News @ M-Media

Blog

  • ဗုဒ္ဓရုပ်ပွားတော်ကို အဂါရ၀ဖြစ်စေသည့် လုပ်ရပ်အတွက် ရော်နယ်ဒို ဝေဖန်ခံနေရ

    ဗုဒ္ဓရုပ်ပွားတော်ကို အဂါရ၀ဖြစ်စေသည့် လုပ်ရပ်အတွက် ရော်နယ်ဒို ဝေဖန်ခံနေရ

    အောက်တိုဘာ ၂၀၊ ၂၀၁၆
    M-Media

    rnd

    – ရီးယဲတိုက်စစ်မှူး ခရစ္စတီယာနို မှာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား အဂါရ၀ပြုရာရောက်သည့် ဓာတ်ပုံတစ်ပုံအတွက် ပရိတ်သတ်များ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံနေရသည်ဟု သိရသည်။

    ရော်နယ်ဒို မှာ ယနေ့မနက်ပိုင်းက Facebook နှင့် Instagram တို့တွင် ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူ စံပယ်ရာနေရာ၌ ခြေထောက်တင်ထားသည့် ၎င်း၏ ဓာတ်ပုံတစ်ပုံကို လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

    ထို့နောက် ၎င်း၏ ပရိတ်သတ်များမှာ ထိုလုပ်ရပ်အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ထိုဓာတ်ပုံအား ဖြုတ်ပစ်ရန်လည်း တောင်းဆိုခဲ့ကြသည်။

    “ခရစ္စတီယာနိုရော်နယ်ဒို။ အာရှမှာနေထိုင်တဲ့သူတွေ ဒေါသမထွက်ခင် ခင်ဗျားဒီပုံကို ဖျက်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ခင်ဗျားကိုချစ်တယ်။ သူများတွေ အပြစ်တင်တာကိုလည်း မကြားချင်ဘူး။ ခင်ဗျား ပရိတ်သတ်တွေရဲ့ ဘာသာတရားကို လေ့လာပြီး လေးစားသင့်ပါတယ်။ ခင်ဗျားဖျက်လိုက်မယ်ဆိုရင်တော့ ကျေးဇူးတင်မိမှာပါပဲ။ ဘုရားသခင် ကောင်းချီးပေးပါစေ” ဟု Veasna Vichea ဟု အမည်ရသည့် ပရိတ်သတ်တစ်ဦးက ရေးသားခဲ့သည်။

    Pukar Timalsina ဆိုသည့် ပရိတ်သတ်တစ်ယောက်ကလည်း “ခင်ဗျား ကစားသမားကောင်းတစ်ယောက်ဆိုတာ မှန်တယ်။ ဒါပေမယ့် ဒါက အခြားသူတွေရဲ့ ခံစားချက်တွေ၊ ယုံကြည်ချက်တွေကို လစ်လျူရှုဖို့ ဖြစ်စေတာလား။ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးကို အုတ်မြစ်ချပေးခဲ့သူဖြစ်ပါတယ်။ (ဗုဒ္ဓဘာသာကို ဟောကြားခဲ့သူဖြစ်တယ်) ဒီလိုပုံစံမျိုးနဲ့ ခင်ဗျား ဘာဖြစ်လို့ အဂါရ၀လုပ်ရတာလဲ။ ကျွန်တော် ဗုဒ္ဓဘာသာဝင်မဟုတ်ပေမယ့် ကျွန်တော့်ကိုလည်း တော်တော်လေး နာကျင်စေပါတယ် (ကျွန်တော် နီပေါကပါ)”

    Ref : Goal

  • ဖိလစ်ပိုင်တွင် အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြ

    ဖိလစ်ပိုင်တွင် အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြ

    အောက်တိုဘာ ၂၀၊ ၂၀၁၆
    M-Media

    phili

    – ဖိလစ်ပိုင်မြို့တော် မနီလာရှိ အမေရိကန် သံရုံးရှေ့တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း ဆန္ဒပြလူအုပ်ထဲသို့ ရဲကားတစ်စီး အတင်းမောင်းဝင်လာမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အင်္ဂါနေ့က ပြုလုပ်သည့် အဆိုပါ ဆန္ဒပြမှုတွင် လူပေါင်းရာချီ ပါဝင်ခဲ့ကြပြီး နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့များ ထွက်ခွာရန် တောင်းဆိုခဲ့ကြသည်။

