News @ M-Media

Blog

  • ဓမ္မအန္တရာယ်ကို ညီညွတ်စွာ တွန်းလှန်နေကြတဲ့ အီရတ်မှ မွတ်စလင်များ (Photo News)

    ဓမ္မအန္တရာယ်ကို ညီညွတ်စွာ တွန်းလှန်နေကြတဲ့ အီရတ်မှ မွတ်စလင်များ (Photo News)

    အောက်တိုဘာ ၂၁၊ ၂၀၁၆
    M-Media
    ms-18
    စွန်နီတပ်ဖွဲ့များ
     
    – အီရတ်နိုင်ငံက IS အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံး ခြေကုပ်မြို့ဖြစ်တဲ့ မူဆိုးလ်မြို့ ပြန်လည်ရရှိရေး အီရတ်စစ်တပ်နဲ့ လူမျိုးစုတပ်ဖွဲ့တွေပူးပေါင်းကာ ပြုလုပ်နေတဲ့ စစ်ဆင်ရေးက ဓာတ်ပုံတွေ ဖြစ်ပါတယ်။
     
    အခုသီတင်းပတ်အစောပိုင်းက စတင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ဒီနေ့ဆိုရင် ၅ ရက်မြောက်လာခဲ့ပြီဖြစ်ပြီး မူဆိုးလ်မြို့ တစ်ဝိုက်က မြို့ငယ်လေးတွေကို သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် စစ်ဆင်ရေးတတိယအဆင့်ဖြစ်တဲ့ နောက်ဆုံး မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေပြီ ဖြစ်ပါတယ်။
     
    အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေရဲ့ အီရတ်ကျူးကျော်စစ်ပွဲကနေ သန္ဓေတည် ပေါက်ဖွားလာတဲ့ IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ မူဆိုးလ်မြို့အပါအ၀င် နယ်မြေတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အီရတ်စစ်တပ်က နောက်ပိုင်းမှာ ထိုးစစ်တွေနဲ့ နယ်မြေတွေကို ပြန်ယူရင်း မူဆိုးလ်မြို့ တစ်မြို့တည်းသာ ကျန်တော့တာဖြစ်ပြီး ဒီမြို့ကို ပြန်သိမ်းနိုင်မယ်ဆိုရင်တော့ အီရတ်မြေကနေ IS ကို အပြီးတိုင် သုတ်သင်နိုင်မှာ ဖြစ်ပါတယ်။
    ms-7
    ကာ့ဒ်တပ်ဖွဲ့ဝင်မား မစ်ဆိုင်းပစ်လွှတ်နေပုံ
     
    ဒီအကြမ်းဖက်အဖွဲ့ ပေါ်လာပြီးတဲ့နောက်ပိုင်း ရက်စက်ကြမ်းကြုတ်တဲ့အပြုအမူတွေ ပြုလုပ်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ အသင်းအဖွဲ့တွေက ကြေငြာချက်တွေ မြောက်များစွာထုတ်ပြီး ရှုတ်ချခဲ့ကာ၊ ဒီအဖွဲ့ဟာ ဖောက်ပြန်ရေးအဖွဲ့ဖြစ်တယ်၊ အစ္စလာမ်ရဲ့ သွန်သင်မှုနဲ့လုံးဝဆန့်ကျင်တဲ့ အဖွဲ့ဖြစ်တယ်ဆိုပြီး ဓမ္မသတ်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဆော်ဒီမွဖ်သီချုပ် အဘ်ဒူလ် အဇစ် အစ်ဗနေ့ အဘ်ဒူလာ အလ် ရှိခ်ကဆိုရင် IS အဖွဲ့ဟာအစ္စလာမ့် ဓမ္မအန္တရာယ်ဖြစ်ပြီး တွန်းလှန်ဖို့ မွတ်စလင်တိုင်းမှာ တာဝန်ရှိတယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောကြားခဲ့ပါတယ်။
     
    အခု အီရတ်နိုင်ငံက IS ကို အမြစ်ဖြုတ်သုတ်သင်မယ့် ဒီထိုးစစ်မှာ အီရတ်စစ်တပ်နဲ့အတူ အစ္စလာမ်ဘာသာဝင်လူမျိုးစုတပ်ဖွဲ့တွေ ဖြစ်တဲ့ စွန်နီလူမျိုးစုတပ်ဖွဲ့၊ ရှီအာ ပြည်သူ့စစ်၊ ကာ့ဒ်တပ်ဖွဲ့တွေ ပါဝင်ကြပြီး မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ တူရကီ၊ အီရန်တို့ကလည်း ဒီတပ်ဖွဲ့တွေကို ကူညီအားဖြည့်ပေးထားပါတယ်။
     
