News @ M-Media
Blog
  • အီရတ်စစ်တပ်၏ မူဆိုးလ်ထိုးစစ် အောင်မြင်မှုရနေ
    အီရတ်စစ်တပ်၏ မူဆိုးလ်ထိုးစစ် အောင်မြင်မှုရနေ
    အောက်တိုဘာ ၂၀၊ ၂၀၁၆
    M-Media
    iraq-force
    – IS အကြမ်းဖက်အဖွဲ့၏ နောက်ဆုံးခြေကုပ်စခန်းဖြစ်သော မူဆိုးလ်မြို့အား အီရတ်စစ်တပ်မှ ထိုးစစ်ဆင်မှုမှာ ၃ ရက် လွန်မြောက်လာခဲ့ပြီဖြစ်ပြီး မြို့အနီးအနားရှိ ဒေသများကိုလည်း ပြန်လည်သိမ်းပိုက်ထားနိုင်ကာ ၂၀၀၃ ခုနှစ် အမေရိကန်ဦးဆောင်သည့် ကျူးကျော်တိုက်ခိုက်မှုနောက်ပိုင်း အကြီးမားဆုံးတိုက်ပွဲ ဖြစ်လာမည့် မြို့သိမ်းတိုက်ပွဲမှာ နီးကပ်လာပြီ ဖြစ်သည်။
    IS က ပြုလုပ်ထားသော ထောင်ချောက်များ၊ ဖောက်ခွဲရေးပစ္စည်းများကြောင့် အီရတ်စစ်တပ်၏ ရှေ့ဆက်တိုးမှုမှာ နှေးကွေးနေပြီး ယခုအချိန်အထိ အသေခံဗုံးခွဲသမားများမောင်းလာသော ကား ၅ စီးကို ဖျက်ဆီးခဲ့သည်ဟု စစ်တပ်က ပြောကြားခဲ့သည်။
    ထိုးစစ်ပြုလုပ်ခဲ့သည့် နေ့မှာပင် ရွာ ၉ ရွာကို သိမ်းယူနိုင်ခဲ့ပြီး အများစုမှာ ကာ့ဒ်တပ်ဖွဲ့ Peshmerga ၏ ကြိုးပမ်းအားထုတ်မှုဖြစ်သည်။ လက်ရှိတွင်မူ မူးဆိုးလ်မြို့သို့ ၀င်ရောက်နိုင်မည့် အရှေ့ဘက် ဂိတ်ပေါက်ဝဖြစ်သော ဟမ်ဒါနီယာမြို့အား စစ်တပ်က ၀ိုင်းထားသည်။
    အီရန်က ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့စစ်အဖွဲ့ဖြစ်သော Popular Mobilization Force ကမူ မိမိတို့အနေဖြင့် မူဆိုးလ်မြို့အနောက်ဖက် တာလ် အာဖာရ်ဒေသို့ ထိုးစစ်ပြုရာတွင် အီရတ်စစ်တပ်အား ပံ့ပိုးသွားမည်ဟု ပြောကြားခဲ့သည်။ ထိုဒေသကို သိမ်းပိုက်နိုင်ပါက IS အဖွဲ့ဝင်များ ဆီးရီးယားသို့ ထွက်ပြေးရာလမ်းကြောင်းကို ပိတ်ပစ်နိုင်မည်ဖြစ်သော်လည်း ပြည်သူများထွက်ပြေးမှုကိုလည်း ဟန့်တားသကဲ့သို့လည်း ဖြစ်နိုင်သည်။
    နိုင်ငံအတွင်း IS အား အမြစ်ဖြုတ်နိုင်မည့် အဆိုပါ ထိုးစစ်ကို အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က လေကြောင်းမှ ပစ်ကူပေးပြီး အီရတ်စစ်တပ်၊ စွန်နီလူမျိုးစု တပ်ဖွဲ့များ၊ ရှီအာ ပြည်သူ့စစ်များနှင့် ကာ့ဒ်တပ်ဖွဲ့တို့ ပူးပေါင်းကာ မြေပြင် တိုက်ခိုက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
    တိုက်ခိုက်မှုများကြောင့် မူဆိုးလ်မြို့တွင် လူသိန်းချီ ပိတ်မိနေပြီး၊ အချို့မှာ စားနိပ်ရိက္ခာများ ပြတ်တောက်တော့မည့်အခြေအနေ ရှိနေသည်။ ကုလကမူ ထို တိုက်ပွဲအတွင်း လူပေါင်း ၁ သန်းခန့် အိုးအိမ်စွန့်ခွာရမည့်အန္တရာယ် ရှိနေသည်ဟု ခန့်မှန်းတွက်ချက်ထားသည်
    Ref: Aljazeera
  • ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယ ခရီးစဉ်တွင် ပြောကြားမှုများမှ ကောက်နှုတ်ချက်
    ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယ ခရီးစဉ်တွင် ပြောကြားမှုများမှ ကောက်နှုတ်ချက်
    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media
    – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ အောက်တိုဘာ ၁၅၊ ၁၆ တွေမှာ ကျင်းပခဲ့တဲ့ BIMSTEC နဲ့ BRICS အဖွဲ့တို့ရဲ့ ပူးတွဲ ထိပ်သီးညီလာခံကို တက်ရောက်ခဲ့ပါတယ်။
    အဲဒီခရီးစဉ်အတွင်း ဒေသတွင်းခေါင်းဆောင်အချို့နဲ့လည်း တွေ့ဆုံပြီး မီဒီယာတွေနဲ့လည်း ဖြေကြားမှုတွေ ပြုလုပ်ခဲ့ကာ အဲဒီအထဲက အချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
    အကြမ်းဖက်ဝါဒ
    —————
    အကြမ်းဖက်ဝါဒနဲ့ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်က ပါကစ္စတန်မှာ အကြမ်းဖက်ဝါဒဟာ အစိုးရရဲ့ ငယ်မွေးခြံပေါက်ဖြစ်နေပြီး ပါကစ္စတန်ကို ကျဉ်ထားရမယ်ဆိုတဲ့ အိန္ဒိယသမ္မတ မိုဒီရဲ့ပြောကြားမှုကို သဘောမတူဘဲ အကြမ်းဖက်ဝါဒကိုသာ ကျဉ်ရမှာဖြစ်ပြီး အဲဒီဝါဒကိုမှ ဘာ့ကြောင့် ရွေးချယ်ရသလဲဆိုတဲ့ အကြောင်းအရင်းကို အာရုံစိုက်ရမယ်လို့ ဆိုပါတယ်။
    “အကြမ်းဖက်ဝါဒက ကမ္ဘာတစ်ဝှမ်းလုံးမှာ ပြန့်နှံ့နေပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ ကျဉ်ရမှာ၊ ရှင်းပစ်ရမှာက အကြမ်းဖက်ဝါဒဖြစ်ပါတယ်။ ကျွန်မကတော့ တစ်ဦးတစ်ယောက်၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် နိုင်ငံ တစ်နိုင်ငံပုံစံမျိုးနဲ့ မစဉ်စားချင်ပါဘူး။ အဓိက ကျွန်မတို့ ဖယ်ရှားဖို့ ကြိုးစားရမှာက အကြမ်းဖက်ဝါဒပါ။ တစ်ဦးတစ်ယောက်ရဲ့ ရည်ရွယ်ချက်ပြည့်မြောက်ဖို့ အကြမ်းဖက်မှုကို အသုံးပြုတာပါ။ ကျွန်မဟာ အကြမ်းဖက်မှုကို လုံးဝ မနှစ်မြို့သလို အကြမ်းဖက်ဝါဒကိုလည်း ဒီအတိုင်းပါပဲ။ လူတွေက ဘာ့ကြောင့် အကြမ်းဖက်ဝါဒကိုမှ ရွေးချယ်ရတာလဲဆိုတာကို အဖြေရှာဖို့အတွက် ကျွန်မတို့အားလုံး အတူတကွ လုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။ သူတို့ အကြမ်းဖက်တာကို ကြိုက်လွန်းလို့ ရွေးချယ်တာမဟုတ်ပါဘူး။ ဒါကတော့ သေချာပါတယ်” (Hindustantimes)
    ရခိုင်ပြဿနာ
    ————-
    ရခိုင်ပြည်နယ်မှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့အထဲမှာတော့ တိုက်ခိုက်မှုနဲ့ ဆက်နွယ်နေတဲ့ အမျိုးသား ၂ ဦးကို ဘင်္ဂလားဒေ့ရှ်က လွှဲပေးတဲ့အကြောင်း ပါကစ္စတန်မှာ ၆ လလောက် တိုက်ခိုက်ရေးသင်တန်း တက်လာတဲ့သူက ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုကို ဦးဆောင်တာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ရရှိတဲ့ သတင်းအချက်အလက်ကို တစ်ထစ်ချ ယုံကြည်လို့မရဘူးလို့ ဆိုပါတယ်။
