News @ M-Media

Blog

  • ယူအေအီးက ကမ္ဘာ့ပထမဆုံး ရှရီအသ်နည်းကျ ကုန်သွယ်ဘဏ်တစ်ခု တည်ထောင်မည်

    ယူအေအီးက ကမ္ဘာ့ပထမဆုံး ရှရီအသ်နည်းကျ ကုန်သွယ်ဘဏ်တစ်ခု တည်ထောင်မည်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    uae-3

    – အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အစ္စလာမ့်နည်းကျ စီးပွားရေးကဏ္ဍတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ရေး ရည်ရွယ်ချက်ကို အရှိန်မြှင့်တင်သည့်အနေဖြင့် ကမ္ဘာ့ ပထမဆုံး ရှရီအာနည်းကျ ကုန်သွယ်ရေးဘဏ်တစ်ခုကို တည်ထောင်မည်ဟု သိရသည်။

    Emirates Trade Bank ဟု ခေါ်တွင်မည့် အဆိုပါဘဏ်အတွက် လုပ်ပိုင်ခွင့် ရရှိရန် ဒူဘိုင်း အစ္စလာမ့်နည်းကျစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုစင်တာ (DIEDC)၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဌာနတို့မှာ လက်ရှိတွင် ယူအေအီး ဗဟိုဘဏ်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။

    DIEDC မှ ထုတ်ပြန်သည့် ကြေညာချက်တွင် အဆိုပါ ကုန်သွယ်ရေးဘဏ်အသစ်မှာ နိုင်ငံတကာကုန်သွယ်ရေးနှင့် ကုန်စည်ဆိုင်ရာ ဘဏ္ဍာရေးလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

    “Emirates Trade Bank ဟာ ကမ္ဘာလုံးဆိုင်ရာ ရှရီအာနည်းကျ ပထမဦးဆုံး ကုသွယ်ရေးဘဏ်တစ်ခု ဖြစ်ပြီး UAE ရဲ့ အခြေခံအဆောက်အအုံနဲ့ ထောက်ပံ့ပို့ဆောင်ရေးစနစ်ကို အရှိန်မြင့်ဆောင်ရွက်ခြင်း၊ ရွေ့လျားဆောင်ရွက်ခြင်းတွေကနေတဆင့် ဘက်စုံစီးပွားရးနဲ့ နိုင်ငံတကာ ကုန်စည်ဆိုင်ရာ ဘဏ္ဍာရေးလုပ်ငန်းတွေကို အပြည့်အ၀ စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီဘဏ်ဟာ အစ္စလာမ့်ဘဏ္ဍာရေးကဏ္ဍမှာ ဒူဘိုင်းရဲ့ မဟာဗျူဟာကျတဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးသွားမှာဖြစ်ပြီး ဒီပုံစံကနေ ယူအေအီးရဲ့ ကုန်သွယ်ရေးဆိုင်ရာ စီးဆင်းမှုကို ၂ ဆတိုးစေဖို့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ့်နည်းကျ စီးပွားရေးလုပ်ငန်း၏ တန်ဖိုးမှာ ပြီးခဲ့သည့်နှစ်က ကန်ဒေါ်လာ ၁.၉ ထရီလီယံ ရှိလာပြီဟု Reuters သတင်းဌာန၏ စစ်တမ်းအရ သိရသည်။ ကမ္ဘာ့ ဟာလာလ်အစားအသောက် ဈေးကွက်တစ်ခုတည်းမှာပင် ၂၀၂၀ ခုနှစ်အရောက်၌ ကန်ဒေါ်လာ ၂ ထရီလီယံအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။

    Ref : IINA

  • ကလ်ဆီယမ်ဓာတ် မှီဝဲခြင်းက နှလုံးကို ထိခိုက်စေနိုင်

    ကလ်ဆီယမ်ဓာတ် မှီဝဲခြင်းက နှလုံးကို ထိခိုက်စေနိုင်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    calcium

    – ဆေးဝါးများဖြင့် ကလ်ဆီယမ်ဓာတ်ကို ဖြည့်တင်းသူများအနေနှင့် နှလုံးရောဂါ ဖြစ်နိုင်ချေ များပြားသည်ဟု အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတွင် တွေ့ရှိခဲ့ရသည်။

