News @ M-Media

Blog

  • အာကာသအတွင်း သက်ရှိတွေကို ရှာပေးမယ့် တရုတ်ရဲ့ ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်

    အာကာသအတွင်း သက်ရှိတွေကို ရှာပေးမယ့် တရုတ်ရဲ့ ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်

    စက်တင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    china

    – တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ကမ္ဘာ့အကြီးဆုံး တယ်လီကုပ်ကြီးဟာ စတင်လည်ပတ်နေပြီဖြစ်ပြီး တရုတ်နိုင်ငံကတော့ ဒီကိရိယာကြီးဟာ တစ်ခြားကမ္ဘာက သက်ရှိတွေကို ရှာဖွေရာမှာ လူသားတွေအတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ပြောကြားထားပါတယ်။

    ယန်း ၁.၂ ဘီလီယံ (ကန်ဒေါ်လာ သန်း ၁၈၀) ကုန်ကျခဲ့တဲ့ ဒီတယ်လီစကုပ်ကို သူ့ရဲ့ အကျယ်နဲ့ လုပ်ဆောင်နိုင်စွမ်းကိုလိုက်ပြီး FAST (the Five-hundred-metre Aperture Spherical Telescope) လို့ အမည်ပေးထားပါတယ်။ ယမန်နေ့က စတင်လည်ပတ်တာဖြစ်ပြီး အာကာသရဲ့ နက်ရှိုင်းတဲ့ အပိုင်းနဲ့ သက်ရှိဘ၀တွေရဲ့လက္ခဏာတွေကို ရှာဖွေဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။

    ဒီ တယ်လီစကုပ်ကို ဝေလံခေါင်ဖျားပြီး၊ တောင်တန်းဒေသဖြစ်တဲ့ နိုင်ငံ အနောက်တောင်ပိုင်း ဂွီဇူပြည်နယ်က သဘာဝအတိုင်း ဖြစ်နေတဲ့ ဒယ်အိုးပုံစံတောင်ပေါ်မှာ တည်ဆောက်ထားပြီး သူ့ရဲ့ အကျယ်အ၀န်းက ဘောလုံးကွင်းပေါင်း ၃၀ နဲ့ ညီမျှကာ သတ္တုချပ်ပေါင်း ၄၀၀၀ တပ်ဆင်ထားပါတယ်။

    တည်ဆောက်ဖို့ ကနဦးလေ့လာမှုတွေကို ၁၄ နှစ်ကြာ ဆောင်ရွက်ခဲ့ရပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကတော့ ၅ နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။

    ပေါ်တိုရီကိုနိုင်ငံ Arecibo စူးစမ်းလေ့လာရေးစခန်းက အချင်း ၃၀၅ မီတာရှိတဲ့ တယ်လီစကုပ်ဟာ ၁၉၆၀ ပြည့်နှစ်တွေကစလို့ ယခုနှစ်ဇူလိုင်လ တရုတ်ရဲ့ FAST မပေါ်ခင်အထိ ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ တရုတ် နိုင်ငံပိုင်သတင်းဌာနကတော့ သူတို့ရဲ့ FAST တယ်လီစကုပ်ဟာ ပေါ်တိုရီကိုက တယ်လီစကုပ်ထက် မီတာ ၂၀၀ ပိုကျယ်တယ်လို့ ဂုဏ်ယူ ဖော်ပြခဲ့ပါတယ်။

    တရုတ်သိပ္ပံဆိုင်ရာ အကယ်ဒမီရဲ့ အမျိုးသား နက္ခတဗေဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ (NAO) က သုတေသန ပညာရှင်တွေကတော့ FAST ဟာ အာကာသထဲက အချက်အပြမှုတွေကို ဖမ်းယူနိုင်စွမ်း အလွန်မြင့်မားပြီး သိပ္ပံပညာရှင်တွေအတွက် အခြားသော ဂြိုဟ်တွေ၊ ဂလက်ဆီတွေက သက်ရှိတွေရဲ့ အမှတ်အသားတွေကို ဖမ်းယူနိုင်မှု အလားအလာဟာလည်း အရင်ကထက် အဆမတန် ကောင်းမွန်တယ်လို့ ဆိုပါတယ်။

    “FAST က ဂြိုဟ်သားလူ့အဖွဲ့အစည်းကို ရှာဖွေနိုင်တဲ့ အလားအလာဟာ လက်ရှိ ကိရိယာတွေထက် ၅ ဆ ဒါမှမဟုတ် ၁၀ ဆ လောက်ကို မြင့်မားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အာကာသရဲ့ ပိုနက်ရှိုင်းပြီး ပိုမှောင်မိုက်တဲ့ နေရာတွေအထိ ကြည့်နိုင်လို့ပါ” လို့ NAO က သုတေသနပညာရှင် ပန်ဘိုက ပြောကြားခဲ့ပါတယ်။

    ဒီတယ်လီစကုပ်ကြီးကြောင့် အာကာသရဲ့ နက်ရှိုင်းတဲ့အပိုင်းကို ရေဒီယို တယ်လီစကုပ်နဲ့ သုတေသနပြုမှုနယ်ပယ်မှာ လာမယ့် ၁၀ နှစ်ကနေ နှစ် ၂၀ အတွင်း တရုတ်နိုင်ငံကို ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

