News @ M-Media
Blog
  • ၃ ပွဲဆက်အရှုံးအတွက် ဝေဖန်သူများကို မော်ရင်ဟို တုန့်ပြန်
    ၃ ပွဲဆက်အရှုံးအတွက် ဝေဖန်သူများကို မော်ရင်ဟို တုန့်ပြန်
    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media
    mor
    – ဘောလုံးလောကရှိ အိုင်းစတိုင်းများ (ဝေဖန်သူများ) က တစ်ပတ်တာ ရလဒ်ညံ့ဖျင်းမှုကိုကြည့်၍ မိမိ၏ အောင်မြင်မှုများ၊ အသင်း၏ အောင်မြင်မှုများကို ဖျက်ဆီးရန် ကြိုးစားနေကြသည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    ယနေ့မနက်ကကစားခဲ့သည့် EFL Cup ပွဲ (ယခင်လိဂ်ဖလားပြိုင်ပွဲ) စတုတ္ထအဆင့်တွင် မန်ယူမှာ နော့သက်တမ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်နှင့် ယူရိုပါတို့တွင် မန်စီးတီး၊ ဖီယင်နုနှင့် ၀က်ဖို့ဒ်တို့အား ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ပထမဆုံး နိုင်ပွဲရခြင်းလည်း ဖြစ်သည်။
    ပွဲအပြီးတွင် မော်ရင်ဟိုက မိမိတို့အသင်း ရှုံးပွဲများကြောင့် ပရိတ်သတ်က မကျေမနပ်ဖြစ်သည်ကို လက်ခံသော်လည်း ဘောလုံးပွဲ သုံးသပ်သူများက ထိုရလဒ်ဆိုးများကို အခြေပြု၍ မိမိနှင့် အသင်း၏ အတိတ်က အောင်မြင်ခဲ့မှုများကို ဖျက်ဆီးရန် ကြိုးပမ်းကြသည်ဟု ဝေဖန်ခဲ့သည်။
    “ပြီးခဲ့တဲ့တစ်ပတ်က ကိစ္စတွေအတွက် ပရိတ်သတ်တွေက စိတ်ပျက်တာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် သူတို့ အရင်ကလိုပဲ အသင်းနောက်မှာ အမြဲတမ်းရှိမယ်လို့ ကျွန်တော် ပြောရဲပါတယ်။ ကျွန်တော်တို့ ဆိုးရွားတဲ့ သီတင်းပတ်ကို တွေ့ကြုံခဲ့ရပါတယ်။ ဘောလုံးလောကမှာ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေတဲ့သူတွေ (အိုင်းစတိုင်းတွေ) ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဘောလုံးလောကမှာ အိုင်းစတိုင်းတွေ အပြည့်ပါပဲ။ ဒီဆိုးရွားတဲ့ သီတင်းပတ်ကို ထောက်ပြပြီး ကျွန်တော်ရဲ့ ၁၆ နှစ်ကာလကို ဖျက်ဆီးဖို့၊ မန်ယူအသင်းရဲ့ မယုံနိုင်စရာ သမိုင်းကြောင်းကို ဖျက်ဆီးဖို့ သူတို့ ကြိုးစားကြပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
    မော်ရင်ဟိုမှာ ပြီးခဲ့သည့် ရှုံးပွဲများအတွက်လည်း ဒိုင်လူကြီးများကို ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သေးသည်။
    Ref: Goal
  • မြောက်ကိုရီးယားတွင် ၀ဘ်ဆိုက် ၂၈ ခုသာရှိ
    မြောက်ကိုရီးယားတွင် ၀ဘ်ဆိုက် ၂၈ ခုသာရှိ
    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media
    north-web
    – ကမ္ဘာကြီးနှင့် တစ်သီးတစ်ခြားအဖြစ်ဆုံး မြောက်ကိုရီးယားနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ၀ဘ်ဆိုက် ၂၈ ခုသာ ရှိသည်ဟု လျှို့ဝှက်ပေါက်ကြားလာသော သတင်းများအရ သိရသည်။
