News @ M-Media

Blog

  • မန်ယူ အဆင့် ၄ မ၀င်နိုင်ဟု ကွင်းလယ်လူဟောင်းပြော

    မန်ယူ အဆင့် ၄ မ၀င်နိုင်ဟု ကွင်းလယ်လူဟောင်းပြော

    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media

    man-u

    – ပွဲထွက်လူစာရင်း ၁၁ ယောက်တွင် အပြောင်းအလဲမလုပ်ပါက မန်ယူမှာ ယခုနှစ်တွင် အဆင့် ၄ မ၀င်နိုင်ဟု ကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်က ပြောကြားလိုက်သည်။

    စနေနေ့က ကစားခဲ့သည့် ဘန်လေနှင့်ပွဲတွင် မန်ယူမှာ စံချိန်တင် ဂိုးသွင်းခွင့်ရခဲ့သော်လည်း ဂိုးရခဲ့ခြင်းမရှိဘဲ ဂိုးမရှိသရေဖြင့် ပွဲပြီးဆုံးကာ ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ခြင်း ဖြစ်သည်။ ဇယားတွင်လည်း ထိပ်ဆုံးမှ အသင်းများနှင့် ၈ မှတ် ကွာဟနေပြီး အဆင့် ၄ မှ ချယ်ဆီးနှင့်မူ ၇ မှတ် ကွာဟနေသည်။

    ဟားဂရေဗ့်ကမူ မန်ယူအနေဖြင့် ဆိုးရွားသည့် ပြဿနာအချို့ကို မဖြေရှင်းနိုင်ပါက ချန်ပီယံလိဂ် ၀င်ခွင့် လွဲချော်ဖွယ်ရှိသည်ဟု ဆိုသည်။

    “နောက်ခံလူ ၄ ယောက်က တော်တောင်လေးတောင့်တင်းတယ်လို့ ကျွန်တော်ထင်တယ်။ ဂိုးသမားကလည်း တစ်နိုင်ငံလုံးမှာ အကောင်းဆုံးပါ။ အသင်းလိုက်ဆိုရင်တော့ မန်ယူဟာ ပရီးမီးယားလိဂ်က ဘယ်အသင်းလောက်မဆို ကောင်းတယ်လို့ ကျွန်တော် အမှန်အကန်ယုံကြည်ပါတယ်။ ဒါပေမယ့် အခုလိုပုံမျိုးနဲ့တော့ ထိပ်ဆုံး ၄ သင်း မ၀င်နိုင်ပါဘူး” ဟု ဟားဂရေ့ဗ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဇီကာနောက်ဆက်တွဲ ဦးခေါင်းသေးရောဂါကို ဗီယက်နမ်တွင် ပထမဆုံး တွေ့ရှိ

    ဇီကာနောက်ဆက်တွဲ ဦးခေါင်းသေးရောဂါကို ဗီယက်နမ်တွင် ပထမဆုံး တွေ့ရှိ

    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media

    zika

    – ခြင်မှကူးဆက်သော ဇီကာရောဂါနှင့် ဆက်စပ်နေသည့် ဦးခေါင်းသေးရောဂါကို တွေ့ရှိခဲ့ရသည်ဟု ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားလိုက်ပြီး နိုင်ငံအတွင်း ပထဆုံး ဖြစ်ပွားမှုလည်း ဖြစ်သည်။

    နိုင်ငံ အလယ်ပိုင်း ဒက်လက်မြို့၌ ကိုယ်ဝန်ဆောင်စဉ် ဇီကာပိုးတွေ့ရှိခဲ့သည့် မိခင်တစ်ဦး၏ လေးလသားကလေးငယ်တွင် အဆိုပါရောဂါ ဖြစ်ပွားခြင်းဖြစ်သည်။

    “ဇီကာဗိုင်းရပ်စ်ကြောင့်ဖြစ်နိုင်တဲ့ ဦးခေါင်းသေးရောဂါဖြစ်ပြီး၊ ဒီလိုဖြစ်ရပ်မျိုး ဗီယက်နမ်မှာ ပထမဆုံးအကြိမ် ပေါ်ပေါက်ခဲ့တာပါ” ဟု ဆေးဘက်ဆိုင်ရာ အထွေထွေဦးစီးဌာနက ၎င်းတို့၏ တရားဝင်ဝဘ်ဆိုက်တွင် ကြေငြာခဲ့သည်။

