News @ M-Media

Blog

  • ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ် ရနိုင်သည်ဟု စခိုးလ် ဟောကိန်းထုတ်

    ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ် ရနိုင်သည်ဟု စခိုးလ် ဟောကိန်းထုတ်

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    liver

    – ရာသီအဖွင့်ကို ခြေစွမ်းကောင်းများဖြင့် စတင်ခဲ့သည့် လီဗာပူးလ်အသင်းမှာ ယခုနှစ် ပရီးမီးယားလိဂ်ကို ရရှိနိုင်သည်ဟု မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ဟောကိန်းထုတ်လိုက်သည်။

    ယာဂန်ကလော့၏ လီဗာပူးလ်မှာ ပထမဆုံး ၆ ပွဲတွင် ၁၃ မှတ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး စက်တင်ဘာလအကုန်တွင် အဆင့် ၄ နေရာ၌ ရပ်တည်နေသည်။ စခိုးလ်ကမူ လီဗာပူးလ်အသင်း၏ သွင်းဂိုးများက ပရီးမီးယားလိဂ်ဖလားကို အမှန်တကယ် စိန်ခေါ်နိုင်လောက်သည့် ပမာဏမျိုး ဖြစ်သည်ဟု ဆိုသည်။

    “လီဗာပူးလ်က ပရီးမီးယားလိဂ် ရနိုင်တဲ့အသင်းပုံစံမှာ ရှိနေပါတယ်။… သူတို့ရဲ့ ခံစစ်နဲ့ပတ်သက်ပြီး ကျွန်တော် နည်းနည်း စိုးရိမ်ပေမယ့် သူတို့ လက်ရှိပြသနေတဲ့ တိုက်စစ်အရည်အသွေးကတော့ ဘယ်အသင်းနဲ့မဆို ဂိုးသွင်းနိုင်မယ့် ပုံပါပဲ” ဟု စခိုးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို အင်ဒိုက သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို အင်ဒိုက သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    indo-2

    – အင်ဒိုနီးရှားတွင် ကျောင်းသူတစ်ဦးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည့် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ကို အင်ဒိုနီးရှားတရားရုံးက ယမန်နေ့တွင် သေဒဏ်ချမှတ်ခဲ့ပြီး ကျန်ပါဝင်သူများကိုလည်း နှစ်ရှည်ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်ဟု သိရသည်။

    လူငယ် ၈ ဦး အပါအ၀င် လူ ၁၄ ယောက်ပါဝင်သည့် အဆိုပါဂိုးဏ်မှာ ဆူမားတြားကျွန်း အနောက်ဘက်တွင် ဧပြီလက အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူ ဇိုင်နယ်အား တရားရုံးက သေဒဏ်ချမှတ်ခဲ့ကာ၊ အခြား ၄ ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ခြင်ဖြစ်သည်။

    အမျိုးသမီးများနှင့် မိန်းလေးငယ်များအပေါ် လိင်အကြမ်းဖက်မှုမှာ အင်ဒိုနီးရှားတွင် ဖြစ်လေ့ဖြစ်ထရှိသော်လည်း အုပ်စုဖွဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုမှာ ဖြစ်ခဲသည်။

    ယခုဖြစ်ရပ်က ကမ္ဘာ့ စတုတ္ထလူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားကို အထိတ်တလန့်ဖြစ်စေခဲ့ပြီး၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးခြင်း၊ ဓာတုဗေဒနည်းဖြင့် သင်းကွပ်ခြင်းတို့အပါအ၀င် ပိုမိုကြီးလေးသော အပြစ်ဒဏ်များကို ပေးအပ်နိုင်မည့် ဥပဒေကို သမ္မတ ၀ီဒိုဒိုက လက်မှတ်ထိုးစေသည်အထိ ဖြစ်ခဲ့သည်။

    ယခု အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုတွင် အသက်အငယ်ဆုံးမှာ ၁၃ နှစ်အရွယ်ရှိပြီး ၎င်းတို့ ၁၄ ဦးမှ ၇ ဦးကို ထောင်ဒဏ် ၁၀ နှင့် ချမှတ်ခဲ့ကာ တစ်ဦးကိုမူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် အမိန့်ပေးခဲ့သည်။ တစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

    သေဆုံးသွားသူ မိန်းကလေးငယ်၏ မိသားစုများကမူ အဆိုပါ ပြစ်ဒဏ်မှာ လုံလောက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    Ref : Reuter