    ထိုပေါက်ကြားလာမှုမှာ မြောက်ကိုရီးယားရှိ ၀ဘ်ဆိုက်များကို ထိန်းချုပ်သည့် ဆာဗာတစ်ခုက .kp အမည်အောက်ရှိ ဒိုမိန်းအမည်များကို မှားယွင်းဖော်ပြခဲ့မှုမှတစ်ဆင့် သိရှိရခြင်းဖြစ်သည်။
    ထို့ပြင် နိုင်ငံပိုင်လေကြောင်းလိုင်း Air Koryo ၏ ၀ဘ်ဆိုက်၊ မြောက်ကိုရီးယား ရုပ်ရှင်နှင့် အစားသောက်များကို တင်ဆက်သည့် ၀ဘ်ဆိုက်များလည်း ထိုအထဲတွင် ပါဝင်သည်။ ထို့ကဲ့သို့ မတော်တဆ ဖော်ပြမိခဲ့သည့် ၀ဘ်ဆိုက်များစာရင်းကို ကမ္ဘာတစ်ဝှမ်းမှ သတင်းအေဂျင်စီများက အမိအရ screen shoot ဖမ်းယူခဲ့ကြသည်။
    အင်တာနက်အသုံးပြုမှုကို ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားပြီး ၎င်း၏ ၀ဘ်ဆိုက်ကွန်ယက် သတင်းအချက်အလက်များကို ထုတ်ပြန်လေ့မရှိသည့် မြောက်ကိုရီးယားအတွက် ယခုကဲ့သို့ မှားယွင်းဖော်ပြမှုကာ ကြုံတောင့်ကြုံခဲ အဖြစ်အပျက်လည်း ဖြစ်သည်။
    ထိုသတင်းအချက်အလက်များကို အင်္ဂါနေ့က အင်ဂျင်နီယားတစ်ဦးဖြစ်သူ မတ် ဘာရ်ယန့်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
    Ref: the guardian
  • အကြမ်းဖက်အဖွဲ့နှင့် ဆက်စက်သည့် လူ ၄ ဦးကို မလေးရှား ဖမ်းဆီး
    အကြမ်းဖက်အဖွဲ့နှင့် ဆက်စက်သည့် လူ ၄ ဦးကို မလေးရှား ဖမ်းဆီး
    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media
    malay
    – မလေးရှားရဲတပ်ဖွဲ့မှာ အကြမ်းဖက်ဝါဒနှင့် ဆက်စပ်သည်ဟု သံသယရှိသူ ၄ ဦးကို သြဂုတ်လ ၂ ရက်နှင့် စက်တင်ဘာလ ၁၇ ရက်ကြားတွင် ဖမ်းဆီးလိုက်ပြီး ထိုအထဲတွင် နိုင်ငံခြားသား ၃ ဦး ပါဝင်သည်ဟု သိရသသည်။
    အဆိုပါဖမ်းဆီးမှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးမှာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များမှ လက်နက်များ မှောင်ခိုတင်သွင်းရာတွင် ပါဝင်သည်ဟု သံသယဖြစ်ခံရကြောင်း မလေးရှားရဲတပ်ဖွဲ့က ယနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    အဆိုပါ စားသောက်ဆိုင်ပိုင်ရှင်အတွက် အင်တာပိုက သတိပေးခဲ့ခြင်းဖြစ်သည်။
    အခြား နိုင်ငံခြားသားတစ်ဦးမှာ ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်သော နီပေါနိုင်ငံသားတစ်ဦးဖြစ်ပြီး နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ဝင်များ အသုံးပြုရန်အတွက် ခရီးသွားအထောက်အထားများကို အတုပြုလုပ်မှုအတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မော်ရိုကိုနိုင်ငံသားတစ်ဦးကိုမူ IS အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားသို့ တရားမ၀င်သွားရောက်ရန် ကြိုးစားစဉ် တူရကီအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