    ဗီယက်နမ်တွင် ယခုအချိန်ထိ ဇီကာဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၉ ခု တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း၊ နောက်ထပ်တွေ့ရှိမှုများကို လာမည့် ရက်အနည်းငယ်အတွင်း အတည်ပြုရန် မျှော်လင့်ထားကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ထရန်ဒက်ဖူးက ရိုက်တာသတင်းသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဇီကာနှင့်ပတ်သက်၍ စိုးရိမ်ရမှုအဆင့်ကို ဗီယက်နိမ်နိုင်ငံက ယခုလအစောပိုင်းတွင် မြှင့်တင်ခဲ့ပြီး နိုင်ငံအတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား စောင့်ကြည့်မှုကိုလည်း တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

    ယခုတွေ့ရှိရသည့် အဆိုပါဦးခေါင်းသေးရောဂါသည် ဇီကာနှင့်ဆက်နွယ်ကြောင်း အတည်ပြုနိုင်မည်ဆိုပါက ဗီယက်နမ်မှာ ထိုင်းနိုင်ငံအပြီး အရှေ့တောင်အာရှတွင် ၎င်းရောဂါတွေ့ရှိရသည့် ဒုတိယမြောက်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။

    ဇီကာနှင့် ကလေးများ မွေးရာပါ ဦးနှောက်သေးရောဂါ ဆက်စပ်မှုကို ဘရာဇီးလ်နိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဘရားဇီးလ်တွင် အဆိုပါဦးနှောက်သေးရောဂါ ဖြစ်ပွားမှု ၁၈၀၀ ကျော် ရှိခဲ့သည်။

    Ref : Bangkokpost

  • မက်ဆီက ရော်နယ်ဒိုထက်သာသည်ဟု ဖော်လန်ပြော

    မက်ဆီက ရော်နယ်ဒိုထက်သာသည်ဟု ဖော်လန်ပြော

    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media

    – ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ အဆုံးသတ်ပိုင်းတွင် ပြောစရာမရှိသော်လည်း ဘာစီလိုနာမှ မက်ဆီကဲ့သို့ လက်ဖျားခါလောက်သည့် တစ်ဦးချင်းစွမ်းရည်မျိုးမရှိဟု မန်ယူတိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်က ပြာကြားလိုက်သည်။

    ပြီးခဲ့သည့် ၆ နှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ၎င်းတို့နှစ်ဦးက ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း ၎င်းတို့ နှစ်ဦးသာ ရရှိရန် ရေပန်းအစားဆုံး ဖြစ်နေသည်။ လက်ရှိတွင် ရော်နယ်ဒိုက နှာတစ်ဖျားသာနေသော်လည်း မန်ယူတွင် ရော်နယ်ဒိုနှင့် တွဲကစားဖူးသည့် ဖော်လန်ကမူ ရော်နယ်ဒိုမှာ မက်ဆီကဲ့သို့ ပြည့်စုံမှုမရှိဟု ဆိုသည်။

    “သူနဲ့ (မန်ယူမှာ) ကစားတဲ့အချိန်တုန်းကနဲ့ ရီးယဲလ်မှာ သူကစားတဲ့ ပထမဆုံးနှစ်မှာ ရော်နယ်ဒိုဟာ မက်ဆီလိုပဲ အပျော်လုပ်ဖို့ ကစားသမားတွေကို လိမ်ခေါက်ဖြတ်ကျော်ပါတယ်။ အခုတော့ သူက အဆုံးသတ်သမားကြီးဖြစ်နေပြီး ဂိုးရှေ့မှာ ကြောက်စရာကောင်းသူပါ။ မက်ဆီလည်း ဒီလိုပါပဲ။ ဒါပေမယ့် မက်ဆီမှာ ကစားသမား ၂ ယောက်၊ ၃ ယောက်လောက်ကို ကျော်ဖြတ်နိုင်တဲ့ စွမ်းရည်နဲ့ ပွဲကိုပြောင်းလဲနိုင်တဲ့ စွမ်းရည် ရှိပါတယ်” ဟု ဖော်လန်က ပြောကြားခဲ့သည်။

    ယခုရာသီတွင် မက်ဆီမှာ ရော်နယ်ဒိုထက် ဂိုးပိုများနေပြီး ပြိုင်ပွဲအားလုံးတွင် ၁၄ ဂိုး သွင်းယူထားနိုင်ကာ ရော်နယ်ဒိုကမူ ၇ ဂိုးသာ သွင်းယူထားသည်။