  • ၃ ပွဲဆက်နိုင်သော်လည်း ထူးခြားသည့်ခံစားမှု မရှိဟု မော်ရင်ဟိုဆို

    ၃ ပွဲဆက်နိုင်သော်လည်း ထူးခြားသည့်ခံစားမှု မရှိဟု မော်ရင်ဟိုဆို

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    morinho-3

    – တစ်ပတ်အတွင်း ပြိုင်ပွဲအားလုံးတွင် ၃ ပွဲဆက်တိုက် အနိုင်ရခဲ့သော်လည်း မိမိအနေဖြင့် ထူးထူးခြားခြား ကျေနပ်မှုမျိုး မရှိဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယနေ့မနက်က Zorya အသင်းနှင့် ကစားခဲ့သည့် ယူရိုပါ အုပ်စုဒုတိယပွဲစဉ်တွင် မန်ယူမှာ အီဗရာဟီမိုဗစ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး EFL Cup တွင် နော့သက်တမ်တောင်း၊ ပရီးမီးယားလိဂ်တွင် လက်စတာစီးတီးတို့ပြီးနောက် တစ်ပတ်အတွင်း ပြိုင်ပွဲပေါင်းစုံတွင် ၃ ပွဲဆက် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း မော်ရင်ဟိုကမူ အသင်း၏ ရလဒ်ကောင်းမွန်မှုအတွက် ထူးထူးခြားခြား မခံစားရဟု ဆိုသည်။

    “တစ်ပတ်မှာ ၃ ပွဲစလုံးရှုံးတယ်။ နောက်တစ်ပတ်ကျတော့ ၃ ပွဲစလုံးနိုင်တယ်။ ၃ ပွဲစလုံးရှုံးတဲ့အတွက် ကျွန်တော် စိတ်မပျက်သလို၊ ၃ ပွဲစလုံးနိုင်တဲ့အတွက်လည်း ကျွန်တော် ထူးထူးခြားခြား မပျော်ရွှင်ပါဘူး။ လာမယ့် တနင်္ဂနွေ (စတုတ်နှင့်ပွဲ) က အခုအချိန်မှာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးအရာ ဖြစ်နေပါတယ်” ဟု မော်ရင်ဟိုက BT Sport သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • မိမိ၏ဗီတိုကို ဆီးနိတ်ကပယ်ချမှု အမှားတစ်ခုဖြစ်သည်ဟု အိုဘားမားပြော

    မိမိ၏ဗီတိုကို ဆီးနိတ်ကပယ်ချမှု အမှားတစ်ခုဖြစ်သည်ဟု အိုဘားမားပြော

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    veto

    – ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးသွားခဲ့သူများ၏ မိသားစုများက ဆော်ဒီအာရေဗျအား တရားစွဲဆိုမှုကို ခွင့်ပြုထားသည့် ဥပဒေမူကြမ်းအား ဗီတိုဖြင့် ပယ်ချမှုကို အထက်လွှတ်တော်က ထိုဗီတိုအား တန်ပြန်ပယ်ချခြင်းမှာ အစိုးရအတွက် အမှားတစ်ခု ဖြစ်သည်ဟု သမ္မတ အိုဘားမားက ပြောကြားလိုက်သည်။

    အဆိုပါဗီတိုကို ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်မှ တန်ပြန်ပယ်ချခဲ့ခြင်းဖြစ်ပြီး အိုဘားမားကမူ ထိုဆောင်ရွက်မှုက ‘နိုင်ငံရေးအရ ထိုးနှက်မှု’ ဖြစ်ပြီး အမေရိကန် တပ်ဖွဲ့များနှင့် အကျိုးစီးပွားတို့ ကို အန္တရာယ်ဖြစ်စေသည်ဟု ဆိုသည်။

    “အချုပ်အခြာအဏာအရ ကင်းလွတ်ခွင့် (sovereign immunity) အယူအဆကို ကျွန်တော်တို့ ဖယ်ရှားမယ်ဆိုရင်၊ ကျွန်တော်တို့ကိုယ်တိုင် အပြန်အလှန်ဆုံးရှုံးမှုတွေထဲ အကြုံးဝင်သွားမယ်ဆိုတာ ကမ္ဘာတစ်ဝှမ်းက ကျွန်တော်တို့ရဲ့ စစ်သား၊ စစ်သမီးတွေ မြင်လာနိုင်ပါတယ်” ဟု CNN သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ဆော်ဒီအား တရားစွဲဆိုရန် ခွင့်ပြုထားသည့် အဆိုပါ ဥပဒေမူကြမ်းမှာ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်သူများကို ဆော်ဒီက ထောက်ပံ့ပေးသည်ဟု စွပ်စွဲထားသည်။ အိုဘားမားက ထိုမူကြမ်းအားဖယ်ရှားမှုနှင့်ပတ်သက်၍ ကြားနာရာတွင် ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ခုစလုံးက အကြမ်းဖက်ဝဒါကို ထောက်ပံ့သူများဆိုင်ရာ တရားမျှတရေး အက်ဥပဒေ (ustice Against Sponsors of Terrorism Act) ကို ထောက်ခံသည်ဟု မဲပေးခဲ့ကြသည်။