    စွန်နီ၊ ရှီအာနဲ့ ကာ့ဒ်လူမျိုးစုတွေဟာ နိုင်ငံရေးအရ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အဖုအထစ်တွေ ရှိခဲ့ကြပေမယ့်အစ္စလာမ်သာသနာတော်ရဲ့ ဓမ္မအန္တရာယ်ကို တွန်းလှန်ရာမှာတော့ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နေတယ်ဆိုတာ ဒီဓာတ်ပုံတွေက သက်သေပဲ ဖြစ်ပါတယ်။
    Photo Credit – Aljazeera, Press TV
    ms-15
    အီရန်ကျောထောက်နောက်ခံပြု ကာ့ဒ်တပ်ဖွဲ့များ

    ms-20ms-10ms-8ms-3

     

  • ဘိုးဘွားပိုင် တောင်ဖီလာ သင်္ချိုင်းမြေ ပြန်လည် ရရှိရေး ဒု-သမ္မတထံ စာပို့

    ဘိုးဘွားပိုင် တောင်ဖီလာ သင်္ချိုင်းမြေ ပြန်လည် ရရှိရေး ဒု-သမ္မတထံ စာပို့

    အောက်တိုဘာ ၂၁ ၊ ၂၀၁၆

    946e42b2e90169640b177f50e4fe44a8_xl

    ကလေးမြို့၊ တောင်ဖီလာ ရပ်ကွက်ရှိ ဘိုးဘွားပိုင် ချင်းခရစ်ယာန် ဂိုဏ်းပေါင်းစုံ သင်္ချိုင်းမြေပြန် လည်ရရှိရေး အတွက် နိုင်ငံ တော်ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ ထံသို့ အောက်တိုဘာလ ၇ ရက်နေ့က စာပို့ထားကြောင်း သိရသည်။

    တောင်ဖီလာရပ်ကွက် နယ်မြေ(၈)တွင်ရှိသော အဆိုပါ အဆိုပါ သင်္ချိုင်းမြေသည်သာသနာပိုင် မြေနေ ရာ ပုံစံ၁၀၅(က) (Land Record 105(A) ရရှိထားသည့် အတွက် သိမ်းဆည်းခွင့် မရှိသော် လည်း မတရား အသိမ်းခံရသည့် အတွက် မူလပိုင်ရှင် ထံပြန်လည် အပ်နှံပေးရန် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆီးခံရမှုများ ပြန်လည်စီစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ လည်းဖြစ် သည့် ဒု-သမ္မတထံ ယခုကဲ့သို့ တင်ပြရခြင်းဖြစ်သည်ဟု တောင်ဖီလာ၊ ခရစ်ယာန် သာသာရေး ပေါင်းစုံမှ အတွင်းရေးမှူး ဦးဗန်ကီးက ပြောသည်။

    အဆိုပါသင်္ချိုင်းမြေနေရာတွင် ၂၅ ကုတင်ဆံ့ တိုင်းရင်းဆေးရုံ တည်ဆောက်ရန်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် က ဇွန်လဆန်းပိုင်က သိမ်းဆည်းခံရပြီး ညသန်းခေါင်ချိန်တွင် သင်္ချိုင်း အုတ်ဂူများကို ကလေးခရိုင် စီမံခန့်ခွဲမှု ကော်မတီ နှင့် စည်ပင်သာယာရေး အဖွဲ့မှ ရဲအင်အား ၂၀၀ ခန်ဖြင့် စက်ယန္တယား ကြီးများဖြင့်ဖြိုချ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

    “သူတို့က တိုင်းရင်းဆေးရုံးဆောက်ဖို့ ဆိုပြီး အကြောင်းပြတယ်၊ ဒါပေမယ့် ကလေးမြို့မှာက တိုင်းရင်းဆေးရုံး တစ်ရုံရှိပြီး သားပါ၊ တကယ်လို့ဆောက်ချင်တယ်ဆိုရင် အစိုးရပိုင်တဲ့ တခြား မြေနေရာတွေ အများကြီးရှိပါတယ်၊ ကျနော်တို့အပေါ် တမင်သက်သက် ညစ်ပတ် တာပါ’’ ဟု ဦးဗန်ကီးကပြောသည်။

    သင်္ချိုင်းမြေ သိမ်းဆည်းခံရသည့် ကိစ္စကို ယခင်အစိုးရ လက်ထက်တွင်လည်း ပြည်ထောင်စု လွှတ်တော်အထိ ချင်းလွှတ် တော် ကိုယ်စားလှယ်များမှ တဆင့် တင်ပြခဲ့သော်လည်း ထူးခြား မှုမ ရှိဘဲ၊ ယခုအခါ ကုတင် ၂၅ ဆံ့ တိုင်းရင်းဆေးရုံကိုလည်း တည်ဆောက်ပြီးနေပြီဖြစ်သည်။

    “ကျနော်တို့ ဒီအစိုးရသစ် လက်ထက်မှာတော့ အများကြီးမျှော်လင့်ထားပါတယ်၊ မတရား သိမ်းခံရ တဲ့ ဘိုးဘွားပိုင် သင်္ချိုင်း မြေကို မူလပိုင်ရှင်ထံပြန်အပ်ပေး မယ်လို့ကျနော် တို့မျှော်လင့် ချက်ရှိပါတယ်’’ ဟု ဦးဗန်ကီးကပြောသည်။

