်ပါဘူး။ ဘာသာလူမျိုးမထည့်ဘဲ မှတ်ပုံတင်တွေပေးဖို့ကြိုစားရင်လည်း အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကတော့ လက်မခံပါဘူး”

    Ref : IRIN

    (IRIN သတင်းဌာနမှ ဖော်ပြသည့် Bribes and bureaucracy: Myanmar’s chaotic citizenship system ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • ဘိုကိုဟရမ်လက်မှလွတ်လာသူများ နိုက်ဂျီးယားအစိုးရအဖွဲ့ဝင်များ၏ အဓမ္မကျင့်မှု ခံနေရ

    ဘိုကိုဟရမ်လက်မှလွတ်လာသူများ နိုက်ဂျီးယားအစိုးရအဖွဲ့ဝင်များ၏ အဓမ္မကျင့်မှု ခံနေရ

    နိုဝင်ဘာ ၄၊ ၂၀၁၆
    M-Media

    boko

    – ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့လက်မှ လွတ်မြောက်လာသည့် အမျိုးသမီးငယ်များမှာ နိုင်ငံမြောက်ပိုင်း ၎င်းတို့ ခိုလှုံရာ ယာယီစခန်းများ၌ အစိုးရတာဝန်ရှိသူများ၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ဘိုနိုပြည်နယ်မြို့တော် မိုဒူဂူရီမှ အိုးအိမ်စွန့်ခွာထွက်ပြေးလာရသူများ နေထိုင်ရာ ကယ်ဆယ်ရေးစခန်းများမှ အမျိုးသမီးများဖြစ်ပြီး ကယ်ဆယ်ရေးစခန်း ခေါင်းဆောင်များ၊ ရပ်ရွာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် စစ်သားများက အဓ္ဓမပြုကျင်းခဲ့ခြင်းဖြစ်သည်ဟု Human Rights Watch အဖွဲ့သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ကိုယ်ဝန်ရပြီးနောက် ထိုတာဝန်ရှိသူများက ၎င်းတို့အား စွန့်ပစ်သွားခဲ့သည်ဟုလည်း ဆိုသည်။

    “ဒီအမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ ဘိုကိုဟရမ်လက်ထဲမှာ ခံစားခဲ့ရတဲ့ ကြောက်စရာစိတ်ဒဏ်ရာတွေကို ကုသဖို့အတွက် လိုအပ်တဲ့ အထောက်အပံ့တွေ မရတာကိုက တော်တော်လေး ဆိုးရွားနေပါပြီ။ ဒီအမျိုးသမီတွေကို ကာကွယ်ပေးရမယ့် တာဝန်ရှိသူတွေက သူတို့ကို စော်ကားတာ၊ အမြတ်ထုတ်တာမျိုးကတော့ ရှက်စရာကောင်းသလို၊ ယုတ်ညံ့တဲ့အပြုအမူပါပဲ” ဟု HRW မှ အကြီးတန်း သုတေသနပညာရှင်ဖြစ်သူ နိုက်ဂျီးရီးယား နိုင်ငံသား မော်စီ ဆီဂန်က ပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယားသမ္မတ မိုဟာမာဒူ ဘူဟာရီကမူ အဆိုပါ စွပ်စွဲချက်များအတွက် တုန်လှုပ်ခြောက်ခြားမိသည်ဟု သမ္မတရုံးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားပြီး၊ ထိုကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ရန်အတွက် ဘူဟာရီက ရဲချုပ်နှင့် အစိုးရထိပ်တန်း တာဝန်ရှိသူများကို ညွှန်ကြားထားသည်ဟု ဆိုသည်။

    တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါအစီရင်ခံစာတွင် ဘိုနိုပြည်နယ်ရှိ ရွာနှင့် မြို့များစွာမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးကာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရသည့် အမျိုးသမီးနှင့် မိန်းကလေးငယ် ၄၃ ဦး၏ ပြောကြားချက်များကို ပြုစုထားသည်။