    လက်ရှိသမ္မတ ဇီဂျင်ပင်းရဲ့ လက်ထက်မှာ တရုတ်နိုင်ငံရဲ့ အာကာသ စီမံကိန်းဟာ ထိပ်တန်းဦးစားပေးကဏ္ဍ ဖြစ်နေပြီး ဇီကတော့ တိုင်းပြည်ကို အာကာသအင်အားကြီးနိုင်ငံ ဖြစ်အောင်လုပ်ဖို့ ဆန္ဒရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ အာကာသ စီမံကိန်းတွေထဲမှာ ၂၀၃၆ ခုနှစ်ကျရင် လကမ္ဘာပေါ် လူလွှတ်နိုင်ဖို့နဲ့ ၂၀၂၂ ခုနှစ်မှာ ကိုယ်ပိုင် အာကာသစခန်း တည်ဆောက်ဖို့အထိ ပါဝင်ပြီး လက်ရှိမှာ အာကာသစခန်းတည်ဆောက်ဖို့လုပ်ငန်းကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

    တရုတ်နိုင်ငံက လူမဲ့ Jade Rabbit အာကာသယာဉ်ဟာ ၂၀၁၃ ခုနှစ်မှာ လပေါ်ကို ဆင်းသက်နိုင်ခဲ့ပြီး ၁၉၇၆ ခုနှစ်နောက်ပိုင်း လပေါ်ကို ပထမဆုံး ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    သူတို့ရဲ့ ဒီအာကာသ စီမံကိန်းတွေဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်အတွက်ဖြစ်တယ်လို့ တရုတ်က အခိုင်အမာ ပြောကြားထားပါတယ်။ အမေရိကန် ကာကွယ်ရေးဌာနကတော့ တရုတ်ရဲ့ အာကာသပါဝါ တိုးမြှင့်မှုဟာ အရပ်ဖက်ရည်ရွယ်ချက်ထက်ကိုပိုပြီး ဒုံးခွင်းဂြိုဟ်တု ထားရှိနိုင်ရေး စမ်းသပ်နေတယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။

    Ref: Aljazeera

  • အစ္စလာမ် ဘာသာဝင်တွေဟာ အခြား ဘာသာဝင်တွေကို စော်ကားနေတဲ့ ပုံစံဖြစ်အောင် ပုံဖော်နေသူများဟာ အကြမ်းဖက်သမားတွေလို့ မ.မ.လ ဥက္ကဌပြော

    အစ္စလာမ် ဘာသာဝင်တွေဟာ အခြား ဘာသာဝင်တွေကို စော်ကားနေတဲ့ ပုံစံဖြစ်အောင် ပုံဖော်နေသူများဟာ အကြမ်းဖက်သမားတွေလို့ မ.မ.လ ဥက္ကဌပြော

    စက်တင်ဘာ ၂၅၊ ၂၀၁၆
    M-Media
    မိုးစက်
    20160925_150418
    ရန်ကုန်။    ။ အစ္စလာမ်ဘာသာဝင်တွေဟာ တခြားဘာသာဝင်တွေကို စော်ကားနေတဲ့ အသိုင်းအဝိုင်းဖြစ်တယ်လို့ စိတ်ထဲမှာထင်နေအောင် ပုံဖော်နေသူများဟာ အကြမ်းဖက်သမားများသာ ဖြစ်တယ်လို့ မြန်မာမွတ်စလင်လူငယ်များအဖွဲ့ ဥက္ကဌဖြစ်သူ ဦးမြင့်ထွန်းက ဆိုပါတယ်။

    “ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဖြစ်တဲ့ ဖြစ်စဉ်တိုင်းဟာ ပဋိပက္ခဖြစ်တာ မဟုတ်ပါဘူး။ ပဋိပက္ခဆိုတာ နှစ်ဦးနှစ်ဖက် ဖြစ်မှ သုံးတဲ့အသုံးအနှုန်းပါ။ ကျွန်တော်တို့က အကြမ်းဖက်ခံရတာပါ။ အခုလိုတွေဖြစ်ရတာလည်း သမိုင်းခေတ် အဆက်ဆက်မှာ စနစ်တကျ စီမံဆောင်ရွက်ခဲ့တဲ့လို့ ကျွန်တော် သုံးသပ်ပါတယ်။ အကြမ်းဖက်ခံရတာက အစွန်းရောက်တွေက စီစဉ်တယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

    မြန်မာမွတ်စလင်လူငယ်များအဖွဲ့ ဥက္ကဌဖြစ်သူ ဦးမြင့်ထွန်းက စက်တင်ဘာ (၂၅) ရက်နေ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့ရဲ့ (၇၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

    “ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဟာ ထိလွယ်တဲ့ပစ်မှတ်ဖြစ်တယ်။ အခုပြောင်းလဲနေတဲ့အချိန်မှာ မနိုင်လို့ ရူံးသွားတဲ့ အရူံးသမားကောင်းတွေမဟုတ်တဲ့ လူတွေရဲ့ မကျေနပ်မှုတွေကို ကျွန်တော်တို့တွေက အသုံးချခံနေရတာပါ။ အနေအထားတွေက ပိုပြီး ပြီပြင်လာပါတယ်” လို့ အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူးဖြစ်သူ ဦးအေးလွင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    14459855_1783200781947730_1296424774_n