    Ref: Goal

  • နိုင်ငံအတွင်း စာဖတ်ခြင်းကို တွန်းအားပေးမည့် ဥပဒေတစ်ခုကို ယူအေအီး ပြဌာန်း

    နိုင်ငံအတွင်း စာဖတ်ခြင်းကို တွန်းအားပေးမည့် ဥပဒေတစ်ခုကို ယူအေအီး ပြဌာန်း

    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media

    dubai
    စာအုပ် ၁ သန်းခွဲရှိပြီး လာမည့်နှစ်တွင် ဖွင့်လှစ်နိုင်မည့် ဒူဘိုင်းမှ စာကြည့်တိုက် ပုံစံငယ်

    – ၀န်ထမ်းများ အလုပ်ချိန်တွင် စာဖတ်ခွင့်ရပြီး စာဖတ်ခြင်းနှင့်သက်ဆိုင်သည့် ပစ္စည်းများ အခွန်ကင်းလွတ်ခွင့်ရမည့် ဥပဒေတစ်ခုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ပြဌာန်းလိုက်သည်။

    ဒုတိယသမ္မတဖြစ်ပြီး ဒူဘိုင်းအုပ်ချုပ်ရေးမှူး ရှိခ် မိုဟာမက် ဘင် ရာရှစ်က အဆိုပါ ဥပဒေပြဌာန်းမှုကို ယနေ့တွင် Twitter စာမျက်နှာမှတစ်ဆင့် ကြေငြာခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ ပြဌာန်းနိုင်မှုအတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသည်ဟုလည်း ဆိုသည်။

    ထို့ပြင် အဆိုပါဥပဒေမှာ တစ်မူထူးခြားသည့် ယဉ်ကျေးမှုနှင့် ဥပဒေပြုမှုဆိုင်ရာ ဆောင်ရွက်ချက်ဟုလည်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။

    ယူအေအီးသမ္မတ ရှိခ်ခါလီဖာ ထုတ်ပြန်သည့် အဆိုပါဥပဒေတွင် ၀န်ထမ်းများ အလုပ်ချိန်၌ သတ်မှတ်အချိန်ထားကာ စာဖတ်နိုင်မည့် အခွင့်အရေးကို အာမခံထားပြီး အစိုးရအနေဖြင့် နိုင်ငံအတွင်း ကလေးတစ်ယောက်မွေးသည့်အခါတိုင်း မိသားစုအား ‘ဗဟုသုတ လက်ဆွဲအိတ်’ ဟု ခေါ်သည့် စာအုပ်အိတ်များ သွားရောက်ပေးအပ်ရန် မလုပ်မနေရတာဝန်အဖြစ် သတ်မှတ်ထားသည်။

    “ဒီဥပဒေက ကျောင်းသားတွေအကြား စာဖတ်မှုကို တွန်းအားပေးတဲ့ နှစ်အလိုက်စီမံကိန်းတစ်ခု ကျောင်းတိုင်းမှာထားရှိဖို့၊ စာအုပ်တွေအပေါ် အလေးထားဖို့၊ စာအုပ်တွေကို ဖျက်ဆီးတာမျိုးမဟုတ်ဘဲ ထိန်းသိမ်းဖို့၊ ပြန်လည်အသုံးချဖို့၊ ဒါမှမဟုတ် လှူဒါန်းဖို့ ပြဌာန်းထားပါတယ်” ဟု ရှိခ် မိုဟာမက်က ပြောကြားခဲ့သည်။

    ထိုဥပဒေအရ စာအုပ်များ၊ စာဖတ်ခြင်းနှင့်သက်ဆိုင်သည့် ပစ္စည်းကိရိယာများမှာ ဖြန့်ဖြူးခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းတို့အတွက် အခွန်ကင်းလွန်ခွင့် ရမည်ဖြစ်ပြီး၊ စာရေးဆရာများ၊ အယ်ဒီတာများနှင့် ပုံနှိပ်လုပ်ငန်းများအတွက် လိုအပ်သည်များကို ထောက်ပံ့ကူညီပေးရန်လည်း ပြဌာန်းထားသည်။

    “ဒီဥပဒေက ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ စာအုပ်ယဉ်ကျေးမှုပုံရိပ်ကို အားကောင်းစေမှာဖြစ်ပြီး၊ ရှော့ပင်းမောလ်တွေက ကော်ဖီဆိုင်တွေမှာ ဈေးဝယ်သူတွေဖတ်ဖို့အတွက် စာအုပ်တွေထားပေးဖို့လည်း ဒီဥပဒေမှာ ပြဌာန်းထားပါတယ်”

