News @ M-Media

Blog

  • အိုအိုင်စီက နိုင်ငံတကာ မီဒီယာဆု ချီးမြှင့်မည်

    အိုအိုင်စီက နိုင်ငံတကာ မီဒီယာဆု ချီးမြှင့်မည်

    အောက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    30105245710_e247eb3c2e_z

    – အစ္စလာမ့်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC သည် ယဉ်ကျေးမှုကူးလူး ဆက်နွယ်ခြင်းဆိုင်ရာ ဆွေးနွေးမှုနှင့် သည်းခံမှုတို့ကို မြှင့်တင်ပေးနိုင်မည့် မီဒီယာဌာနများ၊ မီဒီယာသမားများအား ပေးအပ်ရန်ရည်ရွယ်သော နိုင်ငံတကာ မီဒီယာဆုတစ်ခုကို ချီးမြှင့်ရန် စီစဉ်နေသည်ဟု သိရသည်။

    အိုအိုင်စီ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ (CFM) က အစ္စလာမ်မ္ဘာနှင့် နိုင်ငံတကာတွင် ပြည်သူလူထုအကြား သည်းခံမှုကို မြှင့်တင်ပေးရေး အထောက်အကူဖြစ်စေနိုင်မည့် မီဒီယာဆုတစ်ခု ချီးမြှင့်ရန် ဆီနီဂေါနိုင်ငံ၏ အဆိုပြုမှုကို ဗုဒ္ဓဟူးနေ့က ဥဇဘက်ကစ္စတန်နိုင်ငံ တက်ရှ်ကန့်တွင် ပြုလုပ်သည့် အစည်းအ၀းတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် အဆိုပါဆု ချီးမြှင့်နိုင်ရေးအတွက် အိုအိုင်စီအဖွဲ့ဝင်နိုင်များ၏ ပထ၀ီဒေသအလိုက် အဖွဲ့ဝင်နိုင်ငံများ၊ အိုအိုင်စီ သတင်းအချက်အလက်နှင့် ယဉ်ကျေးမှုရေးရာ ကော်မတီ COMIAC မှ အဖွဲ့ဝင်များနှင့် အခြားသာ တာဝန်ရှိသူများ ပါဝင်မည့် ကော်မတီတစ်ခု ဖွဲ့စည်းရန်လည်း CFM က အကြံပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၊ ဘဏ္ဍာရေးအဖွဲ့များကလည်း အပြည့်အ၀ ထောက်ခံပေးရန် တိုက်တွန်းခဲ့သည်။

    Ref : IINA

  • ကျူးကျော်နေထိုင်သည့် ဂျူးတစ်ဦးက ပါလက်စတိုင်းမိသားစုကို ကားဖြင့်တိုက်သတ်

    ကျူးကျော်နေထိုင်သည့် ဂျူးတစ်ဦးက ပါလက်စတိုင်းမိသားစုကို ကားဖြင့်တိုက်သတ်

    အောက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    settle

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများတွင် နေထိုင်သူတစ်ဦးမှာ ပါလက်စတိုင်း မိသားစုတစ်စုကို ကားဖြင့်တိုက်သတ်မှု ဖြစ်ပွားခဲ့ပြီး မိသားစုတစ်စုလုံး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အင်္ဂါနေ့က အနောက်ဖက်ကမ်းမြောက်ပိုင်း ကွာကီလ်ယာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းလခြမ်းနီအသင်းက တိုက်ခိုက်ခံရသူများသည် ပါလက်စတိုင်း ဇနီးမောင်နှံနှစ်ဦးနှင့် ၎င်းတို့၏ သားဖြစ်သူတို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အစ္စရေးက ဆောက်လုပ်ထားသည့် တရားမ၀င် အခြေချအိမ်ယာများတွင် နေထိုင်သူများမှာ ပါလက်စတိုင်းပြည်သူများကို ကားဖြင့်တိုက်ကာ ထွက်ပြေးမှုများရှိနေပြီး အစ္စရေးအာဏာပိုင်များကမူ ထိုကိစ္စများအတွက် ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ခြင်း မရှိပေ။