    “အသေးစိတ်ကိုတော့ ကျွန်မတို့ မသိရသေးဘူးပေါ့လေ။ အဲဒီ ၆ လသင်တန်းကို ဘယ်တုန်းကသွားတက်တယ်ဆိုတာလည်း မသိရသေးပါဘူး။ အဲဒီလူက မွတ်စလင်နိုင်ငံတွေကနေ ငွေကြေးအထောက်အပံ့ရတယ်လို့ (ဖမ်းထားတဲ့သူတွေက) ကျွန်မတို့ကိုပြောတယ်။ ဒါက တစ်ဖက်ကရတဲ့ သတင်းပါ။ ဒါဟာ လုံးဝမှန်ကန်တယ်လို့တော့ ကျွန်မတို့ အာမခံလို့ မရပါဘူး”
    ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာကို ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး မိမိတို့အနေနဲ့ အမျိးသား ရင်ကြားစေ့ရေး၊ ရခိုင်ပြည်နယ်အတွင်းက လူ့အဖွဲ့အစည်းတွေအကြား ရင်ကြားစေ့ရေး လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပြီး ‘ရိုဟင်ဂျာ’ ဆိုတဲ့အသုံးအနှုန်း မသုံးဖို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို မေတ္တာရပ်ခံခဲ့တာနဲ့ပတ်သက်ပြီးလည်း ဖွင့်ဟခဲ့ပါသေးတယ်။
    “ဒီစကားလုံးက လူ့အဖွဲ့အစည်းနှစ်ခုအကြားမှာ ကွာဟချက်ကို ကြီးမားစေပါတယ်။ ရခိုင်တိုင်းရင်းသားတွေက မွတ်စလင်တွေကို ဘင်္ဂါလီလို့ ရည်ညွှန်းတယ်။ မွတ်စလင်တွေ – မွတ်စလင်အကုန်လုံးမဟုတ်ပါဘူး – တစ်ချို့မွတ်စလင်တွေက သူတို့အားလုံးကို ရိုဟင်ဂျာလို့ ခေါ်ရမယ်လို့ ပြောပါတယ်။ ဒီကိစ္စက ကျွန်မတို့အစိုးရတက်လာမှ ဖြစ်လာတာ မဟုတ်ပါဘူး။ ကျွန်မတို့ အတိုက်အခံအချိန်တုန်းကတည်းက ရှိနေတာပါ။ ကျွန်မတို့ရဲ့ မူဝါဒကတော့ အမြဲတမ်း ရခိုင်ပြည်နယ်က မွတ်စလင်လို့ သုံးနှုန်းဖို့ပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်မတို့ ဘယ်ဘက်မှာမှ နေမှာ မဟုတ်တာကြောင့်ပါပဲ။ ပြည်သူတွေကို လှုံ့ဆော်သလိုဖြစ်မယ့် အသုံးအနှုန်းမျိုး သုံးတာ လိုရင်းရောက်မယ်လို့ ကျွန်မတို့ မမြင်ပါဘူး။ ရခိုင်ပြည်နယ်က မွတ်စလင်များဆိုတဲ့ အသုံးအနှုန်းဟာ အခြေအနေမှန်အတိုင်းလို့ ကျွန်မတို့ ထင်ပါတယ်” (Hindustantimes)
    ဘင်္ဂလားဒေ့ရှ် အခန်းကဏ္ဍ
    ———————-
    နောက်ပြီး ရိုဟင်ဂျာကိစ္စ ဖြေရှင်းရာမှာ ဘင်္ဂလားဒေ့ရှ်ကလည်း အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ရမှာဖြစ်ပေမယ့် လုံခြုံရေးရှုထောင့်ကနေပဲ ဖြစ်ရမယ်လို့ ဆိုပါတယ်။
    “ဘင်္ဂလားဒေ့ရှ်က ကျွန်မတို့နဲ့ တော်တော်လေး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ တိုက်ခိုက်မှု ဖြစ်လာတဲ့အခါ သူတို့က ကျွန်မတို့ကို အချက်အလက်တွေပေးတယ်။ ကျွန်မတို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်နိုင်ခဲ့ပါတယ်” (Hindustantimes)