    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်လူငယ်များ (ဘာသာရေး) အဖွဲ့ရဲ့ (၇၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမှာ ဧည့်သည်တော်အဖြစ်တက်ရောက်လာတဲ့ တေရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်ကလည်း သမိုင်းတစ်လျှောက်မှာ အစဉ်အလာကြီးမားခဲ့တဲ့ မမလ အဖွဲ့ကြီး အဓွန့်ရှည်တည်တံ့ပြီး အောင်မြင်စွာ ဆထက်တပိုးထမ်းရွက်နိုင်စေဖို့လည်း ဆုမွန်ကောင်းတောင်းဆိုခဲ့ပါတယ်။

    ယနေ့ခေတ်မှာ လူငယ်တွေအချေခံနေရပေမယ့်လည်း တန်ဖိုးကတော့ မပြတ်ပဲ ရှိနေဆဲမို့ လူငယ်တွေကို ကြိုးစားဖို့၊ ကြိုးစားမှုတွေကို မရပ်ပစ်ပဲ အရူံးမပေးပဲ အနာဂတ်အတွက် ကြိုးစားနိုင်ဖို့အတွက် ဝါးခယ်မ မောင်မင်းနိုင်က အားပေးစကားဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်လူငယ်များ (ဘာသာရေး) အဖွဲ့ရဲ့အနေနဲ့လည်း လူငယ်အဖွဲ့အစည်းဖြစ်သည့် အားလျှော်စွာ လူငယ်တွေအတွက် လူကြီးတွေက ရှေ့ဆက်ပြီး ခိုင်မြဲတဲ့အခြေအနေဖြစ်အောင် ကြိုးစားဖို့လိုကြောင်း၊ ပုခုံးပြောင်းတာဝန်များကိုလည်း လွှဲအပ်ပေးရန် လူငယ်များအနေနှင့် အဆင်သင့်ဖြစ်ရန် လိုအပ်နေကြောင်း၊ လူငယ်တွေအနေနဲ့  မျှော်လင့်ချက်တွေကို ကြိုးစားလုပ်ဆောင်သင့်ကြောင်း လူငယ်များနှင့် ပတ်သတ်ပြီး အားပေးစကားကို ဥက္ကဌ ဦးမြင့်ထွန်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

  • ဘာသာပေါင်းစုံမှ ပြည်သူများ ဘာသာကြီးလေးခု ဝတ်ပြုကျောင်းများသို့ သွားရောက် လေ့လာ

    ဘာသာပေါင်းစုံမှ ပြည်သူများ ဘာသာကြီးလေးခု ဝတ်ပြုကျောင်းများသို့ သွားရောက် လေ့လာ

    စက်တင်ဘာ ၂၅ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    14457267_345362075803535_2418658067852065742_n
    အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၅ ရက်နေ့တွင်  ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် (PCN) မှ ဦးဆောင်၍ ဘာသာပေါင်းစုံလူငယ်များပါဝင်ပြီး ဘာသာကြီးလေးခုဖြစ်သော ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာတို့ ဝတ်ပြုကျောင်းများသို့ သွားရောက် လေ့လာမှုပြုလုပ်ခဲ့သည်။

    ပထမဆုံး ၉၄ လမ်းရှိ ဟိန္ဒူဘုရားကျောင်းသို့သွားရောက်ရာ ဘုရားကျောင်း ဥက္ကဌ ဦးရဂူးနေမြင့်နှင့် အဖွဲ့က လည်းကောင်း၊ အထက်ပန်းဆိုးတန်းလမ်းရှိ စိန့်အန်ထော်နီခရစ်ယာန်ဘုရားကျောင်းသို့ သွားရောက်ရာမှာ  ဘုရားကျောင်း ဥက္ကဌ နှင့် အဖွဲ့က လည်းကောင်း၊  အထက်ပန်းဆိုးတန်းလမ်းရှိ သမိုင်းဝင်တစ်ခြမ်းပဲ့ဗလီဝတ်ကျောင်းတော် သွားရောက်ရာမှာတော့ ဗလီဂေါပကနှင့် အဖွဲ့က လည်းကောင်း၊  ဗိုလ်တထောင် ကျိုက်ဒေးအပ်စေတီတော်သို့သွားရောက်လှည့်လည်ကြည့်ရှုရာမှ  စေတီတော် ဂေါပက အဖွဲ့ တို့ အသီးသီး ကြိုဆို ကျပြီး မိမိတို့ဘာသာအကြောင်းများကို ရှင်းပြခဲ့ကြတယ်သို့ သိရှိရသည်။
    14462803_345361652470244_8640575854711392686_n
    တခြမ်းပဲ့ ဗလီသို့ သွားရောက်လေ့လာစဉ် နေ့လည်ဝတ်ပြုချိန်နှင့်တိုက်ဆိုင်နေ၍ ၀တ်ပြုဖိတ်ခေါ်သံနှင့် ၀တ်ပြုခြင်းအစအဆုံးကို လေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ အစ္စလာမ်ဘာသာမှ တာဝန်ရှိသူများမှ အသေးစိတ် ရှင်းလင်း ဖြေကြားခဲ့တယ်လို့ သိရှိရပါသည်။