    ထို့ပြင် ဒုတိယသမ္မတက ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် စာကြည့်တိုက်များ၊ ယဉ်ကျေးမှုစင်တာများ တည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံရန် ထိုဥပဒေက အားပေးထားကြောင်း၊ လိုအပ်သည်များကိုလည်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    “စာဖတ်ခြင်းဆိုင်ရာ ဥပဒေကနေ စာဖတ်မှု ရှေ့ပြေးလုပ်ငန်းတွေကို ထောက်ပံ့ကူညီဖို့အတွက် နိုင်ငံလုံးဆိုင်ရာ ရန်ပုံငွေတစ်ခုကို တည်ထောင်ပေးသွားမှာဖြစ်ပြီး၊ မီဒီလုပ်ငန်းက စာဖတ်ခြင်းကို အားပေးတဲ့ အစီအစဉ်တွေကို သတ်မှတ်ထုတ်လွှင့်ပေးသွားဖို့ မလုပ်မနေရအဖြစ် ဒီဥပဒေမှာ ပြဌာန်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ၂၀၁၆ ဟာ မျိုးဆက်တွေမှာ ထာဝရတည်တံ့တဲ့ ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲမှုရဲ့အစ ဖြစ်စေဖို့ဖြစ်ပြီး အဲဒီပြောင်းလဲမှုက စာဖတ်ခြင်းရဲ့ အရေးပါးမှုကို မြင်သာစေမှာဖြစ်ပါတယ်။ နောက်ပြီး ဗဟုသုတ ကြွယ်စေကာ စာဖတ်မှုအခြေအနေကို တိုးတက်စေမှာဖြစ်ပါတယ်”

    Ref : thenational.ae

  • ကျောက်တော်မှ ရန်ကုန်လာသူ (၅) ဦး ခရီးသွားခွင့် လက်မှတ်မပါလို့ အလုပ်နဲ့ ထောင် ၂ နှစ် အပြစ်ဒဏ်ချ

    အောက်တိုဘာ ၃၁ ၊ ၂၀၁၆
    M-Media
    သီဟ
    zhxlks
    ကျောက်တော်မှ မွတ်စလင်မ် အမျိုးသား (၅) ဦးကို  ခရီးသွားခွင့် လက်မှတ် မပါဘဲ ခရီးသွားလို့  ၁၉၄၇ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ၆(၃) အရ အလုပ်နဲ့ ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ်ကို တာမွေမြို့နယ် တရားရုံးမှ အောက်တိုဘာ (၂၈) ရက်နေ့တွင်  ချမှတ်လိုက်ပါတယ်။

    နာစီး(၂၀)နှစ်၊ ရွှေမောင် (၂၁)နှစ်၊ မောင်လှ (၂၀)နှစ်နဲ့ လာလူး(၂၀)နှစ်၊ ဆိုဖီယာ ဇမ်မာ (၂၇) နှစ် တို့ (၅) ယောက်ဟာ အောက်တိုဘာလ ၂၂ ရက်နေ့ မှာ တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
    သူတို့တွေ မလေးရှားနိုင်ငံကို သွားရောက်ဖို့အတွက် ကျောက်တော်က ရန်ကုန်သို့ လာဖို့ တယောက်ကို ၁၅ သိန်း ဆီ ပွဲစားတွေကို ပေးခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

    သူတို့ (၅) ယောက် က ကျောက်တော်မြို့က ထုတ်ပေးတဲ့ ယာယီ ခရီးသွားလက်မှတ်တွေမပါသလို၊ ခရီးသွားတဲ့အခါ ပါရှိရမယ့် သက်သေခံလက်မှတ်တွေ မပါလို့ ထောင်ဒဏ်ချမှတ်ခံတာလို့ တာမွေမြို့နယ်မှ ရဲအရာရှိက ပြောကြားကြောင်း The Voice မီဒီယာမှာဖော်ပြပါတယ်။

    ရခိုင် ပြည်နယ်က ကမန်တိုင်းရင်းသားတွေ အပါအဝင် အစ္စလာမ်ဘာသာဝင်တွေဟာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စ တွေအတွက် မြို့နယ် ကျော်ပြိး ခရီးသွားရင် မှတ်ပုံတင် ကိုင်ဆောင်ထားရင်လည်း နယ်ကျော်ခရီးသွားလက်မှတ်တွေ သီးသန့် လျောက်ထားနေရတာဖြစ်ပြီး အလွယ်တကူ လျောက်လို့ မရကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

    ဓါတ်ပုံ- Yangon Police