    စက်တင်ဘာ ၁၀ ရက်နေ့က တရားမ၀င်နေထိုင်သူ ဂျူးတစ်ဦးမှာ အနောက်ဖက်ကမ်းတောင်ပိုင်းရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာသို့ သွားသောလမ်းတွင် အသက် ၆ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသမီးငယ်တစ်ဦးကို ကားဖြင့် တိုက်သတ်ခဲ့သည်။

    ၁၉၆၇ ခုနှစ် အစ္စရေးက ပါလက်စတိုင်းပိုင်နက်များကို ကျူးကျော်သိမ်းပိုက်ပြီးနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်အတွင်း ဆောက်လုပ်ထားသည့် တရာမ၀င်အိမ်ယာပေါင်းမှာ ၂၃၀ ကျော်ရှိပြီး လက်ရှိအချိန်တွင် ထိုအိမ်ယာများ၌ လူ သန်းဝက်ကျော် နေထိုင်နေကြသည်။

    အစ္စရေးက ထိုကဲ့သို့ အိမ်ယာဆောက်လုပ်မှုများမှာ နိုင်ငံတကာ ဥပဒေအရ တရားမ၀င်ဘဲ ရပ်တန့်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်တွန်းမှုများရှိသော်လည်း အစ္စရေးက လိုက်နာခြင်းမရှိပေ။

    Ref : Presstv

  • ” မြန်မာမွတ်စလင်သမိုင်း မရိုင်းခဲ့ပါ”

    ” မြန်မာမွတ်စလင်သမိုင်း မရိုင်းခဲ့ပါ”

    အောက်တိုဘာ ၂၇ ၊ ၂၀၁၆
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T ) ရေးသည်။
    myanmar-muslim-1024x640

    ကျနော်အခုပြောမယ့်အကြောင်းအရာတွေဟာ လျှာမှာအရိုးမရှိတိုင်း ပြောချင်ရာပြော၊ ဆိုချင်ရာဆို ပုံစံမျိုး မဟုတ်ပါဘူး။ အထောက်အထားမဲ့ မပြော၊  အထောက်အထားနဲ့ ပြောဆိုတာမျိုးတွေ ဖြစ်ပါမယ်။ Facebook လူမှုရေးကွန်ရက် သုံးစွဲသူတွေဟာ လူဦးရေသန်းပေါင်း (၁၇၀၀) ကျော် ဖြစ်နေပါပြီ။ အခြားလူမှုရေးကွန်ရက်တွေထက် များစွာအသုံး တည့် ခရီးရောက်နေပြီး “သုံးတက်လျှင်ဆေး၊ မသုံးတက်လျှင်ဘေး” ဆိုတာကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ “အီသီယိုးပီးယား”  အောက် မသိမသာရောက် သွားတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုတွေအတွက် အဓိက ပြောချင်ပါတယ်။ နှစ် ၅၀ ကျော် စစ်အာဏာရှင်တွေက မိမိ အာဏာတည်မြဲရေးအတွက် ဘာသာရေး၊ လူမှုရေးမှိုင်း၊ အဆိပ်မှိုင်းတွေကို စနစ်တကျ အကွက်ချစီမံပြီး လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေကို ဖန်တီးခဲ့တယ်။ ပြီးတော့ ကယ်တင်ရှင်ကြီး လုပ်ပြခဲ့ကြတယ်။ မြန်မာပြည်ရဲ့ ကယ်တင်ရှင်ကြီးတွေ လုပ်ချင်ကြတယ်။