    ထို့သို့ ဆန္ဒပြနေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်လာသည့် ဗန်ကားတစ်စီးမှာ လူအုပ်ဆီသို့ အတင်းမောင်းဝင်လာကာ ရှေ့တိုးနောက်ဆုတ်ပြုလုပ်၍ ကားအား ၀န်းရံထားသည့် ဆန္ဒပြသူများကို အကြိမ်ကြိမ် တိုက်ခဲ့သည်။

    ဖိလစ်ပိုင် ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ အသုံးပြုကာ ဖြိုခွင်းခဲ့ပြီး၊ ဆန္ဒပြသူများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ရီနာတို ရီယက်စ်က ကျောင်းသားသုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ဆန္ဒပြမှုအတွင်း အချို့မှာ သံရုံးအား ၀င်ရောက်စီးနင်းရန် ကြိုးစားခဲ့သည်ဟု သတင်းအချို့က ဖော်ပြခဲ့သည်။ ၎င်းတို့မှာ “အမေရိကန်စစ်အခြေစိုက်စခန်း၊ အမေရိကန်တပ်သားများ အလိုမရှိ” ဆိုသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစည်းကိုလည်း ဆန္ဒပြသူများက ဖြတ်ကျော်ဝင်ရောက်ကာ သံရုံး၏နံရံကို အနီရောင်မှုတ်ဆေးများဖြင့် ပက်ဖြန်းခဲ့ကြသည်။

    အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ ဆက်ဆံရေးမှာ အရှေ့တောင်အာရှတွင် အရှည်ကြာဆုံး တည်ငြိမ်ခဲ့သည့် ဆက်ဆံရေးဖြစ်သော်လည်း ဖိလစ်ပိုင်သမ္မတ ဒူတာတေး တက်လာပြီးနောက်ပိုင်းအဖုအထစ် ဖြစ်လာခဲ့သည်။ ဒူတာတေးကမူ ၂၀၀၂ ခုနှစ်ကတည်းကစ၍ နိုင်ငံတောင်ပိုင်း မင်ဒါနာအိုတွင် တပ်ဖြန့်ချထားခဲ့သည့် အမေရိကန်အထူးတပ်ဖွဲ့များကို တိုင်းပြည်မှထွက်ခွာရန် ပြီးခဲ့သည့်လက တိုက်တွန်းခဲ့သည်။

    Ref : Presstv

  • ရခိုင်ပြည်နယ်မှ မွတ်စလင်များ အတွက် ကုလ၏ စားနပ်ရိက္ခာထောက်ပံ့မှု ၀င်ရောက်ခွင့်မရ

    ရခိုင်ပြည်နယ်မှ မွတ်စလင်များ အတွက် ကုလ၏ စားနပ်ရိက္ခာထောက်ပံ့မှု ၀င်ရောက်ခွင့်မရ

    အောက်တိုဘာ ၂၀၊ ၂၀၁၆
    M-Media

    rakhine

    – ရခိုင်ပြည်နယ်မြောက်ပိုင်းအား စစ်တပ်က ထိန်းချုပ်ထားသောကြောင့် ထိုဒေသရှိ လူပေါင်း ၈ သောင်းကျော်အတွက် စားနိပ်ရိက္ခာအကူအညီ ပေးပို့နိုင်ခြင်းမရှိဟု ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က ပြောကြားလိုက်သည်။

    လွန်ခဲ့သည့်တစ်ပတ်ကျော်က နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်မှုများအပြီးတွင် မွတ်စလင်အများစုနေထိုင်ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ပိတ်ထားခဲ့ပြီး အစိုးရတပ်များကိုလည်း တိုးမြှင့်ချထားသည်ဟု ယမန်နေ့တွင် WFP မှ ထုတ်ပြန်သည့် ကြေငြာချက်၌ ဖော်ပြထားသည်။

    ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် ထိုဒေသအတွင်းမှ လူပေါင်း ၈၀၀၀၀ မှ ၈၅၀၀၀ အကြားကို WFP က စားနပ်ရိက္ခာများ ပုံမှန် ထောက်ပံ့နေသော်လည်း လက်ရှိတွင် အကူအညီပေးပို့ရန် ဟန့်တားခံရကာ စစ်တပ်ကလည်း မည်သည့် ထောက်ပံ့ရေးပစ္စည်းမှ ၀င်ရောက်ခွင့်မပြုပေ။