    14441032_345362102470199_7126301115177745855_n

    လိုက်ပါလာသူ အစ္စလာမ်ဘာသာဝင်မဟုတ်သော ဘာသာအသီးသီးမှ ဆရာတော်များနှင့် လူငယ်များက ၄င်းတို့အမြင်ကို ပြန်လည်တင်ပြကြရာ ၄င်းတို့အပြင်တွင် ကြားနေရသောအကြောင်းအရာများနှင့် မျက်မြင်အခြေအနေတို့မှာ လုံးဝတက်တက်စင် လွဲမှားနေကြောင်းနှင့် အမုန်းစကားဖြန့်ချိမှုများသည် လုပ်ကြံဖန်တီးထားမှုများဖြစ်ကြောင်း၊ ပယောဂတစ်ခုခုပါဝင်နေကြောင်း ရှင်းလင်းထင်ရှားစွာတွေ့ မြင်ရပြီဖြစ်၍ မိမိတို့ကိုယ်တိုင်လည်း မယုံကြည်တော့ကြောင်းနှင့် တခြားသူများကိုလည်း ပြန်လည်ရှင်းပြမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါသည်။
    c39a60bd415c412a84e56261e7e4a0f9_18
    ” ယနေ့ကြုံတွေ့လိုက်ရတဲ့ ဘာသာတရားတွေရဲ့ ယုံကြည်မှု ဝတ်ပြုကိုးကွယ်မှုတွေကတော့ အံ့မခန်းပါပဲ အကြားနဲ့ဆုံးဖြတ်မယ်ဆိုရင်တော့ အမှားကြီးမှားပါလိမ့်မယ် အထူးသဖြင့် အစ္စလာမ်ဘာသာတွေရဲ့ အဆောက်အဦးတွေနဲ့ ဝတ်ပြုကိုးကွယ်မှုတွေကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရလို့ပဲ ဦးဇင်းရင်ထဲမှာ အမြင်တွေရှင်းသွားပါပြီ သံသယတွေကင်းသွားပါပြီ ခုလိုလာရောက်လေ့ခွင့်ရတဲ့အတွက်လဲ အစ္စလာမ်ဝင်တွေကို အထူးပဲကျေးဇူးတင်ပါတယ်” ဟု ဦးဇင်းနဂါးမှပြောကြားခဲ့ကြောင်း PCN အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အဆိုပါ ခရီးစဉ်သို့  ဗုဒ္ဓဘာသာမှ ဆရာတော် ၂ ပါး၊ အစ္စလာမ်ဘာသာမှ ဆရာတော် ၂ပါး၊ ခရစ်ယာန်ဘာသာမှ ဆရာတော် ၂ပါး၊ ဟိန္ဒူဘာသာမှ ဆရာတော်၂ပါးတို့လည်း ပါဝင်အားဖြည့်လိုက်ပါခဲ့ကြောင်း သိရသည်။

    Photo and ref- PCN FB

    14370405_345259565813786_7281678521148524449_n

  • အာဖရိကမှာ လူမျိုးရေးခွဲခြားသူအဖြစ် ရှုမြင်ခံရတဲ့ မဟတ္တမ ဂန္ဒီ

    အာဖရိကမှာ လူမျိုးရေးခွဲခြားသူအဖြစ် ရှုမြင်ခံရတဲ့ မဟတ္တမ ဂန္ဒီ

    စက်တင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    gd

    – ဂါနာနိုင်ငံရှိ Ghana တက္ကသိုလ်တွင် ထားရှိသော အကြမ်းမဖက် ငြိမ်းချမ်းရေးသမား မဟတ္တမ ဂန္ဓီ၏ ရုပ်ထုကို ဖယ်ရှားရန် ဂါနာ ပညာရှင်များ၊ ကျောင်းသားများ၊ အနုပညာရှင်များက ဆော်သြနေကြပြီး အိန္ဒိယ၏ လွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင်ကြီးမှာ လူနည်းစုများအပေါ် လူမျိုးရေးခွဲခြားသူတစ်ဦးအဖြစ် သမုတ်ခံရသည်။

    (၁၈၉၃ ခုနှစ်မှ ၁၉၁၄ ခုနှစ်အထိ) တောင်အာဖရိကတွင် ၂၁ နှစ်ကြာ နေထိုင်ခဲ့ပြီး ထိုဒေသတွင်နေထိုင်သည့် အိန္ဒိယပြည်သူများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် ဂန္ဒီ၏ ရုပ်ထုကို အိန္ဒိယသမ္မတ ပရာနဘ် မူခါဂျီ ဂါနာသို့လာရောက်စဉ် ပြီးခဲ့သည့် ဇွန်လက ထိုတက္ကသိုလ်ဝင်းအတွင်း ထားရှိခဲ့ခြင်းဖြစ်သည်။

    အွန်လိုင်းမှ ဖြန့်ဝေနေသည့် တိုက်တွန်းစာတစ်စောင်တွင် Ghana တက္ကသိုလ်ရှိ ပါမောက္ခများက ဂန္ဒီကြီး တောင်အာဖရိကတွင်ရှိနေစဉ် ရေးသားခဲ့သော စာများကို ထောက်ပြ၍ ၎င်းမှာ ‘လူမျိုးရေးခွဲခြားမှု အမှတ်သညာ’ ဟု စွပ်စွဲကြသည်။

    အိန္ဒိယသားများကို လူမည်းအာဖရိကန်များထက် ပိုမိုသာမြတ်သည်ဟု သဘောသက်ရောက်သည့် ရေးသားမှုများ၊ လူမည်းများကို ခွဲခြားနှိမ့်ချသည့် အခေါ်အဝေါ်ဖြစ်သော Kaffir ဟု သုံးစွဲမှုများကို ၎င်းတို့က အထောက်အထားပေးကြသည်။