    ယခုအချိန်အခါသည် မြန်မာပြည်ကြီးကို  အရှေ့တောင်အာရှမှစ၍ ကမ္ဘာနှင့်ယှဉ်၍ ရင်ဘောင် တန်းနိုင်စေရန် မြန်မာပြည်သူလူထုတစ်ရပ်လုံးမှာ တာဝန်ကိုယ်စီ ရှိကြ တာကို မမေ့ဖို့လိုပါသည်။ ကိုးကွယ်သည့် ဘာသာတရားကို အကြောင်းပြု၍ ခွဲခြား ဆက်ဆံ၊ နှိမ့်ချပြောဆိုသည့် ဓလေ့သည် ယနေ့ ၂၁ ရာစု IT (Information Technology) ခေတ်တွင် ခေတ်မစားတော့ပြီ။ သုံးစား၍ မရတော့သည့် မိစ္ဆာအယူအဆဖြစ်သည်။ “ကျားသေ” ကိုအသက်သွင်းဖို့ ကြိုးစားလျှင် “စိတ်ရောဂါဝေဒနာ ရှင်ပုံစံမျိုး” ဖြစ်ပေမည်။

    အသက်သွေး၊ ချွေးများ၊ သစ္စာတရားများ၊ ယုံကြည်မှုများကို နှစ်ထောင်ချီ အချိန်က ပင် သမိုင်းမော်ကွန်းထိုး ခဲ့သော ပေးဆပ်ခဲ့သော မြန်မာမွတ်စလင်မ်( လူမျိုးစု) တွေ့ရဲ့ သမိုင်းသည် မည်၍၊ မည်မျှ လှပနေကြောင်း စာရေးသူ တင်ပြချင်ပါသည်။

    (၁) ဗုဒ္ဓမြတ်စွာရဲ့ ဟောကြားခဲ့သော တရားရတနာကျမ်း ပိဋိကတ်သုံးပုံကို သထုံပြည် ကနေ ပုဂံသို့ရောက်အောင် ဦးဆောင်ခဲ့သူများထဲတွင် ကျန်စစ်သားမင်း၊ ငထွေးရူး၊  ငလုံးလဖယ်၊ ညောင်ဦးဖီးအပြင် အစ္စလာမ်ဘာသာဝင် “ဗျတ္တ” လည်းပါဝင်ခဲ့သည်  ကို သတိပြုမိသူ ရှားပါလိမ့်မည်။

    (၂) ၁၉၄၈ခု ဇန်န၀ါရီလ(၄)ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခြင်း၏အဓိက     အကြောင်းရင်းမှာ တောင်တန်းမြေပြန့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကြောင့်     ဖြစ်သည်။ တိုင်းရင်းသားများ၊ စည်းလုံးညီညွတ်သွားရခြင်း၏ နောက်ခံအကြောင်းရင်းသည် “ပင်လုံစာချုပ်” ကြောင့်ဖြစ်သည်။ ထိုပင်လုံစာချုပ်ကြီး အောင်မြင်စွာချုပ်ဆိုနိုင်ရန် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား အနီးကပ် ဆုံး အစစ၊ အရာရာ ကူညီပံ့ပိုးပေးခဲ့သူမှာ သံအမတ်ကြီး မြန်မာမွတ်စလင်  ဦးဖေခင် ဖြစ်သည်။

    (၃) လွတ်လပ်ရေးအတွက် နယ်ချဲ့အင်္ဂလိပ်တို့နှင့် ဖက်ဆစ်ဂျပန်တို့အား တိုင်းရင်းသားများနှင့်အတူ ရရာလက်နက်စွဲကိုင်ကာ အသက်၊ သွေး စွန့်လွှတ်လှူဒါန်းခဲ့ကြသူတွေထဲမှာ မြန်မာမွတ်စလင်များ ပါဝင်ခဲ့ကြတာကို သမိုင်းသက်သေ၊ အခိုင်အမာ ရှိပါသည်။ သို့သော် ယနေ့တိုင်ပြည်နယ်ခွဲထွက်ရေး၊ လက်နက်ကိုင် တော်လှန်ရေးတို့ကို လုံးဝ၊ အလျဉ်း မလုပ်ခဲ့ကြတဲ့ သူတွေထဲမှာ မြန်မာမွတ်စလင်များ ပါဝင်ခဲ့ကြပါသည်။