    “စစ်တပ်က နေရာတိုင်းမှာရှိနေတယ်။ ပြီးတော့ ကာဖျူးလည်း ထုတ်ပြန်ထားပါတယ်။ အဲဒီဒေသတွေကို ၀င်ရောက်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီဒေသတွေက ကျွန်တော်တို လုပ်ငန်းဆောင်ရွက်တဲ့ ဒေသတွေပါ” ဟု မြန်မာနိုင်ငံမှ WFP ၏ မိတ်ဖက်တာဝန်ရှိသူ အာဆန် ဆာဟက်ယန်က ပြောကြားခဲ့သည်။

    နိုင်ငံပိုင်မီဒီယာကမူ နယ်ခြားစောင့်စခန်းများကို ၀င်ရောက်တိုက်ခဲ့ပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့များမှာ အနည်းဆုံး လူပေါင်း ၃၀ ကို သုတ်သင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ ဖမ်းဆီးထားသူများမှာလည်း အနည်းဆုံး ၄၀ ရှိနေသည်ဟု အစိုးရ စာရင်းများက ဆိုသည်။

    တက်ကြွလှုပ်ရှားသူများကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ မွတ်စလင်အရပ်သားများအား ပစ်သတ်ခြင်း၊ ၎င်းတို့၏ရွာများအား မီးရှို့ခြင်းများနှင့်အတူ အကြမ်းဖက်ဖြိုခွင်းမှုများ ရှိနေသည်ဟု ထောက်ပြထားသည်။ သို့သော်လည်း စစ်တပ်ကမူ အကြမ်းဖက် တိုက်ခိုက်မှုများကို နှိမ်နင်းခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အသင်းကြီးတွေ ဂိုးမြူးတဲ့ ချန်ပီယံလိဂ် ကြာသာပတေးနေ့မနက် ပွဲများ

    အသင်းကြီးတွေ ဂိုးမြူးတဲ့ ချန်ပီယံလိဂ် ကြာသာပတေးနေ့မနက် ပွဲများ

    အောက်တိုဘာ ၂၀၊ ၂၀၁၆
    M-Media

    cham-2

    – ချန်ပီယံလိဂ် ပထမ အုပ်စုလေးခုရဲ့ အုပ်စု တတိယပွဲစဉ်တွေကို ဒီနေ့မှာ ကစားခဲ့ပြီး အသင်းကြီးတော်တော်များများ ဂိုးမြူးခဲ့ပါတယ်။

    အုပ်စု A
    ———
    အာဆင်နယ် ၆-၀ လူဒိုဂိုးရက်
    ပီအက်စ်ဂျီ ၃-၀ ဘေဆယ်

    အိမ်ကွင်းမှာ အဆင်နယ်တို့ သက်တောင့်သက်သာဖြစ်ခဲ့ပြီး ၁၂ မိနစ်မှာတင် ဆန်းချက်ဇ်က လှလှပပ ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ၄၂ မိနစ်မှာ ဝေါလ်ကော့၊ ၄၆ မိနစ်မှာ ချိန်ဘာလိန်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ အိုဇေးလ်က ၅၆၊ ၈၃ နဲ့ ၈၇ မိနစ်တွေမှာ အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပြီး ကစားသမားသက်တမ်းတစ်လျှောက် ပထမဆုံး ဟက်ထရစ်ကို ရယူနိုင်ခဲ့ပါတယ်။

    ပီအက်စ်ဂျီကလည်း ၃ မှတ်ရဖို့ မခက်ခဲခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့်အသာနဲ့ ကစားနိုင်ခဲ့တဲ့ အိမ်ရှင်အတွက် မိနစ် ၄၀၊ ၆၂ နဲ့ မိနစ် ၉၀ တို့မှာ ဒီမာရီယာ၊ မူရာနဲ့ ကာဗာနီ (ပင်နယ်တီ) တို့က အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

    အုပ်စု B
    ———
    ဒိုင်နမိုကိဗ် ၀-၂ ဘင်ဖီကာ
    နာပိုလီ ၂-၃ ဘက်ခီတက်

    ပေါ်တူဂီချန်ပီယံ ဘင်ဖီကာတို့ အကောင်းဆုံးခြေစွမ်းနဲ့အတူ အုပ်စုတွင်း ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ ၉ မိနစ်မှာပဲ ပင်နယ်တီကနေ ဦးဆောင်ဂိုး ရလိုက်တာက ဧည်သည့်တို့အတွက် အစကောင်းသွားစေခဲ့တာပါ။ ဒိုက်နမိုကိဗ်ကလည်း ချေပဂိုးရဖို့ ကြိုစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ ၅၅ မိနစ်မှာ နောက်ထပ်တစ်ဂိုး ပေးလိုက်ရတာဖြစ်ပါတယ်။