    ၎င်းတို့၏ တိုက်တွန်းစာတွင် ထုတ်နှုတ်ပြထားသည့် ဂန္ဒီ၏ ရေးသားမှုမှာ အောက်ပါအတိုင်းဖြစ်သည်။

    “ဥရောပသားတွေကို ငါတို့အပေါ်မှာ သတ်မှတ်ဖို့ကြိုစားနေတဲ့ နှိမ့်ချမှုကို ငါတို့က ဆက်လက်တွန်းလှန်နေရသူတွေ ဖြစ်တယ်။ အဲဒီဥရောပသားတွေက အမဲလိုက်ပြီး မိန်းမတင်တောင်းဖို့ ရည်ရွယ်ချက်နဲ့ ကျွဲနွားတွေ စုဆောင်းကာ သူတို့ရဲ့ ဘ၀တွေကို အပြင်းထူထူ၊ ၀တ်လစ်စလစ် ကုန်ဆုံးတတ်တဲ့ အရိုင်းအစိုင်း ကက်ဖ်ဖီရ် (Kaffir) တွေလို အဆင့်မျိုးမှာ ငါတို့ကို ထားချင်နေတာ”

    တောင်အာဖရိကမှ ဆန့်ကျင်ဆန္ဒပြမှု

    ၁၈၆၉ ခုနှစ်တွင် မွေးဖွားခဲ့သည့် မိုဟန်ဒက်ဇ် ကာရမ်ချန် ဂန္ဒီမှာ ၎င်း၏ အကြမ်းမဖက်ခုခံရေး သဘောတရားကြောင့် နိုင်ငံတကာတွင် လူသိများပြီး၊ ဗြိတိသျှအုပ်ချုပ်မှုလက်အောက်တွင် နှစ် ၂၀၀ ကျော်နေခဲ့ရသည့် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးအတွက်လည်း ရှေ့တန်းမှ ပါဝင်ခဲ့သူဖြစ်သည်။

    သန်းပေါင်းများစွာသော အိန္ဒိယပြည်သူများကတော့ ၁၉၄၈ ခုနှစ်တွင် လုပ်ကြံခံခဲ့ရသည့် ၎င်းအား မဟတ္တမ (ကြီးကျယ်မြင့်မြတ်သူ) ဟု ခေါ်ဆိုကြပြီး ငြိမ်းချမ်းရေးဖြင့် နိုင်ငံရေး၊ လူမှုရေးကိစ္စများကို ဖြေရှင်းနိုင်ခဲ့သူ ခေါင်ဆောင်ကြီးအဖြစ် မှတ်ယူကြသည်။

    သို့ရာတွင် ဂါနာတွင် ဂန္ဒီ၏ရုပ်ထိုကို ဖြုတ်ချရန် တိုက်တွန်းခဲ့သူများကတော့ ဂန္ဒီအား ထိုသို့ အသိအမှတ်မပြုဘဲ၊ တောင်အာဖရိက၌ ရှိနေစဉ် ဗြိတိသျှနယ်ချဲ့များ၏ ဘက်တော်သားအဖြစ် လူမည်းများ၏ အကျိုးစီးပွားကို အရေးမစိုက်ဟု စွပ်စွဲခဲ့သည်။

    “ကျွန်တော်တို့တက္ကသိုလ်မှာ ရုပ်ထုကြီးထုပြီး သူတို့ ဂုဏ်ပြုထားတာ မြင်နေရရင် ဂန္ဒီဟာ လူမည်းမျိုးနွယ်အပေါ်မှာ မမျှတတဲ့ သဘောထားမျိုး ရှိတယ်ဆိုတာကို သမိုင်းပညာရှင်တွေက ဘယ်လိုလုပ်သင်မလဲ။ ရှင်းပြမလဲ” ဟု Ghana တက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သူ အပီယဂ်ျယီ-အတူဝါက ဂန္ဒီရုပ်ထုဖယ်ရှားရေး လှုံ့ဆော်စာတွင် ရေးသားခဲ့ပြီး အခြား ထင်ရှားသူ ၄ ဦးကလည်း ထိုစာတွင် လက်မှတ်ရေးထိုးခဲ့သည်။

    တောင်အာဖရိကတွင် ဂန္ဒီ၏သမိုင်းက မကြာခဏ မေးခွန်းထုတ်ခံရသည်။

    ပြီးခဲ့သည့်နှစ်က #GandhiMustFall ဟူသည့်ခေါင်းစဉ်ဖြင့် ဂန္ဒီဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ရာ တောင်အာဖရိကပြည်သူများ၏ ထောက်ခံမှု ရရှိခဲ့ပြီး “လူမျိုးရေးခွဲခြားသူ ဂန္ဒီ ကျဆုံးပါစေ” ဟူသော ပိုစတာများကိုကိုင်ကာ ပြုလုပ်သည့် ဆန္ဒပြတွင် ပါဝင်သူများက ဂျိုဟန်နစ္စဘတ်ရှိ ၎င်း၏ ရုပ်ထုကို ခဲများဖြင့် ထုခဲ့ကြသည်။