    တောင်ဖီလာ အရပ်ဒေသသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် ၁၉၁၄ ဒီဇင်ဘာလ ၂၄ ရက်တွင် ချင်းတိုင်းရင်းသားများ ဖြစ်ကြသော ဦးလှိုင်မှူန်း နှင့် အခြားမိသားစု ၈ စုတို့မှ တောကြီး မျက်မည်းအား ရှင်းလင်းကာ ရွာတည်နေထိုင်ခဲ့ကြပြီး၊ အသိမ်းခံရသည့် သင်္ချိုင်းမြေသည်လည်း ထိုစဉ်ကတည်းက အသုံးပြုလာခဲ့ကြသော သင်္ချိုင်းဖြစ်သည်။

    ယင်းမိမိတို့ဘိုးဘွားပိုင် သင်္ချိုင်းမြေပေါ်တွင် အများပြည်သူ အကျိုးပြုစေမည့် အားကစား၊ စာသင်ကျောင်း၊ ပန်းခြံ နှင့် တောင်ဖီလာနှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အုတ်ဂူများထားရှိရန် တောင်ဖီလာ၊ ခရစ်ယာန် သာသာရေး ပေါင်းစုံမှ ရှေးယခင်ကတည်းက စီစဉ်ထားခဲ့ကြ သည်ဟုသိရသည်။

    ခိုနူမ်းထုန် သတင်းဌာနမှ ကူးယူဖော်ပြသည်။
    http://www.khonumthungburmese.org/

  • အင်အားကြီးနိုင်ငံများက ၀ါဒဖြန့်သော အီရန်ကြောက်ရောဂါကို ဖယ်ရှားနိုင်ခဲ့ပြီဟု ရူဟာနီပြော

    အင်အားကြီးနိုင်ငံများက ၀ါဒဖြန့်သော အီရန်ကြောက်ရောဂါကို ဖယ်ရှားနိုင်ခဲ့ပြီဟု ရူဟာနီပြော

    အောက်တိုဘာ ၂၁၊ ၂၀၁၆
    M-Media

    iran

    – အီရန်နိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့်သာမက ကမ္ဘာတစ်ဝှမ်းလုံးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုသော ဆန္ဒရှိသည်ဟု သမ္မတဟာဆန်ရူဟာနီက ပြောကြားလိုက်သည်။

    ယမန်နေ့က တီဟီရန်တွင် ပြုလုပ်ခဲ့သည့် အမျိုးသားကုန်စည်နေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခု၌ ပြည်ပစီးပွားရေး လုပ်ငန်းရှင်များကို ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ မိမိအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို လမ်းဖွင့်ပေးထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    “ကျွန်တော်တို့ရဲ့ ဦးတည်ဈေးကွက်တွေမှာ အရည်အသွေး၊ ဈေးနှုန်းနဲ့ ထုတ်ပိုးမှုတွေကို ယှဉ်ပြိုင်နိုင်စွမ်း ရှိရမှာဖြစ်ပြီး နိုင်ငံခြားပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိနိုင်ရပါမယ်။ အီရန်ကို လာရောက်ကြတဲ့ စီးပွားရေးသမားများနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ကျွန်တော်တို့အနေနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုမှာပါ။ သူတို့အီရန်ကို အလွယ်တကူနဲ့ ၀င်ရောက်သွားလာနိုင်ရပါမယ်”

    ထို့ပြင် အီရန်နှင့်ပတ်သက်၍ အင်အားကြီးနိုင်ငံများ၏ မဟုတ်မမှန် ၀ါဒဖြန့်မှုများကိုလည်း တုန့်ပြန်သွားမည်ဟု ဆိုသည်။

    “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အီရန်ကြောက်ရောဂါကို ဖယ်ရှားဖို့ပါပဲ။ ဒါနဲ့ပတ်သက်ပြီး အစိုးရက အကောင်းဆုံးလုပ်ခဲ့ပြီးပါပြီ။ အီရန်ဟာ ဒေသတွင်းနဲ့ရော ကမ္ဘာတစ်ခုလုံးနဲ့ပါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ လူသိရှင်ကြား ပြောနေတာပါ” ဟု အီရန်သမ္မတက ပြောကြားခဲ့သည်။