    ပါဝါမျှခြေ
    ———-
    အိန္ဒိယက စစ်အစိုးရနဲ့ ကြာမြင့်စွာ ဆက်ဆံခဲ့တာကြောင့် တရုတ်နိုင်ငံဘက်ကို ယိမ်းတယ်ဆိုတဲ့ အမြင်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပယ်ချခဲ့ပါတယ်။
    “ကျွန်မတို့ ပါဝါမျှခြေကို အင်မတန်ကောင်းမွန်အောင် ထိန်းရမှာပါ။ ဘာ့ကြောင့်လည်းဆိုတာ့ နှစ်နိုင်ငံစလုံးဟာ ကျွန်မတို့ အိမ်နီးချင်းတွေဖြစ်ပြီး ကြားနေနိုင်ငံခြားရေးဝါဒကို ကျင့်သုံးရမှာလည်း ကျွန်မတို့ တော်တော်လေး အောင်မြင်ခဲ့ဖူးပါတယ်။ အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ ကျွန်မတို့ ဆက်ဆံရေးကောင်းကို ထိန်းထားချင်တယ်။ ဒါကို ဂါထာရွတ်သလို ကျွန်မ ထပ်တလဲလဲ ပြောနေတာပါ။ အိမ်နီးချင်းတွေထံကနေ ဖယ်ခွာသွားလို့မရပါဘူး။ အားလုံးနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ရမှာပါ။ (အိမ်နီးချင်းကို) ပြောင်းလို့မရဘူး။ ဒါ့ကြောင့် အကောင်းအဆုံးကိုပဲ ဆောင်ရွက်သွားရမှာပါ” (Hindustantimes)
    ငြိမ်းချမ်းရေး
    ————
    ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီနဲ့ တွေ့ဆုံခဲ့ပြီး ဖွံ့ဖြိုးရေး၊ ဆောက်လုပ်ရေး၊ ရှေးဟောင်းအမွေအနှစ် စတဲ့ နယ်ပယ်တော်တော်များများနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ သတင်းစာရှင်လင်းပွဲမှာတော့ နိုင်ငံတည်ငြိမ်ရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က
    “ကျွန်မတို့ရဲ့ ရည်မှန်းချက်က ကျွန်မတို့တိုင်းပြည်နဲ့ ပြင်ပကိုပါ ငြိမ်းချမ်းနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ကျဉ်းပေးဖို့ပါ။ ဘာ့ကြောင့်လည်းဆိုတဲ့ ကျွန်မတို့ မတည်မငြိမ်ဖြစ်ခဲ့ရတဲ့အချိန်က ကြာညောင်းခဲ့ပြီလေ” လို့ ပြောကြားခဲ့ပါတယ်။ (မိုဒီနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ)
    မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယကိ ဒေသအတွင်း အတောင့်တင်းဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ရှုမြင်ပြီး လေးစားအားကျကြာင်း၊ နိုင်ငံအတွင်းမှာ ဒီမိုကရေစီဓလေ့ အမြစ်တွယ်ဖို့ ကြိုးစားရမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက် အိန္ဒိယနိုင်ငံက မိမိတို့ကို နားလည်မှု၊ ထောက်ပံ့ကူညီမှု ပေးစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    မိုဒီကတော့ မိမိတို့အနေနဲ့ စွမ်းအင်နဲ့ စိုက်ပျိုးရေးကဏ္ဍမှာ မြန်မာနိုင်ငံကို ကူညီပေးသွားမှာဖြစ်ပြီး၊ အခြေခံအဆောက်အဦး ဆောက်လုပ်ရာမှာလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
