News @ M-Media
Blog
  • ပင်လုံဦးဖေခင်နှင့် ၂၀ ရာစု ပင်လုံညီလာခံ (စာအုပ်အညွှန်း)
    ပင်လုံဦးဖေခင်နှင့် ၂၀ ရာစု ပင်လုံညီလာခံ (စာအုပ်အညွှန်း)
    14666235_1716094888713343_8617704363181466087_n
    ၂၀ ရာစု ပင်လုံ သမိုင်းတါင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့သည့် ဦးဖေခင်၏ တူအရင်းဖြစ်သူ  ဒေါက်တာညွှန့်ရွှေ(တောင်ကြီး) ရေးသားပြုစုသော “ပင်လုံဦးဖေခင်နှင့် ၂၀ ရာစု ပင်လုံညီလာခံ ” စာအုပ်ထွက်ရှိလာသည်။
    အဆိုပါ စာအုပ်သည် ၂၀ ရာစု ပင်လုံ ညီလာခံတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သူ မြန်မာတိုင်းရင်းသား မျိုးချစ်တစ်ဦးဖြစ်သည့် သံအမတ်ကြိး အငြိမ်းစား ဦးဖေခင်၏ ကောက်ကြောင်း ရာဇဝင်နှင့် မြန်မာနိုင်ငံရေး သမိုင်းတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည့် အကြောင်းအရာများကို အသေးစိတ် ပြန်လည်တင်ပြထားသည့် စာအုပ်တစ်အုပ်ဖြစ်သည်။
    ဗိုလ်ချူပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ့လွတ်လပ်ရေးဗိသုကာ ခေါင်းဆောင်ကြီးများ ပါဝင်ကြိုးပမ်းဆောင်ရွက်မှုများကြောင့်  သမိုင်းဝင်ပင်လုံစာချူပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးကို တိုင်းရင်းသား စည်းလုံး ညီညွတ်မှု စွမ်းအားဖြင့် ရယူပေးနိုင်ခဲ့ခြင်း၏ နောက်ခံသမိုင်းကြောင်းများပါဝင်သည်။
    မျက်မှောက်ကာလ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ကျင်းပနေချိန်တွင် သမိုင်းကြောင်း အစဉ်အလာကောင်းသော (၂၀) ရာစု ပင်လုံ ညီလာခံ မှ တိုင်းရင်းသား စည်းလုံးညီညွတ်မှုအား အခိုင်အမာတည်ဆောက်နိုင်ပုံတို့အား ပြတ်ပြတ်ထင်ထင် တင်ပြထားသည်။ ၂၀ ရာစု ပင်လုံ ညီလာခံကို အခြေတည်သည့် ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ရေး အတွက် တစ်ထောင့် တစ်နေရာက အားဖြည့် ပေးထားသည့် စာအုပ်တစ်အုပ်ဖြစ်သည်။
    အဆိုပါစာအုပ်ကို နေရီရီ စာအုပ်တိုက် အမှတ် ၂(က) အောင်ရတနာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြိုက ထုတ်ဝေဖြန့်ချိထားပြီး တန်ဖိုးမှာ ကျပ် ၂၇၀၀ ဖြစ်သည်။
    ၁၁-၁၀-၂၀၁၆ ကြေးမုံ သတင်းစာ၊
    ကြေးမုံ စာအုပ်စင်ကဏ္ဍမှ ကူးယူဖော်ပြသည်။
  • ၀ရမ်းပြေးတစ်ဦးကို ဖမ်းပေးသည့် ဆီးရီးယားဒုက္ခသည်များကို ဂျာမနီ ချီးကျူး
    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media
    refugee