    Ref : Presstv

  • ဝေး

    ဝေး

    အောက်တိုဘာ ၂၁ ၊ ၂၀၁၆
    M-Media
    နှင်းဆီခင် ရေးသည်။

    broken-relationship

    တစ်ဦးနှင့်တစ်ဦး ရင်ခုန်ခံစားခြင်းက အချစ်ရဲ့အစလို့ ဆိုကြတယ်။ ချစ်သက်တမ်း တိုခြင်း၊ ရှည်ခြင်းပေါ်တည်တယ်လို့ မဟုတ်။ ဘဝတစ်ခုကို နှစ်ယောက်တည်းနှင့် တည်ဆောက်ဖြစ်ကြသည်ပဲလေ။ ကြားလူမလို ချစ်သူချင်း နားလည်ခံစားမှုသာ အဓိကပါလို့ဆိုပြီး နှစ်ဦးသဘောတူရုံနှင့် လက်တွဲကြသူတွေရှိကြသလို၊ အမေ့အလိုအကျ အမေ့စိတ်တိုင်းကျ ရွေးချယ်ပေးတဲ့ ဘဝခရီးဖော်ကို လက်တွဲလိုက်ကြသူတွေလည်း လောကမှာ မရှားပါဘူး။

    တစ်ခါတစ်ရံကျပြန်တော့ သီးချိန်၊ ပွင့်ချိန်တန်ပေမယ့် ကိုယ်တိုင်ရင်ခုန်ခံစားရမယ့် သူလည်းမရှိ၊ အမေတို့လို လူကြီးမိဘတွေလည်း ထိထိရောက်ရောက် မစီစဉ်ပေးနိုင်တဲ့အခါ ကြားလူကို အားကိုးရပြီပေါ့။ နှစ်ဖက်မိဘတွေနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဆိုတော့ အပြောအဆိုကောင်းကောင်းနှင့် ချိတ်ဆက်ပေးရင်း တစ်မိသားစုနှင့် တစ်မိသား ပေါင်းဖက်ဖြစ်သွားတာတွေလည်း လက်တွေ့ဘဝမှာ အများကြီးပါ။

    တစ်ခုပဲရှိတယ်။ ပုံပြင်တွေ တချို့ဝတ္တုတွေထဲမှာလို ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းဆိုတဲ့ ဇာတ်သိမ်းမျိုးကြောင့် စာဖတ်သူက ကြည်နူးကျေနပ်မိသည်ပေါ့။ တကယ်တော့ ဒါကစာထဲမှာ ဇာတ်သိမ်း၊ လက်တွေ့ဘဝမှာတော့ ဒါကဘဝရဲ့အစ၊ တကယ့်ကို အစပိုင်းလေးပဲရှိသေးတာလေ။ အိမ်ထောင်သက်တမ်းတစ်လျှောက် ကြုံရဆုံရမှာတွေက အများကြီးမှ အများကြီးပဲ မဟုတ်လား။ သူစိမ်းတစ်ရံဆံနှစ်ဦး တစ်မိုးအောက်မှာ အတူနေရင်း အပေးအယူမျှဖို့ဆိုတာက ဘယ်သီအိုရီ၊ ဘယ်အဓိပ္ပါယ်သတ်မှတ်ချက် နိယာမတွေကို လိုက်နာရမယ်လို့ ရှိတာမှမဟုတ်တာ။ လက်တွေ့ဘဝမှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ကလေး တစ်ခုကို ထူထောင်နိုင်တယ်ဆိုတာ နည်းနည်းနှောနှော မဟုတ်တဲ့ ကံကောင်းခြင်းတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

    ရင်းနှီးကျွမ်းဝင်သူတွေထဲမှာ အိမ်ထောင်ရေး သာယာသူတွေရှိသလို အကြောင်းကြောင်းကြောင့် စလယ်ဝင် ဘဝကနေ အချိန်မတိုင်ခင် ကွဲကြရသည်တွေလည်း ရှိကြပါတယ်။

    ဒေါ်နွဲ့မူဆိုတာက ကုမဏီကြီးတစ်ခုမှာ ဒါရိုက်တာအဖွဲ့ဝင် တစ်ယောက်။ ရာထူးအရသာ ဒေါ် တပ်ခေါ်ရပေမယ့် လူလတ်ပိုင်းတစ်ဦးပါပဲ။ ပညာတတ်၊ ရုပ်ချော၊ မိဘမျိုးရိုးစဉ်ဆက်ချမ်းသာသူ၊ အသက်ရလာပြီဖြစ်တဲ့ မိဘတွေကလည်း အရာရာမှာ သမီးအလိုကျသာမို့ သမီးရဲ့ အိမ်ထောင်ရေး ကိစ္စမှာ ဘာမှဝင်ရောက်စွက်ဖက်တာမျိုး မရှိခဲ့ဘူး။ နွဲ့မူကလည်း တော်ရုံယောင်္ကျားကို အထင်ကြီးတတ်သူမျိုး မဟုတ်လေတော့ အပျိုကြီးဘဝနှင့် အနေကြာလာခဲ့တယ်။