    မဟတ္တမဂန္ဒီ၏ မြေးတော်စပ်ပြီး တာင်အာဖရိက အာဏာရပါတီ African National Congress ကိုယ်စားပြု လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သည့် အီလာဂန္ဒီက သူမ၏အဖိုးဖြစ်သူ သုံးနှုန်းခဲ့သည့် ‘kaffir’ ဟူသော စကားလုံးမှာ ယခုခေတ်တွင် အလွန်စော်ကားသည့် စကားလုံးဖြစ်သော်လည်း ထိုစဉ်အချိန်က ကြမ်းတမ်းသော သို့မဟုတ် နှိမ့်ချလိုသော သဘောမျိုး မရှိဘဲ ဂန္ဒီမှာ ထိုစကားလုံးဖြင့် အာဖရိကပြည်သူများအား ရိုင်းစိုင်းသူ၊ အိန္ဒိယပြည်သူများထက် နိမ့်ကျသူအဖြစ် ရည်ညွှန်း သည်ဟု လိုရာစွဲပြော၍မရဟုလည်း ပြောကြားခဲ့သည်။

    “ကိုယ် ဂုဏ်တက်ဖို့အတွက် အခြားသူတွေကို ဘာ့ကြောင့် ဝေဖန်ပုတ်ခတ်နေတာလဲဆိုတာကို ကျွန်မတို့ မေးရမယ်ရှင့်။ ဒီလိုဝေဖန်ပုတ်ခတ်မှုတွေဟာ အခြေအမြစ်မရှိပါဘူး။ သူ့ရဲ့ နောက်ပိုင်းဘ၀မှာ ဂန္ဒီ ဖြန့်ဖြူးခဲ့တဲ့ အယူအဆတွေက ဇာတ်၊ အဆင့်အတန်း၊ လူမျိုး စတာတွေအားလုံးကို လေးစားဖို့ပါ” ဟု အီလာက ပြောကြားခဲ့ပြီး ဂန္ဒီအား ဆန့်ကျသူများ၏ စွပ်စွဲမှုများနှင့် ‘လုံးဝ ဆန့်ကျင်ဖက်’ ဖြစ်နေသည့် ဂန္ဒီ၏ ‘အခြားသဘောထား အမြောက်အများ’ ရှိနေသည်ဟုလည်း ဆိုသည်။

    “သူတို့က သူ့ရဲ့ရုပ်ထု မရှိချင်ဘူးဆိုရင် နည်းလမ်းပေါင်းစုံသုံးပြီး ဖယ်ရှားပါ။ ဒါပေမယ့် အကြမ်းမဖက်ရေးအယူဆ၊ ချစ်ခြင်းမေတ္တာ၊ လူသားချင်းစာနာထောက်ထားမှု၊ လူသားတွေ၊ သဘာဝတရားတွေ၊ စင်္ကြာဝဠာကြီးတစ်ခုလုံးအပေါ် လေးစားတန်ဖိုးထားမှုတွေကိုတော့ မဖယ်ရှားဖို့ ကျွန်မ ရိုးသားစွာ တောင်းဆိုပါရစေ။ ဘာ့ကြောင့်လည်းဆိုတော့ ဒါတွေဟာ ဂန္ဒီကြီး မားမားမတ်မတ် ရပ်တည်ခဲ့တဲ့၊ အသက်ပေးခဲ့ရတဲ့ သဘေားထားအယူအဆတွေ ဖြစ်လို့ပါပဲ”

    မငြင်းနိုင်သည့် အမှန်တရား

    ‘တောင်အာဖရိက ဟိန္ဒူ မဟာ ဆဘ်ဟာ’ အသင်း၏ ဥက္ကဌဖြစ်သူ အက်ရှ်ဝင် တရီကမ်ဂျီက ဂန္ဒီအပေါ် လူမျိုးရေးခွဲခြားမှု စွပ်စွဲချက်များမှာ ယခုမှ ဖြစ်လာခဲ့ခြင်းမဟုတ်ဟု ဆိုသည်။

    “ဒီလိုစွပ်စွဲမှုတွေကို ကျွန်တော်တို့ အရင်ကလည်း ကြားဖူးပါတယ်။ သိသာထင်ရှားတာတစ်ခုက ဂန္ဒီကြီးဟာ တောင်အာဖရိက က လူမည်းတွေနဲ့အတူ နေထိုင်ဖို့နဲ့ လူဖြူလူမည်းခွဲခြားမှုကို အထူတကွ တွန်းလှန်ဖို့ ရွေးချယ်ခဲ့တာပါပဲ။ သူဟာ တောင်အာဖရိကသားတွေအားလုံးရဲ့ လေးစားမှုကို ရရှိခဲ့ပြီး အထူးသဖြင့် (ယခင်) သမ္မတဟောင်း နဲလ်ဆင် မင်ဒဲလားနဲ့ အာဖရိကအမျိုးသားကွန်ဂရက် ပါတီ ANC ရဲ့ ချီးမွမ်းထောပနာပြုမှုကို အထူး ရရှိခဲ့ပါတယ်” ဟု တရီကမ်ဂျီက ပြောကြားခဲ့သည်။

    ဒါဘန်မြို့ရှိ လမ်းတစ်ခုအား ၎င်း၏အမည် ပေးထားမှုကို ထောက်ပြ၍ ဂန္ဒီမှာ ‘တောင်အာဖရိကနိုင်ငံသား အားလုံး၏ လေးစားအားကျဖွယ် အမှတ်သညာ’ ဖြစ်ပြီး ‘ဂန္ဒီ၏ အကြမ်းမဖက်မှု သဘောတရားမှာ တောင်အာဖရိကတွင် အမှန်တကယ်ကြီးမားသည့် သက်ရောက်မှု ရှိခဲ့ကာ လူဖြူလူမည်း ခွဲခြားမှုကို ဆန့်ကျင်ရာတွင် တွန်းအားဖြစ်စေခဲ့သည်’ ဟုလည်း တရီကမ်ဂျီက ပြောကြားခဲ့သည်။