    – ဗုံးခွဲမည်ဟု သံသယရှိသည့် တရားခံပြေးတစ်ဦးကို နိုင်ငံအရှေ့ပိုင်း အီအစ်ပ်ဇစ်ဂ်မြို့တွင် ဖမ်းဆီးကာ ရဲလက်အပ်ခဲ့သည့် ဆီးရီးယားဒုက္ခသည် ၃ ဦးကို ဂျာမနီတာဝန်ရှိသူများက သူရဲကောင်းများအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ကြသည်ဟု သိရသည်။
    တရားခံပြေးမှာ အသက် ၂၂ နှစ်အရွယ် ဆီးရီးယားဒုက္ခသည် ဂျဘာရ် အလ်-ဘာကာရ်ဖြစ်ပြီး ၎င်းနေထိုင်ရာ နေအိမ်မှ ကီလိုမီတာ ၈၀ အကွာတွင် ဖောက်ခွဲရေးပစ္စည်းများကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က ပြီးခဲ့သည့်တစ်ပတ်အတွင်း ၀င်ရောက်ဖမ်းဆီးရာတွင် လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။ ဆီးရီးယားဒုက္ခသည် ၃ ဦးကမူ အလ်-ဘာကာရ်ကို တနင်္လာနေ့က ဖမ်းဆီးပေးခဲ့ခြင်းဖြစ်သည်။
    လီအစ်ပ်ဇစ်ဂ်မြို့တော်ဝန်ဖြစ်သူ ဘာရ်က်ဟာ့ဒ်ကမူ အဆိုပါ ဒုက္ခသည် ၃ ဦးအား အင်္ဂါနေ့က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
    “ဒါဟာ အကြမ်းဖက်မှုတစ်ခုအပေါ် ကြီးကြီးမားမား အောင်မြင်လိုက်တာပဲ ဖြစ်ပါတယ်၊ အခုဖြစ်ရပ်က ကျွန်တော်တို့နိုင်ငံမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုလှုံသူတွေဟာ အစွန်းရောက်ဝါဒနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာကို သက်သေပြလိုက်တာပါပဲ” ဟု က မြို့တော်ဝန်က ဆိုသည်။
    ဂျာမနီတွင် ဒုက္ခသည်အဖြစ် နေထိုင်ခွင့် ရရှိထားသည့် ဘာကာရ်မှာ ဂျာမနီသို့ ရောက်လာသည့် ဒုက္ခသည် ၈၉၀၀၀၀ အနက် တစ်ဦးဖြစ်သည်။ ရဲတပ်ဖွဲ့က ဘာကာရ်ကို IS အဖွဲ့နှင့် အဆက်အသွယ်ရှိပြီး ဘာလင်မြို့လေဆိပ်ကို ဗုံးထောင်နိုင်ချေရှိသူအဖြစ် သံသယဖြစ်ခဲ့ခြင်းဖြစ်သည်။
    အတိုက်အခံလက်ဝဲပါတီမှ ထင်ရှားသည့်နိုင်ငံရေးသမားဖြစ်သူ အန်ဒေရ ဟန်ကမူ ၀ရမ်းပြေး ဘာကာရ်အား ဖမ်းဆီးပေးခဲ့သည့် ဆီးရီးယားဒုက္ခသည် ၃ ဦးကို သတ္တိရှိသူအဖြစ် ကင်းပွန်းတပ်ခဲ့ပြီး ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် ခိုလှုံခွင့် အလျင်အမြန်ပေးရန် တိုက်တွန်းခဲ့သည်။
    “ရိုးသားပြီး အကူအညီလိုနေတဲ့ ဒုက္ခသည်တွေ၊ IS အကြမ်းဖက်အဖွဲ့နဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ လုံးဝ သက်ဆိုင်မှု မရှိတဲ့သူတွေကို ဒီလို လုပ်ပေးဖို့ သိပ်အရေးကြီးပါတယ်”
    Ref : Aljazeera
  • ကျန်းမာရေးဆိုးရွားနေသည့် ထိုင်းဘုရင်မင်းမြတ်အတွက် ပြည်သူများ ဆုမွန်ကောင်းတောင်း