    (၄) ၂၀၁၅ခု နိုဝင်ဘာလ(၈)ရက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးတွင် မွတ်စလင် အများစု နေထိုင်ရာမြို့နယ် များတွင် မွတ်စလင်ကိုယ်စားပြု ပါတီများဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။ သို့သော် ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားသိမြင်ကြသော အဓိကနှင့် သာမညကိုဝေဖန် ပိုင်းခြားတက်သော မြန်မာ မွတ်စလင်များသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ပုံအောကာ မဲပေးခဲ့ကြပါသည်။

    (၅) ၁၉၉၀ခု မေလရွေးကောက်ပွဲတွင် NLD ပါတီ အပြတ်အသတ်အနိုင်ရခဲ့သော် လည်း ထိုစဉ်က “နဝတ” စစ်အစိုးရသည် အနိုင်ရပါတီအား အာဏာမလွှဲပြောင်း ပေးလဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်ထိန်းသိမ်းထားပြီး နိုင်ငံပိုင်သတင်းစာများ ရုပ်သံမီဒီယာများကနေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်သိက္ခာကျဆင်းစေသည့် ကာတွန်းများ၊ ဆောင်းပါးများ၊ ရုပ်မြင်သံကြားဇာတ်လမ်းများကို စစ်အာဏာရှင်များ အလိုကျ၊ ကြိုးဆွဲရာ ကခဲ့ကြတဲ့သူတွေထဲမှာ မြန်မာမွတ်စလင် လုံးဝ မပါဝင်ခဲ့ကြပေ။

    (၆) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များကို တွေ့ရာ  သင်္ချိုင်း၊ ဓားမဆိုင်း “ဒီပဲယင်း” မဟာလူသတ်ပွဲကြီးမှာ အာဏာရှင် ပါးကွက်သား၊ ခါးပိုက်ဆောင်ကြေးစားလူမိုက်၊ စွမ်းအားရှင်တွေထဲမှာ မြန်မာမွတ်စလင်   များ လုံးဝ၊ လုံးဝမပါဝင်ခဲ့ကြပေ။

    (၇) ၂၀၀၇ ခု ရွှေဝါရောင် အရေးအခင်းမှာ ပြည်သူ့ဘက်တော်သား၊ သံဃာတော်  အရှင်သူမြတ်များက၊ မေတ္တာသုတ်ရွတ်ဆိုပြီးမြို့အနှံ့စီတန်း၊ လှည့်လည်ဆန္ဒပြ ကြရာတွင် ဆန္ဒပြသံဃာတော်များအား ဖမ်းဆီး၊ ရိုက်နှက်၊ သတ်ဖြတ်ရုံတင်မက    ဂုဏ်သိက္ခာ ညိုးနွမ်းအောင် မြန်မာ့ရာဇဝင်သမိုင်း ရိုင်းခဲ့ကြတဲ့သူတွေထဲမှာ      မြန်မာမွတ်စလင်များ လုံးဝမပါခဲ့ကြပေ။

    (၈) သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကျေးဇူးရှင်တောင်သူဦးကြီးများ၏ လယ်ယာများကို အာဏာပိုင်များနှင့်ပေါင်းပြီး သူခိုးဈေးပေးပြီး မတရားသိမ်းယူသည့် ခရိုနီများတွင်လည်းကောင်း၊ ဆန္ဒပြ တောင်သူလယ်သမားများအား၊ မတရား၊ ဖမ်းဆီး၊ အရေးယူအပြစ်ပေးသည့် သူများထဲတွင် မြန်မာမွတ်စ လင်များ မပါဝင်ခဲ့ကြပေ။