    ထိုအထဲမှ ၈ ဦးမှာ ယခင်က ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့၏ ပြန်ပေးဆွဲမှုကို ခံရပြီး အတင်းအဓမ္မ လက်ထပ်ခံခဲ့ရပြီးနောက်ပိုင်းတွင် ပြန်လွတ်လာခြင်းဖြစ်သည်။ ကျူးလွန်ခံခဲ့ရသူ အခြား ၄ ဦးကမူ ၎င်းတို့မှာ အဓမ္မပြုကျင့်မခံရမီ ပထမဆုံး မူးယစ်ဆေးဝါး ထိုးသွင်းခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    HRW ကမူ အမျိုးသမီး ၃၇ ဦးမှာ လက်ထပ်မည်၊ သို့မဟုတ် ပစ္စည်းဥစ္စာနှင့် ငွေကြေး၊ စားနပ်ရိက္ခာထောက်ပံ့မည်ဟုသော မက်လုံးများဖြင့် လှည့်ဖျားကာ အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: CNN

  • မောင်တောဒေသကို အကူအညီတွေ ပြန်လည်ပေး ခွင့်ပြုမယ်

    နိုဝင်ဘာ ၄ ၊ ၂၀၁၆
    RFA (မြန်မာပိုင်း)

    image
    မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms Renata နဲ့ သံအမတ်အဖွဲ့ဟာ နိုင်ဝင်ဘာလ ၃ ရက်နေ့က မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာမှာရှိတဲ့ မွတ်ဆလင်တွေနဲ့ တွေ့ဆုံစဉ် Photo: RFA

    ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ဒုက္ခသည်တွေထံ နိုင်ငံတကာထောက်ပံ့ကူညီရေး အဖွဲ့အစည်းတွေ သွားရောက်ပြီး ရိက္ခာဖြန့်ဝေတာကို မြန်မာအစိုးရက ပြန်လည်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။

    အောက်တိုဘာ ၉ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်းမှာ မြန်မာအာဏာပိုင်တွေက WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အပါအဝင် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အဲဒီဒေသသွားလာခွင့် ပိတ်ပင်ထားခဲ့ပါတယ်။

    မောင်တောမြို့နယ်ကို အစိုးရအစီအစဉ်နဲ့ သွားရောက်ကြည့်ရှုခဲ့တဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံရုံးအဖွဲ့ဝင်တွေက စစ်တွေလေဆိပ်မှာ မနေ့က သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာမှာ ကုလသမဂ္ဂ ဌာနေညှိနိုင်းရေးမှူး Renata Lok-Dessallien ရီနာတာ လော့ ဒက်စယ်လီယန် က  “ဒုက္ခသည်တွေထံ လူသားချင်းစာနာမှုအကူ အညီတွေ ထောက်ပံ့ပေးပို့ခွင့်ပြုမှာဖြစ်ကြောင်း မြန်မာအစိုးရအာဏာပိုင်တွေက ကျမတို့ကို အာမခံပြော ကြားခဲ့ပြီးပါပြီ။ ဒါ့အပြင် အဲဒီလို ထောက်ပံ့ကူညီတာကို နိုင်ငံတကာ စောင့်ကြည့်ရေးသမားတွေ သွားရောက်လေ့လာခွင့်ပြုဖို့ ကျမတို့ တောင်းဆိုခဲ့တာကိုလည်း  အစိုးရက သဘောတူ လိုက်လျှော ခဲ့ပါတယ်” လို့ ပြောပါတယ်။