    အဆိုပါလေ့လာမှုတွင် သုတေသီများက လူ ၂၇၀၀ ကျော်၏ ၁၀ နှစ်တာ စမ်းသပ်မှုများကို လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်ပြီး ကလ်ဆီယမ်ဖြည့်စွက်စာများသည် နှလုံးရောဂါနှင့် ဆက်စပ်နေသည့် သွေးလွှတ်ကြောများတွင် သွေးခဲများ ဖြစ်ပေါ်စေနိုင်ကာ နှလုံးပျက်ဆီးနိုင်ကြောင်း တွေ့ခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ကယ်လ်ဆီယမ်ကြွယ်ဝသည့် စားစရာများမှာ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်ထွန်းသည်ဟု ဆိုသည်။

    “ဗိုက်တာမင်နဲ့ ဓာတ်ဆားတွေ အထူးသဖြင့် အရိုးသန်မာဖို့ ကယ်လ်ဆီယမ်ဓာတ် မှီဝဲမှုဟာ ပိုကောင်းတယ်လို့ အမေရိကန်အတော်များများက ထင်မြင်လေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ ကယ်လ်ဆီယမ်ကို အပိုမှီဝဲမှုဟာ နှလုံးနဲ့ သွေးကြောစနစ်ကို အန္တရာယ်ဖြစ်စေတယ်ဆိုတာ တွေ့ရှိရပါတယ်” ဟု လေ့လာသူ အဲရင် မီခို့စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ကယ်လ်ဆီယမ်ဓာတ်ကို ထပ်ဆောင်းမှီဝဲကြသူများမှာ သာမန်လူများထက် နှလုံးသွေးကြောကျဉ်းရောဂါ ရနိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုများလာသည်ကိုလည်း ထိုလေ့လာမှုတွင် တွေ့ရှိခဲ့ရသည်။

    Ref : IINA

  • IS ကို အမြစ်ဖြုတ်မည့် နောက်ဆုံးစစ်ပွဲ အီရတ်က မကြာမီ စမည်

    IS ကို အမြစ်ဖြုတ်မည့် နောက်ဆုံးစစ်ပွဲ အီရတ်က မကြာမီ စမည်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    iraq

    – အီရတ်နိုင်ငံ မြောက်ပိုင်းတွင် တူရကီတပ်များ ရှိနေသည့်အတွက် အီရတ်နှင့် တူရကီတို့အကြား တင်းမာမှုများ ရှိနေသော်လည်း IS အကြမ်းဖက်အုပ်စုလက်ထဲမှ မူဆိုးလ်မြို့ လွတ်မြောက်ရန်အတွက် နောက်ဆုံးထိုးစစ်ကို စတင်ရန် အသင့်ဖြစ်နေပြီ ဟု အီရတ်စစ်တပ်က ပြောကြားလိုက်သည်။

    ယမန်နေ့က စစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အွသ်မန် အလ်-ဂါနီမီက မိမိတို့တပ်ဖွဲ့များမှာ နောက်ဆုံးထိုးစစ်အတွက် အသင့် နေရာယူပြင်ဆင်ထားပြီး ရှေ့ဆက် ဆောင်ရွက်ရန် စောင့်ဆိုင်းနေသည်ဟု ဆိုသည်။ သောကြာနေ့ အစောပိုင်းကလည်း ဗိုလ်ချုပ်ကြီးက ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သည့် အဆိုပါ ထိုးစစ်အတွက် ညှိနှိုင်းဆောင်ရွက်ရန် လက်နက်ကိုင်တပ်ဖွဲ့များမှ တပ်မှူးများနှင့် တွေ့ဆုံခဲ့သည်။

    လက်ရှိတွင် နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်ဒေသမှ တပ်ဖွဲ့ဖြစ်တဲ့ Peshmerga အဖွဲ့ကိုလည်း အီရတ်စစ်တပ်၏ ပထမဆုံး အဖွဲ့ဝင်အဖြစ် လက်ခံထားပြီဖြစ်သည်။

    IS အဖွဲ့မှာ မူဆိုးလ်မြို့ကို ၂၀၁၄ ခုနှစ်က သိမ်းပိုက်ထားခြင်ဖြစ်ပြီး ထောက်လှမ်းရေးသတင်းများအရ မြို့အတွင်း အတပ်ဖွဲ့ပေါင်း ၄၀၀၀ မှ ၅၀၀၀ ကြားရှိနေကျာအခြေအနေမှာ ပိုမို ရှုပ်ထွေးမည်ဟု ခန့်မှန်းထားသည်။