    (၉) သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ကျောင်းသားအရေး ဆန္ဒပြနေကြသည့်  လူအုပ်ကြီးအား စွမ်းအားရှင်လူမိုက်များ အားကိုးပြီး လူဆိုး၊ သူခိုး၊ ရာဇဝတ်သားများ ပမာ၊ သဘောထားပြီး ရက်ရက်စက်စက် ဖမ်းဆီးနှိပ်ကွပ်သည့်သူများတွင်လည်းကောင်း၊ လက်ပံတောင်းတောင် အရေးအခင်းတွင် ဆန္ဒပြ၊ သပိတ်မှောက်၊ သံဃာတော်များအား မီးလောင်ဗုံးသုံးပြီး ချေမုန်းပစ်ခဲ့ကြတဲ့ နိုင်ငံခြားသား တရုတ်စီးပွားရေးကို ကာကွယ်ခဲ့ကြတဲ့ သူတွေထဲမှာ မြန်မာမွတ်စလင်တွေ မပါဝင်ခဲ့ကြပါဖူး။

    (၁၀) မြန်မာမွတ်စလင်တွေဟာ ခေတ်ကာလ သမိုင်းတစ်လျှောက်မှာ အေးအတူ၊ ပူအမျှ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့  ဘုန်းကြီးကျောင်းတွေ စေတီပုထိုးတွေ၊ သိမ်တွေကို မဖျက်ဆီးခဲ့သလို အခြား မတူကွဲပြား ညီနောင်တွေရဲ့ ဘာသာရေးစာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦးတွေကိုလည်း ဖျက်လို၊ ဖျက်ဆီး မလုပ်ခဲ့ကြပါ။

    (၁၁) မြန်မာမွတ်စလင်တွေဟာ မြန်မာလူထုပိုင် မြေပေါ်၊ မြေအောက်၊ ရေပေါ် ရေအောက်၊ သယံဇာတ တွင်းထွက်များကို ကိုယ်ကျိုးအတွက်၊ လူတစ်စုအ တွက်၊ ပြည်ပသို့ ခိုးထုတ်ရောင်းချတဲ့ လိုင်စင်ရ သူခိုးတွေထဲမှာလည်း လုံးဝ  ပါဝင်ခြင်း မရှိပါ။

    (၁၂) လူ့ကျင့်ဝတ် အမြင့်ဆုံးဂုဏ်ကို ထိခိုက်မယ့် ဘုရားမကြိုက် နတ်မကြိုက်တဲ့   အရက်ဆိုင်များ ဖွင့်ခြင်း၊ လောင်းကစားဝိုင်းများ ထောင်ခြင်း၊ KTV များ၊ Message အနှိပ်ခန်းများ၊ တရားမဝင်လိင်ဖျော်   ဖြေခန်းများဖွင့်၍ အမျိုးကောင်း၊ သားသမီးများကို ဖျက်ဆီးနေကြသူတွေထဲမှာ    မြန်မာမွတ်စလင်များ လုံးဝမပါပါ။

    (၁၃) မြန်မာမွတ်စလင်များသည် “လက်လှုပ်မှ၊ ပါးစပ်လှုပ်ရသည့်” အခြေခံလူတန်း များနှင့် ပတ်သက်၍ ဂုတ်သွေးစုတ်၊ အမြတ်ထုတ်၊ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် “အတိုး၊ အညွှန့်” ပေးစားခြင်းလုပ်ငန်း၊ “အပေါင်ဆိုင်” လုပ်ငန်းများကို       ဘာသာတရားယုံကြည်ချက်အရ မလုပ်ဆောင်ကြပါ။ အထက်ပါ စီးပွားရေးလုပ်ငန်းများသည် “ရေနစ်သူကို၊ ဝါးကူလို့ပေးသည့် ပုံစံမျိုး” မဖြစ်ဘဲ “အတိုးနွံ့၊   အပေါင်နွံ့ထဲမှာ ရုန်းမထွက်နိုင်တော့ဘဲ ဘဝနိဂုံးချုပ်ရမည့် “လူနာမျက်ဖြူဆိုက် လေ၊ ဆရာကြိုက်လေ” စီးပွားရေးများဖြစ်သည်ဟု ယုံကြည်ထားကြသည်။