    ထိုနိုင်ငံခြားသား ၃ ဦးစလုံးကို မလေးရှားက ပြည်နှင်ဒဏ်ပေးကာ မိခင်နိုင်ငံများသို့ ပို့ဆောင်ခဲ့သည်။ စတုတ္တထမြောက် ဖမ်းဆီးခံရသူမှာ စီးပွားရေးသမားတစ်ဦးအတွက် ယာဉ်မောင်းအဖြစ် ဆောင်ရွက်နေသူ မလေးရှားနိုင်ငံသားတစ်ဦး ဖြစ်သည်။
    ၎င်းမှာ Facebook စာမျက်နှာတွင် IS အကြမ်းဖက်အဖွဲ့အတွက် ၀ါဒဖြန့်ပေးနေသော မိုဟာမက် ၀မ်ဒီ မိုဟာမက် ဂျက်ဒီနှင့် အဆက်သွယ်ရှိသူဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • ပါလက်စတိုင်းပြဿနာအား နိုင်ငံတကာက လစ်လျူရှုထားမှု ကာတာသမ္မတ ဝေဖန်
    ပါလက်စတိုင်းပြဿနာအား နိုင်ငံတကာက လစ်လျူရှုထားမှု ကာတာသမ္မတ ဝေဖန်
    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media
    qatar
    – ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက ကျူးကျော်မှုများ၊ ပါလက်စတိုင်းပြည်သူများအပေါ် ရမ်းကားနေမှုများနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀ိုင်းက နှုတ်ဆိတ်နေမှုအပေါ် ကာတာနိုင်ငံ၏ သမ္မတ ရှိခ် တာမင် ဘင် ဟာမဒ် အလ်-သာနီက အင်္ဂါနေ့ ကုလညီလာခံတွင် ရှုတ်ချလိုက်သည်။
    “လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်ဖို့ နိုင်ငံတကာက လစ်လျူရှုထားတင်မကဘဲ နိုင်ငံတကာ မူဘောင်တွေကိုကျော်ပြီး ဆောင်ရွက်ဖို့ နည်းလမ်းတစ်ခုကို တစ်ချို့နိုင်ငံတွေက ရှာဖွေနေကြပါတယ်” ဟု အလ်-သာနီက ပြောကြားခဲ့သည်။
    ထို့ပြင် ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုမှာ ဆယ်စုနှစ် ၇ ခု ကျော်လာခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ အဖြေမရှာနိုင်သေးကြောင်း၊ နိုင်ငံတကာ တရားဥပဒေအတွင်း အဖြေရှာရေးနှင့် အာရပ်ငြိမ်းချမ်းရေးစီမံကိန်းတို့ကိုလည်း အစ္စရေးက ငြင်းပယ်ကာ ပါလက်စတိုင်းပိုင်နက်များဖြစ်သော ဂျေရုဆလင်နှင့် အနောက်ဖက်ကမ်းတွင် တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်ရန် ရေရှည်စီမံကိန်းအဖြစ် ဆောင်ရွက်နေကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
    အစ္စရေး၏ အဆိုပါ တရားမ၀င်အိမ်ယာများဆောက်လုပ်ခြင်းကို ရပ်တန့်ရန်အတွက် လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် အမြောက်အများ ချခဲ့သော်လည်း အစ္စရေးက လိုက်နာခဲ့ခြင်း မရှိပေ။
    အလ်-သာနီကမူ ကုလသမဂ္ဂ၏ တရားရေးနှင့် အသင်းအဖွဲ့စနစ်များ၏ အားနည်းမှုကို ရှေ့ဆက် လစ်လျူရှုထား၍ မရဟု ဆိုပြီး ပါလက်စတိုင်းပြဿနာ အဖြေမထွက်သ၍ အာရပ်နိုင်ငံများအနေဖြင့် အစ္စရေးနှင့် ဆက်ဆံရေးမလုပ်ရန်လည်း တိုက်တွန်းခဲ့သည်။
    Ref : IINA