    ကိုမြင့်ထွန်းက ရေကြောင်းအရာရှိဖြစ်ပြီး မောင်နှမသုံးယောက်မှာ အထွေးဆုံးသား၊ မိဘတွေ မရှိကြတော့တဲ့နောက်ပိုင်းမှာ ပင်လယ်ရပ်ခြား ခရီးထွက်နေတာကများတာမို့ အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီးတစ်ဦးပေါ့။ အိမ်ထောင်သည် အစ်ကို၊ အစ်မနှစ်ယောက်က အိမ်ထောင်ပြုဖို့ တိုက်တွန်းကြပေမယ့် လွတ်လွတ်လပ်လပ်နေချင်သေးတယ်ဆိုတဲ့ အကြောင်းပြချက်တဲ့ တစ်ကိုယ်တည်းနေလာခဲ့တယ်။ ခရီးက ပြန်ရောက်တိုင်း သူငယ်ချင်းတွေနှင့် ပျော်ပျော်ပါးပါး အချိန်ဖြုန်းခဲ့သည်ချည်းပါပဲ။ နဖူးစာ ရွာလည်တယ်လို့ သူငယ်ချင်းတွေက ပြောကြတယ်။ ကိုမြင့်ထွန်းအစ်မရဲ့ မိတ်ဆွေ ဦးသိန်းထွန်းက ဝါရင့်အောင်သွယ်တော်တစ်ဦးမို့ ကိုမြင့်ထွန်း အိမ်ထောင်ကျခဲ့ပါပြီ။

    ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာဧည့်ခံပွဲမှာ ပရိတ်သတ်တွေက ဝေဖန်ကြတယ်။ “နေနှင့်လ ရွှေနဲ့မြ” တဲ့ ရှေ့သွားနောက်လိုက်ညီလိုက်တာနော် တဲ့။ ကိုမြင့်ထွန်းနှင့် နွဲ့မူတို့ရဲ့ အိမ်ထောင်သက်တမ်း တစ်လလောက်အကြာမှာ ကိုမြင့်ထွန်းက သူ့သူငယ်ချင်းတွေကို ရင်ဖွင့်တယ်။

    “ငါ မိန်းမရကံဆိုးတယ်ကွာ” တဲ့။ သူငယ်ချင်းတွေ တအံ့တသြဖြစ်သွားကြတယ်။ ဘယ်နှယ့် ဂုဏ်ချင်း၊နေချင်း၊ ပညာချင်း ဘာမှပြောစရာမလိုအောင် ပြည့်စုံနေကြသူတွေ အဆင်မပြေဘူးဆိုတော့ အံသြမယ်ဆိုလည်း အံ့သြစရာပဲလေ။ ငါက ပင်လယ်ထဲအမြဲသွားနေရတဲ့သူ၊ ကုန်းပေါ်မှာ ရှားရှားပါးပါးနေခွင့်ရတုန်းတော့ မိန်းမဂရုစိုက်တာခံချင်တာပေါ့။ အိမ်ဟင်း အိမ်ထမင်းကို မိန်းမနဲ့ လက်ဆုံစားချင်တယ်။ သားတွေ သမီးတွေ တစ်ပြုံကြီးနဲ့ မိသားစုဘဝကို ရချင်တယ်။”
    “နို့ မင်းမိန်းမနဲ့ အကျေအလည် မဆွေးနွေးဘူးလား”

    “ဟ ဆွေးနွေးတာပေါ့။ သူက အလုပ်တာဝန်ကို ယောင်္ကျားထက်ပိုပြီး ဦးစားပေးတဲ့သူလေ။ ငါ့အိမ်မှာရှိတဲ့ အချိန်လေးမှာတောင် အစည်းအဝေး၊ အစည်းအဝေးနဲ့ နားချိန်ကိုမရှိဘူး။ သူဟာ မိသားစုအတွက် အလုပ်လုပ်နေတယ်ဆိုတာ ငါနားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့်ကွာ ငါလည်း ရသမျှအကုန်လုံး သူ့ကိုအပ်တယ်။ ထောက်ပံ့ရမယ့် သူလည်းလုံးဝမရှိဘူး။ ခုတော့ အိမ်ဖော်တွေက ချက်ပြုတ်ကျွေးမွေးတာကိုစား၊ တီဗီကြည့် ပျင်းရင် သူငယ်ချင်းတွေဆီသွားနဲ့ အချိန်ကုန်နေရတယ်။ ငါပြောချင်တာက ယောင်္ကျားတစ်ယောက်ကို နည်းနည်းပါးပါး အလေးထားဖို့ပါကွာ၊ သူကလည်း သူ့အလုပ်မှာ အရေးပါပြီး ဝင်ငွေကလည်းကောင်းတော့ မာနက ခပ်ကြီးကြီး၊ သားသမီးယူဖို့ မစဉ်းစားသေးဘူးတဲ့။ ကဲ…”

    “သာရေး နာရေးကိစ္စတောင်သွားနိုင်ဖို့ သူ့က်ုမနည်းပြောယူရတယ်။ တကယ်တော့ ငါ့မိန်းမဟာ ထက်မြတ်လွန်းတယ်။ အရည်အချင်းရှိတာလည်း မှန်တယ်။ တစ်ခုပဲရှိတယ်။ အိမ်ထောင်ပြုဖို့ မကောင်းဘူး”