    ကျန်းမာရေးဆိုးရွားနေသည့် ထိုင်းဘုရင်မင်းမြတ်အတွက် ပြည်သူများ ဆုမွန်ကောင်းတောင်း
    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media
    thai
    – ထိုင်းဘုရင်ကြီး၏ ကျန်းမာရေးအခြေအနေမှာ ဆိုးရွားလာနေပြီး ဆရာဝန်များကလည်း အစွမ်းကုန် ကုသမှုများ ပြုလုပ်ပေးနေသည်ဟု တော်ဝင်မိသားစုဗျူရိုက ယမန်နေ့ညတွင် ကြေငြာခဲ့ပြီး ထိုင်းနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများကလည်း ဘုရင်ကြီး ပြန်လည်ကျန်းမာလာရေးအတွက် ဆုမွန်ကောင်းတောင်းမှုများ ပြုလုပ်နေကြသည်။
    အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေငြာချက်တွင် အသက် ၈၉ နှစ်အရွယ်ရှိ ဘုရင်ကြီးမှာ သွေးဖိအားများ ကျဆင်းနေပြီး နှလုံးခုန်နှုန်းနှင့် သွေးအတွင်းရှိ အက်စစ်ပမာဏမှာလည်း မြင့်တက်လာသည်ဟု ဖော်ပြထားသည်။ ထိုအခြေအနေက အသည်းမကောင်းတော့သည့် အခြေအနေမျိုးဖြစ်သည်။
    ယမန်နေ့တွင် ဘုရင်ကြီး၏ သားတော် သမီးတော်များမှာ ဆေးကုသရာ Siriraj ဆေးရုံတွင် ရှိနေကြပြီး ထိုင်းပြည်သူများကလည်း ဆေးရုံရှေ့တွင် စုရုံးကာ ကျန်းမာရေး အမြန်ပြန်ကောင်းရန် ဆုမွန်ကောင်း တောင်းပေးခဲ့ကြသည်။
    “ဘုရင်မင်းမြတ်ဟာ ထိုင်းနိုင်ငံရဲ့ အသည်းနှလုံးပါ။ ဘုရင်ကြီး အလျင်အမြန် ပြန်လည်သက်သာလာဖို့ လူတိုင်းက ဆုမွန်ကောင်း တောင်းနေကြပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ဘုရင်ကြီးနေပြန်ကောင်းလာပြီးတဲ့နောက် အပြုံးတစ်ပွင့်ကို ကြည့်ချင်ပါတယ်” ဟု အသက် ၄၂ နှစ်အရွယ် ကျောင်းဆရာမ ဒွန်နာဖာက ကလဒ်ဘူဖာက ပြောကြားခဲ့သည်။
    အသက် ၆၂ နှစ်အရွယ်ရှိ ပြည်သူတစ်ဦးဖြစ်သူ သုဝဏ္ဏ ကီနမ်သီယမ်ဝမ်ကလည်း ၎င်း၏ သူငယ်ချင်းမိတ်ဆွေ ၂၀ နှင့် အတူ ဘုရင်မင်းမြတ် ဆေးကုသနေသည့် ဆေးရုံနှင့် နီးနိုင်သမျှနီးသည့်နေရာသို့ ရောက်ရှိရန် ကြိုးစားနေသည်။ ၎င်းတို့အားလုံးမှာ ပန်းရောင် အ၀တ်အစားများကို ၀တ်ဆင်ထားကြပြီး ထိုအရောင်က ဘုရင်မင်းမြတ်၏ ကျန်းမာရေး ပိုကောင်းလာရန် အထောက်အကူဖြစ်မည်ဟု ယုံကြည်နေသည်။
    “ဘုရင်ကြီး ကျန်းမာရေးပြန်ကောင်းလာမှသာ ကျွန်မရဲ့ ဆုတောင်းမှုကို ရပ်တန့်မှာပါ” ဟု ဘုရင်မင်းမြတ်၏ ဓာတ်ပုံကို ပွေ့ပိုက်ထားသည့် သူမက ပြောကြားခဲ့သည်။
    ဘုရင်ကြီးဆေးကုသရာ ဆေးရုံရှေ့အပြင် နိုင်ငံတစ်ဝှမ်းမှ ဘာသာပေါင်းစုံ ပြည်သူများကလည်း ၎င်းတို့၏ ၀တ်ပြုရာအဆောက်အဦးများတွင် ဘုရင်ကြီး ကျန်းမာရေး ပြန်ကောင်းလာစေရန် စုပေါင်း ၀တ်ပြုဆုတောင်းမှုများ ပြုလုပ်နေကြသည်။