    ထိုကဲ့သို့ အိုဘားမား၏ ဗီတိုကို တန်ပြန်ပယ်ချခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သမ္မတ အိုဘားမားနှင့် အမေရိကန်၏ အနီးကပ်ဆုံး မဟာမိတ်များထဲမှ တစ်ဦးဖြစ်သော ဆော်ဒီတို့အား ထိုးနှက်မှုတစ်ခုလည်း ဖြစ်ခဲ့သည်။

    ၉/၁၁ တိုက်ခိုက်မှုကို ဆောင်ရွက်သူ ၁၉ ဦးတွင် ၁၅ ဦးမှာ ဆော်ဒီနိုင်ငံသားများဖြစ်ကြပြီး ထိခိုက်သေဆုံးသွားသူများ၏ မိသားစုများကမူ ထိုကိစ္စအတွက် ဆော်ဒီအစိုးရအား အမေရိကန်တရားရုံးများတွင် တရားစွဲခွင့်ရရန် နှစ်ပေါင်းများစွာ လှုံ့ဆော်လာခဲ့ခြင်းဖြစ်သည်။

    ဆော်ဒီကမူ လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့သည့် ထိုတိုက်ခိုက်မှုတွင် မိမိတို့ ပါဝင်ခြင်းမရှိဟု ပြောဆိုထာပြီး ထိုမူကြမ်းကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းဖွံ့ဖြိုးရေး ရုရှားက ဒေါ်လာ ၄ သန်း ထောက်ပံ့မည်

    ပါလက်စတိုင်းဖွံ့ဖြိုးရေး ရုရှားက ဒေါ်လာ ၄ သန်း ထောက်ပံ့မည်

    စက်တင်ဘာ ၂၉၊ ၂၀၁၆
    M-Media

    pa-rs

    – ဘက်သလီဟမ်မြို့ရှိ အဓိက လမ်းမကြီးဖြစ်သော Star Street နှင့် Manger ရင်ပြင်တို့အား ပြန်လည်ပြင်ဆင်ရန်အတွက် ရုရှားအစိုးရက ကန်ဒေါ်လာ ၄ သန်းထောက်ပံ့မည့် သဘောတူညီချက်ကို ပါလက်စတိုင်းဆိုင်ရာ ရုရှားသံအမတ် ရူဒါကော့ဗ်နှင့် ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရီယာ့ဒ် အလ်-မာလီကီတို့က အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    အဆိုပါနေရာနှစ်ခုမှာ ဘက်သလီဟမ်တွင် ခရီးသွားများ စိတ်ဝင်စားရာ နေရာများဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးက ဆိုပြီး ရုရှား၏ ထိုထောက်ပံ့မှုအတွက် ပါလက်စတိုင်းနိုင်ငံနှင့် ပါလက်စတိုင်းပြည်သူများ၏ ကိုယ်စား ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    ရုရှားသံအမတ် ရူဒါကော့ဗ်က ရုရှားမှာ ပါလက်စတိုင်းအတွက် စဉ်ဆက်မပြတ် နိုင်ငံရေးအထောက်ပံ့ကူညီမှုများနှင့်အတူ
    ပါလက်စတိုင်းပြည်သူများ တိုးတက်ဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေမည့် အဆောက်အဦးများ ဆောက်လုပ်ရေးအတွက် စီးပွားရေးဆိုင်ရာ အထောက်အပံ့များကို ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းပြဿနာအတွက် မိမိတို့၏ ရပ်တည်ချက်မှာ မြဲမြံစွာ ရှိနေပြီး အရှေ့ဂျေရုစလင်ကို မြိုကတော်အဖြစ်ထား၍ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးကိုလည်း ရုရှားက ထောက်ခံကြောင်း ရူဒါကော့ဗ်က ထပ်လောင်း ပြောကြားခဲ့သည်။

    Ref : IINA