    ယနေ့ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၇ နိုင်ငံတွင် ဘာသာစကားတစ်ခုပဲရှိသော၊ ရိုးရာအစဉ်အလာတစ်ခုတည်းရှိသော၊ လူမျိုးနွယ်တစ်ခုတည်းပဲရှိသော နိုင်ငံဆိုလို့ ကမ္ဘာပေါ်တွင် မရှိတော့ပြီ။

    လူရှိလျှင်၊ လူ့အမျိုးအနွယ်ဟူ၍ ရှိစမြဲဖြစ်သည်။ ထိုလူမျိုးအနွယ်များမှ ဆင်းသက်သောသူများသည် လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံဖို့တော့ လိုပေလိမ့်မည်။ သမိုင်းကြောင်းအရရှိပြီးသော လူ့မျိုးနွယ်တစ်ခုကို အစဉ်အလာကောင်းခဲ့သော လူ့မျိုးနွယ်တစ်ခုကို အုပ်ချုပ် သူလူတစ်စုတစ်ဖွဲ့က အာဏာ ပါဝါကို သုံး၍ ကြိုးစားခဲ့ပါက “ရေပေါ်တွင် အရုပ်ရေးသည့်အလား” အရာထင်မည်မဟုတ်သလို၊ သမိုင်းတရားခံများသာ ဖြစ်သွားပေလိမ့်မည်။

    ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ နေထိုင်သော မြန်မာနိုင်ငံတွင် မတူကွဲပြားဘာသာဝင်များအား၊ စာရေးသူကိုးကားပြောဆိုလိုသည်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းလေးတစ်ခုပင်ဖြစ်သည်။ “ဒို့
    ကြွေးကြော်နေတဲ့ ဒီမိုကရေစီဝါဒဆိုတာ ကိုယ့်အိမ်မှာ စိတ်ကြိုက်နေလို့ရတဲ့ ဝါဒမျိုးပေါ့။ ဒါပေမယ့် သူတစ်ပါးအိမ်ကိုတော့ ခဲနှင့်ထုခွင့်မရှိဖူး။ ခဲနှင့်ထုခွင့်ရှိတဲ့ဝါဒကတော့ ဒီမိုကရေစီဝါဒမဟုတ်ဖူး။ တိရိစ္ဆာန်ဝါဒသာဖြစ်တယ်” ဟူ၍ နိဂုံးချုပ်တင်ပြလိုက်ပါသည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T )

  • ကိုးမားဖြစ်ပြီးနောက် ဘာသာစကားအသစ်ပြောတတ်လာသည့် အမေရိကန် ဆယ်ကျော်သက်

    ကိုးမားဖြစ်ပြီးနောက် ဘာသာစကားအသစ်ပြောတတ်လာသည့် အမေရိကန် ဆယ်ကျော်သက်

    အောက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    syndrone

    – လူ့ဘ၀ဆိုတာ အံ့သြဖွယ်ရာတွေ မသေချာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ သက်တမ်းတစ်ခုပါ။ ဘယ်လိုအချိန်မျိုး၊ ဘယ်လိုနေရာမျိုးမှာ ဘယ်လို အံ့သြမှုမျိုးတွေကို ကြုံတွေ့ရမလဲဆိုတာ ဘယ်သူမှ အတပ် မသိကြပါဘူး။

    အဲဒီ အံ့သြဖွယ်ရာထဲကမှ အမေရိကန်ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ဦးရဲ့ အတွေ့အကြုံကတော့ တကယ့်ကို ထူခြားဆန်းကျယ်လှပါတယ်။