    အီတလီက နာပိုလီနဲ့ ဘက်ခီတက်တို့ရဲ့ ပွဲကတော့ အပြန်အလှန်ဂိုးတွေသွင်းကာ အကြိတ်အနယ်ရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၃ ကြိမ်မှာ ၃ ဂိုးသွင်းနိုင်ခဲ့တဲ့ ဘက်ခီတက်ရဲ့ အဆုံးသတ်ကောင်းမွန်မှုကတော့ ချီးကျူးရမှာပါ။ ဦးဆောင်ဂိုးတွေကိုလည်း ဧည့်သည်အသင်းက စသွင်းခဲ့တာဖြစ်ပြီး နာပိုလီက နောက်ကနေ ပြန်ချေပရတာဖြစ်ပါတယ်။ မိနစ် ၅၀ မှာ ရခဲ့တဲ့ ပင်နယ်တီကို လော်ရန်ဇို အင်ဆစ်ဂနီက ၀င်အောင်မသွင်းနိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ ၁ မှတ်ရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

    အုပ်စု C
    ———-
    ဘာစီလိုနာ ၄-၀ မန်စီးတီး
    ဆဲလ်တစ် ၀-၂ မိုချန်ဂလာဘတ်ခ်ျ

    ဂွါဒီယိုလာဟာ အသင်းဟောင်းကို တပည့်ဟောင်း မက်ဆီရဲ့ ဟက်ထရစ်နဲ့အတူ ဂိုးပြတ်ရှုံးခဲ့ပေမယ့် ခြေစွမ်းက သိပ်ကွာခဲ့တာ မဟုတ်ပါဘူး။ ဘာကာက ၁၇ မိနစ်မှာ မက်ဆီရဲ့ အဖွင့်ဂိုးရခဲ့တာ၊ ၅၃ မိနစ်မှာ မန်စီးတီးဂိုးသမား ဘရာဗို စည်းအပြင်ဘက်ကို ထွက်ဖမ်းရာမှာ ဘောလုံးကို လက်နဲ့ပုတ်လိုက်လို့ တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရတာက မန်းစီးတီးကို အထိနာစေခဲ့တာပါ။ တစ်ယောက်လျော့သွားပြီးတဲ့နောက်ပိုင်းမှာတော့ မန်စီးတီးဟာ ဂိုးတွေ ဆက်တိုက် ပေးခဲ့ရပြီး မက်ဆီက ၂ ဂိုး၊ နေးမာက တစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါတောင် ၈၇ မိနစ်မှာ ရတဲ့ ပင်နယ်တီကို နေးမာကန်သွင်းတာ ဂိုးသမား ကာကွယ်နိုင်တာကြောင့် ၅ ဂိုး မဖြစ်ခဲ့တာပါ။

    မိုချန်ဂလာဘတ်ခ်ျရဲ့ ဒီအနိုင်ဟာ အုပ်စုအတွင်း ပထမဆုံး နိုင်ပွဲဖြစ်ခဲ့ပြီး နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် ရှင်သန်လာပါတယ်။ အိမ်ရှင်ရဲ့ ဖိအားပေးမှုအောက် ရောက်ခဲ့ပေမယ့် အကောင်းဆုံး ရုန်းထွက်နိုင်ခဲ့ပြီး ဒုတိယပိုင်း ဂိုး ၂ ဂိုးနဲ့ ဒီ ၃ မှတ်က မိုချန်ဂလာဘတ်ခ်ျအတွက် ထိုက်တန်တယ်လို့ ပြောလို့ရပါတယ်။

    အုပ်စု D
    ———
    ဘိုင်ယန်မြူးနစ် ၄-၁ ပီအက်စ်ဗီ
    ရိုတော့ဗ် ၀-၁ အက်သလက်တီကို မက်ဒရစ်