    ဂျိုဟန်နစ္စဘတ် တက္ကသိုလ်မှ လူမှုဗေဒ ပါမောက္ခဖြစ်ပြီး The South African Gandhi : Stretcher-Bearer of Empire စာအုပ်ကို ပူးတွဲရေးသားသူ အက်ရှ်ဝင် ဒီစိုင်းက အာဖရိကပြည်သူများက ၎င်းတို့အား ခွဲခြားဆက်ဆံမှု၊ ကျွန်ကဲ့သို့ အခြေအနေမျိုးဖြင့် မိုင်းတွင်းများတွင် အလုပ်လုပ်ရမှုတို့ကို တွန်းလှန်ခဲ့ရသည့် ရှည်လျားသော သမိုင်းကြောင်းကို ဂန္ဒီက မည်သည့်အခါကမှ အသိအမှတ်မပြုခဲ့ဟု ဆိုသည်။

    “ဂန္ဓီကို ဂုဏ်တင်ပြီး ကမ္ဘာလုံးဆိုင်ရာလူသား၊ တောင်အာဖရိကရဲ့ ပထမဆုံးနဲ့ အစောဆုံး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူအဖြစ် ဖော်ပြချင်ကြတဲ့ သမိုင်းပညာရှင်တွေ ရှိနေပြီး ဒါတွေဟာ မှားယွင်းတဲ့ ဖော်ပြမှုပါပဲ” ဟု အက်ရှ်ဝင် ဒီစိုင်းက ပြောကြားခဲ့ပြီး ဂန္ဒီမှာ လူမည်းများအပေါ် လူမျိုးရေးခွဲခြားသည့် အမြင်များ ရှိခဲ့သည်ဆိုသည့် သမိုင်းမှတ်တမ်း မြောက်များစွာ ရှိသည်ဟု ပြောကြားခဲ့သည်။

    “သိပ်အမွှမ်းတင်လွန်တာတွေကို ရင်ဆိုင်ဖြေရှင်းရပါမယ်။ တောင်အာဖရိက ဂန္ဒီနဲ့ပတ်သက်တဲ့ အမှန်တရားကတော့ သိပ်ကျေနပ်စရာ ဖြစ်မှာ မဟုတ်ပါဘူး။ ဂန္ဒီရဲ့ ရုပ်ထုကို ဖယ်ရှားချင်တဲ့ သူတွေအနေနဲ့ တောင်အာဖရိကမှာ အာဖရိကန်တွေရဲ့ရုန်းကန်ခဲ့ရမှုတွေအပေါ် အလေးမထားတဲ့ လူတစ်ယောက်ရဲ့ ရုပ်ထုကို ဖယ်ရှားဖို့ဆိုတဲ့ ပုံးစံမျိုးနဲ့သာ အာရုံစိုက် လုပ်ဆောခဲ့ပါတယ်”

    ဂုဏ်ပြုရမည့် အာဖရိက သူရဲကောင်းများ

    ဂန္ဒီ၏ရုပ်ထုအား ဖယ်ရှားရန် ရည်ရွယ်၍ #GandhiForComeDown အမည်ဖြင့် ဂါနာနိုင်ငံတွင် ပြုလုပ်နေသည့် အွန်လိုင်း လှုပ်ရှားမှုမှာ ပြီးခဲ့သည့်နှစ်က တောင်အာဖရိကနိုင်ငံတွင် ‘ရိုဒက်င်္ဇ ကျဆုံးရမည်’ (Rhodes Must Fall) ဟူသည့် လှုပ်ရှားမှုနှင့် နှိုင်းယှဉ် ဖော်ပြခံရသည်။

    တောင်အာဖရိကတွင် ပြုလုပ်ခဲ့သည့် အဆိုပါ လှုပ်ရှားမှုမှာ ဗြိတိသျှ နယ်ချဲ့သမားနှင့် လူမျိုးကြီးဝါဒီ စီစီလ် ရိုဒက်ဇ်အား ဂုဏ်ပြု၍ Cape Town တက္ကသိုလ်တွင် ထုတ်လုပ်ထားသည့် ရုပ်ထုအား ဖယ်ရှားရန်ဖြစ်သည်။

    ယခုတစ်ပတ် အစောပိုင်းမှာပင် ဂန္ဒီရုပ်ထုအား ဖယ်ရှားရေး တောင်းဆိုစာတွင် လက်မှတ်ပေါင်း ၁၀၃၀ ရရှိခဲ့ပြီး ထိုလှုပ်ရှားမှုကို စီစဉ်သူများကမူ လူမျိုးရေးခွဲခြားသူများ၏ ရုပ်ထုများကို ကမ္ဘာတစ်ဝှမ်းမှ တက္ကသိုလ်များက ဖယ်ရှားမှုများကို ထောက်ပြ၍ Ghana တက္ကသိုလ်ရှိ ဂန္ဒီရုပ်ထုအား ဖယ်ရှားရန် ပညာရေးအာဏာပိုင်းများအား တိုက်တွန်းခဲ့သည်။

    “မကြာခင်မှာပဲ ဒီရုပ်ထုကို ဖယ်ရှားပြီး ဖြစ်မှာပါ” ဟု Ghana တက္ကသိုလ်ရှိ အာဖရိကရေးရာ လေ့လာရေးဌာနမှ သုတေသန ပညာရှင်တစ်ဦးဖြစ်သူ အိုဘာဒီလီ ကမ်ဘွန်က ၎င်းတို့၏ လှုပ်ရှားမှု ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