    အတ္တလန်တာက ရူဘန် နဆီမိုဆိုတဲ့ ဆယ်ကျော်သက်လူငယ်လေးဟာ မကြာခင်ကပဲ ဘောလုံးပွဲတစ်ခုမှာ ပြိုင်ဘက်ကစာသမားတစ်ဦးက သူ့ရဲ့ခေါင်းကို ပြင်းပြင်းထန်ထန် ကန်လိုက်မိတာကြောင့် ဦးနှောက်ကို ထိခိုက်သွားပြီး ကိုးမားဖြစ်သွားခဲ့ပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့လက ကိုးမားကနေ ပြန်လည်သတိရလာပြီးနောက်ပိုင်းမှာတော့ ထူးဆန်းအံ့သြဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကတော့ အရင်အင်္ဂလိပ်စကားပြောတဲ့ နဆီမိုဟာ စပိန်စကားကို ကျွမ်းကျင်စွာ ပြောတတ်နေတာပဲ ဖြစ်ပါတယ်။

    မိဘတွေကတော့ ကိုးမားမဖြစ်ခင်အချိန်က သူတို့ရဲ့သားဟာ စပိန်စကားကို တစ်လုံးစ နှစ်လုံးစ ပြာလေ့ရှိပေမယ့် သွက်သွက်လက်လက် ပြောတတ်တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

    နောက်ပိုင်းမှာ အင်္ဂလိပ်စကားကို ပြန်လည်ပြောတတ်လာမှုနဲ့အတူ နဆီမိုရဲ့ စပိန်စကား ပြောတတ်မှုဟာလည်း တစ်ဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားပါတော့တယ်။

    ရှားပါးသောအဖြစ်အပျက်

    Foreign accent syndrome လို့ ခေါ်တဲ့ ဒီလိုရောဂါမျိုးဟာ အင်မတန် အဖြစ်နည်းတဲ့ အဖြစ်အပျက်မျိုးဖြစ်ပြီး ဦးနှောက်ကို ထိခိုက်မှုက လူတစ်ဦးရဲ့ စကားပြောဆိုပုံအနေအထားကို ပြောင်းလဲစေကာ တစ်ခြား ဘာသာစကားကို ပြောတတ်လာတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

    ဒီရောဂါဖြစ်ပွားမှုကို ပထမဆုံး မှတ်တမ်းတင်နိုင်ခဲတာက ၁၉၄၁ ခုနှစ်မှာ ဖြစ်ပြီး နော်ဝေမျိုးသမီးတစ်ဦးဟာ ဂျာမနီရဲ့ ဗုံးကြဲမှုအတွင်း ဗုံးဆန်မှန်မှုကြောင့် ဦးနှောက်ကို ထိခိုက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဂျာမန်လေသံ ပေါက်လာတာဖြစ်ပါတယ်။

    အဲဒီနောက်ပိုင်းမှာတော့ ဒီရောဂါနဲ့ပတ်သက်တဲ့ အဖြစ်အပျက် တစ်ဒါဇင်လောက်သာ ပေါ်ထွက်ခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက တောင်ကယ်လီဖိုးနီယား မိုတယ်တစ်ခုမှာ သတိလစ်တဲ့အနေအထားနဲ့ တွေ့ရှိခဲ့တဲ့ အမေရိကန်ရေတပ်သားတစ်ဦးဟာ နိုးလာတာတဲ့အခါမှာ အတိတ်လုံးဝမေ့သွားခဲ့ပြီး ဆွီဒင်စကားကိုသာ ပြောဆိုတဲ့ အဖြစ်အပျက်မျိုးလည်း ရှိခဲ့ပါတယ်။

    သြစတေးလျမှာတော့ ဘတ်စ်ကားယာဉ်မောင်းတစ်ဦးဟာ ယာဉ်တိုက်မှုတစ်ခုအတွင်း ကျောရိုးနဲ့ မေးရိုးတွေ ပျက်ဆီးကာ သတိမေ့မြောခဲ့ပြီး ပြန်နိုးလာတဲ့အခါမှာတော့ ပြင်သစ်လေသံ ပေါက်သွားခဲ့ပါတယ်။