    “လူကြီးတွေရဲ့ ဆန္ဒကို မပယ်နိုင်လို့ လက်ခံလိုက်တာမျိုးပဲရှိတယ်။ အများအမြင်မှာတော့ ငါတို့လောက် ကံကောင်းတဲ့သူ မရှိဘူးပေါ့ကွယ။ တကယ်တမ်းပြောရရင် ငါကိုယ်တိုင်ကလည်း မှားပါတယ်။ ကျောင်းတုန်းက ထားခဲ့ဖူးတဲ့ ရည်းစားနဲ့လည်း လွဲခဲ့ရတယ်။ ဟော…
    င့ါအစ်မရဲ့ မိတ်ဆွေ စီစဉ်ပေးတာကို မျက်စိမှိတ်ပြီး လက်ခံလိုက်မိတာကိုး။”

    “မင်းတို့မယူခင်က တစ်ယောက်အကြောင်း တစ်ယောက် အကျေအလည် မဆွေးနွေးခဲ့ကြဘူးလား”

    “တစ်ခါနှစ်ခါ စကားပြောဖူးတာပဲ ရှိတယ်။ ရည်းစားလည်းမဟုတ် ဘာမဟုတ်နဲ့ဆိုတော့ စကားသိပ်မပြောဖြစ်ကြပါဘူး။ လူငယ်တွေလည်း မဟုတ်ကြတော့ သိက္ခာထိန်းနေကြတာလည်းပါတယ်။”

    မည်မည်ရရမဟုတ်ပေမယ့်လည်း ကြာလာတော့လည်း တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေဖြစ်လာကြရင်း နောက်ဆုံးတော့ လမ်းခွဲကြတဲ့အထိဖြစ်သွားရော။

    ကျွန်မရဲ့သူငယ်ချင်းနွယ်နွယ်က တက္ကသိုလ်တစ်ခုမှာ လက်ထောက်ကထိကတာဝန်နှင့် ရာထူးတိုးတာကြောင့် သူငယ်ချင်းတွေကို သူ့အိမ်မှာ ဖိတ်ကျွေးတယ်။ သူငယ်ချင်းတွေဆုံကြတော့ ဝိုင်းဖွဲ့ပြောကြရင်း နွယ်နွယ်က သူ့အလုပ်ဌာနအကြောင်း ပြောဖြစ်တယ်။ ပြောဖြစ်ဆို ကျွန်မတို့နှင့် ကျောင်းနေဖက်သူငယ်ချင်း ကိုထွန်းထွန်းရောက်မလာတော့ ကျန်တဲ့သူတွေက နွယ်နွယ့်ကို ဝိုင်းမေးကြတယ်။

    “နင်တို့ ကိုထွန်းကြီးက လာဖြစ်မယ်မထင်ပါဘူးဟာ လာချင်စိတ်လည်း ရှိမှာမဟုတ်ဘူး”

    “ဘာဖြစ်လို့လဲ”

    “ဘာဖြစ်ရမလဲ။ သူ့မိန်းမနဲ့ ကွာရှင်းထားလို့ စိတ်မကြည်လင်ဖြစ်နေတာ”

    “ဘယ်လို၊ ဘယ်လို သူ့မိန်းမ ဒေါက်တာနုနုနဲ့ ကွာရှင်းလိုက်ပြီ ဟုတ်လား” လို့ သူငယ်ချင်းတွေက ဝိုင်းမေးကြတယ်။

    ကိုထွန်းလွင်က ငယ်ငယ်ကတည်းက မိဘတွေ ဆုံးပါးသွားတာကြောင့် ဦးလေးနှင့် ကြီးပြင်းခဲ့ရတဲ့သူ။ ညီအစ်ကိုမောင်နှမမရှိ၊ တစ်ဦးတည်းသောသား၊ မိဘအမွေအနှစ်မို့ ငွေကြေးအတွက်တော့ မပူပင်ခဲ့ရဘူး။ ကျောင်းတုန်းကလည်း ရည်းစားတွေ ဘာတွေလည်း ရှိခဲ့ဖူးသူမဟုတ်ဘူး။ ကျောင်းပြီးတော့ အလုပ်ဝင်တယ်။ ပညာထူးချွန်တာကြောင့် နိုင်ငံခြားပညာသင်သွားရပြီး ကထိကရာထူး ရခဲ့တယ်။ နွယ်နွယ်နှင့် တစ်ဌာနတည်း။ မနှစ်ကမှ ကြားလူစပ်ဟပ်ပေးလို့ အိမ်ထောင်ကျခဲ့တာ။ အသက်ကလည်း မငယ်တော့တာမို့ ဦးလေးစကားကို မပယ်ရှားဘဲ ဒေါက်တာနုနုနှင့် အိမ်ထောင်ပြုခဲ့တယ်။ သူ့မိန်းမက မဟာသိပံဘွဲ့ရ အထူးကုဆရာဝန်၊ တစ်ဦးတည်းသောသမီး။ ငွေကြေးကလည်း ပြည့်စုံဆိုတော့ ဘာပြောစရာလိုသေးသလဲ။ အားလုံးအဆင်ပြေသည်ပဲပေါ့။ ဒါပေမယ့် အိမ်ထောင်သက်တမ်း တစ်နှစ်အကြာမှာ ကွဲကြကွာကြပြန်ပြီတဲ့လေ။