    “နောက်ပိုင်းမှာတော့ ကျွန်တော်တို့ဟာ အာဖရိကန်/လူနည်းတွေရဲ့ ဂုဏ်သိက္ခာအတွက် ကမ္ဘာတစ်ဝှမ်း ဆက်စက်လှုပ်ရှားမှုပေါင်းများစွာနဲ့ ဆက်သွယ်လုပ်ကိုင်ချင်ကြောင်း ကျွန်တ်ာတို့ ပြသသွားမှာပါ” ဟု အွန်လိုင်းတွင် လူမည်းအရေး ဆောင်ရွက်မှုများဖြစ်သော #RhodesMustFall၊ #BlackLivesMatter၊ #ICantBreathe နှင့် #ColinKaepernick လှုပ်ရှားမှုများကို ရည်ညွှန်း၍ ဒီစိုင်းက ပြောကြားခဲ့သည်။

    ဂန္ဒိ၏ရုပ်ထုကို တက္ကသိုလ်ဝင်းအတွင်းမှ ဖယ်ရှားချင်သူများက ထိုရုပ်ထု၏နေရာတွင် အာဖရိက သူရဲကောင်း အမျိုးသားများ၊ အမျိုးသမီးများကို အစားထိုးရန် တိုက်တွန်းနေကြသည်။

    “ကျွန်တော်တို့ သူရဲကောင်းတွေ ရုပ်ထုကို မထားဘဲနဲ့ တစ်ခြားလူမျိုးရဲ့ သူရဲကောင်းရုပ်ထုကို ဘာ့ကြောင့် ကျွန်တော်တို့ထားရမှာလဲ။ ဒီလိုထားတာမျိုးဟာ ကိုယ်ပိုင်အုပ်ချုပ်မှု၊ အသိအမှတ်ပြုမှု၊ လေစားမှုတွေရရှိဖို့ ကျွန်တော်တို့ရဲ့ ရုန်းကန်ကြိုးစားခဲ့ရတာကို သဲထဲရေသွန်သလို လုပ်ပစ်လိုက်တာပါပဲ” ဟု ဂန္ဒီရုပ်ထုဖယ်ရှားရေး လက်မှတ်ရေးထိုးသူတစ်ဦးက ပြောကြားခဲ့လေသည်။

    Ref: Aljazeera

    (Aljazeera ၏ Ghana: Call to remove Gandhi statue over ‘racist views’ ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင်
    ဘာသာပြန်ဆိုသည်။)

  • အင်ဒို-ပါကစ္စန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

    အင်ဒို-ပါကစ္စန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

    စက်တင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    indo

    – အင်ဒိုနီးရှား၏ နိုင်ငံရေး၊ လုံခြုံရေးနှင့် တရားဥပဒေဆိုင်ရာ ညှိုနှိုင်းရေးဝန်ကြီး ၀ီရန်တိုက ပါကစ္စတန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ရာရှဒ် မာမွတ်နှင့် တွေ့ဆုံခဲ့ပြီး သတင်းအချက်အလက်နှင့် လက်နက်ဖလှယ်ရေးတို့ အပါအ၀င် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။

    “လက်နက်တင်ဆင်ထားတဲ့ Anoa ကား၊ မောင်းပြန်ရိုင်ဖယ်နဲ့ CN-235 တိုက်လေယာဉ်တို့အပါအ၀င် ကျွန်တော်တို့ရဲ့ကာကွယ်ရေး လက်နက်ကိရိယာတွေကို ပေးဖို့ သူတို့ကို ကမ်းလှမ်းထားပါတယ်” ဟု ၀ီရန်တိုက အင်္ဂါနေ့တွင် ပြုလုပ်သည့် အစည်းအဝေးအပြီး၌ ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနှင့် ပါကစ္စတန်အကြား ပူးပေါင်းဆောင်ရွက်မှုမှာ နှစ်အတော်ကြာပြီဖြစ်ပြီး ကျောင်းသားများနှင့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ ဗိုလ်မှူးများ အပြန်အလှန်စေလွှတ်ရေးသာမက အမျိုးသားကာကွယ်ရေးဌာန အဖွဲ့ဝင်များ ဆွေးနွေးဖလှယ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

    “နှစ်နိုင်ငံကြား စစ်တပ်တွေရဲ့ အပြန်အလှန်ဆက်သွယ်ရေးက အလွန်နီးကပ်မှုရှိပါတယ်။ ဗိုလ်ချုပ်ကြီး ရာရှဒ် မာမွတ်က အဲ့ဒီဆက်ဆံရေး တည်တံ့ဖွံ့ဖြိုးအောင် ထိန်းသိမ်းဖို့တောင်းဆိုထားပါတယ်” ဟု ၀ီရန်တိုက ထည့်သွင်းပြောကြားခဲ့သည်။

    အင်ဒိုနီးရှားကြည်းတပ်၏ ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်သူ ၀ီရန်တိုက အာဆီယံဒေသတွင်း ငြိမ်းချမ်းရေး၊ ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်စေရန် အားထုတ်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် အင်ဒိုနီးရှားအစိုးရက စိတ်အားထက်သန်လျက်ရှိသည်ဟု အလေးထား ပြောကြားခဲ့သည်။

    Ref : IINA