    ဘိုင်ယန်တို့ အိမ်ကွင်းမှာ ပထမပိုင်းမှာတင် ၃ ဂိုးသွင်းနိုင်ခဲ့ပြီး ၄ ဂိုး ၁ ဂိုးနဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါတောင် ဂိုးသွင်းသေချာရင် ဒီထက်ပို ဂိုးပြတ်နိုင်မယ့် အခွင့်အရေး ရှိခဲ့ပါသေးတယ်။

    အက်သလက်တီကိုက ရာနှုန်းပြည့်နိုင်ပွဲကို ဆက်ယူနိုင်ခဲ့ပါတယ်။ အဝေးကွင်းဖြစ်ပေမယ့် ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး ၁ ဂိုးထက်မက ပိုရနိုင်မယ့် အခွင့်အရေးတွေလည်း ရှိခဲ့တာပါ။ အနိုင်ဂိုးကိုတော့ ကာရက်စကိုက ၆၂ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

  • အမေရိကန်တွင် ဗလီမီးရှို့သူကို ထောင် ၅ နှစ်ချ

    အမေရိကန်တွင် ဗလီမီးရှို့သူကို ထောင် ၅ နှစ်ချ

    အောက်တိုဘာ ၂၀၊ ၂၀၁၆
    M-Media

    joplin

    – အမေရိကန်ပြည်ထောင်စုရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးကို မီးရှို့မှုနှင့် ဆေးခန်းတစ်ခုကို မီးရှို့ရန် ကြိုးစားမှုတို့အတွက် မစ်ဇူရီပြည်နယ်မှ အမျိုးသားတစ်ဦးအား ဖက်ဒရယ်တရားရုံးက ထောင်ဒဏ် ၅ နှစ်နှင့် ၃ လ ချမှတ်ခဲ့သည်ဟု သိရသည်။

    အသက် ၃၂ နှစ်အရွယ် ဂျီဒီဒီယာ စတောက်ဆိုသူဖြစ်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လက ဂျိုပလင်ဗလီဝတ်ကျောင်းတော်ကို မီးရှို့ ဖျက်ဆီးမှု၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း ဂျိုပလင်မြို့မှ Planned Parenthood ကို မအောင်မြင်သော မီးရှို့ရန်ကြိုးစားမှု ၂ ကြိမ် ပြုလုပ်ခဲ့မှုတို့အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု တရားရေးဌာနမှ ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    စတောက်ကမူ မိမိအနေဖြင့် အစ္စလာမ်ကို မကြိုက်ဟုဆိုပြီး မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှု ပေးသည့်အတွက် ဆေးခန်းကို မီးရှို့ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများကို ပြောကြားခဲ့သည်။

    “ပြည်သူတွေ ၀တ်ပြုရာနေရာ ဒါမှမဟုတ် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုပေးရာ နေရာတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုဟာ တိုင်းပြည်ရဲ့ဥပဒေကို ချိုးဖောက်ပြီး၊ ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ဖြစ်စေတယ်ဆိုတာကို ဒီပြဒဏ်ချမှတ်မှုက ရှင်းရှင်းလင်းလင်း သတင်းစကား ပေးလိုက်တာပါပဲ” ဟု တရားရေးဌာန၏ နိုင်ငံသားအခွင့်အရေးဆိုင်ရာဌာနခွဲ အကြီးအကဲ ဗာနီတာ ဂွပ်တာက ပြောကြားခဲ့သည်။

    စတော့မှာ ထိုအမှုများအတွက် နစ်နာကြေးအဖြစ် ဒေါ်လာ ၇၀၂၀၀၀ ပေးရမည်ဟုလည်း တရားရေးဌာနက ပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် မီးလောင်လွယ်သည့် ပစ္စည်းများထည့်ထားသော ကျောပိုးအိတ်တစ်ခုကို Planned Parenthood ဆေးခန်း၏ ခေါင်မိုးပေါ်သို့ စတောက်က ပစ်တင်ခဲ့ပြီး စနက်တံကို မီးရှို့ခဲ့သည်။ ထိုမအောင်မြင်သော ကြိုးပမ်းမှုကို လုံခြုံရေးကင်မရာဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပြီးနောက် ၎င်းအား ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

    ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က ဗလီကို မီးရှို့ရာတွင်လည်း ထိုနည်းလမ်းအတိုင်း ပြုလုပ်ခဲ့သည်ဟု ၎င်း ၀န်ခံခဲ့သည်။

    Ref: Reuter