    Ref: Indianexpress, Hindustantimes
  • လက်စွမ်းပြခဲ့သည့် ဂိုးသမားကို စပါနည်းပြ ချီးကျူး
    လက်စွမ်းပြခဲ့သည့် ဂိုးသမားကို စပါနည်းပြ ချီးကျူး
    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media
    spur
    – ယနေ့မနက် ချန်ပီယံလိဂ် အုပ်စု တတိယပွဲစဉ်တွင် အဝေးကွင်း၌ လေဗာကူဆင်အသင်း၏ အပိုင်ဂိုးသွင်းမှုများကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည့် ဂိုးသမား ဟူဂို အလ်လိုရစ်ကို စပါးနည်းပြ မော်ရီစီယို ပိုချက်တီနိုက ချီးကျူးပြောကြားလိုက်သည်။
    ဂိုးမရှိသည့် သရေကျခဲ့သည့် အဆိုပါပွဲတွင် စပါးဂိုးသမားမှာ ဟာနန်ဒက်ဇ်၏ ပိတ်သွင်းမှုကို ဂိုးစည်းပေါ်မှ ပါးနပ်စွာ ရှင်းထုတ်နိုင်မှု အပါအ၀င် အရေးပါသည့် ကာကွယ်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုတစ်မှတ်ကြောင့် စပါးမှာ အုပ်စု E တွင် မိုနာကို၏နောက် တစ်မှတ်အကွာဖြင့် ဒုတိယနေရာ၌ ရှိနေသည်။
    ပိုချက်တီနိုကမူ အလ်လိုရစ်အား ချီးကျူးခဲ့သည်။
    “လက်ဖျားခါလောက်အောင်ပါပဲ။ သိပ်ကို ကောင်းပါတယ်။ ဟူဂိုအကြောင်းပြောရမယ်ဆိုရင် သူဟာ အကောင်းဆုံးထဲက တစ်ယောက်ပါ။ ဒါက သူနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ အမြင်ပါပဲ။ ဂိုးပေါက်မှာ သူရှိနေတာ သိပ်ကောင်းပါတယ်။ သူ့ရဲ့ကာကွယ်မှုတွေက အံ့မခန်းပါပဲ။ အသင်းအတွက် သိပ်ပြီး အရေးကြီးပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။
    စပါးမှာ အုပ်စုလက်ကျန် ၃ ပွဲတွင် ၂ ပွဲကို အိမ်ကွင်း၌ ကစားရမည်ဖြစ်ပြီး လေဗာကူဆင်နှင့်ပွဲတွင် တစ်မှတ်ရ၍ မိမိအနေဖြင့် ကျေနပ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • ဒက်ခ်ျ လက်ယာစွန်းရောက် နိုင်ငံရေးသမား အမုန်းစကားပြောမှု ဆက်ရင်ဆိုင်ရမည်
    ဒက်ခ်ျ လက်ယာစွန်းရောက် နိုင်ငံရေးသမား အမုန်းစကားပြောမှု ဆက်ရင်ဆိုင်ရမည်
    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media
    – မွတ်စလင်ဆန့်ကျင်ရေးမှတ်ချက်များကို ပြောဆိုခဲ့သည့် ဒက်ခ်ျနိုင်ငံရေးသမား ဂါ့တ် ၀ိုင်းလ်ဒါးကို အမုန်းစကားပြောဆိုမှုဖြင့် တရားစွဲဆိုမှုအား ဆက်လက်ဆောင်ရွက်သွားရန် နယ်သာလန် တရားရုံးက ပြီးခဲ့သည့်တစ်ပတ်တွင် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
    သို့သော်လည်း သောကြာနေ့က The Hague ခရိုင်ရုံး၌ ကြားနားမှုတွင် တရားသူကြီးက ၀ိုင်းလ်ဒါး၏ တောင်းဆိုမှုကို ပယ်ချခဲ့ပြီး တရားရင်ဆိုင်ခြင်းကြောင့် ၎င်းနှင့် ၎င်း၏ ပါတီတို့၏ နိုင်ငံရေးလွတ်လပ်ခွင့်ကို ထိခိုက်စေမည်မဟုတ်ဟု ပြောကြားခဲ့သည်။