    အခုနှစ်အစောပိုင်းတုန်းက မေးရိုးခွဲစိတ်ခဲ့တဲ့ တက္ကဆက်က အမျိုးသမီးတစ်ဦးဟာ ဗြိတိန်လေသံ ပြောင်းသွားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

    “ဒါက ကြွက်သားထိန်းချုပ်မှု ချို့ယွင်းသွားတာမျိုးပါ။ စကားပြောဆိုခြင်းဟာ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အရာတွေထဲက အရှုပ်ထွေးဆုံး အရာတစ်ခုပါ။ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေနဲ့ ဦးနှောက်ရဲ့ အခန်းတော်တော်များများက ပါဝင်လှုပ်ရှားကြပါတယ်။ အဲဒီဦးနှောက်အခန်း တစ်ခု ဒါမှဟုတ် တစ်ခုထက်ပိုပြီး ပျက်ဆီးသွားမယ်ဆိုရင် စကားပြောဆိုမှုရဲ့ အချိန်အဆ၊ အသံအပျော့အမာ၊ မယ်လိုဒီတွေကို ထိခိုက်စေပါတယ်” လို့ Foreign accent syndrome နဲ့ပတ်သက်ပြီး အနည်းငယ်သော ကျွမ်းကျင်ပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ဒေါက်တာ ကရင် ကရုတ်က ပြောကြားခဲ့ပါတယ်။

    Ref : CNN

  • ရုရှားလက်ချက်ဖြစ်နိုင်သည့် တိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် ကျောင်းသားများ သေဆုံး

    ရုရှားလက်ချက်ဖြစ်နိုင်သည့် တိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် ကျောင်းသားများ သေဆုံး

    အောက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    syria-3

    – ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အစ်ဒ်လစ်ဘ် ပြည်နယ်တွင် ရုရှားက ပြုလုပ်သည်ဟု ယုံကြည်ရသည့် လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတစ်ခု ထိမှန်ခဲ့ပြီး ကျောင်းသားများအပါဝင် အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယူကေအခြစိုက် ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့ကမူ တိုက်ခိုက်မှုမှာ ဟက်စ်ဆိုသည့်ရွာနှင့် ပတ်ဝန်းကျင်ကို ယမန်နေ့မနက် ၁၁ နာရီခွဲခန့်က ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “သေဆုံးသွားတဲ့ကလေးတွေဟာ ကျောင်းသားတွေပါ။ တိုက်ခိုက်တဲ့လေယာဉ်တွေကတော့ ရုရှားလေယာဉ်တွေဖြစ်မယ်လို့ ယုံကြည်ရပါတယ်” ဟု စောင့်ကြည့်အဖွဲ့၏ အကြီးအကဲ ဖြစ်သူ ရာမီ အဘ်ဒဲလ် ရဟ်မန်က ပြောကြားခဲ့သည်။

    အမည်မဖော်လိုသူ တက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း “လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းအာဏာပိုင်တွေက အတန်းရပ်နားပြီး ကျောင်းသားတွေ အိမ်ပြန်ဖို့လုပ်နေတဲ့အချိန်မှာ ဒုံးကျည်တစ်စင်းက ကျောင်းဝင်ပေါက်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်” ဟု ဆိုသည်။

    တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူအချို့မှာ အခြေအနေဆိုးရွားသည့်အတွက် သေဆုံးမှု မြင့်တက်လာနိုင်သည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်။

    အစ်ဒလစ်ဘ်ပြည်နယ်မှာ သူပုန်ညွန့်ပေါင်းအဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသဖြစ်ပြီး ဆီးရီးယား နိုင်ငံပိုင်တီဗီကမူ ဟက်စ်ရွာရှိ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် လက်နက်ကိုင်များ သေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။

    Ref : Aljazeera