    Ref: Bangkokpost
  • အီရတ်နိုင်ငံမှ ယာဇီဒီအမျိုးသမီးတစ်ဦး ဟာဗယ်လူ့အခွင့်အရေးဆု ရရှိ
    အီရတ်နိုင်ငံမှ ယာဇီဒီအမျိုးသမီးတစ်ဦး ဟာဗယ်လူ့အခွင့်အရေးဆု ရရှိ
    အောက်တိုဘာ ၁၂၊ ၂၀၁၆
    M-Media
    yazidi
    – ဥရောပကောင်စီက ပေးအပ်ချီးမြင့်သည့် ဗားကလဗ် ဟာဗယ် လူ့အခွင့်အရေးဆု ( Václav Havel Human Rights Prize) ကို IS အကြမ်းဖက်များ၏လက်မှ လွတ်မြောက်လာပြီးနောက် ယာဇီဒီလူမျိုးများကို ကာကွယ်ရာတွင် ထင်ရှားသူ ဖြစ်လာခဲ့သည့် ယာဇီဒီအမျိုးသမီး နာဒီယာ မူရဒ်က ရရှိခဲ့သည်ဟု သိရသည်။
    အဆိုပါဆုမှာ လူ့အခွင့်အရေးကို ကာကွယ်ရာတွင် လူ့အဖွဲ့အစည်းအတွက် သူမတူသော စွမ်းဆောင်နိုင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပြီး ဆုရရှိသူမှာ ကန်ဒေါ်လာ ၆၆၀၀၀ ခံစားခွင့် ရှိမည်ဖြစ်သည်။
    နာဒီယာမူရဒ်ကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် IS အကြမ်းဖက်သမားများက သူမ၏ နေရပ်ဖြစ်သော အီရတ်နိုင်ငံမြောက်ပိုင်း ဆင်ဂျာဒေသရှိ ကိုချိုရွာမှ ဖမ်းဆီး၍ မိုဆူးလ်မြို့သို့ ခေါ်ဆောင်သွားခဲ့သည်။ IS လက်ထဲတွင် ၃ လခန့် ကြာမြင့်ခဲ့ပြီး ထိုကာလအတွင်း ငြှင်းပမ်းနှိပ်စက်မှုနှင့် အဓမ္မပြုကျင့်မှုကို ခံခဲ့ရသည်ဟု သူမက ဖွင့်ဟခဲ့သည်။ ထို့နောက် ထွက်ပြေးလွတ်မြောက်လာကာ ဂျာမနီနိုင်ငံသို့ ရောက်ရှိခဲ့သည်။
    လူ့အခွင့်အရေးလှုပ်ရှားသူ ဖြစ်လာချိန်မှစ၍ မူရဒ်မှာ ယာဇီဒီလူမျိုးများ ဒုက္ခသုက္ခနှင့် ရင်ဆိုင်နေရသည့် အခြေအနေကို နိုင်ငံတကာစာမျက်နှာများသို့ ရောက်ရှိအောင် ဆောင်ကျဉ်းပေးနိုင်ခဲ့သည်။
    စထရာဘော့ဂ်၌ ဆုလက်ခံယူစဉ်အတွင်း မူရဒ်က IS အကြမ်းဖက်သမားများ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများကို စစ်ဆေးရန်အတွက် နိုင်ငံတကာ တရားရုံးတစ်ခု ဖန်တီးရေး တိုက်တွန်းခဲ့ပြီး၊ IS ၏ ညှင်းပမ်းမှုအတွင်း သေဆုံးခဲ့သည့် ယာဇီဒီလူမျိုးတို့၏ ဒုက္ခသုက္ခများကို ပြန်ပြောင်းပြောကြားခဲ့ကာ ထိုလုပ်ရပ်ကို လူမျိုးတုန်းသတ်ဖြတ်မှုဟု ကင်ပွန်းတပ်ခဲ့သည်။
    Ref : IINA
  • ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်စီးပွားရေးညီလာခံ ဒူဘိုင်းတွင် ကျင်းပ
    ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်စီးပွားရေးညီလာခံ ဒူဘိုင်းတွင် ကျင်းပ