  • တက္ကဆက်ရှိ တက္ကသိုလ်တစ်ခုတွင် အစ္စလာမ့် အသိပညာပေးအစီအစဉ် ပြုလုပ်
    တက္ကဆက်ရှိ တက္ကသိုလ်တစ်ခုတွင် အစ္စလာမ့် အသိပညာပေးအစီအစဉ် ပြုလုပ်
    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media
    texax
    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ Texas A&M တက္ကသိုလ်မှ မွတ်စလင်ကျောင်းသားများ အစည်းအရုံးမှာ လူထုအတွင်း အစ္စလာမ့်အသိပညာပေး အစီအစဉ်တစ်ခုကို စတင်ခဲ့သည်ဟု သိရသည်။
    “အစ္စလာမ်သာသနာ: အမှန်တရားနှင့် ကောလဟာလ” ဟု အမည်ပေးထားသည့် အဆိုပါအစီအစဉ်မှာ အစ္စလာမ်နှင့် ပက်သက်သည့် အထင်မြင်လွဲမှားမှုများကို ပပျောက်စေရန်နှင့် အစ္စလာမ်သာသနာ၏ သက်ဝင်ယုံကြည်မှု အစစ်အမှန်ကို လူထုအား အသိပညာပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။
    အစီအစဉ်တွင် ဖိတ်ကြားခံရသူ ဒေါက်တာ အန်န၀ါရ် အဟ်မဒ်က အစ္စလာမ်သာသနာနှင့်ပက်သက်သည့် သက်ဝင်ယုံကြည်မှု၊ သမိုင်းကြောင်းများအပေါ် သုံးသပ်ပြောကြားမှုဖြင့် အခမ်းအနားကို စတင်ခဲ့သည်။
    ထို့နောက် အခက်အခဲများအား ကြိုးစားကျော်လွှားရန် ရည်ရွယ်သည့် ‘ဂျီဟတ်’ ဟူသည့်စကားလုံးအား မှားယွင်းအနက်ပြန်ကာ အသုံးချမှုအကြောင်း၊ အမေရိကန်တွင် မွတ်စလင်များက ရှရီအာဥပဒေများကို ပြဌာန်းစေချင်သည်ဆိုသည့် ကောလဟာလများအကြောင်း၊ အစ္စလာမ်က အမျိုးသမီးများအပေါ် ဖိနှိပ်သည်၊ နှိမ့်ချသည်ဟူသည့် အထင်အမြင်မှားမှုများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။
    “အာဏာစက်တစ်ခုအတွင်းမှာ အခြား စည်းကမ်းဥပဒေ တစ်ခုခုကို ပြဌာန်းထားတာမျိုး မဖြစ်ရပါဘူး။ ရှရီအာဥပဒေက မွတ်စလင်တွေအနေနဲ့ ကိုယ်နေထိုင်ရာ နိုင်ငံတော်ရဲ့ ဥပေဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပြဌာန်းထားပါတယ်။ ဒါပေမဲ့ မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေမှာ အစ္စလာမ်ရဲ့ တရားစီရင်ရေးစနစ်နဲ့ ပြစ်ဒဏ်တွေကို ပြဌာန်းခွင့် မရှိပါဘူး” ဟု အဟ်မဒ်က ထည့်သွင်းပြောဆိုခဲ့သည်။
    ထို့ပြင် အစွန်းရောက်များက အစ္စလာမ်သာသနာအား ပုံဖျက်ကာ ရမ်းကားနေမှုများအကြောင်းနှင့် ၎င်းတို့၏ လုပ်ရပ်များမှာ အစ္စလာမ်သာသနာနှင့် သက်ဆိုင်မှုမရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။
    “အစွန်းရောက်အစ္စလာမ်ဆိုတာ မရှိပါဘူး။ အစွန်းရောက်သွားတာနဲ့ အစ္စလာမ်နဲ့ ဘာမှမဆိုင်တော့ပါဘူး။ သူတို့ဟာ ပညာမဲ့တွေပါ”
    အစီအစဉ်ကို တက်ရောက်လာသည့် ပရိတ်သတ်များကမူ နောက်ပိုင်းတွင် အစ္စလာမ်နှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းခဲ့ပြီး အဟ်မဒ်က ပြန်လည်ဖြေကြားခဲ့သည်။
    Ref : IINA