    ပရိသတ်များကမူ “နည်းနည်း၊ နည်းနည်း၊ နည်းနည်း” ဟု ပြန်လည်ဖြေကြားခဲ့ကာ ၀ိုင်းလ်ဒါးစ်က ” အဲ့ဒီလိုဖြစ်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” ဟု တုံ့ပြန်ခဲ့သည်။
    Ref : IINA
  • အစ္စလာမ့်ဘဏ်လုပ်ငန်းဆိုင်ရာ နိုင်ငံတကာညီလာခံ ဘာရိန်းတွင် လုပ်မည်
    အစ္စလာမ့်ဘဏ်လုပ်ငန်းဆိုင်ရာ နိုင်ငံတကာညီလာခံ ဘာရိန်းတွင် လုပ်မည်
    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media
    – ၂၃ ကြိမ်မြောက် အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းဆိုင်ရာ နိုင်ငံတကာ ထိပ်သီးညီလာခံ (WIBC) ကို လာမည့် ဒီဇင်ဘာတွင် ဘာရိန်းနိုင်ငံ၌ ကျင်းပပြုလုပ်ရန် ရှိနေပြီး ကမ္ဘာတစ်ဝှမ်းရှိ ဒေသအသီးသီးမှ ခေါင်းဆောင်များ တက်ရောက်မည်ဟု သိရသည်။
    ဘာရိန်းဗဟိုဘဏ်က အဓိကဦးစီးမည့် အဆိုပါညီလာခံကို ဒီဇင်ဘာ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ မနာမာမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ကမ္ဘာ့ ထိပ်တန်း စီးပွားရေးပညာရှင်များ၏ ဆွေးနွေးမှုလည်း ပါဝင်မည်ဖြစ်သည်။
    ၂၃ ကြိမ်မြောက်အထိ ဖြစ်လာခဲ့သည့် WIBC ညီလာခံသည် အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း ညီလာခံများထဲတွင် သက်တမ်းအရင့်ဆုံးလည်းဖြစ်သည်။
    ယခုနှစ်တွင်မူ ကမ္ဘာ့စီးပွားရေး နယ်ပယ်တွင် မသေချာမှုများကြောင့် ဖြစ်လာသည့် စိန်ခေါ်မှုများအကြောင်းကို ဆွေးနွေးသွားမည်ဖြစ်ကာ လက်ရှိ တိုးတက်မှုနှုန်းကို ထိန်းသိမ်းရန်အတွက် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းတွင် လိုအပ်ချက်များကို မီးမောင်းထိုးပြသွားမည်ဖြစ်သည်။
    နှစ်စဉ်နှစ်တိုင်း အဆိုပါညီလာခံတွင် ကမ္ဘာ့ထိပ်တန်း အာဏာပိုင်များ ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ ပေါ်လစီချမှတ်သူများ တက်ရောက်ခဲ့ကြပြီး မြန်ဆန်စွာ တိုးတက်လာသည့် အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်း၏ အနာဂတ်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
    အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းတွင် ဆော်ဒီအာရေဗျက ဦးဆောင်နေပြီး၊ ပင်လယ်ကွေ့နိုင်ငံများတွင်လည်း အဆိုပါလုပ်ငန်းက တစ်ဖြည်းဖြည်းဖြင့် ကြီးထွားလာခဲ့သည်။ ထို့ပြင် ကမ္ဘာတစ်ဝှမ်းကလည်း ထိုလုပ်ငန်းကို စိတ်ဝင်စားမှု မြင့်တကာလပြီး အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းကို လက်ခံဆောင်ရွက်ရန် နောက်ဆုံး ပေါ်ထွက်လာသည့် နိုင်ငံမှာ ရုရှားနိုင်ငံဖြစ်သည်။
    Ref : IINA