    အောက်တိုဘာ ၁၂၊ ၂၀၁၆
    M-Media
    summit
    – တတိယအကြိမ်မြောက် ‘ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့် စီးပွားရေး ထိပ်သီးညီလာခံ’ ကို ဒူဘိုင်းမြို့ရှိ မဒီနသွလ်ဂျူမေရာ အပန်းဖြေစခန်းတွင် “ပြောင်းလဲမှုကို လှုံ့ဆော်ခြင်း” ဟူသည့် ခေါင်းစဉ်ဖြင့် ယမန်နေ့က စတင်ကျင်းပခဲ့သည်ဟု သိရသည်။
    အာရပ်စော်ဘွားများပြည်ထောင်စု ဒုသမ္မတနှင့် ၀န်ကြီးချုပ်ဖြစ်ပြီး၊ ဒူဘိုင်းအုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ရှိုက်ခ် မိုဟာမက် ဘင် ရာရှစ် အလ်-မက်ခ်တွမ်၏ ကြီးကြည်မှုဖြင့် ပြုလုပ်သည့် အဆိုပါညီလာခံမှာ ၂ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး၊ ဒူဘိုင်းစီးပွားကူးသန်းဝန်ကြီးဌာနနှင့် ဒူဘိုင်းအစ္စလာမ့် စီပွားရေး ဖွံ့ဖြိုးမှုစင်တာ (DIEDC) တို့မှ ပူးပေါင်းစီစဉ်ခဲ့ခြင်း ဖြစ်သည်။
    ယခုနှစ် ညီလာခံမှာ ကမ္ဘာတစ်ဝှမ်းမှ ခေါင်းဆောင်များ၊ ပေါ်လစီချမှတ်သူများ၊ ကျွမ်းကျင်သူများနှင့် ပညာရှင်များ ၃၀၀၀ ကျော် တစ်စုတစ်ဝေးတည်း စုစည်းနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ကမ္ဘာ့အကြီးဆုံးတက္ကသိုလ်များနှင့် အဆင့်မြင့် ပညာရေးဌာနမှ ပညာရှင်များလည်း တက်ရောက်ကြသည်။
    ဒူဘိုင်းစီးပွားကူးသန်းဝန်ကြီးဌာန ဥက္ကဌ မဂျစ် ဆအစ်ဖ် အလ်-ဂူရာယဲက “ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာ့အစ္စလာမ့်စီးပွားရေးထိပ်သီးညီလာခံဟာ စီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးက ဟောပြောသူတွေ၊ ခေါင်းဆောင်တွေ၊ ဆုံးဖြတ်ခွင့်ရှိသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေကို အတွေးအမြင်တွေ၊ ကျွမ်းကျင်မှုတွေ ဖလှယ်ဖို့၊ ကမ္ဘာ့စီးပွားရေးရဲ့ ကဏ္ဍအသီးသီးမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ ထိရောက်ပြီး ရေရှည်တည်တံ့တဲ့အဖြေတွေ ရှာဖွေနိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်တယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
    ထို့ပြင် ယခုနှစ်ညီလာခံ၌ ဆွေးနွေးမည့် အကြောင်းအရာများမှာ အစ္စလာမ့်စီးပွားရေးကို ထိခိုက်နေသော ပြဿနာရပ်များနှင့် ထိုကဏ္ဍများ တိုးတက်ရေး နည်လမ်းများကို ရှာဖွေရန်၊ ပိုမိုကြီးထွားမှုနှင့် သာယာဝပြောမှုတို့ကို ရရှိရန်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။
    Ref : IINA