    မူဆိုးလ်မြို့အရှေ့မြောက်ပိုင်းသို့ တူရကီမှာ ၎င်း၏ တပ်ဖွဲ့များကို ပြီးခဲ့သည့်နှစ်ကတည်းက ပို့ဆောင်ထားပြီး ထိုလုပ်ရပ်အား အီရတ်က ၎င်းတို့၏ အချုပ်အခြာကို ချိုးဖောက်မှုအဖြစ် ရှုမြင်နေသည်။ တူရကီနိုင်ငံပိုင်သတင်းဌာန Anadolu အေဂျင်စီကမူ မူဆိုးလ်မြို့သိမ်းတိုက်ပွဲတွင် တူရကီစစ်တပ်မှ လေ့ကျင့်ပေးထားသော တပ်ဖွဲ့ဝင်များ ပါဝင်မည်ဟု ဖော်ပြခဲ့ပြီး အီရတ်ကမူ ပါဝင်ခြင်းမပြုရန် သတိပေးထားသည်။

    Ref : Presstv

  • လေယာဉ်ပေါ်တွင် Galaxy Note 7 အသုံးပြုခြင်းကို အမေရိကန် ပိတ်ပင်

    လေယာဉ်ပေါ်တွင် Galaxy Note 7 အသုံးပြုခြင်းကို အမေရိကန် ပိတ်ပင်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    galaxy

    – ပေါက်ကွဲမှုကြောင့် လူများ ထိခိုက်ဒဏ်ရာရခြင်း၊ အပူလွန်ကဲခြင်း စသည့် ဖြစ်ရပ်ပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည့် ဆမ်ဆောင်း၏ Galaxy Note 7 အသုံးပြုခြင်းကို အမေရိကန်လေကြောင်းလိုင်းအားလုံးတွင် ပိတ်ပင်သွားမည်ဟု အမေရိကန် သယ်ယူပို့ဆောင်ရေးဌာနက ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ယခင်က အမေရိကန် အရပ်ဖက် လေကြောင်းအုပ်ချုပ်ရေးဌာနမှာ ခရီးသွားများအနေဖြင့် အဆိုပါဖုန်းကို လေယာဉ်ပေါ်တွင် အသုံးမပြုဘဲ ခရီးဆောင်အိတ်တွင်သာ သိမ်းဆည်းထားရန် သို့မဟုတ် လေကြောင်းခရီးစဉ်အတွင်း အားသွင်းခြင်းမပြုရန် ညွှန်ကြားထားသည်။ ယခုပိတ်ပင်မှုမှာ စနေနေ့ နေ့လည်ပိုင်းမှစ၍ အသက်ဝင်မည်ဟု ပို့ဆောင်ရေးဝန်ကြီး အန်သိုနီ ဖောက်စ်က ပြောကြားခဲ့သည်။

    “လေကြောင်းလိုင်းတွေအားလုံးမှာ ဒီလိုပိတ်ပင်မှုဟာ အချို့သော ခရီးသည်တွေကို စိတ်အနှောက်အယှက်ဖြစ်စေမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်လိုက်ပါလာသူအားလုံးရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို အဓိကဦးစားပေး ဆောင်ရွက်ရမှာပါ။ ကျွန်တော်တို့ ဒီလို ထပ်တိုး တင်းကြပ်ရတာက လေယာဉ်အတွင်းမှာ ဖုန်းမီးထလောင်ရင် တစ်ဦးချင်း ကြီးမားတဲ့ အန္တရာယ်တွေ ရှိသလို၊ လူ့အသက်ပေါင်းများစွာကိုလည်း အန္တရာယ်ရှိစေနိုင်တာကြောင့်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ဆမ်ဆောင်းကလည်း မိမိတို့အနေဖြင့် ခရီးသွားများအပေါ် ထိုကဲ့သို့ ပိတပင်မှုအတွက် ဆက်သွယ်ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။ ပထမဆုံး ထုတ်လုပ်ခဲ့သည့် Galaxy Note 7 တွင် အပူလွန်ကဲခြင်း၊ ဖောက်ကွဲခြင်း စသည့် ပြဿနာများရှိခြင်းကြောင့် ပြန်သိမ်းကာ အသစ်နှင့် အစားထိုးပေးခဲ့သော်လည်း ထိုအစားထိုးပေးသည့် ဖုန်းများတွင်ပါ အပူလွန်ကဲခြင်းကို ထပ်မံတွေ့ရှိခဲ့ရသောကြောင့် ဆမ်ဆောင်းက အဆိုပါဖုန်း ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပြီဟု တနင်္လာနေ့တွင် ကြေငြာခဲ့သည်။