    ခဏကြာတော့ ကိုထွန်းရောက်လာတယ်။ သူငယ်ချင်းတွေက အားနာလို့ သူ့အိမ်ထောင်ရေးကိစ္စကို လုံးဝမမေးကြဘူး။ ဒါပေမယ့် နောက်ကျမှရောက်လာပြီး ကိုထွန်းလာဘူးလားအကြောင်း လုံးဝမသိထားတဲ့ ကိုမိုးက မေးလိုက်တယ်။

    “မင်း မိန်းမ ပါမလာဘူးလား” ဆိုတော့

    “ငါတို့ ကွာရှင်းပြီးသွားပါပြီကွာ” လို့ ဖြေလိုက်တယ်။

    “အေး ဘာဖြစ်လို့လဲလို့ ထပ်မမေ”ခင် ငါရှင်းပြပါ့မယ်။ ဒီလိုလေ ငါက ငယ်ငယ်လေးကတည်းက မေတ္တာငတ်ခဲ့သူဆိုတာ မင်းတို့အသိ၊ ကျောင်းသားဘဝမှာလည်း စာကိုပဲ ဖိပြီးကြိုးစားခဲ့တယ်။ အလုပ်ထဲရောက်တော့လည်း နိုင်ငံခြားပညာသင်သွားရ၊ နယ်မြေတွေပြောင်းရမို့ အသက်ကြီးမှ မိန်းမရခဲ့တာ။ ငါသူ့ကို နားလည်ပေးပါတယ်။ အိမ်ရှင်မပီသပြီး ငါ့ကိုချက်ပြုတ်ကျွေးမွေးဖို့လည်း မမျှော်လင့်ပါဘူး။ သူကဆေးရုံကဆင်းတာနဲ့ ဆေးခန်းတွေတစ်ခုပြီးတစ်ခုကူးတာကိုတော့ ငါကတားခဲ့တယ်။
    ငါတို့မှာငွေကြေးကိစ္စလည်းမပေါ်တော့ ဆေးခန်းထိုင်တာ လျှော့ဖို့လောက်တင်ပြောမိတာ သူနဲ့ငါ စကားများကြရတဲ့အထိဖြစ်ရော”

    “ဒါကတော့ ညှိယူကြရမှာပေါ့ကွာ။ မဟုတ်ဘူးလား ”

    “ညှိလို့ကိုမရဘူး သူငယ်ချင်း၊ ပိုဆိုးတာ တစ်ခုရှိသေးတယ်။ ငါကငယ်ငယ်လေးကတည်းက ချုချာတဲ့သူလေ။ ဒီတော့ ခေါင်းကိုက်၊ ဗိုက်နာတာမျိုးက ခဏခဏဖြစ်တတ်တာ၊ ငါကလည်း ဂရုစိုက်စေချင်လို့ သူ့ကိုပြောပြရင် ဘယ်ဆေး ဘယ်ဆေးသောက်လိုက်ပေါ့ဆိုပြီး ခပ်ပေါ့ပေါ့လေးပဲ ပြောတတ်တယ်။ ငါကလည်း သက်သာရဲ့လား ဘယ်လိုနေသေးသလဲစသည်ဖြင့် မေးစေချင်တာပေါ့။ တစ်ခါက ငါကသူ့ကို အဲ့ဒီအကြောင်း ဖွင့်ပြောတော့ သူကဘာပြောတယ်ထင်လဲ”

    “အင်း ဆိုစမ်းပါဦး”

    “ရှင်ကလေ အိမ်ထဲမှာပဲနေပြီး သိမ်း ထုပ်သေချာတဲ့ အိမ်ရှင်မမျိုးကို ယူသင့်တာ၊ ကျွန်မလို လူစားမျိုးကိုယူဖို့ မကောင်းဘူးတဲ့… ကဲ။ တစ်နေ့ တစ်နေ့သူနဲ့ငါ တွေ့ချိန်နည်းလာတယ်။ ငါကလည်း ကျောင်းကဆင်းရင် စာအုပ်တွေနဲ့ပဲ အချိန်ဖြုန်းနေတတ်သလို သူကလည်း ဆေးခန်းက ညဘက်ကျမှ ပြန်ရောက်လာတဲ့အခါ ပင်ပန်းနေပြီ။ ငါတို့နှသ်ယောက် အေးအေးလူလူ စကားမမြည် ထိုင်ပြောဖို့အချိန်ဟာ သိပ်ရှားသွားပြီ။ နောက်ဆုံးတော့ကွာ အကောင်းဆုံးနည်းလမ်းကိုပဲ ရွေးလိုက်ကြတာပေါ့။ ဒါပါပဲ။”