    ဒါ့အပြင် ကုလသမဂ္ဂအရာရှိက မောင်တောဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေ အတွက် ကြေကွဲဝမ်းနည်းကြောင်း၊ အဲဒီလို အကြမ်းဖက်မှုကို မိမိတို့အားလုံးက ရှုံ့ချကြောင်း၊ ပျောက်ဆုံးသွားခဲ့တဲ့ လက်နက်တွေ ပြန်လည်ရရှိရေးအတွက် အစိုးရကလိုအပ်သလိုစစ်ဆင်ရေး လုပ်တာကိုလည်း နားလည်ပါကြောင်း၊ အဲဒီကိစ္စတွေကိုဖြေရှင်းရာမှာ တရားဥပဒေနဲ့ အညီ လုပ်ဆောင်အရေးယူမယ်လို့ အာဏာပိုင်တွေက ပြော ဆိုခဲ့တာကိုလည်း ချီးကျူးအသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါတယ်။

    တပြိုင်နက်မှာပဲ အဲဒီစစ်ဆင်ရေးတွေမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေးတွေချိုးဖေါက်ခဲ့တယ် ဆိုတဲ့ ပြောဆိုချက်တွေထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလအရာရှိ ရီနာတာက “အဲဒီ စွပ်စွဲချက်တွေကို အရေးယူဖို့အတွက် လွတ်လပ်မှုနဲ့ ယုံကြည်စိတ်ချမှုရှိမယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု အမြန်ဆုံးဖွဲ့စည်းပြီး အဲဒီဒေသကို စေလွတ်ဖို့ မြန်မာအစိုးရကို ကျမတို့ တိုက်တွန်းခဲ့ပါတယ်လို့ပြောပါတယ်။

    တဆက်တည်းမှာပဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရတဲ့ မောင်တောဒေသခံပြည်သူတွေ နေရပ်ပြန်လာပြီး ပုံမှန်အတိုင်း အခြေချနေထိုင်နိုင်ရေးအတွက် အဲဒီဒေသမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ အလွန်အရေးကြီးကြောင်း မြန်မာအစိုးရကို မိမိတို့ တိုက်တွန်းခဲ့တယ်” လို့လည်း ကုလအရာရှိကပြောပါတယ်။

    အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အမျိုးသမီးတွေကို အဓမ္မကျင့်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ မစ် ရီနာတာက “ကျမတို့ အခုခရီးစဉ်မှာ အဲဒီစွပ်စွဲချက်တွေ မှန်လား မှားလားဆိုတာကို သက်သေအထောက်အထား ရှာဖွေဖေါ်ထုတ်ဖို့ မဖြစ်နိုင်ပါဘူး။ ကျမတို့ အခု သွားရောက်ပြီး ရွာသားတွေနဲ့ တွေ့ဆုံပြောဆိုခဲ့ရတဲ့အနေအထားက အဲဒီလို မေးမြန်းဖို့ အခွင့်သာတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ အဲဒီနေရာမှာ အဖြေရရှိအောင် မရမက မေးမြန်းမယ်ဆိုရင် ဒေသခံတွေ ရဲ့လုံခြုံရေးအတွက် ကျမတို့ အင်မတန်တာဝန်မဲ့ရာကျပါလိမ့်မယ်။ တွေ့ဆုံပွဲမှာ သူ အဓမ္မပြုကျင့်ခံခဲ့ရတယ် လို့ ကျမကို ထွက်ပြီးပြောဆိုတဲ့ အမျိုးသမီးတော့ မရှိခဲ့ပါဘူး” လို့ပြောပါတယ်။

    ရခိုင်ပြည်နယ်ကို ၂ ရက်ကြာသွားခဲ့တဲ့ အဲဒီ နိုင်ငံတကာသံတမန်အဖွဲ့ကို အာဏာပိုင်တွေက ပြဿနာဖြစ်ပွား ရာဒေသက ကျေးရွာအများအပြားကို လိုက်လံပြသခဲ့ပေမယ့် လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အကြီး အကျယ်ပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ နေရာတွေကိုတော့ ခေါ်ဆောင်သွားခဲ့ခြင်းမရှိဘူးလို့ Reuters ရိုက်တာသတင်း တစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။

    မူရင်း Link