    Ref: USA Today

  • ထရမ့်၏ မွတ်စလင်ဆန့်ကျင်ရေးပေါ်လစီက နိုင်ငံအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ နစ်နာနိုင်

    ထရမ့်၏ မွတ်စလင်ဆန့်ကျင်ရေးပေါ်လစီက နိုင်ငံအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ နစ်နာနိုင်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    trump-2

    – အမေရိကန်ပြည်ထောင်စုသို့ မွတ်စလင်များဝင်ရောက်မှုကို ပိတ်ပင်သည့် ထရမ့်၏ ပေါ်လစီကို အကောင်အထည်ဖော်ပါက နိုင်ငံအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ နစ်နာနိုင်သည်ဟု လေ့လာမှုသစ်တစ်ခုအရ သိရသည်။

    အဆိုပါလေ့လာမှုကို နိုင်ငံခြား ဆက်ဆံရေးကောင်စီမှ ပညာရှင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မွတ်စလင်များကို အမေရိကန်အတွင်း ၀င်ရောက်ရန် ပိတ်ပင်ပါက ခရီးသွားကဏ္ဍနှင့် ပညာရေးကဏ္ဍတို့တွင် နှစ်စဉ် ကန်ဒေါ်လာ ၇၁ ဘီလီယံ ဆုံးရှုံးနိုင်သည်ကို တွေ့ရှိခဲ့သည်။

    ထိုပြင် ထိုပိတ်ပင်မှုက ခရီးသွားလာရေးလုပ်ငန်းများကို မှီခိုနေရသည့် လူ့အဖွဲ့အစည်းများ၊ ၀န်ဆောင်မှုများကိုလည်း ထိခိုက်မည်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၅၀၀၀၀ မှ ၁၃၅၀၀၀ အထိ ဆုံးရှုံးနိုင်သည်ဟုလည်း ဆိုသည်။

    အမေရိကန် တက္ကသိုလ်နှင့် ကောလိပ်များမှ နိုင်ငံတကာ မွတ်စလင်ကျောင်းသားများ နှုတ်ထွက်သွားပါကလည်း ကန်ဒေါ်လာ ၄.၆ ဘီလီယံ နစ်နာနိုင်မည်ဖြစ်ပြီး အမေရိကန်၏ ပညာရေးစနစ်တွင် နိုင်ငံခြားကျောင်းသားများ၏ သုံးစွဲမှု ၁၅ ရာခိုင်နှုန်း ဖြစ်သည်။

    ထို့ပြင် တစ်နှစ်လျှင် မွတ်စလင်ခရီးသွား ၄.၅ သန်းမှ ၉.၃ သန်းအထိ ဆုံးရှုံးမည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

    အကြမ်းဖက်မှုများကို တားဆီးရန်အတွက် ထရမ့်က နိုင်ငံရပ်ခြားမှ မွတ်စလင်များ အမေရိကန်နိုင်ငံအတွင်းသို့ ၀င်ရောက်မှုကို လုံးဝ ပိတ်ပင်ရမည်ဟု ပြောကြားထားသော်လည်း အသေးစိတ်လုပ်ငန်းစဉ်ကို ထုတ်ဖော်ခြင်း မရှိသေးပေ။

    “ခရီးသွားလုပ်ငန်းဝင်ငွေမှာ လျော့ကျမှုဟာ ဒေသတွင်းလူ့အဖွဲ့အစည်း အထူးသဖြင့် ခရီးသွားလုပ်ငန်းက စီးပွားရေးအတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်နေတဲ့ နေရာတွေမှာ သိသိသာသာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ထောက်ပံ့ရေး ကွင်းဆက်တွေလည်း ထိခိုက်ပြီး သုံးစွဲမှုတွေ လျော့ကျမယ်။ ဒေသတွင်းအစိုးရတွေရဲ့ ၀င်ငွေတွေလျော့ကျပြီး စီးပွားရေးမှာ၊ အစိုးရက ၀န်ဆောင်မှုပေးတဲ့နေရာတွေမှာ ရေရှည် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်” ဟု လေ့လာမှုခေါင်းဆောင် အဒ်ဝပ် အလ်ဒင်က ပြောကြားခဲ့သည်။

    Ref : The Hill