    စာရွက်ပေါ်မှာ တွက်ချက်ကြည့်ပြီး အသင့်တော်ဆုံးဆိုတဲ့ သူနှစ်ဦးကို ဆက်သွယ်ပေးလိုက်ခြင်းဟာ အခါခပ်သိမ်း အဆင်မချောတတ်ဘူးဆိုတာကိုတော့…..။

    နှင်းဆီခင်

  • ရှေးဦး နေစွမ်းအင်သုံး ပျံသန်းသူများ (သို့မဟုတ်) ပါးဆုပ်ပနကောင်

    ရှေးဦး နေစွမ်းအင်သုံး ပျံသန်းသူများ (သို့မဟုတ်) ပါးဆုပ်ပနကောင်

    အောက်တိုဘာ ၂၁ ၊၊ ၂၀၁၆
    အေးထွန်း ရှာဖွေတင်ဆက်သည်။

    hornet
    လူသားသိပ္ပံပညာရှင်တွေ နေစွမ်းအင်သုံး လေယာဉ်တွေဖြစ်တည်လာဖို့ ကြိုးပမ်းမူ အရာထင်ခဲ့တာ မနေ့တစ်နေ့ကမှပေါ့။

    ဒါပေမဲ့ သဘာဝမှာနေစွမ်းအင်သုံး ပျံသန်းသူတွေရှိခဲ့တာ ကြာပေါ့။

    ပါးဆုပ်ပနကောင် (Hornet)  နေရောင်ပြင်းလာလေ၊ ဒီကောင်တွေရဲ့လှုပ်ရှားနိုင်မူအရှိန် မြင့်လာလေပဲ။ ဘာကြောင့်လဲဆိုပြီး Tel Aviv University က သိပ္ပံပညာရှင်တွေ စူးစမ်းမူပြုလုပ်ကြတယ်။တွေ့လိုက်ရတာက နေစွမ်းအင်သုံး ယန္တရား။

    ဟုတ်တယ်။ ဒီကောင်လေးတွေက နေရဲ့ ခရမ်းလွန်ရောင်ခြည်ကို လျှပ်စစ်စွမ်းအင်အဖြစ် ကူးပြောင်းနေတယ်။

    သူတို့မှာပါဝင်တဲ့ သေးငယ်တဲ့ အညိုရင့်ရောင် အစင်းတွေထဲက မြောင်းတွေ၊ အဝါရောင်အစင်းတွေထဲက အပေါက်ငယ်လေးတွေ နဲ့ ရောင်ခြယ်ဆဲလ်တွေကို သုံးပြီးပေါ့။  အလင်းဖမ်းချုပ်နှုန်းကောင်းမွန်တဲ့အပေါ်လွှာ မျက်နှာပြင်တည်ဆောက်မူနဲ့ အတူပေါ့။

    ( Research Frontiers in Bioinspired Energy : Molecular-Level Learning from Natural Systems: A Workshop , SOLAR ENERGY HARVESTING IN THE EPICUTICLE OF THE ORIENTAL HORNET Pg. 19-22)

    ဒီပညာရှင်အဖွဲ့ဒီအကောင်တွေရဲ့ ခန္ဓာကိုယ်မှာပါဝင်တဲ့ နေစွမ်းအင် စုဆောင်းမူစွမ်းရည်ကို ပုံတူကူးဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ လိုက်မမှီနိုင်သေးဘူး။ အနာဂတ်မှာ အောင်မြင်လာဖို့ အစီအစဉ်ချမှတ်ထားတယ်။

    ပြင်းလှတဲ့နေရောင်ကို သုံးပြီး စွမ်းအင်သိုမှီးနိုင်တာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ တစ်ပါတည်းပါလာတဲ့ အပူစွမ်းအင်ကကော ဒီကောင်တွေရဲ့ ခန္ဓာကိုယ်ကို အပူမတိုက်ပစ်လိုက်ဘူးလား။ ဟင့်အင်း။

    Tel Aviv’s School of Physics and Astronomy က စီနီယာစာရေးဆရာ ပရောဖက်ဆာ David Bergman က ပြောတယ်။

    “သူတို့တွေမှာ ခန္ဓာကိုယ်ကို အေးမျှစေမဲ့ အပူထုတ်စနစ် (Heat Pump System) ကောင်းကောင်း တစ်ခါထဲပါဝင်ပြီးသား။ ဒါက လုပ်ဖို့မလွယ်တဲ့အရာ ” တဲ့။

    (Is the Hornet Our Key to Renewable Energy? Sciencedaily.com )